လုံးဝလူမဆန်သော
Vol. 13 Ch. 175
တင်းရှောင်လဲ့သည် လူသိများသော ဂိမ်းသမားတစ်ဦးဖြစ်သည်။ လွန်ခဲ့သောနှစ်များဆီက Tencentကုမ္ပဏီက ဓားဝိဥာဉ်ဟူသော ဂိမ်းကို စတင်မိတ်ဆက်ကတည်းက ထိုဂိမ်း၏ အသွင်အပြင်နှင့် ဒီဇိုင်းများက သူ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
ဂိမ်းပြိုင်ပွဲများတွင် နေ့နေ့ညည ကြိုးပမ်းအားထုတ်ပြီးနောက် သူသည် ထိပ်တန်းကစားသမားတစ်ဦး ဖြစ် လာခဲ့သည်။ ဂိမ်း၏ ဆာဗာသည် ပိုက်ဆံမြောက်များစွာအသုံးပြုနိုင်သောကစားသမားများကိုသာ ထိပ်သီးအဆင့် ထဲ သွင်းနေကျဖြစ်သည်။ freeကြေးကစားသူများအဖို့ ထိုဂိမ်းကိုဆော့နေရခြင်းက စိတ်ကျေနပ်ဖွယ်အတိဖြစ်သည်။
တစ်နေ့မှာတော့ သူသည် မြေပုံပေါ်တွင် အဆင့်တစ်ဆင့်တက်ခဲ့သည်။ ဂိမ်းထဲမှာ နေ့တိုင်းလိုလိုတွင် ထိပ်သီးကစားသမားတစ်ဦးက ပေါ်နေကျဖြစ်နေသည်။ ပိုက်ဆံအများကြီးသုံးနိုင်သူများအဖို့ လွယ်ကူသော ကိစ္စဖြစ်လင့်ကစား သူတို့လိုကစားသမားများက အလွန်အားစိုက်ထုတ်ရသည်။
ကံကောင်းစွာဖြင့် ကစားသမားတစ်ဦးသည် တစ်ကြိမ်မှာ သူဌေးတစ်ဦးကို စိန်ခေါ်ပိုင်ခွင့်ရှိသည်။ သူတို့ကိုရှုံးနိမ့်သော သူဌေးနေရာကို အစားထိုးဝင်ရောက်ကြသည်။
“အချိန်ပြည့်တော့မယ်။ ခြင်္သေ့ဘုရင်က ပေးခါနီးပြီ” တင်းရှောင်လဲ့က သူ့သူငယ်ချင်းများကို အော်ခေါ်သည်။
ခြင်္သေ့ဘုရင်ဆိုသော သူဌေးသည် ရံဖန်ရံခါဆိုသလို အသုံးဝင်သည့်အရာများကို ပေးကမ်းစွန့်ကြဲနေကျဖြစ် သည်။ ထို့ကြောင့် သူသည် နာမည်ကြီးသူဌေးတစ်ဦးဖြစ်သည်။
“ငါလာပြီ..ငါလာပြီ”
“ငါ့ကိုလည်း စောင့်ကြပါဦးကွ”
“ဂီယာကိုပြောင်းဖို့ ဆိုင်သွားရဦးမယ်”
ငါးမိနစ်တောင်မကြာလိုက်ခင်မှာ တင်းရှောင်လဲ့နှင့်သူ၏ အဖွဲ့သားများသည် ခြင်္သေ့ဘုရင် ပေးကမ်းစွန့်ကြဲနေကျ နေရာကိုရောက်လာကြသည်။ သူတို့က အလွန်အမင်း မျှော်လင့်စောင့်ဆိုင်းနေကြသည်။
“ပေးပြီ ပေးပြီကွ” ကစားသမားတစ်ဦးက အလန့်တကြားထအော်သည်။
ခြင်္သေ့ဘုရင် ပေးကမ်းသောနေရာသည် မြေပုံပေါ်တွင် အတိုင်းသားမြင်နေရသည်။
“ကိုယ့်ညီတို့ ..အဆင်သင့်ပဲလား”
“ဝှစ်”
ဘေးဘက်ဆီမှ ခပ်စူးစူးအလင်းတန်းပြေးဝင်လာသည်။ ထိုအလင်းတန်းသည် ခြင်္သေ့ဘုရင်၏ အရှိုက်တည့်တည့်ကို ထိပြီး တစ်ချက်တည်းနှင့် သူ၏ ခံနိုင်ရည်စွမ်းကို ငါးပုံပုံတစ်ပုံကျသွားစေသည်။
“ဘယ်သူပါလိမ့်”
တင်းရှောင်လဲ့က မြင်ကွင်းကို ပြောင်းလဲပစ်သည်။ သူတို့၏တိုက်ခိုက်မှု စွမ်းရည်က ထိုပျက်စီးမှု၏ဆယ်ပုံပုံ
တစ်ပုံ အနေအထားကိုတောင် မလုပ်နိုင်ပေ။ ထိပ်သီးကစားသမားများသာ ထိုသို့လုပ်နိုင်စွမ်းရှိသည်။
ဒါဆို သူတို့က ဘာကြောင့်များ ခြင်္သေ့ဘုရင်ကိုပဲ အာရုံစိုက်နေမိတာလဲ။ သူတို့ကို စောင့်ဆိုင်းနေသော အခြားသူဌေးများစွာလည်းရှိနေသေးသည်။
တင်းရှောင်လဲ့က ကစားသမားနာမည်ကို တစ်ချက်လှမ်းကြည့်သည်။
“မာထန့် ဖုန်းဆက်လာမဲ့ ၀၀၈”
“ဘာလဲ။ ဘာကြီးတုန်းဟ”
ကစားသမား၏ နာမည်ကို ကြည့်ပြီး အားလုံး၏ အတွေးထဲမှာ တူညီသော မေးခွန်းပေါ်လာတော့သည်။
ထိုနာမည်ကို တစ်ခါမှ မကြားဖူးပေ။ သူရောက်နေသည့်အဆင့်နှင့် လက်နက်များကိုကြည့်ပါက နာမည်ကို မကြာသေးခင်က ပြောင်းလဲလိုက်ကြောင်း ခန့်မှန်းနိုင်သည်။
“ဝှစ် ဝှစ် ဝှစ်”
“မာထန့်ဖုန်းဆက်လာမဲ့ ၀၀၈” သည် သူဌေးကို တိုက်ရိုက်တိုက်ခိုက်တော့သည်။ သူ၏ တိုက်ကွက်မျိုးကို တင်းရှောင်လဲ့တို့တစ်သင်းလုံးက နာရီဝက်ကြာရင်ဆိုင်ဖြေရှင်းရသည်။
စူးစူးဝါးဝါးအော်သံကြီးနှင့်အတူ ခြင်္သေ့ဘုရင်သည် ပစ္စည်းနှင့် ငွေသားများကိုထားရစ်ခဲ့ပြီး မှိန်ပျပျအလင်းရောင်နှင့်အတူ တိုးဝှေ့ပျောက်ကွယ်သွားသည်။
“မင်းတို့ ဒီကစားသမားကို မြင်ဖူးလား” တင်းရှောင်လဲ့က သူငယ်ချင်းများကို မေးလိုက်သည်။
“တစ်ခါမှ မမြင်ဖူးဘူး။ ကြည့်ရတာလူသစ်ဖြစ်ရမယ်”
“သူ့ပုံစံကြည့်ရတာ ပိုက်ဆံအများကြီးရေလည်သုံးထားတဲ့ပုံပဲ”
“ဟာ မှန်းချက်နဲ့ နှမ်းထွက်လည်း မကိုက်ဘူးကွာ။ ပြန်ပြီ”
ရုတ်တရက်ဆိုသလို ထိုဆာဗာထဲသို့ အဆင့်မြင့်ကစားသမားများစွာ ရောက်လာကြသည်။
သူဌေးတစ်ဦးရှိပါက သူတို့အားလုံးရောက်လာစမြဲဖြစ်သည်။ “မာထန့်ဖုန်းဆက်လာမဲ့ ၀၀၈” ဟူသော နာမည်ကိုမြင်ရပြီး ဘာပြောရမှန်းမသိဖြစ်ကုန်ကြသည်။
Free ကစားသမားများ အဆင့်မြှင့်နိုင်မည့် အခွင့်အရေးကိုတစ်ညလုံး မရကြပေ။ ထို့ကြောင့် သူတို့သည် ဂိမ်းထဲမှ ထွက်ပြီး ဓားဝိဥာဉ်ဂိမ်းကမ္ဘာဖိုရမ်ထဲကို သွားရောက်ကြသည်။
ထိုမှသာ ထိုကစားသမားနှင့် တွေ့ကြုံခဲ့ရသူ များစွာရှိသည်ဆိုတာ မျက်ဝါးထင်ထင်သိကြရသည်။ သူတို့ အဆင့်မြှင့်နိုင်မည့် မြေပုံများကို သိမ်းပိုက်ကြပြီး သူဌေးများကို ချက်ချင်းဆိုသလို အပိုင်သိမ်းကြသည်။ ထို့ကြောင့် ကျန်ကစားသမားများအတွက် အခွင့်အရေးဆိုတာ မရှိပေ။
“ဝိုး ဒီလူ့နာမည်က သူဌေးမာကို ပြောင်ထားတာပဲ။ ဒါကဘယ်လိုပါလိမ့်။ ငါဆော့လို့ရမလား”
“ဒီလူက သေချာအကွက်ကျကျစီစဉ်ထားတာပဲ။ သူတို့သုံးတဲ့ပစ္စည်းတွေနဲ့တင် တန်ဖိုးက နည်းတာမဟုတ်ဘူး။ဒါကြောင့် စျေးကွက်ထဲက စျေးအကြီးဆုံး ဂီယာလည်း မရှိတော့တာ။ပရီမီယမ်ဂိမ်းအကောင့်တွေလည်း အကုန်ဝယ်ပစ်တာ”
“သူဌေးမာ..ဖုန်းကိုင်လိုက်ပါတော့။ ဒီလိုသာဆက်ဖြစ်နေမယ်ဆို ဒီဂိမ်းက ဆော့လို့မရတော့ဘူး”
သုံးရက်လုံးလုံး အဆင့်မြင့်ကစားသမားများက ဇာတ်တိုက်ထားသည့် အလား နေရာအနှံ့က ဝင်ရောက်လာကြသည်။ သူတို့ဝင်ရောက်လာမှုကြောင့် ဂိမ်းဆော့သူအများအပြားက ဂိမ်းကို သေချာမဆော့နိုင်တော့ပေ။ တချို့မှာ စိတ်ပျက်လက်ပျက်ဖြစ်ပြီး ဂိမ်းမှ ထွက်သွားကြသည်။
“မာထန့် ဖုန်းဆက်လာမဲ့ ၀၀၈” သည် အနည်းဆုံးတစ်ဘီလီယံလောက်ကို အသုံးပြုပြီး အဆင့်မြင့်ကစားသမားများအဖွဲ့ကို စုဖွဲ့ခဲ့သည်ဟု ထင်ကြေးပေးနေကြသည်။
ထိုကဲ့သို့ တစ်ဘီလီယံပမာဏကို သုံးစွဲနေခြင်းက သူဌေးမာနှင့် အဆက်အသွယ်ရချင်လို့လား။
ဒါက ဘယ်လိုဇာတ်လမ်းမျိုးလဲ။
ထိုသို့ အမြောက်အမြားသုံးစွဲနေခြင်းနောက်ကွယ်မှာ အကြောင်းတစ်ခုခုများရှိနေမလား။
အစမှာတော့ ဂိမ်းဌာနက သတိမထားမိပေ။ သို့သော် နှစ်ရက်ကြာပြီးနောက် ဓားဝိဥာဉ်ဆော့သော ကစားသမားအရေအတွက်သည် ၃၀% လောက် သိသိသာသာကျဆင်းသွားသည်။
ပိုက်ဆံအများအပြားသုံးစွဲနေကျ ကစားသမားများတောင် မရှိတော့ပေ။
ဒါက ဘယ်လိုဖြစ်ရတာပါလိမ့်။ ဂိမ်းက အကျဘက်ကို ဦးတည်လာသည့် သဘောလား။
ထိုသတင်းက မာထန့်၏ နားထဲရောက်သွားတော့သည်။ ဓားဝိဥာဉ်ဂိမ်းကို ဆက်ပြီး ဆော့ချင်စိတ်မရှိတော့အောင် ဖြစ်နေသည်ဟူသော အသံများကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။
ထိုဂိမ်း၏ အဓိက အမြတ်ငွေသည် ပိုက်ဆံများစွာသုံးစွဲသူများထံမှရပြီး freeကစားသမားများက ဝင်ငွေအတွက် သိပ်အရေးမပါလှပေ။ ထိုကစားသမားများထွက်သွားခြင်းသည် ဓားဝိဥာဉ်ဂိမ်းအတွက် ထိုးနှက်ချက်တစ်ခုဖြစ်နေသည်။
ထိုအချိန်တွင် ဖိုရမ်မှာ နောက်ထပ်ပို့စ်တစ်ခုတက်လာသည်။
“မာထန့်ဖုန်းဆက်လာမဲ့ ၀၀၈ : ကဲ Tencentဂိမ်းရဲ့ တိုးတက်မှုနှုန်းတွေကြည့်ကြပါဦး”
“ဓားဝိဥာဉ်ရဲ့ တိုးတက်မှုနှုန်းက ၃% ပဲရှိတယ်။ ငါက 20,000လောက်သုံးတာတောင် ၀.၉၇% ပဲတက်လာတယ်”
တိုးတက်မှုနှုန်းက အလွန်အမင်းကွာဟနေသဖြင့် လိမ်လည်မှုများစွာရှိနေကြောင်း သိသာထင်ရှားနေသည်။
“ဟာ သူဌေးမာ..မင်းဒီလိုလုပ်လိမ့်မယ်လို့ မထင်ထားဘူး။ဒါကြောင့် ငါဘယ်လောက်သုံးသုံး အောင်မြင်မှုနှုန်းက မတက်လာတာပဲ”
“အောင်မြင်မှုနှုန်းကို ပြန်ပြီးပြင်ဆင်ပေးပါ သူဌေးမာ”
“သူဌေးမာ..ငါ ပင်ပင်ပန်းပန်းရှာထားရတဲ့ ပိုက်ဆံတွေပြန်ပေး”
“ဘန်း” သူဌေးမာက ခုံကို အားပြင်းပြင်းရိုက်လိုက်သည်။
ဒီလူက ဘယ်လိုလူမျိုးလဲ။ သူနှင့် ဖုန်းပြောချင်ရုံသပ်သပ်ဖြင့် ဒီလောက်ထိလုပ်ဖို့ လိုလို့လား။
“မိုက်ရိုင်းလိုက်တာကွာ”
ဒီလူက သူ့ကို ဟိုးအရင်ရက်တုန်းက ဖုန်းခေါ်သောလူဆိုတာ သိနေသည်။ Tencentကုမ္ပဏီကို ကမောက်ကမဖြစ်အောင်လုပ်မည်ဆိုသည့် သူ့စကားအတိုင်း လုပ်နေခြင်းဖြစ်သည်။