ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ငါးမျှင်....
Vol. 21 Ch. 319
ခန္ဓာကိုယ်အစိတ်အပိုင်းမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံလိုက်သည်နှင့် နောက်ပြန်လှည့်နိုင်ခြင်းမရှိတော့ဘဲ VR ကမ္ဘာသို့ မဝင်လျှင်တောက် VR ကမ္ဘာထဲမှ ခန္ဓာကိုယ်က ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အလိုအလျောက် ကျင့်ကြံနေမည်ဖြစ်သည်။
" ရှေ့မဆက်နိုက်တော့ဘူးလား။ " လင်းယွမ်က ဇောင်ချိုးကွမ်းကို ကြည့်လိုက်သည်။
" ငါ မရူးသေးပေမယ့် ပိုပြီး ကျင့်ကြံလာတာနဲ့ တစ်ခါတစ်လေ ပုံရိပ်ယောင်နယ်ပယ်တွေကို ရောက်သွားသလို တစ်ခါတစ်လေ သတိတောင်မထားမိဘူး။ " ဇောင်ချိုးကွမ်းက ပြောလိုက်သည်။
သူမက ရူးသွပ်လုနီးပါး ဖြစ်သွားသော ကောင်းဝူဖုန်းကို မတွေ့ခင်အထိ ၎င်းတို့ကို ပြဿနာအဖြစ် မမြင်ခဲ့ပေ။ ယခု သူမက တစ်နေ့တွင် သူမလည်း ကောင်းဝူဖုန်းကဲ့သို့ ဖြစ်လာမည်ကို စိုးရိမ်နေသည်။
" အဲ့ဒါက ရပ်တန့်သင့်တာတော့ အမှန်ပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ဇောင်ချိုးကွမ်း၏ ပြောပြချက်အရ သူမ ဆက်လက်ကျင့်ကြံခဲ့လျှင် ပြဿနာကြီးများက စောင့်ကြိုနေပြီး ကောင်းဝူဖုန်း၏ ကံကြမ္မာနှင့် ကွာခြားမည်မဟုတ်ပေ။
" အဲ့ဒါက ရယ်စရာကောင်းတယ်။ ငါတို့သုံးယောက်ထဲမှာ အကိုကောင်းနဲ့ ငါက စိတ်အားထက်သန်မှုအပြည့်နဲ့ ကြီးမြတ်သူလမ်းစဉ်ကို လျှောက်လှမ်းဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် အခု ငါတို့နှစ်ယောက်က ထွက်သွားပေမယ့် ရှစ်စန်းတောင်ထိပ်သခင် နင်ကတော့ ရှိနေတုန်းပဲ။ " ဇောင်ချိုးကွမ်းက သက်ပြင်ချလိုက်ပြီး သူမ၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားသကဲ့သို့ VR ကမ္ဘာမှ ထွက်ခွာသွားသည်။
ဇောင်ချိုးကွမ်း၏ အသံက သူမကိုသူမ လှောင်ပြောင်လိုသော အရိပ်အယောင်များ ပါဝင်နေသည်။
ယခင် သူမက ကောင်းဝူဖုန်းနှင့်အတူ အခြားဆင့်ကဲပြောင်းလဲသူများက လင်းယွမ်၏ ကြောက်ရွံ့သော လုပ်ရပ်ကို အထင်သေးခဲ့ကြသည်။ ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက ရှေ့ဆက်တိုးတက်နေသောကြောင့် မှန်ကန်သော လမ်းစဉ်များဟုသာ သူတို့က ထင်ခဲ့ကြသည်။
ဥပမာ ကောင်းဝူဖုန်းက စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို အတင်းအကြပ်ကျော်လွှားနိုင်ခဲ့သည်။ သို့သော် ယခု ကောင်းဝူဖုန်းက ရူးသွပ်လုနီးပါး ဖြစ်သွားသောကြောင့် သူမကလည်း လက်လျှော့ရန် ဆုံးဖြတ်ခဲ့သည်။
ထိုကာလအတွင်း ဆင့်ကဲပြောင်းလဲသူများက သူတို့၏ ကျင့်ကြံခြင်းကို တစ်ယောက်ပြီးတစ်ယောက် ကျရှုံးခဲ့ကြသည်။ သူတို့အဖွဲ့လေးထဲတွင် လင်းယွမ်သာ ကျန်နေခဲ့သည်။
ရလဒ်များအရ ဤနှစ်မျာယအတွင်း သူတို့က ဘာမှမရရှိခဲ့ကြပေ။ ထို့အပြင် ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက သူတို့၏ စိတ်စွမ်းအားအပေါ် သက်ရောက်မှုများ ရှိခဲ့သည်။ သူတို့က ကောင်းဝူဖုန်းလောက် အခြေအနေမဆိုးကြသော်လည်း ပြန်လည်ကောင်းမွန်ရန် အရင်းအမြစ်များနှင့် အချိန်များ လိုအပ်နေဆဲ ဖြစ်သည်။
ထိုအချိန်တွင် လင်းယွမ်က စိတ်ဝိညာဉ်ဖိအားကို အသုံးပြုပြီး သူ၏ စိတ်စွမ်းအားကို သန့်စင်ခဲ့လေသည်။ ယခု ကြည့်ရသည်မှာ လင်းယွမ်တစ်ယောက်သာ အကျိုးအမြတ်များ ရရှိသွားပုံပင် ဖြစ်သည်။
ဇောင်ချိုးကွမ်းနှင့် အခြားသူများ၏ အမြင်တွင် စိတ်စွမ်းအားကို သန့်စင်ခြင်းက ခက်ခဲသော အလုပ်တစ်ခု မဟုတ်ပေ။ သို့သော် သူတို့နှင့် ယှဉ်လျှင် လင်းယွမ်က ထိခိုက်မှုမရှိသည့်အပြင် အကျိုးအမြတ်များလည်း ရရှိခဲ့သည်။
" ငါက ကျင့်ကြံမှာမဟုတ်ဘူး။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။
မကျင့်ကြံဘူးဟု ပြောသည်မှာ လွယ်သော်လည်း ကြီးမြတ်သူတစ်ယောက်၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က မိမိရှေ့တွင် ရှိနေချိန်တွင် ထိုသို့ လုပ်ရန် ခက်ခဲလေသည်။ ကြီးမြတ်သူတစ်ယောက် ဖြစ်လာနိုင်မည့်အခွင့်အရေးကို ဘယ်သူက လက်လွှတ်ခံနိုင်မှာလဲ။
လင်းယွမ်က သူ့ကိုသူ ထိန်းချုပ်နိုင်ခြင်းမှာ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ပိုင်ဆိုင်ပြီး သူက ထိုခန္ဓာကိုယ်ကို အားမကိုးဘဲ တစ်နေ့တွင် ကြီးမြတ်သူတစ်ယောက်ဖြစ်လာနိုင်မည့် နည်းလမ်းကို ရှာတွေ့နိုင်မည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။
သို့သော် အခြားသူများက ထိုကဲ့သို့ လုပ်ဆောင်နိုင်စွမ်းမရှိကြပေ။ ကြီးမြတ်သူများ၏ မျိုးဆက်များပင် ထိုကဲ့သို့ အခွင့်အရေးမျိုး ကြုံတွေ့ခဲ့လျှင် အပြိုင်အဆိုင် ကြိုးစားကြပေလိမ့်မည်။
" အဲ့ဒါကြောင့် ကြီးမြတ်သူတွေက ဆင့်ကဲပြောင်းလဲသူတွေကို တစ်ခါတည်း မဝင်ရောက်ခိုင်းဘဲ တစ်သုတ်ချင်း လေ့လာဆင်ခြင်ခိုင်းခဲ့တာပဲ။ " လင်းယွမ်က တွေးလိုက်သည်။
အကယ်၍ အားလုံး တစ်ပြိုင်နက် လေ့လာကြမည်ဆိုလျှင် စုစုပေါင်းပြဿနာက လူသားမျိုးနွယ်တစ်ခုလုံးကို သိသိသာသာ ထိခိုက်စေနိုင်လေသည်။ ထိုခန္ဓာကိုယ်အစိတ်အပိုင်းကို လေ့လာဆင်ခြင်သူများက သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများ ဖြစ်ကြပြီး ထိုကဲ့သို့ အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူများ ရုတ်တရက် ပျောက်ဆုံးသွားလျှင် မငြိမ်မသက်ဖြစ်သွားနိုင်လေသည်။
အသုတ်လိုက်ဝင်စေခြင်းက ထိုကဲ့သို့ ပြဿနာမျိုး မဖြစ်တော့ပေ။ တစ်သုတ်က ပြဿနာရှိခဲ့လျှင် သူတို့က ခန္ဓာကိုယ်အစိတ်အပိုင်းကို ခနပိတ်ထားရုံသာဖြစ်ပြီး သူတို့ပြန်ကောင်းလာမှ ပြန်ဖွင့်နိုင်လေသည်။
" ခန္ဓာကိုယ်အတွင်းက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေက ကျင့်ကြံမှုပိုပြီးနက်ရှိုင်းလာတဲ့ မိမိအပေါ် သက်ရောက်မှု ပိုကြီးမားလိမ့်မယ်။ အထူးသဖြင့် ကျင့်ကြံတာ ကျရှုံးသွားခဲ့ရင်..." လင်းယွမ်က ကောင်းကင်မှ ခန္ဓာကိုယ်အစိတ်အပိုင်းကို ကြည့်လိုက်သည်။
အကယ်၍ ကျင့်ကြံခြင်းက အစောပိုင်းတွင် ကျရှုံးခဲ့လျှင် ထိခိုက်မှုအနည်းငယ်သာ ရှိပြီး ပြန်လည်ကောင်းမွမ်ကန် အချိန်အနည်းငယ်သာ လို့အပ်လေသည်။ သို့သော် ကောင်းဝူဖုန်းကဲ့သို့ အောင်မြင်မှုအချို့ရရှိပြီးနောက် ဆက်လက်ကျင့်ကြံရင်း ကျရှုံးခဲ့သည့် အခြေအနေမျိုးက အချိန်ကာလတစ်ခုအတွင်း ပြန်လည်ကောင်းမွန်လာနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဇောင်ချူးကွမ်းက လက်လျှော့ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
" ငါက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနဲ့ ကျင့်ကြံခဲ့ရင်း ကောင်းဝူဖုန်းထက် ပိုပြီး ဝေးဝေးသွားနိုင်ပေမယ့် တစ်ခါကျရှုံးသွားရင် ကြီးမားတဲ့ တန်ဖိုးကို ပေးဆပ်ရလိမ့်မယ်။ " လင်းယွမ်က စိတ်ထဲမှ စဉ်းစားလိုက်သည်။
" ငါ မကျင့်ကြံဘူး။ လေ့လာဆင်ခြင်ရင်တောင် သေချာသတိထားရမယ်။ " လင်းယွမ်က မျက်မှောင်ကြုတ်၍ တွေးလိုက်သည်။
လင်းယွမ်က ခနအနားယူရန် ဆုံးဖြတ်လိုက်ပြီး သူ၏ စိတ်အသိကို VR ကမ္ဘာနှင့် ချိတ်ဆက်မှု ဖြတ်တောက်လိုက်သည်။
" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား.... " လင်းယွမ်၏ စိတ်အသိက သူ၏ စိတ်ထဲမှ အနက်ရှိုင်းဆုံးသို့ ဝင်ရောက်သွားပြီး ခမ်းနားထည်ဝါသော အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ကြည့်လိုက်သည်။
တစ်ချိန်တည်းတွင် သူက ဂိတ်တံခါးမှ အချက်အလက်များကို လက်ခံလိုက်ရသည်။
" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ငါးမျှင်..." လင်းယွမ်က ပြုံးလိုက်သည်။
ဤနှစ်များတွင် သူက ဆင်းသက်ခြင်းမပြုဘဲ ခန္ဓာကိုယ်အစိတ်အပိုင်းကို လေ့လာပြီး သူ၏ စိတ်စွမ်းအားကို သန့်စင်ခြင်းတွင်သာ အာရုံစိုက်နေခဲ့ပြီး ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ငါးမျှင်အထိ စုဆောင်နိုင်ခဲ့သည်။
" ယင်စိတ်ဝိညာဉ်က မျိုးနွယ်ခြားစစ်မြေပြင်တွေကိုသာ ဆက်တိုက်မသွားနေခဲ့ရင် အခုချိန် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားက သုံးလေးမျှင်လောက်ပဲ စုဆောင်းနိုင်လိမ့်မယ်။ "
လင်းယွမ်က ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို ပို၍ လျင်မြန်စွာ စုဆောင်းနိုင်ရန်အတွက် ယင်စိတ်ဝိညာဉ်ကို မျိုးနွယ်ခြားများ၏ စစ်မြေပြင်များမှ ထာဝရလေဟာနယ်အက်ကြောင်းများဆီသို့ စေလွှတ်ခဲ့သည်။
" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ငါးမျှင်က ဆင်းသက်မှုငါးကြိမ်လုပ်နိုင်ပေမယ့် ကမ္ဘာငါးခုလုံးက ကျပန်းရွေးချယ်မှာပဲ။ " လင်းယွမ်က တွေးလိုက်၏။
ကျပန်းဆင်းသက်ခြင်းက လင်းယွမ်ကို မသက်မသာခံစားရစေသည်။ ပထမဆုံးအကြိမ်ကဲ့သို့ အဆင့်နိမ့်ကမ္ဘာကို ရောက်ရှိသွားလျှင် ခွန်အားကို ပိုမိုမြင့်မားလာရန် မပြောနှင့် ယခင်ခွန်အားကိုပင် ပြန်လည်ရရှိရန် ခက်ခဲလေသည်။ ထိုသို့ဖြစ်လျှင် ဆင်းသက်သည့်အခွင့်အရေးက အချည်းနှီးဖြစ်သွားပေလိမ့်မည်။
" ငါက ကျပန်းဆင်းသက်ခြင်း မလုပ်ချင်ဘူးဆိုရင် အခု ငါ့မှာ ရွေးချယ်စရာနှစ်ခုရှိတယ်။ " လင်းယွမ်က သူ၏ မေးစေ့ကို ပွတ်ပြီး ရေရွတ်လိုက်သည်။
တစ်ခုမှာ စိတ်ဝိညာဉ်ဘုံသို့ သွားခြင်းဖြစ်၏။ လင်းယွမ်က ငါးကြိမ်မြောက်ဆင်းသက်ခြင်းတွင် အင်မော်တယ်တာအိုကမ္ဘာမှ စိတ်ဝိညာဉ်ဘုံ၏ ဆုံမှတ်များကို ရရှိခဲ့သည်။ ကမ္ဘာဆုံမှတ်များဖြင့် လင်းယွမ်က ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ဆယ်မျှင်ကို အသုံးပြုပြီး စိတ်ဝိညာဉ်ဘုံသို့ ဆင်းသက်နိုင်လေသည်။
စိတ်ဝိညာဉ်ဘုံ၏ အဆင့်နှင့် လင်းယွမ်က အဋ္ဌမအလွှာကို ကျင့်ကြံနိုင်ပြီး နဝမအလွှာအတွက်ပင် စိတ်ပူရန် မလိုအပ်ပေ။
ဒုတိယရွေးချယ်မှုမှာ ထျန်းချင်းကမ္ဘာသို့ ဆင်းသက်ပြီး ထျန်းချင်းကမ္ဘာ၏ ပြင်ပဟင်းဘင်းပြင်တွင် မိစ္ဆာနတ်ဘုရားအဖြစ် အမာခံနယ်မြေတည်ဆောက်ကာ နဝမအလွှာထိ ကျင့်ကြံရန် ဖြစ်သည်။
တတိယရွေးချယ်မှုလည်း ရှိနေသည်။ လင်းယွမ်က ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား တစ်ရာမျှင်ကို အသုံးပြုပြီး သူဆင်းသက်လိုသော ကမ္ဘာကို စိတ်ကြိုက်ပြုပြင်ခြင်းဖြစ်သည်။ စိတ်ကြိုက်ပြုပြင်ခြင်းဆိုသည်မှာ လင်းယွမ်က ရှေးဦးကမ္ဘာကို ဆင်းသက်လိုလျှင် လိုအပ်ချက်များအတိုင်း ပြောင်းလဲခြင်းကို ဆိုလိုသည်။ ထို့အတူ လင်းယွမ်က သူဆင်းသက်လိုသော ကမ္ဘာ၏ အတိုင်းအတာနှင့် အဆင့်အတန်းကို သတ်မှတ်ပေးနိုင်လေသည်။ သို့သော် စိတ်ကြိုက်ပြုပြင်ခြင်းက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား တစ်ရာမျှင်ကုန်ပြီး ရွေးချယ်လိုက်သည့်ကမ္ဘာက အဆင့်မြင့်သည်နှင့် ပိုမိုကုန်ကျနိုင်လေသည်။