စစ်ကြေညာချက်ပို့လိုက်ခြင်း
Vol. 135 Ch. 1889
ရှီမာယူယူသည် သူမအဖွဲ့ကိုဦးဆောင်ပြီး ယန်ချန်းမြို့သို့ သွားလေသည်။ ရံဖန်ရံခါ ပေါ်လာပြီး သူတို့အနောက်သို့ လိုက်လာသူများကိုတော့ လမ်းလာ မပိတ်သရွေ့ မမြင်သလို ဟန်ပြုလာခဲ့သည်။
အမှန်တကယ်ပင် ရှားပါးသည့် ငြိမ်းချမ်းလှသော အချိန်ပင်ဖြစ်သည်။
သူတို့သည် သားရဲပျံပေါ်တွင် ထိုင်လိုက်သည်နှင့် အနည်းငယ် စိတ်မအေး ဖြစ်မိသည်။ ဤတစ်ခေါက်တွင် ပြန်လာနိုင်မည်မှာ မသေချာပေ။
“အဖေ အသီးလေးစားပါဦး” ရှီမာယူယူသည် အသီးတချို့ထုတ်ကာ အားလုံးကိုပေးပြီးနောက် မုရုန်ဟွေ့ကိုပါ ခွဲပေးလိုက်သည်။
“ယူယူ သမီးက အစီအစဉ်တွေအပြည့် ဆွဲတတ်တဲ့ကလေးဆိုတာကို အဖေသိပါတယ် ဘာလို့ ထွက်မပြေးလဲဆိုတာကို အဖေ့ကို ပြောလို့ရမလား”
ရှီမာယူယူသည် ဝိညာဉ်အသီးတစ်လုံးထုတ်ကာ သူ့လက်ထဲထည့်ပေးပြီး သူ့ဘေးတွင် ထိုင်ကာ ပြောလိုက်သည် “အဖေ.. အဖေလည်း အရိပ်မည်းနဲ့ ဟွမ် တို့ရဲ့ တိုက်ပွဲစွမ်းရည်ကို မြင်ပြီးပြီပဲ”
“သူတို့နှစ်ယောက်က အားကောင်းပါတယ်… ဒါပေမဲ့ အဲလူတွေက လူ အရမ်းများလွန်းတယ်… သူတို့ နည်းနည်းလောက်သုံးရင်ကို ရနေပြီ” မုရုန်ဟွေ့ ပြောလိုက်သည်။
“အဖေ အဲအချိန် လူသားလောကက အရှေ့မျှတမှုမြို့ကို တစ္ဆေမျိုးနွယ် တွေဝင်လာတာကို သမီးတားနိုင်ခဲ့တယ်.. ဒီ့ထက်လွန်မလာခင် သူတို့ကိုတားဖို့ ကို အဲနည်းလမ်းကိုပဲသုံးမှာပဲ.. သူတို့ရပ်သွားပြီး သမီးကိုပြဿနာမရှာတော့ရင် အကုန်လုံး အေးဆေးသွားလိမ့်မယ်.. တကယ်လို့ သဘောမတူကြရင်လည်း အရှေ့မျှတမှုမြို့တော်က အဖြစ်လိုမျိုးထပ်လုပ်ဖို့ ဝန်မလေးဘူး” ရှီမာယူယူ သည်လည်း နောက်ဖြစ် လာမည့်ကိစ္စများကို ကာကွယ်ရန်အတွင် ဤကိစ္စကို အမြန်ဖြေရှင်းချင်သည်။ သူတို့သာ သဘောမတူပါက သူမသည် သူတို့ကို အခြေအနေအမှန်ကို ပေးတွေ့ပေးလိုက်မည်။
မုရုန်ဟွေ့သည် သူမကို ကြည့်နေပြီး သူမ၏ဝိညာဉ်သားရဲများတွင် လျှပ်စီးအရည်အချင်းရှိသူ ပါဝင်သည်ကို တွေးမိပြီး သူမ၏ အတွေးကို ရုတ်တ ရက်နားလည်သွားသည်။
ထိုလူများသာ ရှေ့ဆက်တိုးပါက သူမသည် မိုးကြိုးဘေးဒုက္ခကို ဆင့်ခေါ် နိုင်သည်။ ထိုစဉ်က လူအရေအတွက်များပြားခဲ့သော်လည်း မိုးကြိုးဘေးဒုက္ခမှာ မည်သို့မည်ပုံဖြစ်သည်ကို မသိကြပေ။ သူမတွင် ခရမ်းလေးရှိသဖြင့် မိုးကြိုး ဘေးဒုက္ခမှာ သူမကို ကြီးကြီးမားမား မထိခိုက်စေပေ။ ထို့ကြောင့် ထိုလူများနှင့် တူသည်ဟု ပြောမရပေ။
ပြီးခဲ့သည့်တစ်ခေါက် သူမ မိုးကြိုးဘေးဒုက္ခကို ရင်ဆိုင်ခဲ့သည့်အကြောင်း ကို သူ ပြန်စဉ်းစားရင်းနှင့် သူ့ခန္ဓာကိုယ်ကို မိုးကြိုးထိမှန်သည်ဟု တွေးလိုက် သည်နှင့် ချွေးအေးများ ပျံလာသည်။
သူသည် နှစ်မိနစ်မျှ နှုတ်ဆိတ်သွားသော ထိုလူများကို ကြည့်လိုက်သည်။ ဒီကောင်မလေးက မလှုပ်ရှားရင်လည်း မလှုပ်ဘူး… ဒါပေမဲ့ လှုပ်လိုက်ရင်တော့ သူတို့အရိုးတွေကိုပါ တုန်ယင်သွားစေတာပဲ။
“အဲဒါကြောင့် အဲအချိန်ကျရင် အဖေ သမီးနားမှာ ရပ်မနေပါနဲ့ တစ်ခုခု ဖြစ်သွားရင် သမီး နောင်တရလို့သေသွားလိမ့်မယ်.. အဲအချိန်ကျရင် လူတွေကို ခေါ်ပြီး အပြင်မှာသွားပြီးမှ သမီးကိုစောင့်ပေးပါ” ရှီမာယူယူသည် သူ့ကို ပြုံးပြ လိုက်သည်။ မုရုန်ဟွေ့သည် နတ်ဆိုးလေးတစ်ကောင်ကို ကြည့်နေရသကဲ့သို့ ခံစားလာရသည်။
သို့သော် သူမ၏ အစီအစဉ်ကိုသိပြီးနောက်တွင် သူမဘေးတွင်နေရန် မတောင်းဆိုတော့ပေ။ ထိုအချိန်ကျလျှင် ထိုလူများသည် သူမကို ထိခိုက်စေ မည်သာမဟုတ်ဘဲ ပုန်းရန်ပင် ခက်ခဲနိုင်သည်။
ထိုအခါမှပင် သူ စိတ်ငြိမ်သွားပြီး အသီးစားနိုင်တော့သည်။ သူသည် အသီးကို ကိုက်လိုက်ပြီး စိုးရိမ်မှုများ ပျောက်သွားရန်ကြိုးစားလိုက်သည်။ တစ် ချိန်တည်းမှာပင် သူမကို ဆူငေါက်ရန်မမေ့ပေ “ဒီကလေးတော့ စောစောက မပြောဘူး ဘာမှမဟုတ်ဘဲ အဖေ့ကို အကြာကြီးစိတ်ပူနေအောင်လုပ်တယ်”
“အဖေမှ သမီးကိုမမေးတာ” ရှီမာယူယူ ရယ်မောလိုက်သည်။
“မင်းတော့..” မုရုန်ဟွေ့သည် မတတ်နိုင်တော့ပေ။ သို့သော် သူမ၏ ဤ ပုံစံကို သူသဘောကျသည်။ ဝှက်ဖဲရှိခြင်းသည် ဘာမှမရှိသည်ထက်စာလျှင် ကောင်းသည်။
သူတို့ ယန်ချန်းမြို့ကိုရောက်သောအခါ ရှီမာယူယူမဝင်ပေ။ ထိုအစား သူမသည် မြို့အပြင်တွင်ရပ်တန့်သွားသည်။ မုရုန်ဟွေ့နှင့် လျောင်ပြည်နယ်မှ လူများသည် သူမအနောက်တွင် နှုတ်ဆိတ်နေကြသည်။
ရှီမာယူယူသည် မိမိသဘောအလျောက် ယန်ချန်းမြို့သို့ရောက်လာပြီး မြို့အပြင်တွင် စခန်းချသည်ကို ယန်ချန်းမြို့မှလူများ ကြားသိသောအခါ အလွန် ပင်အံ့အားသင့်ကြသည်။
ထို့နောက်တွင် ထိုအံ့ဩမှုသည် ဒေါသအဖြစ်ပြောင်းသွားလေသည်။ ဒါက ဒေါသကိုဆွနေတာပဲ.. သေချာပေါက်ကိုဆွနေတာ.. သူမကိုယ်သူမ အတုမရှိ ဘူးလို့ထင်ပြီး သူတို့ထောင်ချီကိုတောင် နိုင်မယ်လို့ ခံစားနေရတာလား။
“ခေါင်းဆောင်ဖန်း ခင်ဗျားကအရင်ဆုံးစည်းရုံးတဲ့သူပဲ ကျုပ်တို့ဘာလုပ်ရ မလဲပြောပါဦး”
“ချိန်းဆိုထားတဲ့နေ့ရောက်ဖို့ နှစ်ရက်လိုသေးတယ်.. သူမက ကျုပ်တို့ တံခါးရှေ့ကို ရောက်လာတာက ပွင့်ပွင့်လင်းလင်းကို လာဆွပြီး ကျုပ်တို့ မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ… ကျုပ်တို့ လွှတ်ပေးလိုက်ရင် တစ္ဆေလောက မှာ ကျုပ်တို့ မျက်နှာဘယ်သွားထားကြမလဲ”
“ဟင်း သူမက လာရဲမှတော့ အသက်ရှင်လျက်ထွက်မသွားနိုင်အောင် လုပ်ပေးလိုက်မယ်”
“ဟုတ်တယ်”
“သတ်မှတ်ထားတဲ့ရက်က နှစ်ရက်လိုသေးပေမဲ့ ကျုပ်တို့ လူတော်တော် များများရောက်နေတဲ့ပုံပဲ အခုနှစ်ရက်စောင့်မလား မဟုတ်ရင် ရှေ့တိုးလိုက် မလား”
သူတို့က ရှီမာယူယူကို သတ်သင့်သလား။ အဖြေကတော့ သေချာပေါက် ပင်။ ဒါပေမဲ့ ဘယ်တော့သတ်ကြမလဲ။ အဲဒါကတော့ မသေချာသေးပေ။
အခုရှေ့ထွက်မလား… မဟုတ်ရင် နှစ်ရက်စောင့်ကြမလား။
သူတို့ ဆုံးဖြတ်ချက်မချခင်တွင် ရှီမာယူယူသည် သူတို့အတွက် ဆုံးဖြတ် ပေးလိုက်သည်။
“ခေါင်းဆောင် ကျွန်တော်တို့လူတွေ အရိုက်ခံရပြီးပြန်လာပါတယ်” လူ ငယ်တစ်ယောက်သည် အပြင်မှ အစည်းအဝေးခန်းမအလယ်သို့ ဝင်လာသည်။ သူသည် မောဟိုက်နေကာ ထပ်ပြောလေသည် “ခေါင်းဆောင် ရှီမာယူယူကို စောင့်ကြည့်နေတဲ့သူတွေ အရိုက်ခံပြီး ပြန်လာပါတယ်”
“အရိုက်ခံလာရတယ်ဟုတ်လား သူတို့ပေါ်သွားတာလား” ခေါင်းဆောင် ဖန်း မေးလိုက်သည်။
“ဟုတ်ပါတယ် ရှန်းဇီကလွဲပြီး ဘယ်သူမှပြန်မလာသေးပါဘူး” ထိုလူငယ် ပြောလေသည်။
“သူက အကုန်လုံးထဲမှာ အသန်မာဆုံးမဟုတ်ဘူး ဘယ်လိုဖြစ်ပြီး သူ တစ်ယောက်ပဲ ပြန်လာနိုင်တာလဲ”
“ကြည့်ရတာ ရှီမာယူယူက သူ့ကိုလွှတ်ပြီး သတင်းပို့ခိုင်းတဲ့ပုံပဲ”
“ဒါဆိုရင် သူ့ကိုမြန်မြန်သွားမခေါ်ဘဲ ဘာလုပ်နေတာလဲ”
“ဟုတ်ကဲ့ ဟုတ်ကဲ့”
လျင်မြန်စွာပင် ရှန်းဇီဆိုသူကို ခေါ်လာသည်။ သို့သော် သူသည် သူ့ဘာသာမလျှောက်နိုင်ဘဲ တခြားတစ်ယောက်မှ ထမ်းလာရသည်။
“ဘယ်လိုဖြစ်လို့ ဒီလောက်ကြီး အပြင်းအထန်ဒဏ်ရာရလာတာလဲ”
“ခေါင်း.. ခေါင်းဆောင် ရှီမာယူယူက ကျွန်တော့်ကို အရှင်ထားပြီးတော့ သူမကိုရှာချင်ရင် မြို့အပြင်က နတ်သမီးနက်တောင်ကို လာဖို့ပြောခိုင်းလိုက်ပါ တယ်” ရှန်းဇီသည် အားလျော့စွာပြောပြီးနောက် မေ့လဲသွားလေသည်။
ခေါင်းဆောင်ဖန်း လက်ဝေ့ယမ်းလိုက်သည်နှင့် ရှန်းဇီကို ထမ်းခေါ်လာ သော လူနှစ်ယောက်သည် သူ့ကိုပြန်သယ်သွားသည်။
“ကြည့်ရတာ သူမက ငါတို့အစီအစဉ်ကို သိတယ်နဲ့တူတယ်”
“ကျုပ်တို့ ဒီကိစ္စလုပ်တုန်းက လျှို့ဝှက်မထားတော့ ဂိုဏ်းတော်တော် များများသိကြပါတယ်.. ရှီမာယူယူ သိတာတော့ မထူးဆန်းပါဘူး”
“အဲတော့ သူမက သိရဲသားနဲ့ ကျုပ်တို့တံခါးရှေ့လာပြီး ကျုပ်တို့ကို ရန်လာစတာပေါ့”
“ဒါပေမဲ့ သူမက ဝင်မလာဘဲနဲ့ မြို့တံခါးပေါက်အပြင်မှာ ဘာလို့ စခန်းချ တာလဲ”
“သေချာပေါက် ဝင်မလာရဲလို့ပဲပေါ့.. ကျွမ်းကျင်သူ သောင်းချီက သူမကို သတ်ဖို့စောင့်နေတာပဲ… သူမကို သတ္တိသောင်းချီငှားပေးလိုက်ရင်တောင် ဒီ နေရာကို ဝင်လာရဲမှာမဟုတ်ဘူး”
“မြို့ထဲကိုဝင်လိုက်ရင် ပိတ်မိသွားမယ်လို့ စဉ်းစားနေတာပဲ.. ပြီးတော့ မြို့ထဲကိုဝင်မလာတာက အဝိုင်းခံရတာကို ကာကွယ်ဖို့ပဲမလား”
“အဲလိုလည်းဖြစ်နိုင်တယ်”
“သူမက ကျုပ်တို့ကို ရန်လာစနေမှတော့ ဘာကိုစောင့်နေဦးမှာလဲ… ခေါင်းဆောင်ဖန်း ကျုပ်တို့လည်း စုသင့်သလောက်စုပြီးပြီ.. နှစ်ရက်ထပ်စောင့် စရာမလိုတော့ဘူး ဒီနေ့ပဲမြို့အပြင်ထွက်ကြတာပေါ့”
“ဟုတ်တယ် သွားကြမယ် ဒီရှီမာယူယူက ကျုပ်တို့လူအများကြီးကို သတ် ခဲ့တာ.. ဒီတစ်ခါတော့ သူမကို နတ်သမီးနက်တောင်မှာပဲ သေချာပေါက် သတ် ပစ်မယ်”
“ဟုတ်တယ် သူမလက်ထဲမှာ ကျုပ်တို့လူ သုံးရာကျော်သေသွားခဲ့တာ သူမ သွေးနဲ့ကျုပ်တို့ မျိုးနွယ်ဝင်တွေကို ယဇ်ပူဇော်ရမယ်”
“ကျုပ်တို့လည်းအတူတူပဲ ကျုပ်တို့လူ ရာချီဆုံးရှုံးရပြီးပြီ”
ထိုလူများသည် သူတို့လူများ အသတ်ခံရသည်ကိုသာ တွေးကြသည်။ သို့သော် အမှန်တရားကို သေချာမြင်အောင်ကြည့်လျှင် သူတို့ကသာ သူမကို သတ်ရန် ထိုလူများကို လွှတ်လိုက်သည်မဟုတ်ပါလား။ မဟုတ်လျှင် သည် လောက် လူအများအပြားဆုံးရှုံးရမည်မဟုတ်ပေ။
“ဒါ တကယ်ထူးဆန်းတယ်.. သူမကို တွေ့တာနဲ့ သူမ နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ ပြောခိုင်းရမယ်”
သူတို့ ပြောစကားများကို နီရဲပျားများမှတဆင့် ရှီမာယူယူ ကြားသောအခါ သဲ့သဲ့ပြုံးလေသည်။
“ဘာလဲ” ဝူလင်းယူသည် သူမအတွက် လိမ္မော်သီးအခွံနွှာပြီး သူမကို ကြင်နာစွာခွံ့ကြွေးနေသည်။
ရှီမာယူယူသည် သူကျွေးသည်ကို စားပြီးနောက် ပြောလိုက်သည် “ဒီ အတိုင်းပဲ ဟာသကြားလိုက်ရလို့ပါ”
ဝူလင်းယူသည် မှန်းမိသဖြင့် ပေါ့ပေါ့ပင်ပြုံးလိုက်သည် “အဲလူတွေက ကျွမ်းကျင်သူတွေမလား.. သူတို့မကြာခင်ရောက်လာနိုင်တယ် ကိုယ်တို့လည်း ပြင်တာဆင်တာ အပြီးသတ်သင့်ပြီ”