← Chapters

အစီအစဉ်

Vol. 017 Ch. 1681

အစီအစဉ်

Vol. 017 Ch. 1681

ကောင်းကင်အာဏာစက်ပြည်ထောင်သည် ကောင်းကင်အာဏာစက်ဘုံတွင် တည်ရှိကာ မျိုးဆက်ပေါင်းများစွာ ထွန်းပြောင်ခဲ့၏။

ဂူထျန်းရှင်း ထင်ပေါ်လာခြင်းက ကောင်းကင်အာဏာစက်ပြည်ထောင်ကို ဆုတ်ယုတ်စေခဲ့သည်။ လက်ရှိ ကောင်းကင်အာဏာစက်ပြည်ထောင်သည် သမိုင်းတစ်လျှောက်တွင် အင်အားအနည်းဆုံးဖြစ်၏။

ထို့ကြောင့် ကောင်းကင်အာဏာစက်ပြည်ထောင်သည် ထိပ်သီးပုဂ္ဂိုလ်တစ်ဦးကို စိုးရိမ်တကြီး ပြုစုပျိုးထောင်နေခြင်းဖြစ်သည်။ သူတို့က ရိထျန်းယွီကို ရွှေးချယ်ခဲ့၏။

ရိထျန်းယွီသည် အမြင့်ဆုံးသော အဆင့်အတန်းဖြင့်မွေးဖွားလာခဲ့ကာ ကောင်းကင်အာဏာစက်ပြည်ထောင်၏လေးလံသော ဝန်ကို ထမ်းပိုးခဲ့ရသည်။ သို့သော်လည်း အခြေအနေမှာ ထင်ထားသလိုဖြစ်မလာခဲ့။ နောက်ဆုံးတွင် ကောင်းကင်အာဏာစက်ပြည်ထောင်သည် ရိထျန်းယွီတစ်ယောက် ထိုဝန်ထုပ်ဝန်ပိုးအား ထမ်းပိုးနိုင်စွမ်းမရှိဟု သိလာကြသည်။

ကောင်းကင်အာဏာစက်ဘုံတစ်ခုတည်းတွင်ပင် ရိထျန်းယွီကို ကျော်ဖြတ်သွားသူများ အများအပြား ရှိနေလေပြီ။

ရီဖူရှင်းကိုယ်တိုင်က ရိထျန်းယွီ မကျော်ဖြတ်နိင်သော ဧရာမတောင်ကြီးဖြစ်သည်။ သူကား ယခင်က ပမွှားတစ်ဦးသာဖြစ်သည်။ ရိထျန်းယွီသည် သူနှင့်အဆင့်တစ်ခုတည်းထားရန်ပင် မသင့်တော်သော ဖြစ်တည်မှု။

နတ်ဘုရားအကြွင်းအကျန်နယ်မြေတွင် ရီဖူရှင်းသည် လှံတစ်ချက်တည်းဖြင့် အနိုင်ယူကာ သူ၏အသက်ကို ချမ်းသာပေးခဲ့၏။

လက်ရှိတွင် ကောင်းကင်အာဏာစက်ပြည်ထောင်၏ပင်မနန်းတော်အပြင်၌ ကောင်းကင်အာဏာစက်အရှင်သည် မတ်တပ်ရပ်နေ၏။

သူ့ရှေ့တွင် လူတစ်ယောက်သည် သူ့အား တစ်စုံတစ်ခု တင်ပြနေ၏။

ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်၏မျက်နှာသည် တင်းမာနေ၏။ ရီဖူရှင်း ထျန်ရှင်းကျောင်းတော်မှ ထွက်ခွာသွားပြီ။

နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ ပေါ်ထွက်လာပြီးနောက်တွင် ရီဖူရှင်း၏တည်ရှိမှုက ပို၍ အန္တရာယ်ကြီးမားလာခဲ့သည်။ ဖြစ်နိုင်လျှင် သူသည် ရီဖူရှင်းအား ပျက်စီးခြင်းမြို့တော်၌ကတည်းက သတ်ခဲ့ပြီးဖြစ်၏။ သို့သော်လည်း သူမလုပ်နိုင်ခဲ့။

ထို့နောက်တွင် ရီဖူရှင်းက တခြားသော အင်အားစုများကို နားချကာ သူ့အတွက် ဘေးကင်းမှုကို ရှာဖွေသွားနိုင်၏။ သူက ထျန်ရှင်းကျောင်းတော်သို့ သွားရောက်ခဲ့သည်။

ကောင်းကင်အာဏာစက်ဘုံသည်လည်း သူတို့၏လူအချို့အား ထျန်ရှင်းကျောင်းတော်သို့ စေလွှတ်ခဲ့၏။ သူတို့သည် ထျန်ရှင်းကျောင်းတော်အပြင်၌ လေ့ကျင့်ကြသည်။ သူတို့က ရီဖူရှင်းကို ပေါ်ပေါ်ထင်ထင် စောင့်ကြည့်ခြင်းတော့ မပြုကြပေ။ ထိုနေရာတွင် ရီဖူရှင်း၏လှုပ်ရှားမှုများမှာ လျှို့ဝှက်ထားခြင်းမရှိရာ အားလုံးက ထင်ထင်ရှားရှားမြင်နေရပေသည်။

ရီဖူရှင်းသာ ထျန်ရှင်းကျောင်းတော်က ထွက်သွားပါက သူတို့ သတင်းရရပေမည်။

ရီဖူရှင်းက သည်အတိုင်း ထွက်သွားပါက တခြားလူများ၏အာရုံစိုက်မှုကို ရမည် မဟုတ်ပေ။ သို့သော်လည်း ယခု ရီဖူရှင်း ထွက်သွားသောအခါ သူ၏လူများအားလုံးကို ခေါ်ဆောင်သွား၏။

သူတို့ထွက်ခွာသွားပြီး မည်သည့်နေရာသို့ ဦးတည်နေသည်ကိုတော့ မည်သူမှ ခြေရာမကောက်နိုင်ခဲ့ပေ. အကယ်၍ ကောင်းကင်အာဏာစက်ပြည်ထောင်ကသာ ရီဖူရှင်းတို့အုပ်စုကို ခြေရာခံနိုင်ပါက ရီဖူရှင်းတို့ကလည်း သူတို့၏လှုပ်ရှားမှုကို ပြန်လည်၍ ရိပ်မိပေမည်။ သူတို့က ရီဖူရှင်းတို့အုပ်စု၏နေရာကို ဖမ်းမရပေ။

“သူတို့ ဘယ်ကိုသွားသလဲ ငါတို့ သိနိုင်မလား” ပြည်ထောင်အရှင်က မေးသည်။

“အရှင်... ကျုပ်တို့ခန့်မှန်းတာမှန်မယ်ဆိုရင် သူဟာ ထျန်းဟယ်ဘုံကို ပြန်သွားတာဖြစ်ရမယ်။ သူတို့က အထက်ကောင်းကင်ဘုံရဲ့ထိုက်ရွှမ်တောင်ကို ပြန်သွားတာလည်း ဖြစ်နိုင်တယ်” သတင်းပို့က ပြောသည်။

သည်မတိုင်ခင် ရီဖူရှင်းက ထျန်ရှင်းကျောင်းတော်တွင် နေခဲ့ခြင်းမှာ သူ၏ဘေးကင်းမှုအတွက်သာဖြစ်သည်။ နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ ထွက်လာပြီးနောက်ပိုင်း သူရရှိခဲ့သော ရတနာများကြောင့် လူအများအပြားက သူ့အား မျက်စိကျနေခဲ့ကြ၏။ ထို့ကြောင့် ထျန်ရှင်းကျောင်းတော်တွင် တစ်နှစ်ခန့်ကြာ လေ့ကျင့်နေခဲ့ပြီးနောက် လူအများအပြားက သူ့အား တဖြေးဖြေး မေ့လျော့သွားကြပေသည်။

ရီဖူရှင်းသည်လည်း အချိန်ဖြုန်းမနေပေ။ သူက ဝိညာဉ်လက်နက်များကို သူ့လက်ထဲ၌ သိပ်မကျန်တော့အောင်ပင် တခြားလူများအား ဝေငှပေးခဲ့၏။ ထို့အပြင် သူသည် ရှောင်ကလန်မှ ရှောင်မုယွီ၏ဆရာဖြစ်လာခဲ့ကာ ရှောင်ကလန်နှင့် နီးကပ်သော ဆက်ဆံရေးကို ရရှိခဲ့၏။

ပြည်ထောင်အရှင်က ခေါင်းညိတ်လိုက်သည်။ ရီဖူရှင်းက ထျန်းဟယ်ဘုံနှင့် ထိုက်ရွှမ်တောင်သို့ ပြန်သွားခြင်းမှာ ဖြစ်နိုင်ဖွယ်ရာ၏။

ထျန်းဟယ်ဘုံဖြစ်လျှင် ပိုကောင်းပေသည်။ အကယ်၍ သူသာ ထိုက်ရွှမ်တောင်သို့ ပြန်သွားကာ အရှင်ထိုက်ရွှမ်ကို နားချနိုင်ပါက ကောင်းကင်အာဏာစက်ပြည်ထောင်မှ မည်သူက အရှင်ထိုက်ရွှမ်ကို ယှဉ်နိုင်မည်နည်း။

သို့သော်လည်း ရီဖူရှင်းအတွက်ကြောင့်တော့ အရှင်ထိုက်ရွှမ်သည် ကောင်းကင်အာဏာစက်ပြည်ထောင်သို့ လာရောက်တိုက်ခိုက်မည်မဟုတ်ပေ။ ထိုသို့လုပ်ရန် အကြောင်းပြချက်မရှိပေ။

ထိုသို့ဖြစ်နိုင်ဖွယ်နည်းသော်လည်း ပြည်ထောင်အရှင်က အထိုက်အလျောက်တော့ ပြင်ဆင်ထားပေသည်။ သူက ထိုက်ရွှမ်တောင်သို့ လူလွှတ်ကာ စောင့်ကြည့်ခိုင်းထားသည်။ အကယ၍ ထူးထူးခြားခြား လှုပ်ရှားမှုတစ်စုံတစ်ရာဖြစ်ပါက သူကြားသိပေမည်။

ထျန်းဟယ်အကြီးအကဲကိုမူ ပြည်ထောင်အရှင် ကြောက်ရွံ့ခြင်းမရှိပေ။ ကောင်းကင်အာဏာစက်ဘုံသည် ယခင်လို အင်အားမကြီးမားတော့သော်လည်း ခိုင်မာသော အုတ်မြစ်များတော့ ကျန်နေပေသေးသည်။ အကယ်၍ ထျန်းဟယ်အကြီးအကဲသာ ကောင်းကင်အာဏာစက်ပြည်ထောင်သို့ ရောက်လာပါက သူ့အား အိမ်မပြန်နိုင်အောင် သူလုပ်နိုင်၏။

“မိစ္ဆာဘုံကိုလည်း စောင့်ကြည့်ထား...” ပြည်ထောင်အရှင်က ညွှန်ကြားသည်။ မိစ္ဆာဘုံသည် ရီဖူရှင်းနှင့် ထူးခြားသော ဆက်ဆံရေးရှိ၏။

“နားလည်ပါပြီ။ ခက်တာက ကျွန်တော်တို့လူတွေကို မိစ္ဆာဘုံသို့ စေလွှတ်ဖို့ခက်ခဲတာပဲ။ သူတို့ဆီက သတင်းရဖို့မလွယ်ဘူး” သတင်းပေးက ပြောသည်။ လူသားတို့အတွက် မိစ္ဆာဘုံသို့သွားရောက်ရန်ပင် အလွန်ခက်ခဲပေသည်။

ကောင်းကင်အာဏာစက်ဘုံက သူတို့၏သားရဲများကိုအသုံးချ၍သာ အပြင်သတင်းများကို ရရှိနိုင်သော်လည်း အတွင်းသတင်းများကို ရရှိရန်မှာ မဖြစ်နိုင်ပေ.

“ကိစ္စမရှိဘူး။ သူတို့လှုပ်ရှားမှုကိုသာ ရသမျှ စောင့်ကြည့်ထား” ပြည်ထောင်အရှင်က ပြန်ပြောသည်။

သူက နောက်လှည့်ကာ နန်းတော်ထဲကို ဝင်ရောက်သွား၏။ နန်းတော်အတွင်း၌ တိတ်ဆိတ်စွာ ရပ်နေသူတစ်ဦးရှိပေသည်။ သူ၏မျက်လုံးများက ရွှေရောင်တောက်ပနေ၏။ သူ၏ကိုယ်အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်း၏။

“ရီဖူရှင်းရဲ့သတင်းတွေရလား” ထိုသူက ပြည်ထောင်အရှင်ဘက်ကို လှည့်ကာ မေးသည်။ သူ့ထံမှ တစ်ဘက်သားကို လေးစားသောအမူအရာစိုးစဉ်းမျှ မရှိပေ။

မည်သို့ဆိုစေ ကောင်းကင်အာဏာစက်ပြည်ထောင်တွင် ပြည်ထောင်အရှင်သည် အမြင့်ဆုံးသော အဆင့်အတန်းကို ပိုင်ဆိုင်၏။

သို့သော်လည်း ပြည်ထောင်အရှင်က အနည်းငယ်မျှ မှားယွင်းနေသည်ဟု မထင်။ သူ၏အမူအရာက တည်ငြိမ်စွာဖြင့်ပင် ခေါင်းညိတ်သည်” ဒါဆို သူဘယ်ကိုသွားမယ်လို့ မင်းထင်လဲ”

“ကျုပ်က ထျန်းဟယ်ဘုံကို စောင့်ကြည့်ဖို့ လူလွှတ်ထားပြီးပြီ။ အဲဒီက လှုပ်ရှားမှုတစ်ခုခုရှိရင် သူတို့သတင်းပေးကြလိမ့်မယ်” ပြည်ထောင်အရှင်က ပြောသည်။

“ကောင်းပြီ...” ကောင်းကင်အာဏာစက်ပြည်ထောင်ဘုရင်အိုက ခေါင်းညိတ်ကာ ပြောသည်။ သူ၏မျက်လုံးများက အေးစက်သော အငွေ့အသက်များ ဖြတ်သန်းသွားသည် “တကယ်လို့ ရီဖူရှင်းသာ ထျန်ရှင်းကျောင်းတော်မှာ နေတယ်ဆိုရင် ငါတို့ဘာမှ လုပ်မရဘူး။ အခု သူထွက်သွားပြီဆိုတော့ ဘယ်ကိုပြေးနိုင်မလဲ ကြည့်တာပေါ့”

ကောင်းကင်အာဏာစက်ဘုံတစ်ခုလုံးကို တုန်လှုပ်ဖူးစေသော ပုဂ္ဂိုလ်ကြီးတစ်ဦးက လူငယ်မျိုးဆက်တစ်ဦးကို သတ်ဖြတ်ရန် ထိုမျှ စိုးရိမ်တကြီးဖြစ်နေခြင်းမှာ ယုံကြည်နိုင်ဖွယ်ရာ မရှိပေ။

ရီဖူရှင်းသာ ကြားသိပါက ဂုဏ်ယူမည်လော မပြောတတ်။

မှန်သည်၊ ရီဖူရှင်းနှင့် ပြည်ထောင်အရှင်အိုကြီးတို့ကား အမြင်ချင်းတူ၏။

ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်အိုကြီးက ရီဖူရှင်းကို အနာဂတ်ပြဿနာများကို ရှောင်လွှဲရန် သတ်ဖြတ်လို၏။ ရီဖူရှင်းလည်း ထိုနည်းတူဖြစ်သည်။

နဂါးတို့နယ်မြေသို့ စွမ်းအားမြင့်တန်ခိုးရှင်များ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။ သူတို့၏ခရီးစဉ်ကို အပြင်လူများ ရိပ်မိခြင်းမရှိပေ။

ထို့အပြင် ရောက်လာသူများမှာ မိစ္ဆာဘုံ၏အထင်ကရပုဂ္ဂိုလ်များဖြစ်ကြသည်။ သူတို့ရောက်လာခြင်းက နဂါးတောအုပ်ကို စောင့်ကြပ်သော အစောင့်တို့အား တုန်လှုပ်စေသည်။ အဘယ်ကြောင့် နာမည်ကျော်ပုဂ္ဂိုလ်များ ရောက်လာကြသနည်း။

ကောင်းကင်မိစ္ဆာအဖွဲ့၏မိစ္ဆာအင်ပါယာသည်ပင် ရောက်လာကြောင်း အစောင့်များ သတိပြုမိသည်။ နတ်ဆင်အင်ပါယာလည်း ရောက်လာသည်။ အင်ပါယာနှစ်ပါးနှင့်အတူ ရောက်လာသော ငယ်သားတို့မှာလည်း သူတို့အင်အားစု၏စွမ်းအားမြင့်တန်ခိုးရှင်များဖြစ်ကြသည်။ သူတို့အားလုံးမှာ မိစ္ဆာဘုံ၌ နာမည်ကျော်ကြား၏။

ယခင်က သည်မိစ္ဆာကလန်သုံးခုကြားတွင် ဆက်နွယ်မှု သိပ်မရှိပေ။ နဂါးကလန်နှင့် ကောင်းကင်မိစ္ဆာအဖွဲ့ဆိုလျှင် အချင်းချင်း သိပ်မတည့်ကြပေ။

မိစ္ဆာကလန်မှ အင်ပါယာနှစ်ပါးသည် ဆုံတွေ့စရာ အကြောင်း မရှိလှ။

သို့သော်လည်း ယနေ့တွင် မီးငှက်မိစ္ဆာအဟာအကြီးအကဲသည် နဂါးတောအုပ်သို့ ခြေချလာ၏။

ပင်မနန်းတော်ခန်းမ၌ နဂါးမင်း၊ မိစ္ဆာအင်ပါယာနှင့် နတ်ဆင်အင်ပါယာတို့ စုရုံးနေကြသည်။ ရီဖူရှင်းလည်း ရှိနေ၏။

“ရှင်းမင်းလေ့ကျင့်တာ ဘယ်လိုအခြေအနေရှိလဲ...” ရီဖူရှင်းက နတ်ဆင်အင်ပါယာကို မေးသည်။ သည်မတိုင်ခင်က တန်ခိုးရှင်သုံးဦး ရန်ဟောင်အဆင့်သို့ တက်လှမ်းခဲ့သည်။ သို့သော်လည်း ထိုအထဲတွင် ရှင်းမင်း မပါဝင်ပေ။ သူကား ရန်ဟောင်တစ်ဝက်ခန့်ပင် မရောက်သေး။ ပုံမှန်အားဖြင့် ရီဖူရှင်းက သူ့ကို အဆင့်တက်ရန် ကူညီပေး၍ မရပေ။

“သူက အဆင့်တက်ဖို့ ပြင်ဆင်နေပြီ။ သူက မင်းသတင်းကို စောင့်နေတာ” နတ်ဆင်အင်ပါယာက ပြန်ပြောသည်။

“ကျွန်တော်တို့ ဒီကိစ္စကို ဖြေရှင်းပြီးသွားရင် ရှင်းမင်းကို ကျောင်းတော်မှာ လေ့ကျင့်ပါစေ” ရီဖူရှင်းက အကြံပေးသည်။ နတ်ဆင်အင်ပါယာကလည်း သဘောတူသည်။ အမှန်တကယ်အားဖြင့် နတ်ဆင်အင်ပါယာသည် ရီဖူရှင်းနှင့် အလွန်ရင်းနှီးသော ဆက်ဆံရေး ရှိပေသည်။ ထို့ကြောင့် နတ်ဆင်များအပေါ် ရီဖူရှင်းက မမျှမတ ဆက်ဆံမည်ကို စိုးရိမ်စရာမလိုပေ။

“ကျုပ်မှာလည်း ရှန့်ထိုအဆင့်မှာရှိတဲ့ ဂျူနီယာတစ်ယောက်ရှိတယ်။ နောက်ပိုင်း မိတ်ဆွေလေးရဲ့အကူအညီလိုလိမ့်မယ်” ရွှေမီးငှက်မိစ္ဆာမဟာအကြီးအကဲဘေးတွင်ရပ်နေသော တန်ခိုးရှင်တစ်ဦးက ပြောသည်။ ရီဖူရှင်းက ထိုသူအား သိသည်။

စကားပြောလိုက်သူကား ကောင်းကင်မိစ္ဆာအဖွဲ့မှ ခွန်ပန်မိစ္ဆာမဟာအကြီးအကဲဖြစ်သည်။

အမှန်တကယ်အားဖြင့် ရွှေမီးငှက်မဟာအကြီးအကဲနှင့် ခွန်ပန်မဟာအကြီးအကဲတို့သည် သိပ်မတည့်ပေ။ သို့သော်လည်း ကျွမ်သည် ကောင်းကင်မိစ္ဆာအဖွဲ့သို့ ပြန်ရောက်လာပြီးနောက်တွင် သူသည် အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း သူသိခဲ့ရသည်။ ထိုအဖြစ်က ခွန်ပန်မဟာအကြီးအကဲကို ကြီးစွာ အံ့အားသင့်စေခဲ့ပြီး သူ၏ဂျူနီယာများအား ရီဖူရှင်းနှင့်အတူ မလေ့ကျင့်စေခဲ့မိခြင်းအား နောင်တရခဲ့၏။

“ပြဿနာမရှိဘူး။ ကျွန်တော်တို့ ကျောင်းတော်တည်ထောင်ပြီးသွားရင် ကျွန်တော်က ဒီပညာတွေကို တစ်ယောက်တည်း မသိမ်းထားပါဘူး။ စီနီယာ စိတ်မပူပါနဲ့” ရီဖူရှင်းက ပြောသည်။

“ကျေးဇူးပဲ...” ခွန်ပန်အကြီးအကဲက ပြောသည်။ သူကား ရီဖူရှင်းနှင့် သိပ်မရင်းနှီး။ ရီဖူရှင်းက သူ၏ဂျူနီယာကို ကူညီခြင်းက ကြီးမားသော ကျေးဇူးကြွေးဖြစ်သည်။

မိစ္ဆာဘုံမှ နာမည်ကျော်ပုဂ္ဂိုလ်အချို့သည် ရီဖူရှင်းကို အထူးသဘောကျကြ၏။ ရီဖူရှင်းသည် အက်ကြောင်းမဲ့ဝင်ရိုးဖွဲ့စည်းနိုင်သော ပညာကို တတ်မြောက်သော်လည်း သူတစ်ယောက်တည်း မသိမ်းထားဘဲ တခြားလူများကိုလည်းမျှဝေပေးသည်။ ရီဖူရှင်း၏စိတ်ထားကား ထူးခြားလှသည်။

မည်သို့ဆိုစေ ကောင်းကင်အာဏာစက်ဘုံတွင် သူသည် ပြိုင်စံရှား၏။

“ငါတို့ နောက်ထပ်လှုပ်ရှားမယ့်ကိစ္စကို ဆွေးနွေးရအောင်။ မင်းတို့ ဘယ်လိုတွေးထားလဲ” ရွှေမီးငှက်အကြီးအကဲက မေးသည်။ သူတို့က ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် ရင်ဆိုင်ရတော့မည်ဆိုမှတော့ တစ်ကြိမ်တည်းနှင့် သူတို့ကို အမြစ်ဖြတ်ရန် လိုပေသည်။

“စီနီယာမီးငှက်အကြီးအကဲနဲ့ စီနီယာခွန်ပန်အကြီးအကဲတို့နှစ်ယောက်လုံးက အမြန်နှုန်းမှာ ကျွမ်းကျင်တယ်မလား” ရီဖူရှင်းက မေးသည်။

“ငါတို့အမြန်နှုန်းက မိစ္ဆာဘုံမှာ အမြန်ဆုံးပဲ” ရွှေမီးငှက်အကြီးအကဲက ခေါင်းညိတ်သည်။

“စီနီယာနတ်ဆင်အင်ပါယာက ဖိနှိပ်ခြင်းမဟာလမ်းစဉ်ကို ကျွမ်းကျင်တယ်မလား” ရီဖူရှင်းက မေးသည်။

“အင်း...” နတ်ဆင်အင်ပါယာက ခေါင်းညိတ်သည်။

“စီနီယာက ကောင်းကင်အာဏာစက်ပြည်ထောင်တစ်ခုလုံးကို ဖိနှိပ်နိုင်ပါသလား” ရီဖူရှင်းက မေးသည်။

“ငါနဲ့အဆင့်တူအတွင်းက တစ်ယောက်ယောက် လာပြီး မတားဆီးခဲ့ရင် အဲဒါက ပြဿနာမဟုတ်ဘူး” နတ်ဆင်အင်ပါယာက ဖြေသည်။

“နားလည်ပါပြီ” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည် “ဒီတစ်ခေါက် စစ်ဆင်ရေးက တစ်ကြိမ်တည်းနဲ့သတ်တာပဲ။ ကျွန်တော်တို့က ခေါင်းဖြတ်စစ်ဆင်ရေးလို့ခေါ်လို့ရတယ်။ ကျွန်တော်တို့ ပထမဆုံးပစ်မှတ်က ကောင်းကင်အာဏာစက်ပြည်ထောင်ဘုရင်အိုပဲ။ ကျွန်တော်တို့က သူ့ကို အလွတ်ပေးလို့မရဘူး။ ပြီးရင် တခြားအလယ်အလတ်ရန်ဟောင်တွေနဲ့အဆင့်နိမ့်ရန်ဟောင်တွေပဲ။ ရန်ဟောင်အဆင့်အောက်ကလူတွေက‌တော့ ပြေးချင်ရင်တောင် ပြေးမလွတ်ဘူး”

အဆင့်နိမ့်တန်ခိုးအဆင့်များမှာမူ ထွက်ပြေးလွတ်မြောက်သွားလျှင်ပင် အန္တရာယ်မရှိပေ။

ထို့ကြောင့် သည်တစ်ခေါက် စစ်ဆင်ရေး၏ပစ်မှတ်ကား အလွန်ရှင်းလင်းပေသည်။

“နဂါးတွေနဲ့ နတ်ဘုရားဂိတ်ကလူတွေက တိုက်စစ်ကလူတွေပဲ။ နတ်ဆင်တွေက ဖိနှိပ်ပြီးတော့ ကောင်းကင်အာဏာစက်ပြည်ထောင်ကို ပိတ်ဆို့မယ်။ ကောင်းကင်မိစ္ဆာတွေက မြန်ဆန်တော့ သူတို့တွေက ချိပ်စည်းအပြင်မှာ စောင့်ကြပ်ပြီးတော့ ပြေးတဲ့သူတွေကို အမဲလိုက်ရုံပဲ”

“ခရမ်းရင့်ကောင်းကင်နန်းတော်ကရော...” နတ်ဆင်တစ်ပါးက မေးသည်။ ရီဖူရှင်းက သူတို့ကိုလည်း အလိုရှိရပေမည်။

“ကျွန်တော် ဒီကိုလာကတည်းက တောင်ကုန်းတစ်ထောင်ကတွေကို ခရမ်းရင့်နန်းတော်ကို စောင့်ကြည့်ဖို့ ပြောထားတယ်” ရီဖူရှင်းက ပြောသည် “ကောင်းကင်အာဏာစက်ပြည်ထောင်ကို တိုက်ပြီးရင် ကျုပ်တို့က ခရမ်းရင့်နန်းတော်ကို သွားမယ်”

***

All Chapters