ငါမင်းကို အကုန်ပေးမယ်...
Vol. 57 Ch. 787
“ကျုပ်မျိုးနွယ်စုရဲ့ဘိုးဘေးတစ်ဦးက ကံကြမ္မာ၊ဘဝနဲ့ သေခြင်းတရားကို ထိန်းချုပ်နိုင်တဲ့ အခြေအနေကို ရောက်နေပြီလို့ ပြောတာလား...”
စုမင်က မျက်လုံးကို မှိတ်လိုက်သည်။ အချိန်အတော်ကြာမှ သူ့မျက်လုံးများဖွင့်ကြည့်လိုက်သော် သူ့အကြည့်များက တည်ငြိမ်နေလေ၏။
မီးလျှံဂြိုလ်သခင်က ထိုမြင်ကွင်းကိုမြင်သော် သူ့မျက်နှာပေါ်တွင် ချီးမွမ်းမှုများ ပေါ်လာသည်။ အစွမ်းထက်ကျင့်ကြံသူဖြစ်ရန်အဓိကအချက်မှာ အချိန်တိုအတွင်း စိတ်ကိုတည်ငြိမ်အောင် ထိန်းနိုင်ခြင်းဖြစ်သည်။
မိမိစိတ်ခံစားချက်များကို ထိန်းချုပ်နိုင်သူတစ်ဦးသည် အစွမ်းထက်ကျင့်ကြံသူဖြစ်လာလိမ့်မည်မဟုတ်ပေ၊ သို့သော် အစွမ်းထက်ကျင့်ကြံသူတိုင်း ထိုကဲ့သို့ ထိန်းချုပ်နိုင်သည်။
“ငါးခုမြောက်လောကကြီးထဲက အချုပ်အခြာအာဏာပိုင်မျိုးနွယ်စုရဲ့
မင်းရဲ့ဘိုးဘေးတွေက ဒီလိုစွမ်းအားကြီးတဲ့အခြေအနေကို ရောက်ခဲ့တာ.. ဒီစစ်ပွဲ မဖြစ်ခဲ့ရင် ဒီမျိုးနွယ်စုဟာ မယုံနိုင်လောက်အောင် အထွတ်အထိပ်ကို ရောက်နိုင်မယ်လို့ ယုံကြည်ထားတယ်..”
မီးလျှံဂြိုလ်သခင်က ငါးခုမြောက်မဟာလောကကြီးအကြောင်းပြောရင်း ရူးသွပ်မှုများက သူ့မျက်လုံးထဲတွင် ပေါ်လာသည်။
“ကျင့်ကြံခြင်းဆိုတာ..သတ်ဖြတ်တယ်..အခွင့်ကောင်းစောင့်တယ်..လုယူတယ်..”
စုမင်က ခဏတာ တိတ်ဆိတ်နေ၏။ သူစကားပြောလိုက်သောအခါ သူ့ခန္ဓာကိုယ်တွင်းရှိ ပေါက်ကွဲသံများက ပို၍ကျယ်လောင်လာသည်။ သူကထိုင်နေရာမှ ဖြည်းညှင်းစွာ ထရပ်လိုက်သည် ။ သူမတ်တပ်ထရပ်လိုက်သည့်အချိန်တွင် သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
ထိုတည်ရှိမှုက စုမင်ရှိရာအပြင်ဘက်သို့ စီးဆင်းသွားသော ရေစုန်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ဘေးနားရှိသမ်းဝေနေသောကြိုးကြာငှက်က တုန်လှုပ်သွားပြီး ပျာပျာသလဲ မျက်လုံးပြူးပြဲကြည့်လိုက်သည်။၎င်းက စုမင်၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိဝဲဂယက်ကို မြင်ပြီးနောက် ကယောင်ကတမ်းပြောကာ ပြန်အိပ်သွားလေသည်။
“ခင်ဗျား ကျုပ်ကို အများကြီးပြောပြပြီးပြီဆိုတော့ နတ္ထိအနှစ်သာရနယ်မြေမှာ လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားကိုစုပ်ယူဖို့ နည်းလမ်းတစ်ခုရှိတယ်မလား..
ကျုပ်ကို အဲနည်းလမ်းပြောပြရင် အပေးအယူလုပ်မယ်..”
စုမင်က အသက်ပြင်းပြင်းရှူလိုက်သည်။ သူ၏ညာလက်ကို မြှောက်လိုက်ပြီး သူ့လက်ဖဝါးမှတဆင့် ဖြတ်သန်းသွားသည့် စွမ်းအားကိုခံစားရင်း လက်သီးဆုပ်လိုက်သည်။
လွန်ခဲ့သောအနှစ်လေးဆယ်က သူ၏ရုပ်ခန္ဓာက ကောင်းကင်ဘုံနယ်ပယ်ကနဦးအဆင့်သို့ရောက်ရှိခဲ့သည်။ အနှစ်လေးဆယ်ကြာပြီးနောက် ဤနေ့တွင် သူက ကောင်းကင်ဘုံနယ်ပယ်အထွဋ်အထိပ်မရောက်ရှိသေးသော်လည်း သူ၏ ရုပ်ခန္ဓာက အလွန်ကြံ့ခိုင်သောကြောင့် ထိုအခြေအနေနှင့် သိပ်မဝေးတော့ပေ။
“မင်းက အသူရာဖန်ဆင်းရှင်တစ်ယောက်ပါ..ဒါပေမဲ့ ငါ့မှတ်ဥာဏ်ထဲမှာရှိတဲ့ အသူရာလမ်းစဉ်ကျင့်ကြံပုံနဲ့တော့မတူဘူး.. မင်းလမ်းမှားနေပြီ..ပထမဆုံးအနေနဲ့ ဒီရုပ်ခန္ဓာက မင်းရဲ့ကိုယ်ခန္ဓာအစစ်မဟုတ်ဘူး..အသူရာဖန်ဆင်းရှင်ရဲ့ခန္ဓာကိုယ်အစစ်အမှန်က အရမ်းအရေးကြီးတယ်..အဲဒါက သူတို့ရဲ့ အခြေခံအုတ်မြစ်ပဲ...”
“မင်းရဲ့ ခန္ဓာကိုယ်အစစ်က... “
မီးလျှံဂြိုလ်သခင်က စုမင်ကို မကြည့်ခင် ခဏလောက် တုံ့ဆိုင်းသွားလေသည်။
“ကျုပ်ရဲ့ခန္ဓာကိုယ်အစစ်က ချိပ်ပိတ်ခံရတယ်..အခုချိန်ကျုပ်မှာ ပြန်ယူဖို့ စွမ်းအားအလုံအလောက်မရှိဘူး...”
စုမင်က ပြတ်ပြတ်သားသားပြောလိုက်သည်။
“ချိပ်ပိတ်ခံရတာလား..ဒါက လုံခြုံတယ်လို့ပြောလို့ရတယ်..ချိပ်ပိတ်ထားရင် ဘယ်သူ့ကမှ မင်းရဲ့ခန္ဓာကို ဖျက်စီးပစ်လို့မရဘူး..ဘေးကင်းတယ်လို့ယူဆလို့ရတယ်..အဲဒါက သိပ်စိုးရိမ်စရာ မလိုဘူး”
မီးလျှံဂြိုလ်သခင်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် စုမင်ကို စိတ်မပူရန်နှစ်သိမ့်လိုက်လေသည်။
“မင်းရဲ့ကိုယ်ခန္ဓာအစစ်အကြောင်းထပ်မပြောကြစို့..အသူရာဖန်ဆင်းရှင်တွေကကိုယ်ပွားတွေဖန်တီးရာမှာ ကျွမ်းကျင်တယ်.. သူတို့ရဲ့ ချို့ယွင်းချက်တွေကို သန့်စင်နည်းက ရိုးရှင်းတယ်..သူတို့ရဲ့ ခန္ဓာအစစ်က သူတို့ရဲ့ စိတ်ဝိဥာဉ်တွေ..ကိုယ်ပွားတွေကို သန့်စင်ပေးတယ်..သူတို့က ခန္ဓာကိုယ်တွေ..ဥပဒေဿတွေ..စွမ်းရည်တွေကို သန့်စင်တယ်.. သူတို့မှာချို့တဲ့အရာတွေရှိနေသေးသရွေ့ အဲဒီအရာတွေကိုလိုက်ဖြည့်ပေးတဲ့ကိုယ်ပွားကို ပိုင်ဆိုင်ရမှာ..”
“အခု မင်းပိုင်ဆိုင်တဲ့ခန္ဓာကိုယ်မှာ အရာတွေကို ခွဲခြမ်းစိတ်ဖြာဖျက်ဆီးနိုင်တဲ့ ဥပဒေဿတွေ ရှိနေတယ်...ဒီစွမ်းအားကို
ပိုင်ဆိုင်သူတွေက စစ်သည်တော်တွေနဲ့ဖီးနစ်သားရဲရဲ့မွေးရာပါစွမ်းအားကိုပိုင်ဆိုင်သူတွေပဲ..မင်းရဲ့တည်ရှိမှုကိုကြည့်ရရင် မင်းမှာ ဖီးနစ်သားရဲရဲ့မွေးရာပါစွမ်းရည်တွေကိုပိုင်ဆိုင်ပြီး အဲဒီသားရဲကနေ ကိုယ်ပွားဖြစ်လာတာပဲ..”
“မင်းက အဆုံးမဲ့လိုအင်ဆန္ဒရဲ့နတ်စွမ်းရည်ကို လေ့ကျင့်ထားတယ်..ဒါပေမဲ့
မင်းအရင်ဖြေရမယ့် မေးခွန်းနှစ်ခုတော့ ရှိတယ်..”
မီးလျှံဂြိုလ်သခင်၏မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူက စုမင်ကိုကြည့်ရင်း သူ့စိတ်ထဲမှာမရှင်းမလင်းဖြစ်နေသောအရာများကိုမေးလိုက်သည်။
“ပထမမေးခွန်းက ငါတို့ရဲ့ခန္ဓာကိုယ်ကိုသန့်စင်ဖို့ အဆုံးမဲ့လိုအင်ဆန္ဒကျင့်ကြံသူတွေသုံးတဲ့နည်းလမ်းကိုမင်း ဘယ်လို လေ့လာခဲ့တာလဲ...”
“ဒုတိယအနေနဲ့..အသူရာဖန်ဆင်းရှင်ရဲ့တည်ရှိမှုအပြင် မင်းရဲ့စိတ်ဝိညာဉ်ပေါ်မှာ ကောင်းကင်ဘုံစိတ်တစ္တေကပ်ဆိုးအငွေ့အသက်ပါရတယ်..ကောင်းကင်ဘုံစိတ်တစ္တေကပ်ဆိုးမျိုးနွယ်စုတွေဟာ ငါးခုမြောက်လောကထဲက မျိုးနွယ်တွေထဲကတစ်ခုပဲ..သူတို့ရဲ့ချိပ်တံဆိပ်က မင်းရဲ့ကိုယ်ပေါ်မှာရှိနေတယ်...”
“ကျုပ်က ယင်မရဏနယ်မြေလို့ခေါ်တဲ့နေရာက လာတာပါ..အဲဒီနေရာမှာ မျိုးနွယ်စု အနည်းငယ်ပဲ ကျန်တော့တယ်..အဲဒီမှာ ကျုပ် အဆုံးမဲ့လိုအင်ဆန္ဒရဲ့နတ်စွမ်းရည်ကိုရခဲ့တယ်..ပြီး တော့ရှေးဖြစ်တည်မှုတစ်ခုက ကျုပ်ကို နတ္ထိအနှစ်သာရနယ်မြေကိုအတင်းပို့လိုက်တယ်...”
“သူ့ရဲ့ ရည်ရွယ်ချက်က သူတို့ရဲ့(အရှင်သခင်) ဘုရင်ကို ရှာဖွေဖို့ပါ..ခင်ဗျားပြောခဲ့တဲ့ တံဆိပ်က တကယ်ရှိတယ်”
စုမင်က အေးဆေးတည်ငြိမ်စွာ ရှင်းပြခဲ့သည်။
မီးလျှံဂြိုလ်သခင်က တစ်စုံတစ်ခုကို တွေးနေသကဲ့သို့ မျက်မှောင်ကြုတ်လိုက်သည်။အချိန်အတော်ကြာပြီးနောက် သူ့မျက်ခုံးကို ပို၍ပင် ကြုတ်လိုက်သည် ။
“ငါ့အခြေအနေက အထွတ်အထိပ်ရောက်နေရင် မင်းအတွက် တံဆိပ်ကို ချိုးနိုင်ပေမဲ့ အခု ငါမှာ အစွမ်းအစမရှိတော့ဘူး..ဒါပေမယ့်ငါ ချိပ်တံဆိပ်ကို သေသေချာချာကြည့်ပြီးပြီ.. မင်းကို သိပ်ဒုက္ခမပေးနိုင်ဘူး.. တကယ်တော့ အဲဒါအတိုင်းအတာ
တစ်ခုအထိ အကျိုးပြုလိမ့်မယ်...”
“လောလောဆယ်တော့ အဲဒီအကြောင်း မပြောနဲ့အုံး.. ဒီနဂါးငွေ့တန်းမှာရှိတဲ့ လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားကိုစုပ်ယူဖို့ မင်းအတွက် နည်းလမ်းရှ်ိတယ်..ဒါပေမဲ့ မင်းရဲ့ ရုပ်ခန္ဓာနဲ့ဆို တင်းကျပ်တဲ့ ကန့်သတ်ချက်ရှိတယ်..ဒီနည်းလမ်းကိုသုံးရင် မင်းရဲ့စွမ်းရည်တွေကို ဘယ်လိုမှ အသုံးမချနိုင်တော့ဘူ..မင်းရဲ့ချီစွမ်းအားကိုပဲ လေ့ကျင့်ပေးနိုင်လိမ့်မယ်...”
“ဒါကြောင့် မင်းရဲ့ကနဦးကျင့်ကြံစွမ်းအားကို လေ့ကျင့်ဖို့ တခြားခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ဖို့ လိုအပ်တယ်..”
“မင်း သဘောတူရင်..အနိုင်းမဲ့လိုအင်ဆန္ဒကျင့်ကြံသူတွေရဲ့ ပုံရိပ်ဝါးမျိုခြင်းစွမ်းရည်ကို သင်ပေးမယ်..မင်း ဒီစွမ်းရည်ကို ကျင့်ကြံရင် လောကမှော်ယာဉ်ပျံစွမ်းအားရှိတဲ့လူနဲ့ အရာဝတ္ထုအားလုံးကို ဝါးမျိုနိုင်မယ်..မင်းက ဒီစွမ်းရည်ကိုကျင့်ကြံရင် လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားရှိသူတွေနဲ့ အဆင့်အတန်းတူသွားလိမ့်မယ်..မင်းက လောကအသူရာနတ်ဘုရားနယ်ပယ်ရဲ့စွမ်းအားကိုပါဝါးမျိုနိုင်လိမ့်မယ်..ပြီးတော့ လောက၊ ကျင့်ကြံခြင်းဂြိုလ်..စကြာဝဠာတစ်ခုလုံးမှာရှိတဲ့ အနှစ်သာရတွေက်ိုဝါးမျိုနိုင်လာလိမ့်မယ်”
“ဒီစွမ်းရည်က မင်းကို အချိန်တိုတိုအတွင်း သန်မာစေပြီး မယုံနိုင်လောက်အောင် အားကောင်းတဲ့ ရုပ်ခန္ဓာကို ပိုင်ဆိုင်စေလိမ့်မယ်.. အဲဒါက ငါတို့မျိုးနွယ်စုရဲ့ အပြင်းထန်ဆုံးစွမ်းရည်ပဲ..ဒါပေမဲ့ မင်း ဒီစွမ်းရည်ကိုလေ့ကျင့်ချင်ရင် ပြစ်ဒါဏ်ကိုးခုကို ဖြတ်ကျော်နိုင်ဖို့လိုတယ်...မင်း အောင်မြင်ရင် ပိုသန်မာလာလိမ့်မယ်..မအောင်မြင်ရင် သေမယ်”
“ဒါပေမဲ့ ဒါက မင်းရဲ့ကိုယ်ပွားပဲ..မင်းသေရင်တောင် ကိစ္စမရှိဘူး.. မင်းရဲ့စိတ်ဝိညာဉ်အစစ်ကို ထိခိုက်မှာမဟုတ်ဘူး”
မီးလျှံဂြိုလ်သခင်က တိုးညှင်းသောအသံဖြင့်ရှင်းပြလေသည်။
စုမင်က ခဏမျှ နှုတ်ဆိတ်နေပြီးနောက် မီးလျှံဂြိုလ်သခင်ကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် မီးလျှံဂြိုလ်သခင်က သူ့ညာလက်ကို မြှောက်ပြီး စုမင်ကိုချိန်ရွယ်လိုက်သည်။ စုမင်၏မျက်ခုံးအလယ်ဗဟိုမှာ ဝဲဂယက်တစ်ခုချက်ချင်းပေါ်လာပြီး သူ့နှလုံးကို တုန်လှုပ်သွားစေသည့်ကျင့်ကြံနည်းလမ်း ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလို သူ့မျက်ခုံးပေါ်ရှိဝဲဂယက်က စတင်လည်ပတ်လာသည်။
အချိန်အတော်ကြာပြီးနောက် စုမင်၏မျက်ခုံးအလယ်ဗဟိုရှိ ဝဲဂယက်ပျောက်ကွယ်သွားသောအခါ သူ့မျက်လုံးများတွင် တောက်ပသော အလင်းရောင်တစ်ခု ပေါ်လာသည်။ သူ့ညာလက်ကို ဆုပ်လိုက်သည့်အခါ သူ့လက်ပေါ်မှာ မှိန်ပျသောဝဲဂယက်လေးပေါ်လာသည်။
“ကြက်သွေးရောင်ဖီးနစ်သားရဲရဲ့အရာအားလုံးကို ဖျက်စီးနိုင်တဲ့စွမ်းအား..အနိုင်းမဲ့လိုအင်ဆန္ဒရဲ့..တစ်ဟုန်ထိုးပေါက်ကွဲမှုစွမ်းရည်နဲ့ပုံရိပ်တွေကိုဝါးမျိုတဲ့စွမ်းရည်က မင်းရဲ့ကိုယ်ပွားကို ကပ်ဘေးကြီးတွေဖြတ်သန်းခိုင်းမှာပဲ..ဒီစွမ်းရည်တွေကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားရင် မင်းရဲ့စွမ်းအားက အနာဂတ်မှာ တုနှိုင်းမဲ့ဖြစ်လာလိမ့်မယ်”
မီးလျှံဂြိုလ်သခင်က အသက်ပြင်းပြင်းရှူရှိုက်ရင်း သူ့မျက်လုံးများက မျှော်လင့်ချက်များဖြင့် တောက်ပနေခဲ့သည်။
“ဒါပေမဲ့ မင်း ဒီစွမ်းရည်ကို မကျင့်ကြံခင်မှာ နောက်ထပ်ကိုယ်ပွားတစ်ခုကို ရွေးရလိမ့်မယ်..တစ်ခုတော့ သတိထားရမယ်..ချိပ်တံဆိပ်ခတ်ခံရတဲ့ ရက်စက်ကြမ်းကြုတ်တဲ့စိတ်ဝိညာဉ်တွေထဲကတစ်ခုကိုရွေးဖို့ အကြံပေးတယ်..သူတို့မှာ မွေးရာပါနတ်စွမ်းရည်တွေ ရှိရုံတင် မကဘူး..
သူတို့ရဲ့ အသွေးအသားတွေကလဲ သူတို့လောကရဲ့ဥပဒေဿတွေနဲ့ရောထွေးနေတယ်..အဲဒါက မင်း လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားတွေ စုပ်ယူမှုအရှိန် ပိုမြန်လာလိမ့်မယ်...”
စုမင်က ခေါင်းညိတ်လိုက်သည်။ သူ့မျက်လုံးများတွင် တောက်ပသော အလင်းရောင်ဖြင့် သူ၏အခြေတည်ဝိညာဉ်ကို ဖြန့်ကျက်လိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သူသီးသန့်မကျင့်ကြံခင်မှာ လုံလီ၊ စွန်းခုန်းနှင့် ကျင့်နန်ကျစ်တို့ ပိုင်ဆိုင်သောသိုလှောင်အိတ်များ ကျန်ခဲ့ကြောင်းကို သတိရမိခဲ့သည်။ တကယ်တော့ ကျင့်နန်ကျစ်က ပိုင်ရှင်မဲ့လှံတစ်ချောင်းကို ထားရစ်ခဲ့လေသည်။
ယခင်က ထျန်းလင်း ကိုယ်တိုင်ဖျက်စီးခြင်းကိုလုပ်ဆောင်ခဲ့စဉ်က စုမင်ကို ဆင့်ပွားချပ်ဝတ်တန်ဆာယူရန် မှာကြားခဲ့သည်။
စုမင်က ထိုနေရာရှိရုပ်ပိုင်းဆိုင်ရာစွမ်းအားများကို စုပ်ယူနေခဲ့သောကြောင့် စစ်ပွဲအကြွင်းအကျန်ပစ္စည်းများကို အကုန် မသိမ်းဆည်နိုင်ခဲ့ပေ။ ထို့ပြင် ချိပ်ပိတ်နယ်မြေတစ်ခုလုံး ရွေ့ပြောင်းသွားသောကြောင့် ရတနာပစ္စည်းများက နေရာမပြောင်းဘဲ ရှိနေသင့်သည်။
သို့သော် စုမင်က သူ့အခြေတည်ဝိညာဉ်ကို စေလွှတ်လိုက်သော်လည်း အနီးနားတွင် ဘာမှမတွေ့ရပေ။ သူက မီးလျှံဂြိုလ်သခင်နှင့်ပြောသောစကားကိုပြန်စဉ်းစားကြည့်စဉ် တစ်စုံတစ်ခုကို အလျင်အမြန်သဘောပေါက်သွားခဲ့သည်။
သူက ခပ်ဝေးဝေးတွင်အိပ်နေသောကြိုးကြာငှက်ကို တစ်ချက်ကြည့်လိုက်သည်။ တိုက်ဆိုင်မှုဟုတ်မဟုတ်မသိသော်လည်း ကြိုးကြာငှက်က အိပ်ငိုက်မျဉ်းနေသောပုံစံဖြင့်ထကာ စုမင်ကို ကျောပေးအိပ်လိုက်သည်။
စုမင်က သူ့ညာလက်ကိုလှန်လိုက်သည်နှင့် သူ့လက်ထဲတွင် သလင်းကျောက်တစ်ခု ပေါ်လာသည်။ သူက မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်သည်။ မြေပြင်ပေါ်သို့ကျသွားသောသလင်းကျောက်က ချွင်ခနဲအသံထွက်လာသည်။
ထိုစဉ် အိပ်ချင်ယောင်ဆောင်နေသောကြိုးကြာငှက်က လှစ်ခနဲရောက်ချလာကာ ၎င်း၏ခြေသည်းဖြင့် သလင်းကျောက်ကို သိမ်းဆည်းခဲ့သည်။ ၎င်း၏မျက်လုံးများက လင်းလက်လာပြီး အံ့ဩသင့်လာလေသည်။
“သလင်းကျောက်လေး ကောက်ရတယ်..”
“ငါ့ကို လုံလီနဲ့ တခြားသူတွေရဲ့ သိုလှောင်အိတ်တွေပေး...”
စုမင်က ငှက်ကို စိုက်ကြည့်ရင်း အသံတိုးတိုးနှင့် ပြောလိုက်သည်။
“ဘာ...ဘာ မင်းဘာတွေပြောနေတာလဲ..ငါမသိဘူးးငါ့မှာ ဘာမှမရှိဘူး”
ကြိုးကြာငှက်က ပဟေဠိဆန်သောမျက်နှာဖြင့် မျက်တောင်ခတ်လိုက်သည်။
“သိုလှောင်အိတ်ထဲက သလင်းကျောက်တွေအားလုံးကို မင်းပိုင်တယ်၊ အဲဒီ့မှာရှိတဲ့ ပစ္စည်းတွေအားလုံးကိုတော့ ငါပိုင်တယ်”
စုမင်၏ အမူအရာက ပုံမှန်အတိုင်းပင် တည်ငြိမ်နေပြီး ခပ်ပြတ်ပြတ်စကားပြောလိုက်သည်။
ကြိုးကြာငှက်က ခဏမျှ အံ့အားသင့်သွားကာ ခေါင်းကို ကုတ်လိုက်သည်။ နောက်အခိုက်အတန့်မှာတော့၎င်းက စုမင်၏စကားအဓိပ္ပါယ်ကို နားလည်သွားပြီး ဒေါသထွက်နေလေသည်။
“တကယ် မယူဘူးကွ.. အိတ်တွေ မယူခဲ့ဘူး၊ ဒီမှာ တခြားလူ ရှိသေးတယ်..သူယူတာရော မဖြစ်နိုင်ဘူးလား..”
ထိပ်ပြောင်ကြိုးကြာငှက်က ၎င်း၏အတောင်ပံများကိုခတ်ကာ မီးလျှံဂြိုလ်သခင်ကို စူးစူးဝါးဝါးကြည့်လိုက်သည်။ ၎င်း၏အကြည့်မှာ မီးလျှံဂြိုလ်သခင်သာ သိုလှောင်အိတ်များကို ယူဆောင်သွားသူဖြစ်ကြောင်း လုံးဝသေချာနေပုံရသည်။
မီးလျှံဂြိုလ်သခင်က မျက်မှောင်ကြုတ်ပြီး မဲ့ပြုံးပြုံးလိုက်၏။ သူ မယူကြောင်းရှင်းပြရန် မကြိုးစားခဲ့ပေ။
“လုံလီရဲ့လောကအမြုတေကျောက်တုံး..ကျင့်နန်ကျစ်ရဲ့ထူးဆန်းတဲ့ရတနာနဲ့လောကအမြုတေကျောက်တုံး...ထျန်းလင်းရဲ့ဆင့်ပွားချပ်ဝတ်တန်ဆာ.. ငါ ဒီပစ္စည်းလေးမျိုးကိုပဲ လိုချင်တယ်..ကျန်တာ မင်းယူလိုက်တော့..”
သို့သော် စုမင်၏စကားများက ၎င်းကို ဆိုးဆိုးရွားရွားအရှက်ရစေသလိုမျိုးဖြစ်သောကြောင့် ၎င်းက ဒေါသထွက်ပြီး ပျာယာခတ်နေခဲ့သည်။ ၎င်း၏ အတောင်ပံများကိုအဆက်မပြတ် ခတ်နေပြီး ၎င်းဧ။်ခန္ဓာကိုယ်က တုန်လှုပ်ချောက်ချားမှုကြောင့်ပင် နီရဲလာသည်။
စုမင်က ငှက်ကို လေးလေးနက်နက်ကြည့်ကာ သူ့ရင်ခွင်မှ ရတနာဘူးသီးခြောက်ကို ထုတ်ထုတ်လိုက်သည်။ သူ့ဘယ်ဘက်လက်ဖြင့် အကြိမ်အနည်းငယ် ပွတ်သပ်လိုက်ရာ အတွင်းမှ အစိမ်းရောင်အလင်းတန်းများ ချက်ချင်း လင်းလက်သွားသည်။
ကြိုးကြာငှက်၏ မျက်လုံးများက ချက်ချင်းပင် ပြူးကျယ်သွားကာ ကြောက်ရွံ့မှု ပေါ်လာသည်။၎င်းက နောက်ဆုတ်လိုက်ပြီး ခွေးဝါကြီးအသွင်ပြောင်းလိုက်သည်။ ထိုအသွင်ပုံစံက ၎င်း၏စိတ်ထဲတွင် စွမ်းအားအရှိဆုံးပုံစံဖြစ်သည်။ စုမင်၏စွပ်စွဲမှုများကြောင့် ၎င်းက နာကျင်နေသည့်ပုံစံ ဟန်ဆောင်ခဲ့သည်။
“ပေးစမ်း..”
စုမင်က ပြတ်ပြတ်သားသားပြောသည်။
“ဒါပေမဲ့ ငါတကယ် မယူဘူးကွ... တကယ် မယူခဲ့ဘူး”
ကြိုးကြာငှက်က ငိုချင်ယောင်ဆောင်လိုက်သည်။
စုမင်က ကြိုးကြာငှက်ကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည်။ ယခုတစ်ခါ သူ့ဘယ်လက်ကို မြှောက်လိုက်သည့်အခါ သူ့လက်ဖဝါးပေါ်မှာ နူးညံ့သော အမွေးအတောင်လေးများ ပေါ်လာ၏။
ထိုအမွေးများက အလွန်ပျော့ပျောင်းပြီး စုမင်၏ လက်ဖဝါးပေါ်တွင် ပေါ်လာသောအခါ ကြိုးကြာငှက်က အထိတ်တလန့်ဖြစ်သွားသည်။ ထို့နောက် စုမင်က ထိုအမွေးများဖြင့် ကျစ်ကြိုးအနည်းငယ်ချည်တာကို တွေ့လိုက်ရသည်။
မီးလျှံဂြိုလ်သခင်၏ပဟေဠိဆန်သော အကြည့်အောက်တွင်၎င်းက ပြင်းထန်စွာ တုန်လှုပ်သွားသည်။ ထိုအချိန်တွင် ၎င်းက စုမင် လုပ်နေတာတွေကို ကောင်းကောင်းနားလည်ပြီး ထိုအမွေးများက တွေလဲဆိုတာကိုလည်း သတိရမိသည်...
ကြိုးကြာငှက်က အကျိုးဆက်များကို တွေးမိသောအခါတွင် ၎င်းက ချက်ချင်းပင် ပြုံးဖြဲဖြဲလုပ်လိုက်သည်။ ငှက်က အယောင်ယောင်အမှားမှားဖြစ်နေပြီး ၎င်း၏ ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းအချို့ကို ထိမိသွားသည်။ ထို့နောက် ရှည်လျားသော ကြက်သွေးရောင်လှံတစ်ချောင်း၊ ၎င်းတို့အတွင်းမှ ပျံ့နှံ့နေသော ဝိညာဉ်များကို ဖမ်းယူနိုင်သော စွမ်းအားရှိသောလောကအမြုတေကျောက်တုံးနှစ်တုံး ၊ စွန်ပလွံသီးအရွယ်အစားရှိ အစိမ်းရောင်မျိုးစေ့တစ်ခုကို လွှင့်ထုတ်လိုက်သည်။
“ဟေး သခင်လေးစု..စိတ်မဆိုးပါနဲ့.. အမွေးတွေကို ပြန်ချလိုက်.. ကျေးဇူးပြုပြီး ကျစ်ထုံးအရုပ်ကို မလုပ်နဲ့..ငါက မင်းကို စနောက်တာပါ.. ငါပေးမယ်..ငါမင်းကို အကုန်ပေးမယ်....”