← Chapters

မောက်မာသော ပါရမီရှင်များ....

Vol. 21 Ch. 320

မောက်မာသော ပါရမီရှင်များ....

Vol. 21 Ch. 320

သို့သော် လင်းယွမ်က ကမ္ဘာစွမ်းအား လုံလောက်နေသရွေ့ မည်သည့်ကမ္ဘာကိုမဆို ဆင်းသက်နိုင်လေသည်။

" ထျန်းချင်းကမ္ဘာ... " လင်းယွမ်က ထျန်းချင်းကမ္ဘာမှ အချက်အလက်များကိုလည်း ရရှိခဲ့သည်။

သူက ခြောက်ကြိမ်မြောက် ဆင်းသက်မှုဖြစ်သော ထျန်းချင်းကမ္ဘာတွင် အလွန်အခြေအနေကောင်းခဲ့ပြီး ကမ္ဘာစိတ်အသိကိုပင် အစားထိုးနိုင်ခဲ့သည်။

ဘိုးဘေးနတ်ဆိုးသစ်ပင်က ကောင်းကင်တာအိုဖြစ်လာပြီး လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးပေါ်မှာ ကမ္ဘာဆုံမှတ်များမှတစ်ဆင့် ထျန်းချင်းကမ္ဘာမှ အချက်အလက်များကို ရရှိနိုင်လေသည်။

" ဟမ် ဒီနှစ်တွေမှာ အများကြီး ဖြစ်ပျက်ခဲ့တာပဲ။ " လင်းယွမ်က ထျန်းချင်းကမ္ဘာ၏ ဆုံမှတ်များကို အာရုံစိုက်လိုက်သည်။

ရုတ်တရက် ဘိုးဘေးနတ်ဆိုးသစ်ပင်မှ များပြားသောအချက်အလက်များက သူ၏စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ သူက ခြောက်ကြိမ်မြောက် ဆင်းသက်ခြင်းမှ ပြန်လာပြီးနောက် မူလကမ္ဘာတွင် နှစ်အနည်းငယ်သာ ကြာခဲ့လေသည်။ သို့သော် အချိန်စီးဆင်းမှုကွာခြားသောကြောင့် ထျန်းချင်းကမ္ဘာအတွက်မူ နှစ်ထောင်ချီကြာခဲ့လေသည်။

ထိုနှစ်ထောင်ချီအတွင်း ထျန်းချင်းကမ္ဘာ၏ သက်ရှိများက အဆင်ပြေခဲ့သော်လည်း ပြင်ပဟင်းလင်းပြင်မှ မိစ္ဆာနတ်ဘုရားများက လင်းယွမ်နှင့် ဆက်သွယ်ရန် မကြာခန လာရောက်ခဲ့ကြလေသည်။ သို့သော် ဘိုးဘေးနတ်ဆိုးသစ်ပင်က လင်းယွမ်၏ ညွှန်ကြားချက်အတိုင်း သူတို့ကို ပြန်လွှတ်ခဲ့လေသည်။

" အဲ့ဒီမိစ္ဆာနတ်ဘုရားတွေ...."

လင်းယွမ်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ထိုအချိန်က မိစ္ဆာနတ်ဘုရားများမှာ တစ်စုံတစ်ခု ထူးဆန်းနေခဲ့ပြီး ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို ရှာဖွေရန် သူ့အား ဖိတ်ခေါ်ခဲ့ကြသည်။

" ဘိုးဘေးနတ်ဆိုးသစ်ပင်က ကမ္ဘာအတွင်းမှာ ရှိနေရင် ဘာကိုမှ စိုးရိမ်စရာမလိုဘူး။ " လင်းယွမ်က ရေရွတ်လိုက်သည်။

ဘိုးဘေးနတ်ဆိုးသစ်ပင်က ထျန်းချင်းကမ္ဘာ၏ ကောင်းကင်တာအိုဖြစ်လာပြီးနောက် ယခင် ကမ္ဘာစိတ်အသိထက် ကြီးမားသော ကမ္ဘာစွမ်းအားများကို အသုံးပြုနိုင်လေသည်။ မိစ္ဆာနတ်ဘုရား ဆယ်ယောက် လာတိုက်ခိုက်လျှင်တောင် ဘိုးဘေးနတ်ဆိုးသစ်ပင်က ခုခံနိုင်လေသည်။

အချိန်များကုန်လွန်လာပြီး နောက်ထပ်တစ်နှစ်ကြာသွားခဲ့သည်။

လင်းယွမ်က တောင်ထိပ်ပေါ်တွင် ထိုင်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းကို လေ့လာနေသည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဆန်းကြယ်သော ခန္ဓာကိုယ်ကို လေ့လာပြီး ၃၃၃၁ခုမြောက် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလာ်သွားပါပြီ။ ]

" ၃၃၃၁ခုမြောက် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်...." လင်းယွမ်၏ မျက်လုံးများက တောက်ပသွားပြီး ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ချက်ချင်း ခွဲခြမ်းစိတ်ဖြာလိုက်သည်။

" ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အချိန်နဲ့ ပက်သက်နေတာလား။ အချိန်နဲ့ လေဟာနယ်ပေါင်းစပ်မှုလား။ အချိန်နဲ့လေဟာနယ်ရဲ့ အနှစ်သာရလား။ " လင်းယွမ်က အံ့ဩသွား၏။

အချိန်နိယာမက လေဟာနယ်နိယာမနှင့် အသက်နိယာမတို့ကဲ့သို့ပင် မူလကမ္ဘာတွင် အခြေခံနိယာမများထဲမှ တစ်ခု ဖြစ်သည်။

သို့သော် လေဟာနယ်နိယာမနှင့် အသက်နိယာမတို့နှင့် ယှဉ်လျှင် အချိန်နိယာမက နားလည်ရန် များစွာ ခက်ခဲလေသည်။ အချိန်နိယာမတစ်ခုလုံးကို အပြည့်အဝ နားလည်နိုင်ရန် ကြီးမြတ်သူများသာ အောင်မြင်နိုင်လေသည်။

ကြီးမြတ်သူများ၏ ပြန်လည်ရှင်သန်ခြင်းစွမ်းရန်က အချိန်နှင့်လေဟာနယ်ကို ပြောင်းပြန်လှန်ခြင်းအပေါ် မူတည်လေသည်။ အချိန်မြစ်၏ ကန့်သတ်ချက်များမှ လွတ်​မြောက်ပြီး ၎င်းကို ဆန့်ကျင်ခြင်းဖြင့် လူတစ်ယောက်ကို ပြန်လည်အသက်သွင်းနိုင်လေသည်။

ပြန်လည်ရှင်သန်မည့်သူ၏ အသက်အနှစ်သာရက သတ်မှတ်ထားသော အဆင့်တစ်ခုတွင် ရှိရန် လိုအပ်သည်။အသက်အနှစ်သာရက အားနည်းနေလျှင် ကြီးမြတ်သူများက အချိန်မြစ်ကို ဆန့်ကျင်ပြီး ပြန်လည်အသက်သွင်းလျှင်တောင် မဖြစ်နိုင်ပေ။

" အချိန်နိယာမ..." လင်းယွမ်က နက်နက်နဲနဲ စဉ်းစားနေသည်။ အချိန်က ထိတွေ၍မရသော်လည်း နေရာတိုင်းတွင် ရှိပြီး နားလည်ရန် အလွန်ခက်ခဲလေသည်။ အထူးသဖြင့် လင်းယွမ်က သတ္တမအလွှာတွင်သာ ရှိနေသည်။

အဆင့်က အလွန်နိမ့်နေပြီး ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်ပင် အကျိုးကျေးဇူး အနည်းငယ်သာ ရရှိနိုင်သည်။

" မေ့လိုက်တော့။ ငါ အဋ္ဌမအလွှာကို ရောက်မှ ထပ်စဉ်းစားမယ်။ အခုတော့ လေဟာနယ်နိယာမကို အပြည့်အဝ နားလည်အောင် အာရုံစိုက်ရမယ်။ "

" လေဟာနယ်နိယာမကို လုံလုံလောက်လောက် နားလည်မှ ငါက အချိန်နိယာမကို ပိုပြီး ကောင်းကောင်း နားလည်နိုင်လိမ့်မယ်။ " လင်းယွမ်က အချိန်နိယာမအား စဉ်းစားခြင်းကို လက်လျှော့လိုက်သည်။

အချိန်များက ဖြည်းညင်းစွာ ကုန်လွန်သွားခဲ့သည်။ ပါရမီရှင် ဆင့်ကဲပြောင်းလဲသူများက VR ကမ္ဘာသို့ ဝင်ရောက်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းကို နားလည်ရန် ကြိုးစားကြလေသည်။ နောက်မှ ရောက်လာသော ဆင့်ကဲပြောင်းလဲသူများက ထိုခန္ဓာကိုယ်အစိတ်အပိုင်းကို လေ့လာခဲ့ကြသည့် ပထမဆုံး ဆင့်ကဲပြောင်းလဲသူများ၏ ရလဒ်များကို သိကြလေသည်။

သို့သော် မည်သည့်ဆင့်ကဲပြောင်းလဲသူကမှ လက်မလျှော့ကြပေ။ အကြောင်းမှာ သူတို့က အခြားသူများမလုပ်နိုင်သောအရာကို သူတို့လုပ်နိုင်သည်ဟု ယုံကြည်ထားကြသောကြောင့် ဖြစ်သည်။

" ငါက ပုံရိပ်ယောင်ခန္ဓာပိုင်ရှင်ပဲ။ ဉာဏ်ပညာနတ်ဘုရားတောင် ငါ့ကို သတိပြုမိပြီး ငါ့ရဲ့ အချက်အလက်တွေကို ဖုံးကွယ်ပေးခဲ့တယ်။ ငါက ကြီးမြတ်ခြင်းဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံနိုင်လိမ့်မယ်။ "

VR ကမ္ဘာအတွင်း လူငယ်တစ်ယောက်က တောင်ထိပ်ပေါ်တွင် ထိုင်ပြီး ကောင်းကင်အောက်ရှိ ခန္ဓာကိုယ်အစိတ်အပိုင်းကို ကြည့်နေသည်။

လအချို့ကြာပြီးသောအခါ....

" ငါဘယ်သူလဲ။ "

" ငါဘယ်ရောက်နေတာလဲ။ "

" ငါက အခု ဘာလုပ်နေတာလဲ။ " ထိုလူငယ်၏ မျက်နှာက တွေဝေမှုများ ပြည့်နှက်နေပြီး သူ၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားသည်။

" ငါက အဋ္ဌမအလွှာကို ရောက်နေပြီ။ နဝမအလွှာကို ရောက်ဖို့ မျှော်လင့်ချက်မရှိသလောက်ပဲ။ အဋ္ဌမအလွှာမှာတောင် ဘယ်သူမှမတားဆီးနိုင်တဲ့အဆင့်ကို မရောက်နိုင်သေးဘူး။ "

" ဒီလိုဖြစ်နေမယ့်အစား ငါ အန္တရာယ်ကို ရင်ဆ်ုင်ပြီး အဲ့ဒီခန္ဓာကိုယ်ကို လေ့လာရင် ပိုကောင်းလိမ့်မယ်။ အကယ်၍ အောင်မြင်ခဲ့ရင် လူသားမျိုးနွယ်ရဲ့ ထောက်ပံ့မှုကို ရရှိလိမ့်မယ်။ " အဘိုးကြီးတစ်ယောက်က စိတ်ထဲမှ ဆုံးဖြတ်ချက်ချလိုက်သည်။ သူက ခန္ဓာကိုယ်အစိတ်အပိုင်းကို လေ့လာရန် ဉာဏ်ပညာနတ်ဘုရားဆီမှ ခွင့်ပြုချက်တောင်းလိုက်သည်။

တစ်နှစ်ကြာပြီးသောအခါ အဘိုးကြီးက တောင်ထိပ်တစ်ခုပေါ်တွင် ထိုင်နေသည်။ ကောင်းကင်ကို ကြည့်ပြီး သူ၏ အမူအရာက အလွန်လေးနက်နေသည်။

" တစ်ခုခုတော့ မှားနေပြီ။ အဲ့ဒီခန္ဓာကိုယ်က ထူးဆန်းတယ်။ ငါကျင့်ကြံတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က မှားနေတယ်။ " အဘိုးကြီးက တစ်စုံတစ်ခုကို မှတ်မိနေသော်လည်း သူ၏ မှတ်ဉာဏ်အပိုင်းအစတစ်ခုက ပျောက်ဆုံးစပြုလာသည်ကို ခံစားမိနေသည်။ ၎င်းက ထပ်မံပျံ့နှံ့လာမည့်လက္ခဏာရှိနေသည်။

" အဲ့ဒီခန္ဓာကိုယ်က မိစ္ဆာဆန်လွန်းတယ်။ ကြီးမြတ်သူတွေက မထိန်းချုပ်နိုင်တဲ့အရာကို ဘာလို့ထုတ်ခဲ့ကြတာလဲ။ " အဘိုးကြီးက သူ၏ စိတ်ကို ထိန်းချုပ်ပြီး လေ့လာခြင်းကို လက်လျှော့ရန် ဆုံးဖြတ်လိုက်သည်။

အကယ်၍ သူက ဆက်လက်လေ့လာလျှင် သူ၏ မှတ်ဉာဏ်များအားလုံး ပျောက်ဆုံးသွားမည်ဟု ခံစားနေရသည်။

" အခု ငါသိမ်းပိုက်ထားတဲ့ ခန္ဓာက်ုယ်က အထူးသက်ရှိတစ်မျိုးပဲ။ သူ့ရဲ့ ပါရမီက လူသားတွေထက် အများကြီးသာတယ်။ ဒီခန္ဓာကိုယ်နဲ့ နားလည်အောင်ကြိုးစားရင် ပိုပြီး ထိရောက်လောက်တယ်။ " နဖူးပေါ်တွင် နဂါးဦးချိုများနှင့် လူတစ်ယောက်က ပြုံး၍ ပြောလိုက်သည်။

မွေးရာပါပါရမီနှင့် ပက်သက်၍ လူသားများက အထူးသက်ရှိများထက် သာလွန်နိုင်မည်မဟုတ်ပေ။ လူတစ်ချင်းစီကို ထည့်သွင်းစဉ်းစားလျှင် လူသားမျိုးနွယ်၏ လူဦးရေအရ အချိန်တိုင်းတွင် ထိုအထူးသက်ရှိများထက် မနိမ့်ကျသော ပါရမီရှင်များ ထွက်ပေါ်လာခဲ့သည်။

သို့သော် အထူးသက်ရှိမျိုးနွယ်များတွင်လည်း ပါရမီရှင်များ၊ ဉာဏ်ကြီးရှင်များ မွေးဖွားလာကြသည်။ ထိုနဂါးဦးချိုနှင့်လူ၏ ပစ်မှတ်က ထိုအထူးသက်ရှိမျိုးနွယ်တစ်ခုမှ ပါရမီရှင်တစ်ယောက် ဖြစ်သည်။

သူ၏ နိယာမများအပေါ် နားလည်နိုင်စွမ်းက အလွန်ကြောက်စရာကောင်းပြီး ကြံ့ခိုင်သော အသက်စွမ်းအား၊ သန်မာသော ရုပ်ခန္ဓာတို့ဖြင့် အမှန်ပင် အားကောင်းလှသည်။

တစ်နှစ်ခွဲကြာပြီးသောအခါ နဂါးဦးချိုနှင့်လူက ကြောက်စရာကောင်းသော ပုံသဏ္ဍန်နှင့် သူ၏ စိတ်အသိကို အရိပ်များက ဖုံးလွှမ်းနေသည်။

" ဒါက စိတ်နှလုံးနတ်ဆိုးလား။ "

" သေစမ်း ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် အနည်းငယ်ကပဲ စိတ်နှလုံးနတ်ဆိုးကို ဖြစ်ပေါ်စေတာ မဟုတ်လား။ "

နဂါးဦးချိုနှင့်လူက သက်ပြင်းချလိုက်သည်။ သူက အဋ္ဌမအလွှာဖြစ်ပြီး သူ၏ စိတ်စွမ်းအားညွှန်းကိန်းက တစ်သောင်းကျော်နေပြီဖြစ်၏။ သူ့အတွက် စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ဖြတ်ကျော်ရန် မခက်ခဲပေ။

" မဟုတ်ဘူး။ ဒါက နဝမအလွှာရဲ့ စိတ်နှလုံးနတ်ဆိုးကပ်ဘေးပဲ...." ခနကြာသောအခါ နဂါးဦးချိုနှင့်လူက သနားစရာကောင်းစွာ အော်ဟစ်လိုက်သည်။

" လူသားမျိုးနွယ်မှာ ပါရမီရှင်တွေ အများကြီးပါလား...." လင်းယွမ်က တောင်ထိပ်ပေါ်တွင် ထိုင်ပြီး ပါရမီရှင် ဆင့်ကဲပြောင်းလဲသူများ တစ်သုတ်ပြီးတစ်သုတ် ဝင်ထွက်နေကြသည်ကို ကြည့်နေခဲ့သည်။

ထိုပါရမီရှင်များက နားလည်မှုအပိုင်းတွင် လင်းယွမ်နှင့် မယှဉ်နိုင်ကြသော်လည်း သူတို့၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်၊ သွေးမျိုးဆက် စသည့် အခြားနယ်ပယ်များတွင် ထူးခြားသော စွမ်းရည်များ ရှိကြလေသည်။

ထို့အပြင် ၎င်းက လင်းယွမ်ရှိနေသော VR ကမ္ဘာတစ်ခုတည်းတွင် ဖြစ်သည်။ အခြားကမ္ဘာများတွင်လည်း ပါရမီရှင်များက ထိုခန္ဓာကိုယ်အစိတ်အပိုင်းကို လေ့လာနေကြသည်။

" စိတ်မကောင်းစရာက သူတို့အားလုံး ကျရှုံးခဲ့ကြတယ်။ ဒါဆို ဒီခန္ဓာကိုယ်ထဲက ကြီးမြတ်သူအဆင့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဘယ်သူမှမတွေ့သေးဘူးလား။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်၏။

" ကြီးမြတ်သူတွေက မှားနေတာလား။ ဒီခန္ဓာကိုယ်အစိတ်အပိုင်းထဲမှာ ကြီးမြတ်သူတစ်ယောက်ဖြစ်နိုင်တဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဆိုတာ မရှိဘူးလား။ "

" ဒါမှမဟုတ် ဒီခန္ဓာကိုယ်အစိတ်အပိုင်းထဲမှာ မဟုတ်ဘဲ အခြားအစိတ်အပိုင်းတွေထဲမှာ ရှိနေတာလား။ "

" ဒါပေမယ့် အဲ့ဒါက ငါနဲ့ ဘာဆိုင်လို့လဲ။ ငါက ကြီးမြတ်သူဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်ဖို့ မမျှော်လင့်ထားဘူး။ "

" ငါက ဒီခန္ဓာကိုယ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကို နားလည်ပြီး ခွဲခြမ်းစိတ်ဖြာရုံနဲ့တင် အတော်လေး ကျေနပ်နေပြီ။ " လင်းယွမ်က သူ၏ အတွေးများကို စုစည်းပြီး ခန္ဓာကိုယ်အစိတ်အပိုင်းကို ဆက်လက်လေ့လာလိုက်သည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဆန်းကြယ်သော ခန္ဓာကိုယ်ကို လေ့လာပြီး ၃၃၃၃ မြောက် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်သွားပါပြီ။ ]

All Chapters