← Chapters

နေရတာငြီးငွေ့နေပြီ

Vol. 135 Ch. 1888

နေရတာငြီးငွေ့နေပြီ

Vol. 135 Ch. 1888

“အဖေ ဘာဖြစ်တာလဲ” သူ စိုးရိမ်တကြီးဖြစ်နေသည်ကို ရှီမာယူယူ မြင်သောအခါ အကြောင်းအရင်းကို သိချင်သွားသည်။

“အဲလူတွေက အကုန်စုပြီး သမီးကိုတိုက်ခိုက်ဖို့လုပ်နေကြတယ်” မုရုန်ဟွေ့သည် ကြားလိုက်သည်နှင့် ကြက်သီးထလောက်မည့် အကြောင်းကို ပြောပြလိုက်သည်။

အရိပ်မည်းနှင့် ဟွမ်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ နောက် ဆုံးတော့ သူတို့ ပွဲကြီးပွဲကောင်းနွှဲရတော့မည်။

“အဖေ အဲလောက်ကြီး စိတ်မပူပါနဲ့” ရှီမာယူယူသည် သူ့လက်ကိုဆွဲပြီး စိတ်ငြိမ်အောင် လုပ်ပေးလိုက်သည်။

မုရုန်ဟွေ့သည်လည်း  တုန်လှုပ်မနေချင်ပေ။ သို့သော် သူကြားခဲ့ရသော သတင်းကိုတွေးမိလျှင် စိတ်အေးအေးမထားနိုင်ပေ။

“ယူယူ.. လူအများကြီးဆုံးရှုံးလိုက်ရတဲ့ ဂိုဏ်းတွေက အကုန်စုပြီး သမီးကို တိုက်ခိုက်ဖို့ ကြိုးစားနေကြတယ်… သူတို့ လူစုနေတာနဲ့ အကုန်လုံးက လာစု ကြတာ.. အဖေ သတင်းရတော့ကို သူတို့တွေ လူထောင်ချီစုမိပြီဆိုလားပဲ”

ထိုအရေအတွက်မှာ ဆယ်ချီ ရာချီမဟုတ်ဘဲ ထောင်ချီသည်။ ထို့အပြင် သူ သတင်းရသည့်အချိန်ကဖြစ်သည်။ အခု ရက်အနည်းငယ် ကြာသွားပြီဖြစ်ရာ ထိုအရေအတွက်ထက်ပင် ပိုနိုင်သည်။ တွေးလိုက်သည်နှင့် သူ့ကျောရိုးတစ် လျှောက် ကြက်သီးများထသွားစေသည်။

ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည် “ကြည့်ရတာ သူတို့တွေ နောက် ဆုံးကတ်ကိုထုတ်ပြီထင်တယ်”

ပြီးခဲ့သည့် တိုက်ခိုက်မှုတွင် လက်ရွေးစင်များပါဝင်ခဲ့သည်။ သို့သော် ဟွမ် နှင့် အရိပ်မည်းတို့ကို မယှဉ်နိုင်ကြပေ။ သူတို့ ထိုအကြောင်းကို အတပ်သိသည်။ ထို့ကြောင့် လူနည်းလျှင် မယှဉ်နိုင်ဘဲ လူအရေအတွက်များမှသာ သူမကို သတ် နိုင်မည်ဖြစ်ကြောင်း သူတို့သိသည်။

“ယူယူ မြန်မြန်ပြေးတော့ သူတို့တွေ တွေ့သွားရင် အန္တရာယ်များတယ်” မုရုန်ဟွေ့ ပြောလေသည်။

“အဖေ စိတ်မပူပါနဲ့” ရှီမာယူယူ၏ အေးဆေးသောပုံစံသည် သူ့ကို ပိုစိတ်ပူစေသည်။ သူသည် သူမကို ဆွဲပြီးတော့သာ ထွက်‌ပြေးလိုက်ချင်သည်။

သို့သော် သူမသည် အလောမကြီးပေ။ ဟွမ်နှင့်အရိပ်မည်းတို့သည် မရဏာလောကမှ ဖြစ်သည့်အပြင် ခရမ်းလေးရှိနေသေးသဖြင့် မည်သည့် တိုက်ခိုက်မှုမဆို သူမ လွတ်မြောက်နိုင်သည်။

မုရုန်ဟွေ့သည် တည်ငြိမ်လွန်းသော သူတို့သုံးယောက်ကို ကြည့်ပြီး သက်ပြင်းရှည်ချကာ ပြောလိုက်သည် “ထားလိုက်ပါတော့ မင်းတို့တွေက စိတ်မပူမှတော့ ငါလည်း စိတ်ပူမနေတော့ဘူး.. အဖေ သမီးနောက်လိုက်မယ် ဆိုတော့ တွန်းထုတ်ဖို့တော့ စိတ်မကူးလိုက်နဲ့”

“အဖေ…” ရှီမာယူယူသည် သူ့ကိုခံစားချက်ပါပါကြည့်လိုက်သည်။ ယခု လိုအချိန်တွင် သူတို့နှင့်ရှိရန် ရွေးချယ်လိုက်ခြင်းသည် သူ့အသက်ကို သူမဆီသို့ ပေးလိုက်ပြီဟု ဆိုလိုသည်။

“အဖေ့ကို ချန်ထားခဲ့ဖို့ မကြိုးစားနဲ့” မုရုန်ဟွေ့သည် သူမကို ခက်ထန်စွာ ကြည့်လေသည် “သမီးတို့ ဘာစဉ်းစားနေလဲဆိုတာ အဖေသိတယ်.. သမီးတို့ အဖေ့ကို ပစ်သွားရင် ဘာမှဝန်လေးစရာမရှိတော့ဘူး… အဖေ့တစ်ဘဝလုံးမှာ ရှီအာနဲ့ ရှီအာအမေကိုပဲ စိတ်ထဲမှာရှိတာ.. ဒါပေမဲ့ သူတို့တွေ မရှိကြတော့ဘူး.. ရှီအာကိုဆုံးရှုံးလိုက်ရတာကို ကျော်လွှားနိုင်တာလည်း သမီးကျေးဇူးကြောင့်ပဲ သမီးတစ်ခုခုဖြစ်သွားရင် အဖေလည်း နေနိုင်မှာမဟုတ်ဘူး.. နောက်ထပ် လမ်းခွဲလိုက်မှာထက်စာရင် သမီးဘေးမှာပဲ တိုက်ခိုက်ချင်တယ်”

“အဖေ” ရှီမာယူယူသည် သူ့လက်ကိုတွဲလိုက်သည် “အင်း သမီး အဖေ့ကို နှင်မထုတ်ပါဘူး အဖေက သမီးရဲ့မွေးစားအဖေပဲ သေချာပေါက် အဖေ့ အကူ အညီလိုတာပေါ့”

“ဒီလိုမှပေါ့” မုရုန်ဟွေ့သည် သူမလက်ကိုပုတ်ပြီး ပြောလိုက်သည် “သေခြင်း ရှင်ခြင်းဆိုတာ ဘာမှမဟုတ်ပါဘူး”

“အဖေရှိနေတာ ကောင်းလိုက်တာ” ရှီမာယူယူသည် သူ့ပခုံးကို နူးနူးညံ့ ညံ့ သပ်လိုက်ပြီး ပျော်ရွှင်စွာ ပြောလေသည်။

“သခင်ကြီးမုရုန် အဲလူတွေ ဘယ်အချိန် ဘယ်မှာစုကြမှာလဲသိလား” အရိပ်မည်း မေးခွန်းထုတ်လေသည်။

သူတို့ စိတ်အားထက်သန်နေသည်ကို မြင်သောအခါ မုရုန်ဟွေ့သည် ရုတ်တရက် ပြောမိသွားသည် “မင်းတို့တွေ…”

အရိပ်မည်း ခေါင်းညိတ်လိုက်သည် “သခင်ကြီးစဉ်းစားတဲ့အတိုင်းပါပဲ”

မုရုန်ဟွေ့မှာ “…”

သူသည် သူတို့လေးယောက်ကို ကြည့်ပြီး သူတို့နှင့်ရှိသည်ကပင် ယူယူ ရူးသွပ်ခြင်းဖြစ်ရမည်ဟု သူတွေးနေမိသည်။

ဟုတ်ပြီ သူတို့က ရူးသွပ်ချင်မှတော့ သူလည်း သူတို့နဲ့အတူလိုက်ရူးပေးရ မှာပေါ့။ သူ့ဘဝတစ်ခုလုံးမှာ ရှီအာရဲ့အမေကို လက်ထပ်တာကလွဲပြီး မရူးသွပ်ခဲ့ ဖူးဘူး။ သူသာ သေသွားရင် သူ့ရဲ့ရူးသွပ်တဲ့သေဆုံးမှုဖြစ်မှာပဲ။

“သူတို့တွေက ၁၀ ရက်နေ့ပြီးရင် သွားဖို့ပြင်နေတယ်လို့ကြားတယ် နေရာ ကတော့ ဒီကနေသိပ်မဝေးတဲ့ သိုးမြို့တော်လို့ကြားတယ်”

“ယန်ချန်းမြို့လား ကျွန်တော်တို့ နောက်သွားမယ့်နေရာက ယန်ချန်းမြို့ မဟုတ်ဘူးလား” အရိပ်မည်း ဆက်ပြောလေသည် “ဒီလိုဆိုမှတော့ ကိုယ့် အစီအစဉ်အတိုင်းပဲ ဆက်သွားကြတာပေါ့”

“ဒါပေါ့” ဤသည်မှာ အခွင့်အရေးကောင်းဖြစ်သည်ဟု ရှီမာယူယူ ထင် သည်။ ထိုလူများသည် အုပ်လိုက်လာတော့မည်။ သူတို့ကိုသာ တစ်ခါတည်း ရှင်းလိုက်နိုင်ပါက သတိပေးရန် ကောင်းသောအခွင့်အရေးတစ်ခုပင်ဖြစ်သည်။ သူတို့ တိုက်ခိုက်ချင်လျှင် အစွမ်းအစရှိသည် မရှိသည်ကို စစ်ဆေးကြည့်သင့် သည်။ နောက်ပိုင်းတွင်တော့ ငြိမ်သက်သွားနိုင်သည် “ဒါပေမဲ့ အဖေ လျောင် ပြည်နယ်ကလူတွေက ဘယ်သွားကြမှာလဲ”

မုရုန်ဟွေ့သည် လျောင်ပြည်နယ်မှလူများကို တစ်ချက်ကြည့်လိုက်သည်။ ထိုလူများသည် သူနှင့် သေရေးရှင်ရေးများတွင် ဖြတ်သန်းခဲ့ကြသည်။ ဤခရီး မှာ ပြန်လမ်းမရှိနိုင်သဖြင့် သူတို့ သူ့နောက်လိုက်လျှင် သေချာပေါက် သေသွား နိုင်သည်။

သူကိုယ်တိုင်ဆိုလျှင် ရှီမာယူယူနောက်လိုက်နိုင်သည်။ သို့သော် တခြား သူများကိုတော့ သူ့နောက်လိုက်ခိုင်းပြီး အသေမခံစေချင်ပေ။

သို့သော် သူတို့ သူ့နောက်လိုက်လျှင် ရှီမာယူယူသည် အနိုင်ရနိုင်သည်။ ထို့ကြောင့် သူ ပထမဆုံးအကြိမ် တွေဝေမိသည်။

နောက်ဆုံးတွင် သူ စကားပြောတော့မည်အပြုတွင် လျောင်ပြည်နယ်မှ လူများသည် အော်ပြောလေသည် “သခင်ကြီး ကျွန်တော်တို့က သေသေရှင်ရှင် လျောင်ပြည်နယ်ကလူပါ”

“ဟုတ်တယ် သခင်မလေးဆိုရင်လည်း သခင်မလေးကို ကာကွယ်မှာပါပဲ”

အစပိုင်းတွင် အဖြစ်အပျက်များကို သူတို့ နားမလည်သော်လည်း အခုချိန် တွင် နားလည်နေပြီဖြစ်သည်။ ရှီမာယူယူသည် မုရုန်ရှီဖြစ်နေကာ သူမသည် ပို ကောင်းသည့် သခင်မလေးတစ်ယောက်ဖြစ်ခဲ့သည်။ သူမ၏ မှတ်ဉာဏ်များ ပျောက်ဆုံးသွားခြင်းကြောင့် အမူအကျင့်များပြောင်းသွားသည်ဟု ဆိုကြ သော်လည်း အမှန်တကယ်မှာ လုံးဝမတူသည့် လူဖြစ်နေသည်။

ဒါပေမဲ့ သူတို့က သူမကို အရှိကိုအရှိတိုင်းသဘောကျတာလေ။ သူမရဲ့ သရုပ်မှန်ကို သဘောကျတာမှမဟုတ်တာ။ သူမက သူတို့အပေါ်ကောင်းပေးခဲ့ တယ်။ သူမ အန္တရာယ်ရှိတဲ့အချိန်မှာမှ သူမကို ဘယ်လိုလုပ် စွန့်ပစ်လိုက်လို့ရ မလဲ။

“မင်းတို့တွေ…” ရှီမာယူယူသည် သူတို့ကို သူမနောက်သို့ မလိုက်စေချင် ပေ။ သို့သော် သူမ စကားမဆုံးခင်မှာပင် စကားဖြတ်ခံလိုက်ရသည်။

“သခင်မလေး.. သခင်မလေးက အရင်က ကျွန်တော်တို့အပေါ် ကောင်း ပေးခဲ့တယ်.. ကျွန်တော်တို့ကို ထွက်သွားခိုင်းရင် ကျွန်တော်တို့ သစ္စာနဲ့ တရား မျှတမှုကို ဖောက်ဖျက်ခိုင်းနေတာပဲ.. ကျွန်တော်တို့က သခင်မလေးနောက် လိုက်ချင်တယ်.. ကျွန်တော်တို့ကို လိုက်ခွင့်ပေးပါ” ဂူဇီပင်း ပြောလေသည်။

“ငါ…” သူတို့ လိုက်မလာလျှင် ခံစားရပိုသက်သာမည်ဟု ရှီမာယူယူ ပြော ချင်သည်။ သို့သော် သူတို့သည် သူမအတွက် သေပေးရန် အသင့်ဖြစ်နေသည်ကို မြင်သောအခါ စကားပင်ဆက်မပြောနိုင်ပေ။

သူမသည် ဝူလင်းယူနှင့် တခြားသူများကို ကြည့်လိုက်သည်။ ဝူလင်းယူ သည် ပခုံးတွန့်ပြလေသည်။ သူမ သဘောကျအတိုင်းပင်။

သူမသည် နှုတ်ခမ်းတွန့်ပြီး ပြန်ဖြေလိုက်သည် “ကောင်းပြီလေ မင်းတို့ ငါ့နောက်ကိုလိုက်လို့ရတယ် ဒါပေမဲ့ ငါ့ညွှန်ကြားချက်မရှိဘဲ ဘာကိုမှ စိတ်လိုက် မာန်ပါမလုပ်ပါဘူးလို့ ကတိပေးရမယ်.. အဲဒီကတိမပေးနိုင်ရင် အခုပဲထွက်သွား လို့ရမယ်”

“ကျွန်တော်တို့က သခင်မလေးစကားကို သေချာပေါက် နားထောင်မှာပါ” ဂူဇီပင်းသည် အားလုံးကိုယ်စား ကတိပေးလိုက်သည်။

အရိပ်မည်းသည် လက်ပိုက်ကာ ဟွမ်ဘေးတွင်ရပ်နေသည်။ သူတို့ စိတ်လှုပ်ရှားနေကြသည်ကို မြင်သောအခါ သူသည် ဟွမ်ဘေးဆီသို့ အပြေး အလွှားရောက်သွားကာ ပြောလေသည် “အဲလူတွေက ရူးများနေသလား… ဒီ ကိစ္စက သေရေးရှင်ရေးနဲ့ဆိုင်နေတာ အဲဒါကို ဝင်ပါချင်သေးတယ်.. သူတို့က အသက်ရှင်နေရတာ ငြီးငွေ့နေပြီထင်တယ်”

ဟွမ်သည် သူ့ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်ရာ အရိပ်မည်းသည် ပြန်ကြည့်သည် “ဘာလဲ.. အရူးတွေလို့ ငါပြောတာ မကြားဖူးဘူးလား အဲလူတွေ ဘာတွေးနေတာလဲဆိုတာ ‌ပြောပါဦး… သူတို့ ဦးနှောက်က သူများတွေနဲ့ မတူ အောင်ဖွဲ့စည်းထားတာလား.. မဟုတ်ရင်လည်း သူတို့သေမယ့်ကိစ္စကို ဘာလို့ လုပ်ချင်နေကြတာလဲ”

“ဒါက သခင်မလေးရဲ့ ဆွဲဆောင်မှုပဲလေ မင်းနဲ့မတူဘူး… မင်းရဲ့ ဘဝ တစ်လျှောက်မှာတော့ ဒီလိုအတွေ့အကြုံရှိလာလိမ့်မယ်လို့ ငါမထင်ဘူး” ဟွမ် သည် တိုးညင်းစွာပြောလေသည်။

ထိုလူများအပြင် သူတို့နှစ်ယောက်လုံးသည်လည်း ထိုအတိုင်းပင် မဟုတ် ပါလား။

All Chapters