ဈေးနှုန်း စစ်ပွဲ
Vol. 52 Ch. 767
“မန်နေဂျာဖုန်း… ပြန်မလာဘူးလား..”
လျိုချွမ်ကျစ် ဖုန်းဖြင့် မေးလာသည်။
“ငါ ပြန်မလာဖြစ်ဘူး.. တစ်ခုခုလိုရင် ဖုန်းဆက်လိုက်လေ.. မင်းကို ကူဖို့ တစ်ယောက်ယောက်ကို ပြောလိုက်မယ်.. မင်းသေချာ စဉ်းစားပြီးပြီလား.. ငါတို့တွေ စက်မှုလုပ်ငန်းမှာ ဘုံရန်သူ ဖြစ်လာလိမ့်မယ်နော်..”
ဖုန်းယွီ သတိပေးလိုက်သည်။
လျိုချွမ်ကျစ်သည် ကွန်ပျူတာ ဈေးနှုန်းစစ်ပွဲ စတင်ရန်နေ့ရက်ကို အမျိုးသားနေ့ အားလပ်ရက်များတွင် စချင်ပေသည်။ ကွန်ပျူတာ ဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားမည် ဖြစ်ပြီး ထိုသည်က ကွန်ပျူတာ ထုတ်လုပ်သူများကို စော်ကားရာ ရောက်ပေလိမ့်မည်။
ကွန်ပျူတာ ထုတ်လုပ်သူများသည် တရုတ်နိုင်ငံ၏ ထုတ်လုပ်သူများအတွက် အကန့်အသတ် ရှိမည် မဟုတ်ချေ။ လီနိုဗိုသည် နိုင်ငံတကာ ကွန်ပျူတာ ထုတ်လုပ်သူများ အားလုံး၏ ဘုံရန်သူ ဖြစ်လာပေလိမ့်မည်။ နောင်တွင် လီနိုဗိုသည် အခြားနိုင်ငံ ဈေးကွက်များသို့ စွန့်စားဝင်ရောက်ရန် ခက်ပေလိမ့်မည်။
ဤဈေးနှုန်း စစ်ပွဲတွင် လီနိုဗို၏ အားသာချက်မှာ တရုတ်နိုင်ငံရှိ လျှပ်စစ် ထုတ်ကုန်များအပေါ် အခွန်မြင့်မားခြင်း ပင်ဖြစ်သည်။ ၎င်းတို့၏ ထုတ်လုပ်မှု ကုန်ကျစရိတ်သည် ပြည်ပ ကွန်ပျူတာ ထုတ်လုပ်သူများနှင့် နှိုင်းယှဉ်ပါက အတူတူ သို့တည်းမဟုတ် ပို၍များပေသည်။ သယ်သူပို့ဆောင်ရေး စရိတ်နှင့် ကုန်သွယ်ခွန် ကင်းလွတ်ခွင့်မှလွဲ၍ အခြားအားသာချက်များ မရှိချေ။
အခွန်စည်းကြပ်မှု မြင့်မားလွန်းသဖြင့် ပြည်ပ ကွန်ပျူတာ အမှတ်တံဆိပ်များသည် အနည်းဆုံး ယွမ်(၁၀၀၀၀)ကျော် ကုန်ကျမည် ဖြစ်သည်။ လီနိုဗိုသည် ၎င်းတို့၏ ကွန်ပျူတာကို ယွမ်(၇၀၀၀)(၈၀၀၀)ဖြင့် ရောင်းချနိုင်သည့်အပြင် အမြတ်ပင် ကျန်နေသေးသည်။
ထို ပြည်ပ အမှတ်တံဆိပ်များ၏ ကုန်ကျစရိတ် မည်မျှနည်း။ ထုတ်လုပ်မှု ကုန်ကျစရိတ်သည်ပင် ယွမ်(၅၀၀၀)ခန့်ရှိပြီး၊ အမှတ်တံဆိပ်၊ ဖြန့်ဖြူးမှု၊ သယ်ယူပို့ဆောင်ရေး၊ သိုလှောင်မှု၊ ဈေးကွက်ရှာဖွေမှု စသည်တို့ ထည့်သွင်း တွက်ချက်လိုက်ပါက ကွန်ပျူတာကို ယွမ်(၁၀၀၀၀)အောက်ဖြင့် ရောင်းချပါက ဆုံးရှုံးရပေလိမ့်မည်။
“မန်နေဂျာဖုန်း… ဒီကိစ္စက တရုတ်ဈေးကွက်ကို သိမ်းပိုက်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ.. ကျုပ်တို့က တရုတ်နိုင်ငံ နံပတ်(၁)ကွန်ပျူတာ အမှတ်တံဆိပ် ဖြစ်သွားရင် ကျုပ်တို့ အမြတ်အစွန်းတွေ ပျံလန်တက်လာမှာ သေချာတယ်.. စက်ရုံအသစ်တွေမှာ ရင်းနှီးမြုပ်နှံပြီး ထုတ်လုပ်မှု တိုးမြှင့်ဖို့လဲ ရန်ပုံငွေ ရလာလိမ့်မယ်.. ဒီနည်းနဲ့မှ ကျုပ်တို့ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ ထပ်လျှော့ချနိုင်မှာ..”
လျိုချွမ်ကျစ်သည် ဤဈေးနှုန်းစစ်ပွဲကို စတင်မည် ဆိုပါက အခြားသော ကွန်ပျူတာ အမှတ်တံဆိပ်အားလုံးကို စော်ကားသလို ဖြစ်မည်ကို သိထားပေသည်။
မည်သို့ပင်ဖြစ်စေ လျိုချွမ်ကျစ်အနေဖြင့် လုပ်ကို လုပ်ရပေမည်။ သို့မဟုတ်ပါက ဈေးကွက်သိမ်းပိုက်ရန် ခက်ပေ လိမ့်မည်။ အမှန်တကယ်တွင် လီနိုဗို၏ အမှတ်တံဆိပ် သိမြင်မှု၊ နည်းပညာများမှာ အခြားသော ကုမ္ပဏီကြီးများနှင့် မယှဉ်သာချေ။
ဈေးနှုန်းသည်သာ လီနိုဗိုအတွက် ထူးခြားသည့် အားသာချက်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ပြည်တွင်း အမှတ်တံဆိပ် ဖြစ်ပေသည်။
လီနိုဗိုသည် တရုတ်နိုင်ငံ ထိပ်တန်း ကွန်ပျူတာ အမှတ်တံဆိပ် ဖြစ်လာသည့်အခါ တရုတ်ဈေးကွက်ကို အလွယ်တကူ လက်ဝါးကြီးအုပ်နိုင်ပေသည်။ အစိုးရဌာနများသည် လီနိုဗို ကွန်ပျူတာကို သေချာပေါက် ဝယ်ယူမည် ဖြစ်သည်။ ထို့အပြင် ၎င်းတို့ တီထွင်ထားသည့် ဆော့ဖ်ဝဲသည် ရောင်းအားကို ပို၍ပင် တိုးမြှင့်စေပေသည်။
လီနိုဗိုသည် မိုက္ခရိုဆော့ဖ်နှင့်လည်း သဘောတူ စာချုပ် ချုပ်ဆိုထားသည်။ လီနိုဗိုသည် ကမ္ဘာ့ဈေးအသက်သာဆုံး Win95 တရုတ်ဘာသာစကား ရရှိနိုင်သည့် ကမ္ဘာ့ တစ်ခုတည်းသော ကုမ္ပဏီ ဖြစ်သည်။ အခြား အမှတ်တံဆိပ်များသည် ခေတ်မမီသော လည်ပတ်မှုစနစ် သို့တည်းမဟုတ် Wim95 အင်္ဂလိပ် ဘာသာကိုသာ သုံးနိုင်ပေသည်။
၎င်းတို့သည် Win95 တရုတ်ဘာသာကို ဝယ်ယူလိုပါသလား။ ကွန်ပျူတာ တစ်လုံးအတွက် အနည်းဆုံး ယွမ်(၈၀၀) ကျသင့်ပေလိမ့်မည်။ ဤသည်က လက်ကားဈေးပင်။ ကွန်ပျူတာ တစ်လုံးချင်းတွင် ထည့်သွင်းမည်ဆိုပါက ယွမ်(၁၃၀၀)ကျသင့်ပေလိမ့်မည်။
မိုက္ခရိုဆော့ဖ် Win95 တရုတ်ဘာသာကို မိုက္ခရိုဆော့ဖ်၊ ဆော့ဖ်ဝဲဘုရင်နှင့် လီနိုဗိုတို့ ပူးပေါင်း တီထွင်ခဲ့သည်။ သို့ရာတွင် အမြတ်အားလုံးကို မိုက္ခရိုဆော့သို့သာ ရောက်သွားပေမည်။ ဖုန်းယွီသည် ဈေးကွက် ပေါက်ဈေး သတ်မှတ် ပေးသူဖြစ်သည်။ အမေရိကန်တွင် Win95 မူရင်းသည် ထိုမျှ ကုန်ကျပေသည်။ မိမိ တို့သည် တရုတ်ဘာသာဖြင့် ဆောင်ရွက်နေပြီဖြစ်၍ ၎င်းတို့အား အပိုဝင်ငွေ မပေးနိုင်ချေ။
ဖုန်းယွီ၏ ယခင်ဘဝတွင် မိုက္ခရိုဆော့ဖ်၏ လည်ပတ်မှုစနစ်သည် ဈေးအကြီးဆုံး ဖြစ်ပြီး ခိုးကူးခွေ များစွာ ပေါ်လာရခြင်း၏ အကြောင်းအရင်းလည်း ဖြစ်ပေသည်။
XP လည်ပတ်မှုစနစ်၏ မူရင်းသည် (၉၉၈)ယွမ်နှင့် ကွန်ပျူတာ တစ်လုံးသည် ယွမ် (၃၀၀၀)မှ (၄၀၀၀)ဝန်းကျင် ရှိပေသည်။ လည်ပတ်မှုစနစ်သည် ကွန်ပျူတာ၏ (၂၅)ရာခိုင်နှုန်း နီးပါး ကုန်ကျပေသည်။ ထို့ထက် ပိုအရေးကြီးသည်မှာ ကွန်ပျူတာ ရောင်းချသူများသည် သုံးစွဲသူများကို ဆွဲဆောင်နိုင်ရန် ခိုးကူးစနစ်များကိုသာ ထည့်သွင်းပေးမည် ဖြစ်သည်။
လီနိုဗိုတွင် ဈေးနှုန်း၊ တည်နေရာနှင့် လည်ပတ်မှုစနစ် အားသာချက်များ ရှိပေသည်။ တရုတ်အစိုးရ၏ ပံ့ပိုးကူညီမှု လည်းရရှိခဲ့သည်။ အကယ်၍ လီနိုဗိုသည် ထိုအားသာချက်များဖြင့် တရုတ်ဈေးကွက်ကို မထိန်းချုပ်နိုင်ပါက နိုင်ငံရပ်ခြားသို့ တင်ပို့ရန် မေ့ထားရပေလိမ့်မည်။
“အဘိုးကြီးလျို.. ကိုယ်တိုင် တပ်ဆင်တဲ့ ကွန်ပျူတာအကြောင်း ပြောခဲ့ဖူးတာ မှတ်မိလား.. ဗဟိုထိန်းချုပ်ရေးကဒ်၊ ပုံရိပ်ဖော်ကဒ်၊ ပင်မ မှတ်ဉာဏ်၊ ယာယီမှတ်ဉာဏ်၊ မောက်စ်၊ ခလုပ်ခုံ၊ မျက်နှာပြင်တွေ၊ အခွေဖတ်စက်တွေလိုမျိုး ကွန်ကျူတာ အစိတ်အပိုင်းတွေကို သီးခြားစီရောင်းရင် ဈေးထပ်လျှော့လို့ ရမလား..”
ဖုန်းယွီ ဤသည်ကို ပြန်သတိရလိုက်သည်။
“ဖောက်သည်တွေက အစိတ်အပိုင်းတွေ ဝယ်ပြီး သူတို့ကိုယ်တိုင် ကွန်ပျူတာ ဆင်လို့ရတယ်လို့ မင်းပြော နေတာလား.. ကွန်ပျူတာဆိုတာ ရှုတ်ထွေးတယ် ပြောလို့မရပေမယ့် သာမာန်လူတွေတော့ ကွန်ပျူတာ ဘယ်လိုဆင်ရမယ်ဆိုတာ သိမှာမဟုတ်ဘူး.. ကွန်ပျူတာတွေဆိုတာ ရုပ်မြင်သံကြားထက် ပိုရှုတ်ထွေးတယ်လေ.. ပြီးတော့ ဈေးကြီးပစ္စည်းတွေ.. လူဘယ်နှစ်ယောက်လောက်က ကိုယ့်ဖာသာကိုယ် ဆင်ရဲကြမှာလဲ..”
လျိုချွမ်ကျစ် ပြန်ဖြေလိုက်သည်။
“ကွန်ပျူတာ ပြုပြင်သူတွေကနေ လူအများအတွက် ကွန်ပျူတာ ဆိုင်တစ်ဆိုင် ဖွင့်မယ်ဆိုရင်ရော.. သူတို့က အမျိုးအစားတူ ဆက်စပ်ပစ္စည်းတွေကို ကုန်အမှတ်တံဆိပ်နဲ့ အခွန်အခ ပေးစရာမလိုဘဲ သူတို့ကိုယ်တိုင် ဆင်ထားတဲ့ ကွန်ပျူတာတွေ ဘယ်လောက်အထိ ရောင်းရနိုင်မယ် ထင်လဲ..”
လျိုချွမ်ကျစ် ခေတ္တစဉ်းစားပြီးမှ..
“ဒါ… ဒါကြီးကတော့ မဖြစ်သင့်ဘူး.. ကွန်ပျူတာ ဆပ်တင်တဲ့နည်း သိတဲ့သူ အများကြီး ဘယ်မှာ ရှာရမှာလဲ.. ရှိမယ် ဆိုရင်တောင် သူတို့ဆီက လည်ပတ်မှုစနစ်တွေ ဈေးပိုကြီးသွားမျာပေါ့.. ငါတို့ကြားမှာ ဈေးနှုန်း ကွာခြားချက် သိပ်ရှိတော့မှာ မဟုတ်ဘူး.. အမှတ်တံဆိပ် တပ်ရောင်းပြီး နောက်ပိုင်း ပေးရမယ့် ဝန်ဆောင်မှုကလဲ ရှိသေးတယ်. သူတို့တွေ ငါတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး..”
“ဒါဆို.. တခြား ကွန်ပျူတာ ထုတ်လုပ်သူတွေ အဲ့လိုလုပ်လိမ့်မယ်လို့ရော စဉ်းစားဖူးလား.. သူတို့တွေ ဖောက်သည် တောင်းဆိုချက်အရ ကွန်ပျူတာကို စိတ်ကြိုက် ပြင်ဆင်ပြီး ရောင်းပေးမျာပဲ.. ကွန်ပျူတာ အလုံးလိုက် မဟုတ်ဘဲ အစိတ်အပိုင်းတွေပဲ တင်သွင်းလိမ့်မယ်..”
“မန်နေဂျာဖုန်း.. အစိုးရက သူတို့ကို အဲ့ဟာကွက် သုံးခွင့် ပေးမှာ မဟုတ်ဘူးနော်.. ကွန်ပျူတာ အစိတ်အပိုင်းတွေ တင်သွင်းဖို့ဆိုတာ ကန့်သတ်ချက်တွေ ရှိတယ်.. ပမာဏ တစ်ခုထိ ပြီးသွားမယ်ဆိုရင် အခွန်က ကွန်ပျူတာ တင်သွင်းတာနဲ့ အတူတူပဲ ဖြစ်မှာ.. အစိုးရ ပံ့ပိုးကူညီလို့သာ ငါတို့တွေ လုပ်နိုင်တာ.. အဲ့ဒါကြောင့် တရုတ်မှာ အစိတ်အပိုင်းတွေ ထုတ်လုပ်ရအောင် စက်ရုံတွေ တည်ထောင်ဖို့ လိုသေးတယ်.. နောင်ဆိုရင်တော့ ငါတို့ရဲ့ အစိတ်အပိုင်း တော်တော်များများ ထုတ်လုပ်နိုင်အောင် ကြိုးစားသွားရမျာပေါ့..”
လျိုချွမ်ကျစ်၏ ထိုစကား ကြားသည့်အခါမှသာ ဖုန်းယွီ စိတ်ချသွားတော့သည်။ ကန့်သတ်ချက်များ ရှိလာပါက ထို အမှတ်တံဆိပ်များသည် ဈေးနှုန်းအရ လီနိုဗိုကို မည်သည့်အခါတွင်မှ အနိုင်ရမည် မဟုတ်ချေ။ အစိတ်အပိုင်း တူပါက ကွန်ပျူတာများအတွက် ယွမ်ထောင်ချီ ကွာဟမှု ရှိနေပေလိမ့်မည်။ မည်သို့ ပြိုင်ဆိုင်ကြမည်နည်း။
“မင်း ကျုပ်တို့ ကွန်ပျူတာတွေကို ဘယ်လောက်နဲ့ ရောင်းမှာလဲ..”
ဖုန်းယွီ မေးလိုက်သည်။
“ယွမ် (၈၈၀၀)… လည်ပတ်မှုစနစ် အခမဲ့၊ ရုံးသုံးဆော့ဖ်ဝဲစနစ်နဲ့ တခြားဆော့ဖ်ဝဲတွေလဲ ပါအုံးမယ့်အပြင် အင်တာနက် သုံးလို့ရမယ်..”
ထိန်းချုပ် လည်ပတ်မှုစနစ်နှင့် ရုံးသုံးစနစ်မှလွဲ၍ ကျန်ဆော့ဖ်ဝဲများကို လီနိုဗိုမှ ဖန်တိးထားပေသည်။ အချို့သော ဆော့ဖ်ဝဲများကိုမူ ဆော့ဖ်ဝဲဘုရင်မှ တီထွင်ထားပေသည်။ ဆော့ဖ်ဝဲဆိုသည်မှာ သုံးစွဲသူများကို ဆွဲဆောင်နိုင်သည့် နည်းလမ်းခွဲ တစ်မျိုး ဖြစ်ပေသည်။
“ကျုပ်တို့တွေ ကုန်ကျစရန် ဘယ်လောက်ဖြစ်သွားမလဲ..”
“ဆော့ဖ်ဝဲအပါအဝင် ယွမ်(၆၀၀၀)ဝန်းကျင်ပဲ.. အမြတ်ငွေ တော်တော်များတယ်.. (၃)လအတွင်း တရတ်နိုင်ငံရဲ့ အရောင်းရဆုံး ကွန်ပျူတာ အမှတ်တံဆိပ် ဖြစ်ရမယ်လို့ ငါယုံတယ်..”
လျိုချွမ်ကျစ်သည် အလွန်ယုံကြည်မှု ရှိနေပေသည်။ အစိုးရဌာနများကိုလည်း ပစ်မှတ်ထားရပေလိမ့်မည်။
“ကောင်းပြီလေ.. ကျုပ် မင်းကို ယုံတယ်.. ကိုယ်တိုင် ဆင်နိုင်တဲ့ ကွန်ပျူတာကိုလဲ မမေ့နဲ့အုံး.. လက်လီဆိုင်တွေ အပေါ်လဲ လုံးလုံး ထိန်းချုပ်နိုင်မှရမယ်.. သူတို့ ကြိုက်သလို ဈေးတပ်လို့မရဘူး…”
“စိတ်မပူနဲ့.. ငါတို့မှာ ကိုယ်ပိုင် လက်လီဆိုင်တွေ၊ အရောင်းကောင်တာတွေ ရှိတယ်.. ဖြန့်ဖြူးသူတွေနဲ့လဲ စာချုပ်တွေ ချုပ်ထားတယ်.. သူတို့တွေ စာချုပ်ဖောက်ဖျက်ရင် အကျိုးဆက်က လျှော်ကြေးပဲ..”
လီနိုဗိုသည် ၎င်းတို့၏ ထုတ်ကုန်များကို ၎င်းတို့၏ လက်လီ ဆိုင်များတွင်သာ ရောင်းချချင်ပေသည်။ သို့ရာတွင် အချို့သော ဒေသများ၌ ဖြန့်ဖြူးရောင်းချသူ အချို့ကို အထူး အကြောင်းပြချက်များ၊ ဒေသဆိုင်ရာ အာဏာပိုင်များ၏ ပြဿနာ ရှာမှုများ တားဆီးရန် ဂရုစိုက်ရသေးသည်။ ထို့အပြင် ကိုယ်ပိုင် လက်လီဆိုင်များအား စီမံခန့်ခွဲရာတွင် ကုန်ကျစရိတ် ကြီးမြင့်ပေသည်။ လီနိုဗိုသည် လက်လီဆိုင်များစွာ တည်ထောင်ရန် ရန်ပုံငွေ အလုံအလောက် မရှိသေးချေ။ သို့ရာတွင် စာချုပ် ဖောက်ဖျက်ပါက မည်သူကိုမဆို လီနိုဗိုမှ ခပ်ပေါ့ပေါ့ သဘောထားမည် မဟုတ်ချေ။
“ကောင်းပြီလေ.. ဒါဆိုလဲ ဒီဈေးနှုန်းစစ်ပွဲ အောင်မြင်ဖို့ စိတ်နစ်ထားကြတာပေါ့.. ပထမဆုံးက တရုတ်.. အာရှ.. ပြီးရင် တစ်ကမ္ဘာလုံး သိမ်းပိုက်ကြမယ်..”
--------**$$^$$**--------