အချိန်ဆွဲခြင်း
Vol. 57 Ch. 782
ကျယ်လောင်သောပေါက်ကွဲသံများက ဥမင်ထဲတွင် ပဲ့တင်ထပ်နေသည်။ ထျန်းလင်း၏ခန္ဓာကိုယ်က အပိုင်းပိုင်း ကွဲကြေသွား၏။ သစ်ပင်ကြီးနှင့်ပေါင်းစပ်ပြီးနောက်ရရှိလာသောအသက်စွမ်းအားက အဖျက်စွမ်းအားအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံများက အရပ်ရပ်သို့ ပို့လွှတ်လိုက်သည်။
ထျန်းလင်း သေဆုံးသွားခဲ့ပြီ။
ဥမင်တစ်ခုလုံးက ငလျင်လှုပ်သကဲ့သို့တုန်ခါသွားလေသည်။ နံရံမှ ကျောက်တုံးအပိုင်းအစများ ပြုတ်ကျလာသည်။ စုမင်
၏ခန္ဓာကိုယ်တစ်ဝက်က ကျောက်ရည်ပူထဲတွင် ရှိနေသည်။ သူက နေရာတစ်ခုလုံးကိုကြည့်လိုက်ရင်း သူ့မျက်နှာက ဖြူဖျော့နေ၏။
“စွန်းခုန်း သေသွားပြီ..”
“ထျန်းလင်း သေသွားပြီ..”
ကျင့်နန်ကျစ် ဤနေရာကိုရောက်လာနိုင်သည့်အတွက် ယဲ့ရှန်းထုံ၏ကိုယ်ပွားလဲ သေဆုံးသွားပြီဟု ယူဆနိုင်သည်။
“ကျင့်နန်ကျစ်ရဲ့ကျင့်ကြံဆင့်မှာ မြင့်မားလွန်းတယ်..ဒါကြောင့် စွန်းခုန်းနှင့်ထျန်းလင်းလဲ ဆက်တိုက်သေသွားကြပြီ..တကယ်ပဲ ငါ့ရဲ့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး ငါ့ဝိညာဉ်နဲ့ ထွက်ပြေးရမှာလား..”
စုမင်၏မျက်လုံးများတွင် ဖျတ်ခနဲလင်းလက်လာပြန်သည်။ အဘယ်ကြောင့်ဆိုသော် အားပျော့သောအသံတစ်ခုက သူ့အား ထပ်မံစကားပြောသောကြောင့်ဖြစ်၏။
“ငါ့မှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး..မိတ်ဆွေလေး..ငါတို့စကားပြောဖို့ သိပ်အချိန်မရှိဘူး..ကျေးဇူးပြုပြီး ငါ့အတွက် အချိန်ဆွဲပေးပါ..ပထမချိပ်တံဆိပ်ခတ်ထားတဲ့ဓားကို ငါတွန်းထုတ်နိုင်ရင် မင်းကိုကူညီနိုင်လိမ့်မယ်”
“ပထမဓားကို ဆွဲထုတ်နိုင်ရင် ဒီလူကို သတ်ဖို့က လွယ်သွားလိမ့်မယ်..ပြီးတော့ငါ မင်းကို ကောင်းချီးတစ်ခု ပေးစွမ်းနိုင်လိမ့်မယ်..နောက်ဆုံးတော့ ငါတို့က တူညီတဲ့လောက ဆင်းသက်လာတာ..”
“အချိန်... ခဏလောက်အချိန်ဆွဲပေးပါ..
ဒီလူကိုလုံလောက်တဲ့ အချိန်အတိုင်းအတာတစ်ခုရတဲ့အထိ တားပေးပါ..ဒါဆိုရင် ငါ့ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအား တွေ မင်းကို ခွဲဝေပေးမယ်..”
ထိုအသံက စုမင်၏စိတ်ထဲတွင်ပဲ့တင်ထပ်နေစဉ် သူ့ခြေဖဝါးထဲသို့ အပူစွမ်းအားလှိုင်းနှစ်ခု စိမ့်ဝင်လာသည်။ ထိုစွမ်းအားလှိုင်းများက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။
ထိုအပူလှိုင်းက ပြင်းထန်သော ခံစားချက်ဖြင့် ပြည့်နှက်နေ၏။၎င်းက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး သူ့အသား၊ အသွေးနှင့်အရိုးများ ပေါင်းစပ်သွားသည်။ ၎င်းက သူ၏ကျင့်ကြံစွမ်းအားကို
မထိခိုက်စေဘဲ သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံအား လျင်မြန်စွာ ပြောင်းလဲခဲ့သည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း စုမင်က ကျောက်တုံးများတွင်ပါရှိသော ရုပ်ပိုင်းဆိုင်ရာစွမ်းအားကို စုပ်ယူနေချိန်နှင့် အတူတူပင် ဖြစ်၏။ သို့သော် ဤတစ်ကြိမ်တွင် သူက စွမ်းအားကို စုပ်ယူရန် လုပ်နေခြင်းမဟုတ်ပေ။ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ စွမ်းအားများက သူ့ကိုယ်တွင်းသို့ အလိုလိုတိုးဝင်လာသည်။
စုမင်၏ကိုယ်ခန္ဓာက အဆက်မပြတ် သန်မာလာပြီး ကျယ်လောင်သော ပေါက်ကွဲသံများက ဂူထဲတွင် တဆက်တည်း ထွက်ပေါ်လာသည်။ ဖုန်မှုန့်များက မြူခိုးများအသွင်ဖြင့် ပြန့်ကျဲနေပြီး၊ ကျင့်နန်ကျစ်၏ကျယ်လောင်သောအသံက အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။
“နတ္ထိအနှစ်သာရနယ်မြေမှာရှိတဲ့ထျန်းမျိုးနွယ်စုရဲ့နောက်ဆုံးမျိုးနွယ်စုဝင်က အဆုံးမဲ့နာကျင်မှုက လွတ်မြောက်ပြီး သေဆုံးသွားခဲ့ပြီ. ဒါက ငါ့ရဲ့သနားကြင်နာမှုတစ်ခုလို့ ယူဆလို့ရတယ်..”
ကျင့်နန်ကျစ်က ဖုန်မှုန့်များထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ သူနှင့် ပေတစ်ထောင်သာကွာဝေးသောစုမင်ကို လှမ်းကြည့်လိုက်သည်။
“ကဲ မင်းအလှည့်ပဲ”
ကျင့်နန်ကျစ်၏ အနီရောင်ဆံပင်များက လေထဲတွင် လွင့်ပျံလာသည်။သူ့ချပ်ဝတ်တန်ဆာရှိအစိတ်အပိုင်းများစွာက ပျက်စီးနေပြီး သူ့ပါးစပ်ထောင့်များမှ သွေးစိမ်းများပင် စီးကျနေသည်။ သို့သော် သူ့မျက်လုံးများတွင် တောက်ပသောအလင်းရောင်တစ်ခု ရှိနေသေးသည်။ တစ်စုံတစ်ယောက်က ကျင့်နန်ကျစ်နှင့်အကြည့်ချင်းစုံလိုက်ပါက
အပ်နှင့်ထိုးသော နာကျင်ကိုက်ခဲမှုဖြင့် ချက်ချင်းခံစားရမည်ဖြစ်သည်။
ကျင့်နန်ကျစ်က စကားပြောနေရင်း သူ၏ညာလက်ကို မြှောက်ကာ လေထုကို သိမ်းပိုက်လိုက်သည်။ အနီရောင်လှံရှည်ကြီးက သူ့ဆီသို့ ချက်ချင်းရောက်လာ၏။ ထို့နောက် သူ့ခြေထောက်ကို
မြှောက်ကာ စုမင်ဆီသို့ အလယ်အလတ် အရှိန်ဖြင့် လျှောက်လာခဲ့သည်။
“မင်းက ထျန်းမိသားစုကို အရမ်းမုန်းနေပုံရတယ်”
စုမင်က ရုတ်တရက် စကားပြောလိုက်သည်။
စုမင်၏ခန္ဓာကိုယ်က ပို၍သန်မာလာပြီး
ကျောက်ရည်ပူရှိစွမ်းအားကို လျင်မြန်စွာ စုပ်ယူနိုင်သည်။ထူးဆန်းစွာဖြင့် ကျင့်နန်ကျစ်က ထိုအရာကို သတိမပြုမိခဲ့ပေ။
စုမင်က ထိုဖြစ်ရပ်မှာ မီးလျှံဂြိုလ်သခင်နှင့်ဆက်စပ်နေကြောင်း တွေးမိသွားသည်။ အရိုးစုက မည်သည့်နည်းလမ်းကိုအသုံးပြု၍ ကျင့်နန်ကျစ်ကို အာရုံခံမရအောင်လုပ်ထားကြောင်းကို သူစဉ်းစားမရပေ။
“ငါ မင်းကိုမုန်းတယ်.. မင်းကတော်တော်စပ်စုတဲ့ကောင်ပဲ..”
ကျင့်နန်ကျစ်၏မျက်လုံးများက နာကျည်းမှုဖြင့် ခက်ထန်နေလေ၏။ သူက လက်ထဲရှိ လှံရှည်ဖြင့် စုမင်ဆီသို့လျှပ်စီးလက်သောအရှိန်ဖြင့် ဦးတည်သွားခဲ့သည်။ ထိုစဉ် စုမင်၏မျက်လုံးများက ဖျတ်ခနဲလင်းလက်လာသည်။
“မင်းရဲ့အစ်ကိုကြီးက မင်းအတွက် အသက်ပေးခဲ့တယ်..ဘာလို့ဆို မင်းက စစ်မှန်တဲ့ယင်လောကက ထျန်းမိသားစုကို နှောင့်ယှက်ခဲ့လို့မလား..အဘိုးကြီးဘေးနားက မိန်းကလေးနာမည်က ဘယ်သူလဲ”
စုမင်က ထိုမေးခွန်းများကို မေးလိုက်ချိန်၌ ကျင့်နန်ကျစ်၏ခန္ဓာကိုယ်က လေထဲမှာ ရပ်တန့်သွားသည်။ သူက စုမင်ကို
အေးစက်စွာ ငေးကြည့်ရင်း သူ့မျက်လုံးထဲမှာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်တစ်ခု ပေါ်လာသည်။
စုမင်က အေးဆေးနေပုံရသော်လည်း ကျင့်နန်ကျစ်က အသက်ရှုမြန်လာပြီး ဒေါသူပုန်ထနေကြောင်း သတိပြုမိခဲ့သည်။
“ထျန်းလင်းရဲ့ဇာတ်မြစ်က စစ်မှန်တဲ့ယင်လောကက ထျန်းမျိုးနွယ်စုပဲ..အဲဒါ မင်းနှောင့်ယှက်ခဲ့တဲ့မိန်းကလေးရဲ့မျိုးနွယ်စုမလား..ဒါကြောင့် မင်းအစ်ကိုက မင်းအစား အသက်ပေးလိုက်ရတာပဲ..”
“အဲဒီအချိန်ကစပြီး ထျန်းမိသားစုက မင်း လက်စားချေဖို့ ပစ်မှတ်ဖြစ်လာတယ်..သူ့ရဲ့မျိုးနွယ်စုဝင်အချို့က ပုန်ကန်မှုမှာ ကျရှုံးပြီး နတ္ထိအနှစ်သာရနယ်မြေကို ပြည်နှင်ဒဏ်ပေးခံရတယ်...အဲဒီအခါ သူတို့က မင်းရဲ့သားကောင်ဖြစ်လာတယ်..
မင်းက သူတို့ကို ကျွန်ပြုပြီး ရက်ရက်စက်စက် သတ်ပစ်ခဲ့တယ်..နောက်ဆုံးမှာ မင်း ထျန်းလင်းကို အသက်ချမ်းသာပေးခဲ့ပေမဲ့ သူ့ကို နာကျင်မှု ၊ ကလဲ့စားချေလိုစိတ်တွေနဲ့ရှင်သန်စေခဲ့တယ်...”
“ငါ့ရဲ့ ခန့်မှန်းချက်မှန်ရင် မင်းစော်ကားခဲ့တဲ့ မိန်းကလေးက ထျန်းလင်းရဲ့ မိသားစုနဲ့ ဆက်စပ်မှုရှိတယ်.. တကယ်တော့
ထျန်းလင်းရဲ့မိသားစုဟာ တိုက်ရိုက်သားစဉ်မြေးဆက်တွေ ဖြစ်ကောင်းဖြစ်နိုင်တယ်..ဒါ့ကြောင့် အခုလို မအောင်မြင်တဲ့ပုန်ကန်မှုလို့ ခေါ်တဲ့နာမည်ဆိုးကြီးက မျိုးနွယ်ဝင်တွေ ဆက်ခံသူနေရာလုရင်ဖြစ်ခဲ့တာ....”
စုမင်က ပုံမှန်အားဖြင့် စကားမကြွယ်သော်လည်း သူ့မှာ အရိုးစုအတွက် အချိန်ဆွဲနေရလေသည်။ အသက်ရှိုက်စာအနည်းငယ်အတွင်း သူ့ခန္ဓာကိုယ်က အနည်းငယ် သန်မာလာပြီး မီးလျှံဂြိုလ်သခင်ကလဲ တံဆိပ်ကိုချိုးဖျက်နိုင်ခြေ ပိုများလာမည်ဖြစ်သည်။
စုမင်၏ခန္ဓာကိုယ်က ကြံ့ခိုင်လာပြီး သူ့သိုလှောင်အိတ်ထဲရှိ ကြိုးကြာငှက်က နှိုးလာသည်။ ၎င်းက ပျံထွက်သွားပြီး ကျောက်ရည်ပူထဲမှာ ခေါင်းစိုက်လိုက်သည်။ ပထမတော့ ငှက်က အံ့ဩမင်သက်နေပြီးနောက် သိပ်မဝေးသောအကွာအဝေးမှာ ပြန်ပေါ်လာသည်။ ၎င်းက ကျောက်ရည်ပူထဲကနေ စုမင်ကိုကြည့်လိုက်၊ ကျင့်နန်ကျစ်ကိုကြည့်လိုက် လုပ်နေ၏။ထို့နောက် ကြိုးကြာငှက်က ခေါင်းကိုပြန်ငုံ့လိုက်သည်။
သို့သော် ထိုသို့ပြုလုပ်ရင်း ငှက်က ဘေးနားရှိ မီးလျှံဂြိုလ်သခင်ကို မြင်လိုက်ရသည်။ ငှက်က ဂြိုလ်သခင်ကိုမြင်သော် ၎င်း၏မျက်လုံးများ ချက်ချင်းပြူးကျယ်သွားသည်။ အမှန်တော့ ဂြိုလ်သခင်၏မျက်တွင်းခွက်များက မီးတောက်များဖြင့်တောက်လောင်နေပြီး ငှက်ကို ကြည့်နေလေသည်။
“မင်းက ဒါတွေကိုဖြည်းဖြည်းချင်းပြောပြီး ငါ့နှလုံးသားကို နာကျင်အောင်လုပ်နေတယ်.. ဘာလို့လဲဆိုတော့ အဲဒီလူ(လုံလီ)
လောကကျောက်တုံးကိုယူပြီးချိပ်တံဆိပ်ကိုဖွင့်ဖို့ စောင့်နေတာ ဟုတ်တယ်မလား”
ကျင့်နန်ကျစ်က စုမင်ကိုကြည့်ရင်း ပြတ်ပြတ်သားသားပြောလိုက်သည်။
“တံဆိပ်က လွယ်လွယ်လေး ကျိုးသွားလိမ့်မယ်လို့ မင်းတကယ်ထင်နေတာလား.. ကျိုးသွားရင်တောင် ဘာဖြစ်လဲ.. မင်းရဲ့အဖော် လုံလီလား..သူ လောကအမြုတေကျောက်တုံးကို ယူနိုင်ရင်တောင် ဘာတတ်နိုင်မှာလဲ”
ကျင့်နန်ကျစ်က အေးစက်စွာ ပြုံးလိုက်သည်။ သူက တလှုပ်လှုပ် ပြောနေရင်း ရှေ့ကို ခြေတစ်လှမ်းလှမ်းလိုက်သော်လည်း သူ့စကားများက စုမင်၏နှလုံးသားကို မိုးကြိုးပစ်သလို ခံစားရစေသည်။
“ဒီချိပ်တံဆိပ်တွေက တခြားသူတွေရဲ့ မျက်လုံးတွေကို ရှုပ်ထွေးအောင် အာရုံလွှဲထားရုံပါပဲ.. စစ်မှန်တဲ့ချိပ်တံဆိပ်မကျိုးခဲ့ရင် ဂြိုလ်သခင်က သူ့ရဲ့ စွမ်းအားတစ်စကိုတောင် ထုတ်သုံးနိုင်မှာမဟုတ်ဘူး...”
ကျင့်နန်ကျစ်၏ မျက်လုံးများတွင် ကဲ့ရဲ့မှု ပေါ်လာသည်။သူ တစ်ချက်လှုပ်ရုံဖြင့် စုမင်နှင့်ပေနှစ်ရာအကွာရှိလေထုထဲတွင် ပေါ်လာပြီး သူ၏လှံကို ဦးတည်ရာသို့ လှည့်လိုက်သည်။
“ဗုန်းးးးးး”
လှံထိပ်ဖျားက စုမင်ရှေ့မှာ ချက်ချင်းပေါ်လာသည်။ မယုံနိုင်လောက်အောင်ပြင်းထန်ပြီး အေးစက်သောလေထုက
သူ့တစ်ကိုယ်လုံးကို အေးခဲသွားစေပြီး သူ့ပတ်ဝန်းကျင်ရှိကျောက်ရည်ပူများကို
အေးခဲနေသော ရွှံ့နွံများအဖြစ်သို့ ပြောင်းလဲစေပုံရသည်။
စုမင်၏မျက်ခုံးများ လှုပ်နေလေသည်။ သူ့နားသို့တိုးကပ်လာသောလှံကိုတားဆီးရန် မကြိုးစားခဲ့ပေ။ သူ့ခန္ဓာကိုယ်က ကျောက်ရည်ပူထဲသို့ ရုတ်ချည်း နစ်မြုပ်သွားပြီး ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် လှံက ကျောက်ရည်ပူထဲသို့ ထိုးကျသွားလေသည်။
“ဗုန်းးးးဗုန်းးးးဗုန်းးးးး”
တဗုန်းဗုန်းပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ကျောက်ရည်ပူများက သုံးကြိမ်တိုင်တိုင် ပေါက်ကွဲခဲ့သည်။ လှံရှည်ရှိအဖျက်စွမ်းအားက ကျောက်ရည်ပူထဲသို့ ပြင်းထန်စွာ စိမ့်ဝင်သွားပြီး ကျောက်ရည်ပူများက လှိုင်းဂယက်အထပ်ထပ်ထသွားလေသည်။
ကျောက်ရည်ပူက လေထဲသို့ မြှင်တက်လာသည်နှင့်အမျှ မီးလျှံဂြိလ်သခင်၏အရိုးစုမှာ နစ်မြုပ်သွားပြီး မမြင်နိုင်တော့ပေ။ ငှက်လဲ အသွင်ပြောင်းသွားပြီး ရှာမတွေ့နိူင်တော့ပေ။ သို့သော်
စုမင်က အလင်းတန်းရှည်အဖြစ်သို့ပြောင်းလဲပြီး ကျောက်ရည်ပူထဲမှထွက်လာလေသည်။
ကျင့်နန်ကျစ်က အေးစက်စွာ ချောင်းဟန့်လိုက်သည်။ သူက လှံရှည်ကို ကိုင်ထားပြီး စုမင်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုအခါ ချိပ်ပိတ်နယ်မြေရှိ ဥမင်လှိုဏ်ဂူက ပြင်းထန်စွာ တုန်လှုပ်သွားတော့သည်။ ချိပ်တံဆိပ်ပျားအုံရှိ ဥမင်လိုဏ်ခေါင်းများမှတစ်ဆင့် ဆူညံသံများ ထွက်ပေါ်လာသည်။ အနက်ရှိုင်းဆုံးမြေပြင်မှ အရာခပ်သိမ်း ပြိုကျလုနီးပါး ဖြစ်နေသည် ။
နံရံများမှ ကွဲအက်သံများ ထွက်ပေါ်လာသည်။ မှော်အစီအရင်တစ်ခုလုံး၏ ပံ့ပိုးမှု ဆုံးရှုံးသွားပြီး ကွဲအက်သွားသလို ဖြစ်သွားသည်။
စုမင်က ထိုမြင်ကွင်းကိုမြင်သော်မျက်မှောင်ကြုတ်မိသွားလေသည်။ လုံလီ၏လုပ်ဆောင်ချက် အောင်မြင်သွားသည့်အဓိပ္ပါယ်ပင်ဖြစ်၏။ သူက လောကအမြုတေကျောက်တုံးကို ပြန်လည်ရယူရာတွင် အောင်မြင်ခဲ့ပြီး ကျောက်တုံးကိုကာကွယ်ထားသည့်မှော်အစီအရင်က ဟန်ချက်ပျက်သွားလေသည်။
သို့သော် လုံလီက သေချာပေါက် ကူညီရန် ပြန်မလာပေ။ ထိုအချိန်တွင် သူက ပျက်စီးတော့မည့်ချိပ်တံဆိပ်ကိုထားကာ အပြင်လောကသို့ ထွက်ပြေးသွားဖွယ်ရှိသည်။
“ကောင်းတယ်..လုံလီ...မင်းက အပြင်ချိပ်စည်းတွေကို ချိုးဖျက်နိုင်ခဲ့တာပဲ..နောက်ဆုံးတော့ ငါက မင်းတို့အားလုံးကိုသတ်ပြီး ဂြိုလ်သခင်နိုးထနိုင်မဲ့အခြေအနေကို ဟန့်တားနိုင်လိုက်တယ်ဆိုရင် တကယ့်ကို ချီးကျူးထိုက်တဲ့လုပ်ရပ်ကိုလုပ်ခဲ့တာပဲ..”
ကျင့်နန်ကျစ်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီးအနီရောင် အရိပ်တစ်ခု သူ့ခန္ဓာကိုယ်မှ ထွက်သွားလေသည်။ ၎င်းက သူ့ကိုယ်ပွားအဖြစ်သို့ ပြောင်းလဲသွားပြီး လုံလီကို လိုက်သတ်ရန် ကြိုးစားတော့သည်။
“အမှန်အတိုင်းပြောရရင် ငါက မင်းတို့ရဲ့အောင်မြင်မှုကို စောင့်ရင်း အချိန်ဆွဲနေခဲ့တာ..အခု... ကစားပွဲက ပြီးသွားပြီ..”
ကျင့်နန်ကျစ်က အောင်နိုင်သူကဲ့သို့ပြုံးရင်း စုမင်ဆီသို့ ခြေတစ်လှမ်းတိုးလိုက်သည်။
သူ ရှေ့တစ်လှမ်းတိုးလိုက်သောအခါ စုမင်၏ခေါင်းထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
သူ့စိတ်ကသူ့ခန္ဓာကိုယ်ဆီသို့ပို့လိုက်သော
ပထမဆုံးတုံ့ပြန်မှုမှာ နောက်ဆုတ်ရန်မဟုတ်ဘဲ သူ့၏ဘယ်လက်ကို ဆန့်ထုတ်ပြီး ကံကြမ္မာ၏စွမ်းအားကို ဖော်ဆောင်ရန်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် စုမင်က ဥပဒေဿကို ပြောင်းလဲပြီး ရှေ့သို့တိုးသွားခဲ့သည်။
ထို့နောက် လက်ဖဝါးတစ်ခုက သူ့ခန္ဓာကိုယ်ရှေ့မှ ထွက်ပေါ်လာသည်။ ထိုလက်ဝါးက စုမင်၏ရင်ဘတ်ကို မထိမီ စက်ပိုင်းပုံစံရေးဆွဲလိုက်သည်။
ထိုအချိန်တွင် စုမင်၏ကံကြမ္မာစွမ်းအားက အသက်ဝင်လာ၏။ထိုစွမ်းအားက လက်ဖဝါးကို ထိတိုက်လိုက်သောအခါ အချိန်ကို ခဏတာရပ်တန့်သွားစေသည်။ ထိုခဏက စုမင်ဧ။်မြင့်မြတ်သောကြယ်တာရာဝတ်ရုံကို အပြည့်အဝ အသက်သွင်းခွင့် ရခဲ့သည်။
တစ်ချိန်တည်းမှာပင် စုမင်၏ လက်များ၊ ခြေထောက်များ နှင့် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်း အများစုက ညှိုးနွမ်း သွားခဲ့သည် ။ သူ့ရင်ဘတ်ကို လက်ဖဝါးနဲ့ထိလိုက်သည့်နေရာသာ ပုံမှန်အတိုင်းရှိနေခဲ့သည်။ အမှန်တော့ စုမင် တစ်ကိုယ်လုံးရှိစွမ်းအားများက သူ့ရင်ဘတ်တွင် စုစည်းရောက်ရှိနေခြင်းကြောင့်ဖြစ်သည်။
“ဗုန်းးးး...”
မြင့်မြတ်သောကြယ်စုဝတ်ရုံက ပြင်းထန်စွာ စုတ်ပြဲသွားသည်။ စုမင်၏ခန္ဓာကိုယ်က နောက်ပြန်ဆုတ်သွားကာ သွေးအန်လိုက်ရသည်။ သူ့ခန္ဓာကိုယ်က ယခင်ညိုးနွမ်းနယ်နေသည့်အနေအထားမှ ပြန်လည်ကောင်းမွန်လာသော်လည်း သူ့မျက်နှာက ဖြူဖျော့သွားခဲ့သည်။
“လောကမှော်ယာဉ်ပျံအရှင်သခင်အလယ်လတ်နယ်ပယ်မှာရှိသူက အင်အားအပြည့်နဲ့ တိုက်ခိုက်မယ်ဆိုရင် ငါ့အတွက် ခက်ခဲနိုင်တယ်...”
စုမင်က လျင်မြန်စွာ နောက်ပြန်ဆုတ်သွားသည်။ သူ့အသက်ရှူသံက
မြန်ဆန်လွန်းလှသည်။ သူ့ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းများက ပြိုကွဲလုနီးနီးအထိ ပျက်စီးသွား၏။ သူ မယုံနိုင်လောက်အောင် ပြင်းထန်စွာ ဒဏ်ရာ ရခဲ့သည်။ အကယ်၍ သူက သူ၏ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကို မမြှင့်တင်ခဲ့ပါက၊ ဤတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရန် ခက်ခဲပေလိမ့်မည်။
ထိုအချိန်တွင် ကျင့်နန်ကျစ်၏ခန္ဓာကိုယ်က စုမင်ကိုရိုက်လိုက်သည့်နေရာ၌ ထင်ရှားလာသည်။ ထို့နောက် သူက လက်ဖဝါးကို ပြန်ရုတ်ပြီး မောက်မာစွာပြောလိုက်သည်။
“မင်းကိုသတ်ရမှာ နှမြောစရာကောင်းလိုက်တာ..မင်း ငါ့အစေခံလုပ်ရင်..မင်းကို ချမ်းသာပေးမယ်...”