← Chapters

အပြန်

Vol. 017 Ch. 1679

အပြန်

Vol. 017 Ch. 1679

ဖူရှင်းက ယွင်ယန်ကလန်မှ တန်ခိုးရှင်များကို ကြည့်ကာ ပြောသည် “ကျုပ်က အခွင့်အရေးရရင် ယွင်ယန်ကလန်ဆီကို သေချာပေါက် လာမှာပါ”

နှစ်ဦးသား ခွက်ကို မြှောက်ကာ သောက်လိုက်ကြသည်။ ထို့နောက် ရီဖူရှင်းက ရှောင်ကလန်မှလူများကို ပြောသည် “ကျုပ် မိတ်ဆွေတွေကို သွားနှုတ်ဆက်ပါဦးမယ်”

“မုယွီက ဆရာနဲ့အတူ လိုက်ပါပေးပါ့မယ်” ရှောင်မုယွီက ထရပ်သည်။

ရှောင်ထန်ကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်၏။ ရီဖူရှင်းက ရှောင်ကလန်နှင့် နီးကပ်လိုသည်။ မုယွီကား သူတို့အကြား ကောင်းမွန်သော ပေါင်းကူးတံတားဖြစ်သည်။ ထို့အပြင် ရှောင်မုယွီသည် ရီဖူရှင်းကို အလွန်လေးစား၏။ သူတို့အကြား ဆရာတပည့်ဆက်ဆံရေးမှာ သိပ်မကြာသေးသော်လည်း နှစ်ဦးမှာ အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိ၏။

ရီဖူရှင်းက သူမအား တားလိုသည်။ မည်သို့ဆိုစေ သူမသည် လက်ရှိတွင် ရှောင်ကလန်၏နတ်သမီးဖြစ်၏။ သို့သော်လည်း ရှောင်ထန်က ခေါင်းညိတ်ပြသောအခါ သူက ဘာမှ မပြောတော့။

နှစ်ဦးသား ထရပ်လိုက်ကြသည်။ ရှောင်မုယွီသည် ရီဖူရှင်း၏ဘေးမှ လိုက်ပါလာ၏။ ချက်ချင်းပင် လူအများအပြားက သူတို့ကို လှမ်းကြည့်သည်။

ရီဖူရှင်းသည် ယွင်ယန်ကလန်မှ လူများရှိရာသို့ လှမ်းသွားလိုက်သည်။ ယွင်ဟောင်က ချက်ချင်းပင် နေရာလွတ်တစ်ခုပြင်ပေးကာ ပြောသည် “မင်း ဒီမှာထိုင်လို့ရတယ်”

သူ့ဘေးမှ လူက ချက်ချင်း ထရပ်ပေးသည်။

ရီဖူရှင်းက ကမ်းလှမ်းမှုကို မငြင်းဘဲ ထိုင်လိုက်သည်။ ရှောင်မုယွီက သူ့ဘေးတွင် ထိုင်သည်။ ထိုအဖြစ်က လူအများအပြားကို ထိတ်လန့်စေသည်။ ရှောင်မုယွီသည် သာမန်အဆင့်အတန်းတွင် မရှိတော့သော်လည်း ယခု သူမသည် ရီဖူရှင်းကို အလွန်လေးစားစွာ ဆက်ဆံနေသည်။

“နတ်ဘုရားအကြွင်းအကျန်နယ်မြေမှာတုန်းက ကူညီပေးခဲ့တာ ကျေးဇူးပဲ” ရီဖူရှင်းက ပြောကာ သူတို့အုပ်စုနှင့် သေရည်တစ်ခွက်သောက်လိုက်သည်။

“ကျွန်မကလည်း ဆရာ့ကိုယ်စား ကျေးဇူးတင်စကားဆိုပါရစေ” ရှောင်မုယွီကလည်း‌ ပြောသည်။

ယွင်ယန်ကလန်မှ အကြီးအကဲက ပြုံးလျှက်ခေါင်းညိတ်သည်။

“မိတ်ဆွေရီ... နတ်သမီးရဲ့ ခင်ဗျားရဲ့ ပထမဆုံးတပည့်လား” ယွင်ယန်ကလန်အကြီးအကဲက မေးသည်။

“ဟုတ်တယ်...” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည် “ဒါပေမဲ့ မုယွီကို တပည့်အဖြစ် လက်ခံပြီးနောက်မှာ နောက်ထပ် တပည့်တွေ အများကြီးလက်ခံချင်စိတ် ဖြစ်လာမိတယ်”

“ငါသိတယ်... မိန်းကလေးတပည့်တွေမလား” ယွင်ဟောင်က ရယ်မောလျှက်ပြောသည်။

“မဟုတ်ဘူး... ငါ ကောင်းကင်အာဏာစက်ပြည်ထောင်ကို ပြန်တဲ့အခါ ကျောင်းတစ်ခု တည်ထောင်ဖို့ရှိတယ်။ ငါ့လမ်းစဉ်တွေကို ဆက်ခံဖို့ တပည့်တချို့လက်ခံဖြစ်လိမ့်မယ်” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။

“ကျောင်း...” ယွင်ဟောင် အံ့အားသင့်သွား၏။ ရီဖူရှင်း၏ကျင့်ကြံဆင့်ကား အားနည်းသေးသည်။

အကယ်၍ အောက်ဘုံများတွင်ဆိုပါက ရီဖူရှင်းသည် ဘုံတစ်ခုကို အုပ်စိုးနိုင်သော အဆင့်တွင်ရှိပေသည်။

သို့သော်လည်း သူ၏အဆင့်သည် ဘုံကိုးခုတွင် အင်အားစုတစ်ခုကို တည်ထောင်နိုင်စွမ်း မရှိသေးပေ။

“ဒါက ကျောင်းသေးသေးလေးပါပဲ။ ဒီနည်းနဲ့ ကောင်းကင်အာဏာစက်ဘုံက အင်အားစုတွေနဲ့ ဆက်ဆံနိုင်တာပေါ့။ ဘယ်လိုပြောပြော ငါက သူတို့နဲ့ ရင်းနှီးတယ်လေ။ ငါက မုယွီကိုလည်း ဒီကိစ္စမှာ အကူအညီတောင်းနိုင်သေးတယ်” ရီဖူရှင်းက အေးအေးဆေးအေး ပြောသည်။

“ဒါလည်း ကောင်းတာပဲ” ယွင်ဟောင်က ခေါင်းညိတ်သည်။

“ဒါပေမဲ့ ငါက ဒီအတိုင်းပြောတာပဲ ရှိသေးတယ်။ တကယ်လို့ ငါသာ ကျောင်းတစ်ခု ထောင်ဖြစ်ခဲ့ပြီးတော့ တပည့်လက်ခံမယ်ဆိုရင် ယွင်ယန်ကလန်က အလားအလာရှိတဲ့လူနည်းနည်း ငါ့ဆီပို့ပေးရမယ်။ ဘယ်လိုလဲ” ရီဖူရှင်းက ရယ်မောကာ ပြောသည်။

“…”

ယွင်ဟောင်၏မျက်နှာက နက်မှောင်သွားသည်။ ရီဖူရှင်းကား ဘုံကိုးဘုံတွင် နာမည်ကျော်ကြားနေပြီဖြစ်သော်လည်း သူ၏ပုံရိပ်ကို မည်သို့ထိန်းသိမ်းရမည် နားမလည်ပေ။

“ကောင်းပြီ... အဲဒီအချိန်ကျရင် ငါက တပည့်နည်းနည်းရွေးပြီး မင်းရဲ့ကျောင်းမှာ တက်စေမယ်။ ဒါပေမဲ့ မျက်နှာမလိုက်နဲ့” ယွင်ဟောင်က ကတိပေးသည်။ ရီဖူရှင်းက သည်အတိုင်း ဟာသပြောနေသည်ဟု သူတွေးသည်။

“ဒါ ကတိပဲ” ရီဖူရှင်းက ပြောသည်။

“ငါ အဲဒီနေ့ကို စောင့်နေမယ်” ယွင်ဟောင်က ကတိပေးသည်။

“ငါလည်း ယွင်ဟောင်ရဲ့စကားက အတည်ဆိုတာ ကတိပေးနိုင်တယ်” ယွင်ဟောင်၏အကြီးအကဲက ပြုံးလျှက်ပြောသည်။

“ကျေးဇူးတင်ပါတယ် အကြီးအကဲ” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။ သူ၏အသေးစိတ်အစီအစဉ်အား ယွင်ယန်ကလန်ကို မပြောခဲ့သော်လည်း အချိန်ကျလာသောအခါ သူတို့ မည်သို့လုပ်ရမည်ကို နားလည်ပေလိမ့်မည်။

ရီဖူရှင်းက အနည်းငယ် စကားထပ်ပြောကာ ထျန်ရှင်းကျောင်းတော်နှင့် နန်ထျန်းနတ်ပြည်ထောင်တို့ကို နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ အကူအညီများအတွက် ကျေးဇူးတင်စကားပြောသည်။ အနာဂတ်တွင် တစ်ခုခုဖြစ်ပါက သူတို့နှင့် မဟာမိတ်ဖွဲ့နိုင်မည်ဟု မမျှော်လင့်ထားသော်လည်း အနည်းဆုံး ရန်သူများအဖြစ် မကြုံတွေ့လိုပေ။

အခန်းအနားပြီးနောက်တွင် အင်အားစုများ စတင်ထွက်ခွာကြသည်။ ရှောင်ကလန်က သူတို့ကို ဆက်နေရန် ဖိတ်ခေါ်သော်လည်း ထိုစကားများမှာ ယှဉ်ကျေးပျူငှာမှုကို ပြသသော စကားများသာဖြစ်ရာ မည်သူမှ အမှန်တကယ် နေမည်မဟုတ်ပေ။

ညနေခင်းတွင် ရီဖူရှင်းကလည်း နှုတ်ဆက်ကာ ထွက်သွားရန် ပြင်သည်။

“ဆရာ... ရက်နည်းနည်း ထပ်မနေတော့ဘူးလား” ရှောင်မုယွီက ရီဖူရှင်းကို မေးသည်။

“မိတ်ဆွေလေးရီ... မုယွီပြောတာ မမှားဘူး။ ဒီခရီးက မြန်လွန်းတယ်။ ကျုပ်တို့က ကောင်းကောင်းမဧည့်ခံရသေးဘူး။ မိတ်ဆွေလေးမှာ အရေးကြီးကိစ္စမရှိရင် ဘာလို့အမြန်ထွက်သွားမှာလဲ” ရှောင်ထန်ကလည်း သူ့ကို ဆက်လက်နေစေလိုဟန်ဖြင့် ပြောသည်။

ရီဖူရှင်းအနေဖြင့် ရှောင်ကလန်တွင်ဆက်နေကာ လူငယ်မျိုးဆက်များကို လမ်းညွှန်ပြသပေးနိုင်ပါက ပိုကောင်းပေသည်။ ရီဖူရှင်းသာ ဆန္ဒရှိပါက ရှောင်မုယွီကဲ့သို့ တပည့်အချို့ကိုပင် ထပ်မံ၍ လက်ခံနိုင်၏။

ရှောင်မုယွီကလည်း အလေးအနက် ခေါင်းညိတ်သည်။ သူမက ရီဖူရှင်းအား မခွဲခွာလိုဟန်ဖြင့် ကြည့်ကာ ပြောသည် “မုယွီက ဆရာကို ကောင်းကောင်း မပြုစုရသေးဘူး”

ရီဖူရှင်းက ရှောင်မုယွီ၏သနားစဖွယ်ပုံဟန်ကို ကြည့်သည်။ သူမကား သူ၏အင်္ကျီစကိုပင် ဆွဲထားရာ သူ့အနေဖြင့် ထွက်မသွားလိုပေ။

“မုယွီ... ငါတို့ဟာ မိသားစုလိုပါပဲ။ ငါ့ရှေ့မှာ ဟန်လုပ်နေဖို့မလိုဘူးလေ” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။

မုယွီ၏မျက်နှာက နက်မှောင်သွား၏။ သူမက အင်္ကျီစကို လွှတ်လိုက်ကာ မျက်လုံးအဝိုင်းသားဖြင့် ပြောသည် “ဆရာကပဲ တပည့်ပြုစုတာကို လိုချင်တယ်ဆို။ ဆရာထွက်သွားမှာလို တကယ်မလိုလားဘူး”

“ငါယုံပါတယ်” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။ သို့သော်လည်း သူမ၏သရုပ်ဆောင်မှုကား ယခင်ကထက်ပင် ပိုကောင်းလာသည်။

ရီဖူရှင်းက ရှောင်ထန်ကို ကြည့်ကာ ပြောသည် “အကြီးအကဲ... ကျွန်တော့မှာ တကယ်ပဲ အရေးကြီးကိစ္စတွေ ရှိနေပါတယ်။ နောက်ပိုင်း တွေ့ဖို့ အခွင့်အရေးအများကြီးရှိမှာပါ”

“ဒါက အဆင်ပြေပါတယ်” ရီဖူရှင်းက ထွက်သွားရန် ဆုံးဖြတ်ထားသည်ကိုမြင်လျှင် ရှောင်ထန်လည်း မတားတော့။ သူက ပြောသည် “အချိန်ရတဲ့အခါ ရှောင်ကလန်ကို မကြာခဏ လာခဲ့ပါ။ ပြဿနာတစ်ခုခုနဲ့ကြုံရင်လည်း ကျုပ်တို့ကို အသိပေးပါ”

“ကောင်းပါပြီ အကြီးအကဲ။ ကျုပ်သွားလိုက်ပါဦးမယ်” ရီဖူရှင်းက ခေါင်းညိတ်သည်။

ထို့နောက် သူက ရှောင်မုယွီကို ကြည့်ကာ ပြောသည် “မင်းက ရှောင်ကလန်ရဲ့ နတ်သမီးဖြစ်နေပြီ။ နောက်ပိုင်း ကောင်းကောင်းလေ့ကျင့်ရမယ်”

“ဟုတ်ကဲ့...” ရှောင်မုယွီက စိတ်ပျက်လက်ပျက်ပြောသည်။

“ငါသွားပြီ...” ရီဖူရှင်းက ပြောသည်။ ထို့နောက် သူသည် ရှားရှင်းယွန်တို့နှင့်အတူ ရှောင်ကလန်မှ ထွက်လာခဲ့၏။ သူတို့အုပ်စုသည် ခဏအတွင်း၌ပင် အဝေးသို့ ပျောက်ကွယ်သွားသည်။

ရီဖူရှင်းထွက်သွားပြီး ပျောက်ကွယ်သွားသည့်တိုင် ရှောင်မုယွီသည် အဝေးသို့ ငေးကြည့်နေ၏။

ကံကြမ္မာကား ထူးဆန်းပေသည်။ နတ်ဘုရားအကြွင်းအကျန်နယ်မြေတွင် ရီဖူရှင်းက သူမ၏ကြာပန်းအား ရှားရှင်းယွန်အတွက် လုယူခဲ့သည်ကို သူမ မှတ်မိသေး၏။

ယခု သူသည် သူမ၏ကျေးဇူးရှင်း ဖြစ်နေလေပြီ။

ရီဖူရှင်း၏အပြုအမူများက ထူးဆန်းသော်လည်း သူ၏ပုံရိပ်များမှာ ထင်ပေါ်လွန်းလှသည်။ အချိန်တိုအတွင်း၌ သူသည် သူမ၏နှလုံးသားထဲ၌ အရေးကြီးသောတစ်နေရာကို ယူသွား၏။

“သူ့ကို ဒီလောက်တောင် မသွားစေချင်ဘူးလား” ရှောင်ထန်က သူမဘေးသို့ လျှောက်လာကာ မေးသည်။

“နည်းနည်း...” ရှောင်မုယွီက ခေါင်းညိတ်သည်။

“ကောင်လေးဟာ ထူးခြားလွန်းတယ်။ ဘုံသုံးထောင်မှာ သူဘယ်လိုမုန်တိုင်းထန်စေမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး” ရှောင်ထန်က ပြောသည် “ငါတို့စောင့်ကြည့်ရတာပေါ့”

သူ့အနေဖြင့် ရီဖူရှင်းကို အလွန်မြင့်မားစွာ မျှော်လင့်ထားကြောင်း သိသာစေသည်။

…

ရီဖူရှင်းသည် ထျန်ရှင်းကျောင်းတော်သို့ ပြန်ရောက်ပြီးနောက် တိတ်ဆိတ်စွာ လေ့ကျင့်နေခဲ့၏။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားသည်။ နှစ်ဝက်ခန့် ကြာသွား၏။ ထိုအချိန်များ၌ ရီဖူရှင်း မည်သည့်ပြဿနာနှင့်မှ မကြုံရပေ။ ထျန်ရှင်းကျောင်းတော်တွင် မည်သူမှ သူ့အား မနှောင့်ယှက်ကြပေ။

နှစ်ဝက်ခန့်ကြာသောအခါ ရီဖူရှင်းနှင့်သူ့လူများသည် ထျန်ရှင်းကျောင်းတော်မှ တိတ်တဆိတ် ထွက်ခွာသွားကြသည်။ သို့သော်လည်း သတိထားမိသူများတော့ ရှိပေ၏။

မည်သို့ဆိုစေ ရီဖူရှင်း၏လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်နေသူများရှိသည် မဟုတ်ပါလား။ သို့သော်လည်း တစ်နှစ်ခန့် တိတ်ဆိတ်စွာ လေ့ကျင့်နေခဲ့သော ရီဖူရှင်းတစ်ယောက် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို မည်သူမှ မမျှော်လင့်ထားကြပေ။ လူအများအပြား ရီဖူရှင်း၏အိမ်တော်ကို ရောက်လာသောအခါ ထိုနေရာကား ဗလာဟင်းလင်းဖြစ်နေလေပြီ။ သူတည်ဆောက်ထားသော အစီအရင်မှာလည်း မရှိတော့။

ထျန်ရှင်းကျောင်းတော်လည်း ထိုသတင်းကို ကြားပေသည်။ သို့သော်လည်း ထျန်ရှင်းကျောင်းတော်နှင့် ရီဖူရှင်းတို့၏ပတ်သက်မှုက သာမန်သာဖြစ်သည်။ သူနေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ သူတို့ သိပ်အရေးမစိုက်ပေ။

ထျန်းဟယ်ဘုံ၏တောင်တန်းများသည် နတ်ဘုံနတ်နန်းများအလား လှပကျယ်ပြောပေသည်။ ထိုနေရာသည် အလွန်တိတ်ဆိတ်အေးချမ်း၏။

တောင်ထိပ်တစ်နေရာတွင် မိန်းမပျိုတစ်ဦး လေ့ကျင့်နေ၏။ သူမအား ဓားစွမ်းအားများ ရစ်ပတ်ထားသည်။

ထိုစဉ် သူမက တစ်စုံတစ်ခုကို ခံစားမိဟန်တူသည်။ သူမက အဝေးမှ အလွန်အားကောင်းသောစွမ်းအားတစ်ခု ရိုက်ခတ်လာသည်ကို ခံစားမိ၏။ သူမ၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူမက နောက်လှည့်ကာ မြန်ဆန်စွာ ပြေးသွားရန် ပြင်သည်။ သို့သော်လည်း သူမ၏ဆရာဘိုးဘိုးသည် သူမ၏အတွေးကို သိသည့်အလား သူမရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေ၏။

“ပင်းအာ... အဲဒါ မင်းဆရာဦးလေးပဲ” ထျန်းဟယ်အကြီးအကဲက ပြောသည်။ စုပင်းအာ မှင်တက်သွားပြီးမှ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထိုသူကား ရီဖူရှင်းဖြစ်သည်။

ရီဖူရှင်းသည် စုပင်းအာ၏ရှေ့ကို ဆင်းသက်လာခဲ့၏။ သူက လက်ဆန့်တန်းကာ သူမ၏ပါးကို ဖျက်ညစ်လျှက်ပြောသည် “ပင်းအာ... မင်းရဲ့ကျင့်ကြံတာတွေ ဘယ်လိုအခြေအနေရှိလဲ”

သူ့ဆရာချင်ရွှမ်ကန်း၏စီနီယာသည် သူ့အတွက် တိုက်ခိုက်ရင်း သေဆုံးခဲ့ရသည်။ သူ၏သားသည်လည်း မိမိကိုယ်ကို သတ်သေကာ တစ်ဦးတည်းသော သမီးကို ချန်ထားရစ်၏။ ရီဖူရှင်းသည် စုပင်းအာကို အမှန်ပင် သူ၏မိသားစုသဖွယ် သဘောထားပေသည်။

“ပင်းအာ ပထမအဆင့်ကို တက်သွားပြီ” စုပင်းအာက ပြောသည် “ဆရာဦးလေးက တစ်ခုခုပြောင်းလဲသွားသလိုပဲ”

“မင်းဆရာဦးလေးက ရန်ဟောင်ဖြစ်နေပြီ” ထျန်းဟယ်အကြီးအကဲက ပြောသည်။ သူက ရီဖူရှင်း၏နောက်မှ စွမ်းအားမြင့်တန်ခိုးရှင်များကို ကြည့်ကာ မေးသည် “သူတို့က မင်းအဖော်တွေလား”

ရီဖူရှင်းက ခေါင်းညိတ်သည် “ကျွန်တော်တို့က ဆရာဘိုးဘိုးကို တောင်ပေါ်က ဆင်းဖို့ လာခေါ်တာပါ”

“ဘာအတွက်များလဲ...” ထျန်းဟယ်အကြီးအကဲက မေးသည်။

ရီဖူရှင်းက ထျန်းဟယ်အကြီးအကဲကို ကျောင်းတော်တည်ထောင်မည့်အကြံအစည်အား ပြောပြသည်။

ထျန်းဟယ်အကြီးအကဲ တိတ်ဆိတ်သွားသည်။

“ငါသာ တောင်ပေါ်ကဆင်းရင် ရှန်ကလန်က သေချာပေါက် အာရုံစိုက်မှာပဲ။ အရင်ကအဖြစ်အပျက်တွေအတွက် ငါ့ကို အပြစ်မရှာတော့ပေမဲ့ အခုထိ ငါ့ကို စောင့်ကြည့်နေတုန်းပဲ” ထျန်းဟယ်အကြီးအကဲက ပြောသည်။

“ဒါကြောင့် အဲဒီအချိန်ကျရင် ကျွန်တော်က အရှင်ထိုက်ရွှမ်နဲ့ ရှောင်ကလန်ကို အကူအညီတောင်းပြီးတော့ ရှန်ကလန်ရဲ့ဖိအားကို တောင့်ခံဖို့ စဉ်းစားထားတယ်” ရီဖူရှင်းက ပြောသည်။

“ကောင်းပြီ...” ထျန်းဟယ်အကြီးအကဲက ခေါင်းညိတ်သည် “အဲဒီအချိန်ကျရင် ငါ့ကိုပြော။ ငါလာခဲ့မယ်”

“ကောင်းပါပြီ” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက နောက်လှည့်ကာ ဘေးမှ သိမ်းငှက်နက်ကို ကြည့်လျှက်ပြောသည် “ဒီသိမ်းငှက်နက်က ကျွန်တော့ရဲ့ဝိညာဉ်သားရဲပါ။ သူက ဒီမှာ နေပြီး အချိန်ကျလာခဲ့ရင် သူကတစ်ဆင့် ကျွန်တော်က ဆရာဘိုးဘိုးကို ပြောပါ့မယ်”

“ဒါ ကောင်းတယ်” ထျန်းဟယ်အကြီးအကဲက ခေါင်းညိတ်သည်။

“ဒါဆိုရင် ကျွန်တော် ကောင်းကင်အာဏာစက်ဘုံကို အရင်ပြန်တော့မယ်” ရီဖူရှင်းက ပြောသည်။

“အင်း သွားတော့...” ထျန်းဟယ်အကြီးအကဲက ပြောသည်။

ရီဖူရှင်းက စုပင်းအာကို ကြည့်ကာ ပြောသည် “ပင်းအာ... ကြိုးစားလေ့ကျင့်။ အချိန်ကျလာခဲ့ရင် မင်းလည်း ကောင်းကင်အာဏာစက်ဘုံမှာ လာပြီးလေ့ကျင့်ဖို့လိုတယ်”

“အင်း... ပင်းအာနားလည်ပါပြီ” စုပင်းအာက ပြောသည်။ သူမ၏ဆရာဦးလေးက သူမအား ကလေးကဲ့သို့သာ မြင်သည်။ သူမ၏ကျင့်ကြံဆင့်ကား မနိမ့်တော့ပေ။

“ဆရာဘိုးဘိုး... ကျွန်တော်သွားပြီ” ရီဖူရှင်းက ပြောကာ လေထုကိုခွင်းလျှက်ထွက်သွားသည်။ သူသည် သူ့လူများကို ကောင်းကင်အာဏာစက်ဘုံသို့ ခေါ်ဆောင်လာခဲ့၏။

***

All Chapters