ကောင်းဝူဖုန်းကို သတိပေးခြင်း...
Vol. 21 Ch. 316
VR ကမ္ဘာ လင်းယွမ်က တောင်ထိပ်ပေါ်တွင် ထိုင်နေသည်။
" လူအနည်းစုကို အစားထိုးလိုက်ပြီပဲ။ " လင်းယွမ်က အခြားတောင်ထိပ်များကို ကြည့်လိုက်သည်။
နှစ်နှစ်ကျော်အတွင်း ဆင့်ကဲပြောင်းလဲသူများစွာက ခန္ဓာကိုယ်အစိတ်အပိုင်းမှ တွေ့ရှိသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ကျင့်ကြံနေကြစဉ် ရုပ်ခန္ဓာပြိုကွဲမှုများ ကြုံတွေ့ရပြီး ထိုနေရာမှ ထွက်ခွာသွားကြသည်။ နောက်ထပ် ပါရမီရှင် ဆင့်ကဲပြောင်းလဲသူများက ဝင်ရောက်လာကြသည်။
" ဒီခန္ဓာကိုယ်အစိတ်အပိုင်းမှာပါတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အများစုရဲ့ အဆုံးသတ်က သေခြင်းပဲ။ လူတစ်ယောက်က ကျင့်ကြံမှုကျရှုံးတာနဲ့ နှစ်တစ်ရာကြာပြီးမှ နောက်တစ်ကြိမ် ထပ်လေ့လာရမယ်လို့ ကြီးမြတ်သူတွေက စည်းမျဉ်းထုတ်ထားတယ်။ " လင်းယွမ်က တွေးလိုက်သည်။
၎င်းက ဆင့်ကဲပြောင်းလဲသူများစွာအတွက် ကောင်းမွန်လေသည်။ သူတို့က VR ကမ္ဘာတွင် ကျင့်ကြံလျှင်တောင် ခန္ဓာကိုယ်အစိတ်အပိုင်းမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက သူတို့အတွက် အကျိုးရှိနေဆဲ ဖြစ်သည်။ ၎င်းက ကြီးမြတ်သူတစ်ယောက်၏ ခန္ဓာကိုယ်ဖြစ်လေသည်။
" ငါတို့လူသားမျိုးနွယ်က ကောင်းကောင်းလုပ်နိုင်တာပဲ။ VRကမ္ဘာမရှိတဲ့ အခြားမျိုးနွယ်တွေက သူတို့ အသက်ကို စွန့်စားပြီး လေ့လာရမှာပဲ။ ဘယ်လောက်တောင် သေကြမလဲဆိုတာ ငါသိချင်မိတယ်။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။
VR ကမ္ဘာက လူသားမျိုးနွယ်အတွက် ထူးခြားပြီး ကြီးမြတ်ခြင်းအဆင့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးခဲ့သော ကြီးမြတ်သူတစ်ယောက်ဆီမှ လာသည်ဟု ပြောကြလေသည်။
" ကောင်းဝူဖုန်းက ငါ့ကို ရှာနေတာလား။ " လင်းယွမ်က မက်ဆေ့ချ်တစ်စောင် လက်ခံလိုက်ရသည်။
ကောင်းဝူဖုန်းက ဓားကိုးလက်ကြယ်သခင်၏ တန်ဖိုးအထားရဆုံး တပည့်ဖြစ်ပြီး VR ကမ္ဘာသို့ ဝင်ချိန်တွင် လင်းယွမ်နှင့် စကားပြောခဲ့သူဖြစ်၏။ ကောင်းဝူဖုန်းအပြင် အလင်းနတ်သမီးသွေးမျိုးဆက်နှင့် ဇောင်ချိုးကွမ်းလည်း ရှိလေသည်။
" ကောင်းဝူဖုန်း..." လင်းယွမ်က ရေရွတ်လိုက်သည်။
ထိုနှစ်နှစ်ကျော်အတွင်း မရေတွက်နိုင်သောဆင့်ကဲပြောင်းလဲသူများ ထွက်ခွာသွားကြပြီး အနည်းစုသာ ဆက်လက်ကျင့်ကြံနိုင်ကြလေသည်။ ထိုလူများထဲတွင် ကောင်းဝူဖုန်းအပါအဝင် ဖြစ်၏။
ခန္ဓာကိုယ်အစိတ်အပိုင်းမှ ကောင်းဝူဖုန်း ရှာတွေ့ခဲ့သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အလွန်ထူးခြားလေသည်။ ၎င်းက စိတ်နှလုံးနတ်ဆိုးကိုပင် လှုံ့ဆော်နိုင်ခဲ့သည်။
စိတ်နှလုံးနတ်ဆိုးထွက်ပေါ်လာခြင်းက သေးငယ်သော ကိစ္စတစ်ခုမဟုတ်ပေ။ ၎င်းက လက်တွေ့ကမ္ဘာမှ အစစ်အမှန်ခန္ဓာကို ထိခိုက်စေနိုင်သော အရာများထဲမှ တစ်ခုဖြစ်၏။
လုံလောက်သော ပြင်ဆင်မှုမရှိဘဲ စိတ်နှလုံးနတ်ဆိုးကို ရင်ဆိုင်ခဲ့ပြီး သေဆုံးခဲ့လျှင် ကြီးမြတ်သူတစ်ယောက်ကပင် ပြန်လည်အသက်သွင်းနိုင်ခြင်း မရှိပေ။
ထိုအခြေအနေအောက်တွင် ကောင်းဝူဖုန်းအတွက် အကောင်းဆုံး ရွေးချယ်မှုမှာ ထိုလေ့လာမှုကို လက်လျှော့ခြင်းသာဖြစ်၏။ ၎င်းက သူ၏ အသက်နှင့် သက်ဆိုင်လေသည်။
ကြီးမြတ်သူ၏ လမ်းစဉ်က စွဲမက်စရာကောင်းသော်လည်း အသက်ဆုံးရှုံးသွားလျှင် ကြီးမြတ်သူ၏ လမ်းစဉ်လည်း ဘာမှလုပ်နိုင်မည်မဟုတ်ပေ။
သို့သော် ကောင်းဝူဖုန်းက လက်လျှော့ရန် မရွေးချယ်ခဲ့ပေ။ ယင်းအစား သူက စိတ်နှလုံးနတ်ဆိုးကို ရင်ဆိုင်ပြီး ရူးသွပ်လုနီးပါး အခြေအနေတွင် သူ၏ စွမ်းရည်များကို ဆက်လက်ပြုပြင်ခဲ့သည်။
နောက်ဆုံးတွင် ကောင်းဝူဖုန်းက စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။ ရလဒ်အနေဖြင့် သူနားလည်ထားသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သူ၏ ကျင့်ကြံခြင်းကို လျင်မြန်စွာ တိုးတက်စေခဲ့သည်။
" စိတ်စွမ်းအားညွှန်းကိန်း တစ်သောင်းကို မရောက်သေးဘဲ စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ရင်ဆိုင်ခဲ့တယ်။ သူ့ရဲ့ သတ္တိက ချီးကျူးစရာပဲ။ သူကျင့်ကြံတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သူနဲ့ လိုက်လျောညီထွေဖြစ်လို့ နောက်ပိုင်းမှာ ချောမွေ့သွားတာလား။ " လင်းယွမ်က စဉ်းစားနေသည်။
လင်းယွမ်က ထိုကဲ့သို့ မလုပ်ချင်ပေ။ ကောင်းဝူဖုန်းက သူ၏ အသက်နှင့် လောင်းကြေးထပ်ခဲ့ခြင်းဖြစ်သည်။ ယခု သူက ဖြတ်ကျော်နိုင်သောကြောင့် ဂုဏ်ယူနိုင်သော်လည်း သူမလုပ်နိုင်ခဲ့လျှင် ကောင်းဝူဖုန်းကို ဘယ်သူမှ သတိရနေမည်မဟုတ်ပေ။
ကိုယ်ပိုင်နေရာတွင် ကောင်းဝူဖုန်း၊ ဇောင်ချိုးကွမ်းနှင့် အခြားဆင့်ကဲပြောင်းလဲသူအချို့ ထိုင်နေကြသည်။ သူတို့အားလုံးက သူတို့နားလည်ထားသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဆက်လက် ကျင့်ကြံနိုင်ကြသူများ ဖြစ်ကြသည်။
" ရှစ်စန်းတောင်ထိပ်သခင် ရောက်လာပြီ။ " လင်းယွမ်ကို မြင်သောအခါ ကောင်းဝူဖုန်းက နှုတ်ဆက်လိုက်သည်။
" ရှစ်စန်းတောင်ထိပ်သခင်..." အခြားသူများကလည်း အတူတူပင်ဖြစ်၏။
ပါရမီရှင်တစ်ယောက်အနေဖြင့် လင်းယွမ်၏ ဂုဏ်သတင်းက ကြောက်စရာကောင်းလှသည်။ သူ့ကို ဘယ်သူမှ ပေါ့ပေါ့တန်တန် မတွေးရဲကြပေ။ လင်းယွမ်ကို နှုတ်ဆက်ပြီးသွားသည်နှင့် သူတို့က စကားဆက်ပြောလိုက်ကြသည်။
" အကိုကောင်းက အဋ္ဌမအလွှာနဲ့ သိပ်မဝေးလောက်တော့ဘူး။ " ဇောင်ချိုးကွမ်းက ကောင်းဝူဖုန်းကို လေးစားစွာ ကြည့်လိုက်သည်။ " စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ရင်ဆိုင်ရဲတဲ့ နင့်ရဲ့ သတ္တိကိုတော့ ငါ တကယ်လေးစားတယ်။ "
ဇောင်ချိုးကွမ်းက သူမသာ ကောင်းဝူဖုန်းနေရာတွင်ဖြစ်လျှင် ဆက်လက်ကျင့်ကြံမည်မဟုတ်သည်ကို သေချာသိလေသည်။
" ဒီတစ်ခါ အဲ့ဒါက စိတ်နှလုံးနတ်ဆိုးကပ်ဘေးဆိုတော့ နောက်တစ်ခါ ဘာဖြစ်ဦးမလဲဘယ်သူသိမှာလဲ။ " ကောင်းဝူဖုန်းက နှိမ့်ချစွာ ပြောလိုက်သည်။
အမှန်တွင် သူက မှန်ကန်စွာ အလောင်းအစားပြုလုပ်ခဲ့ခြင်းအပေါ် သူ့ကိုသူကျေနပ်နေပြီး ယခုအခါ သူ၏ ကျင့်ကြံခြင်းကလည်း အလွန်ချောမွေ့နေပြီဖြစ်သည်။
ယခုအချိန်တွင် ကောင်းဝူဖုန်းက ပြင်းထန်သော အတွေးတစ်ခုပင် ရှိနေသည်။ သူကျင့်ကြံသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကြီးမြတ်သူတစ်ယောက် ဖြစ်လာနိုင်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုဟု ယုံကြည်နေသည်။ မဟုတ်လျှင် သူက ယခုကဲ့သို့ ချောမွေ့စွာ ကျင့်ကြံနိုင်မည်မဟုတ်ပေ။
" စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ကျော်လွှားပြီး တားဆီးမရတဲ့ စိတ်ဓာတ်နဲ့သာ စမ်းသပ်မှုကို အောင်မြင်နိုင်လိမ့်မယ်။ " ကောင်းဝူဖုန်းက ခံစားချက်များနှင့် ပြောလိုက်သည်။
" မှန်တယ်။ " ဇောင်ချိုးကွမ်းက လင်းယွမ်ကို ကြည့်လိုက်သည်။ " ရှစ်စန်းတောင်ထိပ်သခင် နင့်ရဲ့ ကျင့်ကြံခြင်းကရော ဘယ်လိုလဲ။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် တစ်ခုကို မရွေးချယ်ရသေးဘူးလ။ "
လင်းယွမ်က သူနားလည်ထားသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို မကျင့်ကြံသည်မှာ လျို့ဝှက်ချက်တစ်ခုမဟုတ်ပေ။
" အင်း ငါ အမှားတစ်ခု လုပ်မိမှာ စိုးရိမ်နေတယ်။ " လင်းယွမ်က ပြောလိုက်သည်။ လူသားဆင့်ကဲပြောင်းလဲသူတစ်ယောက်အနေဖြင့် ရပ်တန့်မနေဘဲ အတားအဆီးအားလုံးကို ဖြတ်ကျော်သင့်ပေသည်။ သူက စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ထိပ်တိုက်ရင်ဆိုင်သကဲ့သို့ပင် မအောင်မြင်သေးသော်လည်း အကျိုးကျေးဇူးများ ရရှိနေပြီဖြစ်သည်။
" ရှစ်စန်းတောင်ထိပ်သခင် ငါပြောပြမယ်။ တစ်ခါတစ်လေ စိုးရိမ်တာက ကောင်းတဲ့အရာမဟုတ်ဘူး။ VR ကမ္ဘာမှာ မင်းတစ်ခုခုမှားသွားရင်တောင် ပြန်စနိုင်တဲ့ အခွင့်အရေးရှိသေးတယ်။ ဘာလို့တုံ့ဆိုင်းနေမှာလဲ။ တစ်ခါတစ်လေ အခွင့်အရေးကို မဆုပ်ကိုင်ရင် နောက်မှ ဆုပ်ကိုင်ဖို့ ခက်ခဲသွားလိမ့်မယ်။ " ကောင်းဝူဖုန်းက လင်းယွမ်ကို အကြံပေးလိုက်သည်။
" အမှန်တော့ ငါက ငါ့ရဲ့ စိတ်စွမ်းအားကို သန့်စင်နေတာပဲ။ "လင်းယွမ်က ထပ်ပြောလိုက်သည်။
" စိတ်စွမ်းအားကို သန့်စင်တာလား။ "
အခြားသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လင်းယွမ်က မိုက်မဲသည်ဟု သူတို့က ခံစားလိုက်ရသည်။
ကြီးမြတ်သူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို အသုံးပြုပြီး စိတ်စွမ်းအားကို သန့်စင်တာလား။
" ကောင်းပြီ။ အဲ့ဒီအကြောင်း မပြောတော့နဲ့။ " ကောင်းဝူဖုန်းက လင်းယွမ်ကို ဆက်မပြောရန် ဆုံးဖြတ်လိုက်သည်။
သူနှင့် လင်းယွမ်က ကြီးမြတ်သူဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွင် လူတစ်ယောက်သာ ကြီးမြတ်သူတစ်ယောက်ဖြစ်လာနိုင်သောကြောင့် သူတို့က ပြိုင်ဘက်များဟုပင် ပြောနိုင်လေသည်။ ထူးချွန်သော အရည်အချင်းနှင့် လင်းယွမ်က ကြီးမြတ်သူတစ်ယောက် ဖြစ်လာနိုင်မည့် အခွင့်အရေးကို လက်လျှော့လိုက်သောကြောင့် ကောင်းဝူဖုန်းက ဝမ်းသာသင့်လေသည်။
" ငါက ကျင့်ကြံခြင်းမှာ ကြုံတွေ့ရတဲ့ မေးခွန်တွေကို ဆွေးနွေးလို့ရအောင် အားလုံးကို ခေါ်လိုက်တာပဲ။ " ကောင်းဝူဖုန်းက ပြောလိုက်သည်။ သူတို့က တူညီသော အရင်းအမြစ်မှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ကျင့်ကြံကြသောကြောင့် အတွေ့အကြုံများ ဖလှယ်နိုင်လေသည်။
သူတို့က နေ့တစ်ဝက်ကြာအောင် စကားပြောနေကြပြီး လင်းယွမ်က ဘေးမှ နားထောင်နေသည်။
" ရှစ်စန်းတောင်ထိပ်သခင်သခင်မှာလည်း အသိအမြင်အချို့ရှိလား ငါသိချင်ပါတယ်။ " ကောင်းဝူဖုန်းက လင်းယွမ်၏ အမြင်ကို တန်ဖိုးထားနေဆဲ ဖြစ်၏။
လင်းယွမ်က ၎င်းကို မကျင့်ကြံလျှင်တောင် သာမန်လူများထက် ပို၍ နက်ရှိုင်းသော အသိအမြင်များရှိမည်မှာ သေချာလေသည်။
" ကောင်းဝူဖုန်း မင်းကျင့်ကြံတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က မင်းရဲ့ စိတ်စွမ်းအားအပေါ် သက်ရောက်မှုရှိမယ်လို့ ငါထင်တယ်။ " လင်းယွမ်က ပြောလိုက်သည်။
" ငါ့ရဲ့ စိတ်စွမ်းအားကို လွှမ်းမိုးနိုင်ပါ့မလား။ "
ကောင်းဝူဖုန်းက ခနစဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။ " သတိပေးလို့ ကျေးဇူးတင်ပါတယ် ရှစ်စန်းတောင်ထိပ်သခင်။ ငါနားလည်ပြီ။ "
စိတ်စွမ်းအားကို သက်ရောက်တော့ရော ဘယ်အရေးနည်း။ သူက ကြီးမြတ်သူတစ်ယောက်ဖြစ်လာသရွေ့ မည်သည့်တန်ဖိုးကို ပေးဆပ်ရသည်ဖြစ်စေ ထိုက်တန်လေသည်။
လင်းယွမ်၏ စိတ်အသိက လက်တွေ့သို့ ပြန်ရောက်လာသည်။
" ကောင်းဝူဖုန်း.... ဒုက္ခရောက်လိမ့်မယ်..." လင်းယွမ်က တွေးလိုက်သည်။
ကောင်းဝူဖုန်း၏ ဖော်ပြချက်အရ လင်းယွမ်က ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီး နောက်ပိုင်းတွင် တွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်သွားသည်ကို တွေ့ခဲ့ရသည်။
အစတွင် လင်းယွမ်က သတိပေးရန် ကြိုးစားခဲ့သော်လည်း သူတို့က သဘောထားချင်း မတိုက်ဆိုင်သောကြောင့် ဆက်မပြောရန် ဆုံးဖြတ်ခဲ့သည်။ ယခုအချိန်တွင် ကောင်းဝူဖုန်းက ကြီးမြတ်သူတစ်ယောက်ဖြစ်လာရန် သူ၏ လှပသောအိပ်မက်တွင် နစ်မြုပ်နေပြီး မည်သူ့စကားမှ နားဝင်မည်မဟုတ်ပေ။
ကြီးမြတ်သူတစ်ယောက် ဖြစ်လာရန် ထိုမျှလွယ်ပါသလား။
ထိုအချိန်တွင် လင်းယွမ်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ဦးတည်ချက်တစ်ခုသို့ ကြည့်လိုက်သည်။ ထိုနေရာမှ လေဟာနယ်အတက်အကျများ ထွက်ပေါ်လာသည်။
" အတွင်းကမ္ဘာဖွင့်တာလား။ "
" အကိုကြီးက အဋ္ဌမအလွှာကို ချိုးဖျက်ဖို့ ကြိုးစားနေပြီလား။ "