အိပ်မက်များ၌ ရင်းနှီးမြုပ်နှံခြင်း
Vol. 52 Ch. 773
နောက်တစ်နေ့နံနက်ပိုင်း၌ ဖုန်းယွီသည် သူ့ခွေးလေးနှင့် လမ်းလျှောက်ထွက်လာသည်။ အိမ်နီးနားချင်း ဖြစ်နိုင်သည့် လူအနည်းငယ်ကို ပတ်ဝန်းကျင်တွင် တွေ့ဖူးပေသည်။ သို့ရာတွင် ဖုန်းယွီသည် သက်တော်စောင့် (၂)ယောက်နှင့် သွားလာနေသဖြင့် ဖုန်းယွီနှင့် ခပ်ဝေးဝေးတွင်သာ နေကြပေသည်။
မိုက္ခရိုဆော့ဖ်၏ ရှယ်ယာရှင်လည်းဖြစ်၊ ဒါရိုက်တာလည်းဖြစ်သည့် သူဌေးကြီး တစ်ဦး မကြာမီက ပြောင်းရွှေ့လာ ကြောင်း အနီးပတ်ဝန်းကျင်ရှိလူတိုင်း သိကြသည်။ ချမ်းသာသည် ဆိုလျှင်ပင် လမ်းလျှောက်၊ ပြေးလွှားသည့်အခါ ကိုယ်ရံတော်(၂)ယောက် ခေါ်လာစရာ မလိုချေ။ အလွန်ချမ်းသာပါက မြေကွက်အလွန်ကျယ်သည့် အိမ်ကြီးမျိုးသို့ ပြောင်းရွှေ့သင့်ပေသည်။ မည်သည့်အတွက် ဤနေရာသို့ ပြောင်းလာရသနည်း။
အိမ်နီးနားချင်းများ အားလုံးမှာ ထိုသူဌေးကြီးသည် လျှို့ဝှက်ဆန်းကြယ်ကြောင်း ခံစားလိုက်ကြရသည်။ ထို့အပြင် အလွန်ငယ်ရွယ်သည် အာရှသား တစ်ယောက် ဖြစ်နေပေသည်။ ဖုန်းယွီမှာမူ ထိုကိစ္စများကို မသိချေ။ ထိုရပ်ကွက် အတွင်းရှိ မိန်းကလေး တော်တော်များများ၏ ပစ်မှတ်ထားခြင်း ခံနေရပေပြီ။
ထိုမိန်းကလေးများသည် ဖုန်းယွီထံမှ ငွေကြေး သိပ်မလိုချင်ချေ။ သူတို့လိုချင်သည်မှာ ဖုန်းယွီနှင့် ပိုမို ရင်းနှီး နီးစပ်ရန် ဖြစ်ကာ အဆင့်အတန်းနှင့် အဆက်အသွယ်များ၊ ကျော်ကြားမှုများအတွက် အသုံးချရန်သာပင်။ မိုက္ခရိုဆော့ဖ် ဒါရိုက်တာ တစ်ယောက်ဟူ၍ ကောလာဟလ ထွက်နေသူအား ရည်းစားတော်ထားရမည်မှာ မည်မျှ နာမည် ကျော်သွားနိုင်မည်နည်း။
ဖုန်းယွီမှာမူ သူ့ခွေးလေးနှင့်အတူ ပြေးနေသည့် မိန်းကလေးများကို မြင်ရသည့်အခါ ဤသည်မှာ သူနှင့် ရင်းနှီးခွင့် ရရန် အကောင်းဆုံး အခွင့်အရေးဟု ခံစားမိလိုက်သည်။
*********
နံနက်စာ စားပြီးချိန်တွင် ရီလ်ဖာ ရောက်လာသည်။ ယာဉ်မောင်းကို လိပ်စာပြောကာ မောင်းခိုင်းလိုက်သည်။
ကားပေါ်မှ ဆင်းလိုက်သည်နှင့် ဖုန်းယွီ ခေါင်းယမ်းလိုက်မိသည်။ ဤသည်က ကမ္ဘာ့ နံပတ်(၂) အမေဇုံလော။ ဤနေရာသည် အလွန်အိုဟောင်းကာ ပြိုကျမတတ် ဖြစ်နေပေသည်။
ဖုန်းယွီ အလွန်သိချင်နေပေသည်။ ကုမ္ပဏီရုံးခန်းများသည် သေးငယ်နိုင်ပေသည်။ သို့ရာတွင် ၎င်းတို့၏ သိုလှောင်ရုံအတွက် မည်သို့ တတ်နိုင်မည်နည်း။ အမေဇုံသည် အွန်လိုင်း စာအုပ်ဆိုင်ဖြစ်ပြီး ၎င်းတို့၏ စာအုပ်များ ထားရှိရန် ဂိုဒေါင်တစ်ခု လိုအပ်လောက်ပေသည်။ ဖောက်သည်များသည် ၎င်းတို့၏ ဝဘ်ဆိုဒ်များတွင် စာအုပ် အများအပြားကို ရွေးချယ်နိုင်ပေသည်။ ထို့နောက် အမေဇုံသည် စာအုပ်သန်းချီ သိမ်းဆည်းနိုင်သည့် ဂိုဒေါင်တစ်ခု ရှိနိုင်ပေသည်။ သူတို့ စာအုပ်များ မည်သည့်နေရာတွင်နည်း။
ရီလ်ဖာသည် ဖုန်းယွီတွေးနေသည့်ကို နားလည်ကာ တိုးတိုးလေး ရှင်းပြလာသည်။
“ဆရာ.. ဟိုဘက်မှာ ဂိုဒေါင်တစ်ခုရှိတယ်.. အမေဇုံက အဲ့ဂိုဒေါင်တွေကို ငှားပြီး စာအုပ်တွေ အဲ့မှာ သိမ်းထားတာ.. စာအုပ်တွေကို တစ်ရက် နှစ်ကြိမ်ပို့ပေးနေကြတယ်လေ..”
“ကောင်းပြီလေ.. အထဲဝင်ကြရအောင်..”
ရှေ့ဆုံးမှ လျှောက်လာသူမှာ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ဖုန်းယွီ၏ သက်တော်စောင့်လည်း ဖြစ်ပေသည်။ အမေဇုံ၏ ဝန်ထမ်းများအားလုံး ထိုလူအုပ်စု ကုမ္ပဏီထဲသို့ ဝင်လာသည်ကို တွေ့ရသည့်အခါ အံ့ဩသွားကြသည်။ ထိုလူများမှာ မည်သူတွေနည်း။ မည်သည့်အတွက် လာရောက်ကြသနည်း။
“ဘာများ ကူညီရမလဲဗျာ..”
ဧည့်ကြိုကောင်တာမှ ကြိုဆိုရင်း မေးလိုက်သည်။
“မင်းသူဌေး ဂျက်ဖ်ကို သွားသတင်းပို့လိုက်ပါ.. သူစောင့်နေတဲ့ လူ ရောက်လာပြီလို့..”
ဧည့်ကြိုဝန်ထမ်းမှာ ဂျက်ဖ်အား သွားသတင်းမပို့မီပင် ဂျက်ဖ်သည် ရုံးခန်းအတွင်းမှ ထွက်လာခဲ့သည်။
“ခင်ဗျား.. မစ္စတာဖုန်းလား..”
ဂျက်ဖ် အနီးသို့ ရောက်လာသည့်အခါ ဖုန်းယွီ ဖြည်းညှင်းစွာ လက်ဆန့်ပေးလိုက်ရင်း..
“ကျုပ်က ဖုန်းပါ…”
“မစ္စတာဖုန်း.. ကျေးဇူးပြုပြီး လိုက်ခဲ့ပါ.. ကေတီရေ .. ကော်ဖီ ပြင်ပေးအုံးဟေ့..”
ဂျက်ဖ်သည် ဖုန်းယွီအား တွေ့ရသည့်အခါ အံ့ဩသွားသည်။ ကံကောင်းသည်မှာ သူသည် ဖုန်းယွီနှင့် မျက်နှာချင်းဆိုင် မဟုတ်တော့သဖြင့် ဖုန်းယွီသတိမထားမိလိုက်ချေ။
မိုက္ခရိုဆော့ဖ်သည် လူငယ်ဒါရိုက်တာ အသစ်တစ်ယောက် ရှိကြောင်း ကောလာဟလများ ထွက်ပေါ်လာသည်။ သို့ရာတွင် ဆွေးနွေးပွဲအကြောင်း မည်သူမှ သိပ်မစဉ်းစားကြချေ။ ဖုန်းယွီနှင့် တွေ့ရသည့် အခါတွင်မှ ကောလာဟလများ မှန်ကန်ကြောင်း သူသိလိုက်ရသည်။
အရှေ့တိုင်းမှာ လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုဖြစ်သည်။ ဤမျှ ငယ်ရွယ်သူသည် မည်ကဲ့သို့ ပိုင်ဆိုင်မှုများစွာ ရှိနေနိုင်သနည်း။
“မစ္စတာဖုန်း.. ခင်ဗျား ကျုပ်ကုမ္ပဏီကို စိတ်ဝင်စားနေတယ်လို့ ခင်ဗျား အတွင်းရေးမှူး ပြောပါတယ်..”
ဖုန်းယွီ ဂျက်ဖ်ကို ပြုံးပြလိုက်သည်။
“အဲ့လို မဟုတ်ပါဘူးဗျာ.. ခင်ဗျားကုမ္ပဏီကို စိတ်ဝင်စားတာတင် မဟုတ်ဘူး.. ခင်ဗျားကို စိတ်ဝင်စားတာ.. အွန်လိုင်း မှာစာအုပ်တွေရောင်းဖို့ စိတ်ကူးက ဘယ်လိုပေါ်လာတာလဲ..”
“ကျုပ်က စာဖတ်ရတာ ဝါသနာပါတယ်လေ.. စာအုပ်ဆိုင်မျာ စာအုပ်အရေအတွက် ဘယ်လောက်ပဲ ရှိရှိ အကန့်အသတ် ရှိတုန်းပဲလေ.. စာအုပ်ဆိုင်က ဝန်ထမ်းတွေလဲ သူတို့ ဖောက်သည်တွေကို သူတို့လိုချင်တဲ့ စာအုပ်တွေ ရှိတွေ့နိုင်အောင် မကူညီနိုင်တော့ဘူး.. ဖောက်သည် လိုချင်တဲ့ စာအုပ်တွေ အမြန်ဆုံး ရှာနိုင်ဖို့ဆိုရင် ဝဘ်ဆိုဒ်တစ်ခု တည်ထောင်လိုက်ဖို့ပဲ.. ပြီးတော့ ဆိုင်နဲ့ ထိုင်ရောင်းတဲ့ စာအုပ်ဆိုင်ထက်စာရင် စာအုပ်မျိုးစုံ စိတ်ကြိုက် ဝယ်လို့ ရအောင် ရောင်းပေးချင်တယ်လေ..”
ရီလ်ဖာ ဂျက်ဖ်ကို အံ့ဩစွာဖြင့် ကြည့်လိုက်သည်။ ထို့နောက် ဖုန်းယွီကို တဖန် ကြည့်လိုက်ပြန်သည်။ ဂျက်ဖ် ပြောသည့် စကားများမှာ မနေ့က ဖုန်းယွီပြောခဲ့သည်နှင့် တစ်ထပ်တည်း တူနေပေသည်။
“ကောင်းတယ်.. ခင်ဗျားတွေးတာ မှန်တယ်.. ခင်ဗျား ခန့်မှန်းထားတာပေါ် အခြေခံပြီး အမေဇုံက အမြတ်စရဖို့ အတွက် အချိန် ဘယ်လောက်လိုမလဲ.. အမြတ်ကရော ဘယ်လောက် ရနိုင်လဲ..”
“ကျုပ်တို့က ဖောက်သည်ကို အခြေခံပြီး နာမည်ဂုဏ်သတင်း တည်ဆောက်ဖို့ အနည်းဆုံး (၅)နှစ်လောက် လိုမယ်.. (၅)နှစ်လောက် ကြာရင်တော့ အမြတ်ငွေ စပေါ်လာမယ့်အပြင် နှစ်စဉ် အမေရိကန်ဒေါ်လာ (၁၀)သန်းထက်တော့ နည်းမှာမဟုတ်ဘူး..”
ဂျက်ဖ်သည် ယုံကြည်မှု အပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
ရီလ်ဖာ၏ မျက်နှာတွင် မကျေနပ်သည့် အမူအရာ ပေါ်လာသည်။ (၅)နှစ်မတိုင်မီ အမြတ်မရနိုင်ဘူးလော.. (၅)နှစ် ဆိုသည်မှာ ရှည်ကြာလွန်းလှပြီး အမြတ်ငွေမှာ တစ်နှစ်လျှင် ကန်ဒေါ်လာ (၁၀)မီလီယံ ရှိနိုင်သည်လော။ အန္တရာယ် နည်းသည့် ရင်းနှီးမြုပ်နှံမှုများတွင် ရင်းနှီးမြုပ်နှံသည့်အခါ အဖိုးကြီးတစ်ယောက်ပင်လျှင် အမြတ်ရနိုင်ပေသည်။ သို့ရာတွင် ထိုသူဌေး စိတ်ပျက်နေမည်မျာ သေချာပေသည်။
“ဂျက်ဖ်.. မင်းစီမံခန့်ခွဲမှုပုံစံက ရှေးရိုးဆန်တယ်လို့ မထင်ဘူးလား.. (၅)နှစ်ကျော်မှ (၁၀)မီလီယံ အမြတ်ရမယ်ပေါ့.. အဲ့ (၁၀)မီလီယံဆိုတာ အများဆုံး ရနိုင်မယ့် အမောင့်ဖြစ်လောက်တယ်မို့လား.. (၅)နှစ်ကြာလို့မှ အမြတ်မရရင်.. ဒါမှမဟုတ် အမြတ်က သန်းဂဏန်းလောက်ပဲ ရှိမယ်မို့လား..”
ဖုန်းယွီ မေးလိုက်သည်။
ဂျက်ဖ်မှာ မေးခွန်းများကို မကြောက်ချေ။ ဖုန်းယွီမှ သူ့ကို မည်သည့်မေးခွန်းမှ မမေးမည်ကိုသာ စိုးရိမ်နေမိသည်။ ဖုန်းယွီမေးလေလေ ပို၍ စိတ်ဝင်စားလေလေဟု သဘောသက်ရောက်သည် မဟုတ်ပေလော။
“(၅)နှစ်ကျော်ရင်တော့ အမြတ်အစွန်းတွေ ရမယ်လို့ ယုံပြီးသားပါ.. အမြတ်အစွန်း အတိုင်းအတာကို အာမမခံနိုင် ပါဘူး.. ဒါပေမယ့် ဖောက်သည်တွေ အရွယ်ရောက်လာတာနဲ့အမျှ စာညှပ်တွေ၊ ဘောပင်တွေ၊ မှတ်စုစာအုပ်တွေ၊ စာရေးကိရိယာတွေ အဲ့လိုမျိုး စာအုပ်နဲ့ ပတ်သက်တဲ့ တခြားပစ္စည်းတွေရော စပြီး ရောင်းနိုင်ပါတယ်..”
“ပြောချင်တာက ခင်ဗျားရဲ့ အန္တိမ ရည်မှန်းချက်ဟာ အွန်လိုင်းစတိုးဆိုင်တစ်ခု တည်ဆောက်ဖို့ပေါ့.. မင်း ဘယ်လောက်ထိ ရင်းနှီးမြုပ်နှံရမယ်ဆိုတာ သိထားလား.. စွန့်စားရမယ်ဆိုတာရော စဉ်းစားပြီးပြီလား..”
ဖုန်းယွီ ခြေချိတ်ထိုင်လိုက်သည်။ ဤသည်မှာ သူ့ယခင်ဘဝက အမေဇုံသုံးခဲ့သည့် နည်းဗျူဟာ ဖြစ်ပေသည်။
“မဟုတ်ဘူး.. စာအုပ်နဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေကိုပဲ အာရုံစိုက်သွားမှာပါ.. အဲ့ဒါတော့ အသေအချာပဲ.. ကျုပ်တို့မှာ ဖောက်သည်တွေ လုံလောက်ပြီ ဆိုတာနဲ့ တခြားထုတ်ကုန်တွေဘက်ကို စွန့်စားလို့ ရနိုင်မယ်လေ..”
ဖုန်းယွီ မျက်ခုံးပင့်လိုက်သည်။ ဂျက်ဖ်ဘီဇိုစ်သည် အွန်လိုင်း စတိုးဆိုင် မတည်ထောင်ချင်ဘူးလော။ ဆိုလိုသည်မှာ ယခုအချိန်ထိ ဤသည်ကို စဉ်းစားမထားသေးချေ။ ဖုန်းယွီ ယခင်ဘဝက အဆိုပါ အွန်လိုင်း ဝဘ်ဆိုဒ်များသည် အွန်လိုင်း စတိုးဆိုင်အဖြစ် စတင်ကြခြင်း မရှိချေ။
“မင်း ကုမ္ပဏီ ဘယ်လောက် တန်ဖိုးရှိလဲ.. ရှယ်ယာရှင် ဘယ်နှစ်ယောက်ရှိလဲ.. ဒါရိုက်တာ ဘုတ်အဖွဲ့ရော ရှိလား..”
“ဒီကုမ္ပဏီကို အရင်းအနှီး သန်း(၃၀)နဲ့ မှတ်ပုံတင်ထားပါတယ်.. ရှယ်ယာရှင် (၁၆)ယောက် ရှိတယ်.. ကျုပ်တို့မှာ ဒါရိုက်တာ ဘုတ်အဖွဲ့ (၇)ယောက်နဲ့ ဖွဲ့ထားတာ ရှိတယ်.. ကျုပ်ကတော့ ဘုတ်အဖွဲ့ ဥက္ကဋ္ဌပေါ့..”
ဒေါ်လာ သန်း(၃၀)သာ ရှိသည်လော။ ရင်းနှီးမြုပ်နှံမှု သိပ်မမြင့်ချေ။ ဖုန်းယွီသည် အမေဇုံတွင် ရင်းနှီးမြုပ်နှံရန် ဆုံးဖြတ်ထားပေသည်။ ထိုရင်းနှီးမြုပ်နှံမှုမှ အရှုံးပေါ်မည်မဟုတ်ကြောင်း သေချာသိထားပေသည်။
“မင်းကုမ္ပဏီကို ကျုပ်တော်တော်စိတ်ဝင်စားပြီး ရင်းနှီးမြုပ်နှံချင်ပေမယ့် သိပ်တော့ စိတ်လှုပ်ရှားမနေပါနဲ့.. ကျုပ်က အရင်းရှင်တစ်ယောက်မဟုတ်ဘူး.. မဲပေးပိုင်ခွင့်ရှိတဲ့ ရှယ်ယာတွေ လိုချင်တယ်.. ကျန်တဲ့ ဒါရိုက်တာတွေနဲ့ ဆွေးနွေးဖို့ ဘုတ်အဖွဲ့ အစည်းအဝေး ခေါ်ချင်လဲရတယ်..”
“မစ္စတာဖုန်း.. မင်း ဘယ်လောက်ရင်းနှီးမြုပ်နှံမယ်ဆိုတာ မေးလို့ရမလား..”
“ဒေါလာ သန်း(၃၀)ကနေ (၅၀)လောက်အထိ ကျုပ်အတွက် ပြဿနာမရှိဘူး.. မင်းကုမ္ပဏီကို စိတ်ဝင်စားတယ်လို့ ကျုပ်ပြောဖူးတယ်နော်.. တကယ်က မင်းကို ပိုပြီးစိတ်ဝင်စားတာ.. မင်းရဲ့ အိပ်မက်တွေမှာ ရင်းနှီးမြုပ်နှံဖို့ ကျုပ်ရောက်နေတာ..”
ဖုန်းယွီသည် စည်းရုံးရေး ဇာတ်ညွှန်း စရေးလိုက်တော့သည်။
ဖုန်းယွီစကားကြောင့် ဂျက်ဖ် စိတ်လျုပ်ရှားသွားသည်။ ဝမ်းသာမျက်ရည်များပင် ပါးပြင်ပေါ်သို့ လိမ့်ဆင်း လာတော့သည်။ လောဘကြီးလွန်းသည့် ရင်းနှီးမြုပ်နှံသူများသည် မစ္စတာဖုန်းထံမှ သင်ယူသင့်ပေသည်။ အရာ အားလုံးသည် အမြတ်အစွန်း သက်သက်အတွက် မဟုတ်ချေ။
“မစ္စတာဖုန်း.. ကျုပ် ဘုတ်အဖွဲ့ကို စည်းရုံးပြီး ခင်ဗျား အဆင်ပြေစေမယ့် အဖြေတစ်ခု ပေးပါ့မယ်.. (၃)ရက်ပဲ.. (၃)ရက်အတွင်း ခင်ဗျားကို အကြောင်းပြန်ပေးပါ့မယ်..”
--------**$$^$$**--------