အခန်း (၈၅)
Vol. 7 Ch. 85
အကြီးအကဲ မှော်ဆရာ၏ မျက်နှာက မိုးရွာတော့မည့်နှယ် မည်းမှောင်နေ၏။ ဂါးရက်သည် ပါးစပ်ဖွင့်လိုက်သော်လည်း သူ့ကိုယ်သူ ကာကွယ်ရမည်လား၊ စားပွဲကို မှောက်ပစ်ရမည်လား၊ သို့မဟုတ် သူ၏အမှုတွဲကို ငြင်းခုံရမည်လား မသေချာဖြစ်နေသည်...
ရိုးရိုးသားသားပြောရလျှင် သူ၏ ဘဝဟောင်း၌ ဆေးဘက်ဆိုင်ရာ အငြင်းပွားမှု အမျိုးမျိုးကို တွေ့ကြုံခဲ့ဖူးသည်။ ခွင့်ပြုချက်မရှိဘဲ မှတ်တမ်းတင်ခြင်း၊ ဗီဒီယိုရိုက်ခြင်း၊ မှင်ဖျော့နေသည့် သဘောတူညီချက်ပုံစံများတွင် လက်မှတ်ထိုးခြင်း၊ လက်မှတ်ထိုးပြီးမှ ငြင်းဆန်ခြင်း၊ နားမလည်ကြောင်း အော်ဟစ်ခြင်း စသည်တို့ပင်။
လူ့သဘာဝက အမြဲတစေ ဆန်းသစ်နေတတ်၏။
ဆယ်စုနှစ်တစ်ခုကျော် ဆေးကုသမှုအတွေ့အကြုံရှိပြီး အရေးပေါ်ဌာန၏ ပေါက်ကွဲလွယ်သော ပတ်ဝန်းကျင်တွင် အလုပ်လုပ်ခဲ့သည့်အတွက် သူသည် ထိုကဲ့သို့ ထိပ်တိုက်ရင်ဆိုင်မှုအမျိုးမျိုးကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သည်ဟု မိမိကိုယ်ကို ယူဆခဲ့သည်။ သို့သော်လည်း မည်သည့်ခုခံကာကွယ်မှုမျှ စကားလုံးများကို မှော်ဆန်စွာမချေပနိုင်ပေ။
သူတို့အနေဖြင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရန် ခက်ခဲလှသည်။
သို့သော်လည်း ယခုအခါ နောင်တရရန် အချိန်မရှိတော့ပေ။ ဤသည်မှာ နောင်တရစရာကိစ္စမျိုး မဟုတ်ပေ။ သူသည် အခြားသူ၏ မှော်အတတ်ဖြင့် သူ၏စကားများ ထိန်းချုပ်ခံရသည့်အတွက် သားကောင်တစ်ဦး ဖြစ်နေခြင်းပင်။ ဂါးရက်သည် ကိုယ့်ကိုယ်ကို မည်သို့ကာကွယ်ရမည်ကို မစဉ်းစားရသေးမီမှာပင် အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်က သူ့ကို နောက်မှ ဆွဲခေါ်ကာ သူ၏မျက်နှာမှာ လုံးဝအံဩသင့်သွားတော့သည်။
"မင်းဘာလုပ်နေတာလဲ။ ကုလို့ရရင် ကု မဟုတ်ရင် ငါတို့ ပြန်ကြမယ်"
ဆေးဘက်ဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းစဉ်က "ကုမလား ပြန်မလား" ဟု အော်ဟစ်၍ မရနိုင်ခဲ့ပေ။
ဂါးရက်သည် ဝမ်းနည်းမှုအနည်းငယ်ခံစားရပြီး သူ့ဆရာနောက်တွင် ကပ်၍ ကောင်းကင်ပြိုကျပြီး သြဇာရှိသူတစ်ဦးက ထိန်းထားသည့်အလား မြင်နေရသည်။ အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်သည် သူ၏ ဝက်သစ်ချသား တောင်ဝှေးကို မြေပြင်ပေါ်သို့ ဆောင့်ရိုက်လိုက်ပြီး အကြီးအကဲ မှော်ဆရာကို ချိန်ရွယ်ကာ အာဏာပြည့်ဝစွာ အော်ဟစ်လိုက်ရာ တောင်များပင် တုန်လှုပ်သွားတော့သည်။
"မင်းရဲ့ မြေးကို ဘယ်သူက ထိခိုက်စေချင်မှာလဲ။ ဘယ်သူက ဒီလိုအန္တရာယ်ကို လုပ်ချင်မှာလဲ။ လူငယ်လေး ဂါးရက်သာ ရှေ့မထွက်ဘူးဆိုရင် သူ့မှာ ဖြေရှင်းချက်ရှိတယ်လို့ မပြောဘူးဆိုရင်ရော မင်းသူ့ကို အပြစ်တင်နိုင်မှာလား။
နည်းလမ်းကိုလည်း ရှင်းပြပြီးပြီ။ ဘယ်လိုလုပ်ရမယ်ဆိုတာ သင်ပေးပြီးပြီ။ သူကိုယ်တိုင်လည်း ငါတို့ကိုစမ်းသပ်ခွင့် ပေးခဲ့ပြီးပြီ။ အခု ဒီလိုကိစ္စတွေက ရှားပါတယ်လို့ သူပြောလိုက်ရုံနဲ့ မင်းသူ့ကို စစ်မေးချင်တာလား"
ဆရာ ဆရာက အံ့မခန်းပဲ။ အချိန်ကို ခရီးသွားလာခွင့်ရတာ တကယ်ကောင်းတယ်။ ကျွန်တော်သာ ဘဝဟောင်းက ဆေးရုံတစ်ခုမှာ ဒီလိုအော်ခဲ့ရင်တော့ လူနာတစ်ယောက်တည်းက တိုင်ကြားတာနဲ့ ဆေးရုံအုပ်ချုပ်ရေးက ရောက်လာတော့မှာ...
ဂါးရက် စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။ အကြီးအကဲ အယ်လ်ဝင်း၏ ဆူပူကြိမ်းမောင်းမှုသည် အလိုရှိသောရလဒ်ကို ရရှိခဲ့ပြီး အကြီးအကဲ မှော်ဆရာက တောင်းပန်နေပြီး အမှားအယွင်းရှိခဲ့ပါက ပြဿနာမရှာတော့ဘူးဟု ကတိပေးခဲ့သည်။ များစွာသော အလုပ်ရှုပ်မှုများပြီးနောက် အကြီးအကဲသည် နောက်ဆုံးတွင် စိတ်အေးသွားပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ကောင်းပြီ ကုသမှု စကြရအောင်..."
"ကျွန်တော် မလိုချင်ဘူး"
ကောင်လေးက အော်လိုက်သည်။ ဆယ်နှစ်သား ကောင်လေး၏ အသံက အတော်လေးကျယ်ပြီး လင်းပိုင်အသံနီးပါး မြင့်မားကာ အနည်းငယ်သာ လိုတော့သည်။ ဂါးရက်၏ လက်ပင် တုန်ယင်သွားပြီး ထောက်လှမ်းခြင်း စာလုံးပေါင်းကို ရွတ်ဆိုနေရင်း တစ်ဝက်တွင်ပင် ပျောက်ကွယ်သွား၏။
ချာကနဲမြည်သော အသံနှင့်အတူ အကြီးအကဲ အယ်လ်ဝင်း၏ နွယ်ပင်များ ပြန်လည်ကျုံ့ဝင်သွားပြီး မျိုးစေ့အဖြစ်သို့ ပြောင်းလဲသွားသည်။
"ဂျော့ချ် ငြိမ်ငြိမ်နေစမ်း"
အကြီးအကဲ မှော်ဆရာက ဆူပူလိုက်သည်။ ကံမကောင်းစွာဖြင့် သူသည် အကြီးအကဲ အယ်လ်ဝင်းအား တောင်းပန်နေခြင်းကြောင့် စိတ်ပျံ့လွင့်သွားပြီး တားဆီးထားသည့် မှော်စာလုံးကို ပျက်ပြယ်စေခဲ့သည်။ ထိုအချိန်တစ်လျှောက်လုံး ကြိုးတုတ်ခံထားရပြီး နားထောင်နေရသည့် ဆိုးသွမ်းသော ကလေးငယ်က ကြောက်ရွံ့တုန်လှုပ်နေပြီးသားဖြစ်သည်။ ယခု လွတ်မြောက်ခွင့်ရသည့်အခါ ကြမ်းပြင်ပေါ်တွင် လူးလှိမ့်နေတော့သည်။
"ကျွန်တော် မလုပ်ချင်ဘူး။ မလုပ်ချင်ဘူး။ အဟွတ်..အဟွတ်…အဟွတ်… အဘိုး ကယ်ပါဦး။ ကျွန်တော် လိမ်လိမ်မာမာနေပါ့မယ်။ အဟွတ်…. အဟွတ်… အဟွတ်…။ ကျွန်တော့်အဆုတ်ထဲကို နွယ်ပင်တွေနဲ့ ထိုးသွင်းတာ မလိုချင်ဘူး။ အဟွတ်…. အဟွတ်… အဟွတ်…"
ကြောက်လန့်တကြားဖြစ်နေသည့် ထိုဆိုးသွမ်းသော ကလေးငယ်လေးက မယုံနိုင်လောက်အောင် လျင်မြန်စွာ ရွေ့လျားနိုင်စွမ်းကို ပြသပြီး အကြီးအကဲ မှော်ဆရာထံသို့ ခုန်အုပ်လိုက်သည်။ မျက်ရည်များနှင့် နှာရည်များက မှော်ဆရာ၏ ဝတ်ရုံပေါ်သို့ စွန်းထင်းသွားပြီး အဘိုးအိုက သူ့ကို ပွေ့ချီကာ ကုလားထိုင်ပေါ်သို့ ပြင်းထန်စွာ ချပစ်လိုက်ပြီး အော်ဟစ်လိုက်သည်။
"မလှုပ်နဲ့"
နောက်ထပ် မှော်စာလုံးတစ်ပုဒ် ပစ်လွှတ်လိုက်သည်။ ကောင်လေးသည် ကုလားထိုင်ပေါ်တွင် မျက်လုံးပြူးကာ အသံပင် မထွက်နိုင်ဘဲ ငြိမ်သက်သွားသည်။ မှော်အတတ်ဖြင့် ချုပ်နှောင်ထားခြင်းခံရသဖြင့် သူ၏လက်ချောင်းလေးပင် လှုပ်ရှား၍မရဘဲ မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေရပြီး မျက်ရည်များ စီးကျနေကာ သူ့မျက်နှာက တောင်းပန်နေသည့်ဟန်ဖြင့်ပင်။
ဤသနားစရာကောင်းသော မြင်ကွင်းက မည်သည့်စာနာမှုကိုမျှ မရရှိခဲ့ပေ။ အကြီးအကဲ မှော်ဆရာ၏ မျက်နှာက မည်းမှောင်သွားပြီး သူ၏မုတ်ဆိတ်ကို ဆွဲကာ ရှုတည်တည်ကြည့်နေ၏။
"ငိုနေတယ် ငိုနေတယ်… ဘာလို့ငိုတာလဲ။ လိမ်လိမ်မာမာနေဖို့ ငါပြောခဲ့တယ်။ ကြမ်းပြင်ပေါ်မှာ မလှိမ့်ဖို့ ငါပြောခဲ့တယ်။ အန်းကျောက်တုံးကို ပါးစပ်ထဲ မထည့်ဖို့ ငါပြောခဲ့တယ်လေ။ နောက်နောင် ဒီလိုလုပ်ရဲသေးလား"
ကလေးငယ်လေးက ပို၍ပင် ကျယ်လောင်စွာ ငိုတော့သည်။ ဂါးရက်က တိတ်ဆိတ်စွာ သက်ပြင်းချကာ ကြားဝင်ပြောလိုက်သည်။
"ခဏလေး စောင့်ပါဦး"
တောင်းပန်နေသည့်ဟန်က မျှော်လင့်ချက်ပြည့်ဝသော အမူအရာအဖြစ်သို့ ပြောင်းလဲသွားသည်။ ဂါးရက်သည် သူ့ကို လျစ်လျူရှုကာ ဂယ်မန်ကလက်စ်ကို ကြည့်လိုက်သည်။
"သူ့နှာခေါင်းကို သုတ်ပေးဖို့ တစ်ယောက်ယောက် လိုတယ်။ ဒီလိုဆိုရင် နွယ်ပင်တွေ ဝင်ဖို့ ခက်ခဲနိုင်တယ်"
"ဟုတ်သားပဲ ဘလိတ်"
အမိန့်ပေးလိုက်သည်နှင့် အခုလေးတင် လွတ်မြောက်သွားသော လူငယ်အစေခံက ရေဇလုံနှင့် မျက်နှာသုတ်ပဝါကို ကိုင်ဆောင်လျက် ပြန်ပေါ်လာသည်...
ဆိုးသွမ်းသော ကလေးငယ်၏ မျက်နှာပေါ်မှ အမူအရာသည် ပျော်ရွှင်မှုမှ မကျေနပ်မှုအဖြစ်သို့ ပြောင်းလဲသွားသော်လည်း မတတ်သာဘဲ သူ့မျက်နှာကို မျက်နှာသုတ်ပဝါဖြင့် ဖုံးအုပ်ကာ အားရပါးရ သုတ်ခံလိုက်ရသည်။ ထို့နောက် ရုတ်တရက် သူ့မျက်လုံးများ မှောင်မိုက်သွားပြီး ဂါးရက်က အမိန့်ပေးသည်။
"သူ့မျက်လုံးတွေကို ဖုံးထားလိုက်"
ထိပ်ပြောင် ဘုန်းတော်ကြီးက နတ်ဘုရားစာလုံးပေါင်းကို ရွတ်ဆိုလိုက်တော့သည်။ အကြီးအကဲ အယ်လ်ဝင်းက နွယ်ပင်များကို ထိန်းချုပ်နေ၏။ အကြီးအကဲ မှော်ဆရာက ထောက်လှမ်းခြင်းစာလုံးပေါင်းကို အသက်သွင်းနေသည်။ ဂါးရက်သည် ဆိုးသွမ်းသော ကလေးငယ်၏ ဘေးတွင် ရပ်နေပြီး တစ်ခါတစ်ရံ ရှေ့သို့ ရွေ့လျားကာ တစ်ခါတစ်ရံ ဘေးသို့ ပတ်၍ လှည့်ကာ သူ၏ မြင်ကွင်းတွင် နွယ်ပင်၏ အနေအထားကို စောင့်ကြည့်ပြီး အဆက်မပြတ် ညွှန်ကြားချက်များ ပေးနေ၏။
"အောက်ဘက်ကို"
"အောက်ဘက်ကို ဆက်သွား"
"ဆက်ပြီး အောက်ဘက်ကို"
"ခဏလေး အသံအိုးနား ရောက်ပြီ။ အလျင်စလို မသွားနဲ့။ သူ အသက်ရှူတဲ့အခါ အသံအိုးက သူ့အလိုလို ပွင့်သွားလိမ့်မယ်။ အဲဒီအခါမှ အောက်ဘက်ကို ဆက်သွား..."
"ဘယ်ဘက်ကို။ အောက်ဘက်ကို အနည်းငယ်လောက် ထောင့်ဖြတ်ဆင်းလိုက်။ ကောင်းပြီ၊ အဲဒီထောင့်က အံဝင်ခွင်ကျပဲ။ ရှေ့ဆက်သွား ရပ်…. ဘယ်ဘက်ကို ကွေ့ပြီး ခဏရပ်။ ကျွန်တော် ဘေးဘက်ကနေ စစ်ဆေးလိုက်ဦးမယ်..."
"အတွင်းဘက်ကို နည်းနည်းရွှေ့ဦး။ နောက်ထပ် နည်းနည်း။ ရပြီ နေရာမှန်သွားပြီ။ အလျင်စလို မလုပ်နဲ့။ နွယ်ပင်ကို ဖြည်းဖြည်းချင်း ကြီးထွားပါစေ။ အတွင်းထဲကို သဘာဝအတိုင်း ဆန့်ထွက်သွားပါစေ..."
"အရမ်းကောင်းနေပြီ။ ရောက်ပြီ။ အဲဒီကျောက်တုံးကို ပတ်ထားလိုက်။ မြဲမြံသွားပြီဆိုရင် ဖြည်းဖြည်းချင်း ပြန်ဆွဲထုတ်။ အလျင်စလို မလုပ်နဲ့။ အပေါ်ဘက် လေပြွန်က အောက်ဘက်ထက် ပိုထူတယ်..."
သူ၏ အမိန့်တစ်ချက်နှင့် အကြီးအကဲ အယ်လ်ဝင်း၏ လုပ်ဆောင်ချက် တစ်ချက်ဖြင့် မကြာမီတွင် ဂါးရက်၏ မြင်ကွင်းထဲ၌ အန်းကျောက်တုံး၏ မှိန်မှိန်ဖျော့ဖျော့ အလင်းရောင်က လည်ချောင်းမှ ပြန်လည်ကျုံ့ဝင်သွားတော့သည်။ ဂါးရက်၏ အမိန့်မပါဘဲ နွယ်ပင်တစ်ခုသည် ကွဲထွက်သွားပြီး ကောင်လေး၏ သွားများကို တွန်းဖွင့်ကာ ဖျော့တော့သော အဝါရောင် ကျောက်တုံးကို လှပစွာ ထုတ်ပေးလိုက်သည်။
"ပြီးပြီ..."
ဂါးရက်သည် သက်ပြင်းချလိုက်ပြီး နှစ်လှမ်းနောက်ဆုတ်လိုက်ရာ ကုတင်အစွန်းနှင့်တိုက်မိပြီး လဲကျတော့မလို ဖြစ်သွားသေးသည်။
နောက်ဆုံးတော့ ပြီးသွားပြီ။
သူစိုးရိမ်ခဲ့သော အန္တရာယ်များနှင့် နောက်ဆက်တွဲ ပြဿနာများ မဖြစ်တော့ပေ။
သူက ညင်သာစွာ ပြောဆိုရင်း အမိန့်ပေးလိုက်သည်။
"အခု ကောင်းသွားပြီ... ဘုန်းတော်ကြီး နတ်ဘုရားစာလုံးပေါင်းကို ဖျက်လိုက်ပါ။ သူ့ကို ချောင်းဆိုးခိုင်းလိုက်... အချွဲတွေကို တတ်နိုင်သမျှ ချောင်းဆိုးထုတ်ခိုင်း။ ပြီးရင် ကုသမှုကို ဆက်လုပ်ပါ။ ခင်ဗျားတို့က ကျွန်တော့်ထက် ပိုနားလည်ပါတယ်..."
သူ အမိန့်ပေးနေစဉ် အန်းကျောက်တုံးကို စူးစူးစိုက်စိုက် ကြည့်နေသည်။ တရားမျှတစွာ ပြောရလျှင် သူသည် လေပြွန်အတွင်းပိုင်း ဝင်ရောက်နေသော ပြင်ပပစ္စည်းများကို အတော်အတန် မြင်ဖူးသည်။ အဆုတ်ရောဂါ အထူးကုဆရာဝန် သူငယ်ချင်းတစ်ဦးသည် စုဆောင်းရသည်ကို ဝါသနာပါ၍ ပြင်ပပစ္စည်း အမျိုးမျိုးကို ဗီရိုထဲတွင် စုဆောင်းထားသည်ာာသို့သော် ဤအရာမျိုးတော့ မပါဝင်ချေ။
သူ့ဆီကို ပို့ပေးနိုင်ရင် ကောင်းမယ်... ကမ္ဘာပေါ်မှာ ထူးခြားတဲ့ အရာတစ်ခု။ အကောင်းဆုံး ဖြစ်ရပ်မှန်အစီရင်ခံစာအတွက် လုံလောက်တဲ့ အချက်အလက်တွေပဲ။
"လေပြွန်ထဲကို အန်းကျောက်တုံး ဝင်ရောက်ခြင်း၏ လက္ခဏာများနှင့် နောက်ဆက်တွဲ ကုသမှု" အင်း ဒီလို ဆောင်းပါးမျိုးနဲ့ဆို The Lancet က ထုတ်ဝေပေးပါ့မလား မသိဘူး...
သက်ပြင်းချသံများ ပျံ့လွင့်လာ၏။ တားဆီးထားသည့် မှော်အတတ် ရုပ်သိမ်းသွားပြီး နတ်ဘုရားစာလုံးပေါင်း ပျက်ပြယ်သွားသည်နှင့် ဆိုးသွမ်းသော ကလေးငယ်က ခုန်ဆင်းလာပြီး သူ၏မြင့်မားသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"...အဟွတ်..အဟွတ်…အဟွတ်… "
"ပါးစပ်ပိတ်ထား"
အကြီးအကဲ မှော်ဆရာသည် လျင်မြန်စွာ လှုပ်ရှားကာ သူ၏မြေး၏ နားနှစ်ဖက်ကို ဆွဲကိုင်လိုက်သည်။ အားပြင်းပြင်း ဆွဲကာ အကြီးအကဲ အယ်လ်ဝင်းရှေ့သို့ ခေါ်လာလိုက်သည်။
"ဦးညွှတ်ပြီး ကျေးဇူးတင်စကားပြော…"
"ဟပ်ချိုးးး... ကုသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
ဆိုးသွမ်းသော ကလေးငယ်သည် နှာချီသံများဖြင့် တစ်ယောက်ပြီးတစ်ယောင် ဦးညွှတ်နေသည်။ အကြီးအကဲ အယ်လ်ဝင်း၊ ထိပ်ပြောင်ဘုန်းတော်ကြီးနှင့် ဂိုဏ်းချုပ်ဘုန်းတော်ကြီးတို့ကို ကျေးဇူးတင်ပြီးနောက် သူ၏အဘိုးက သူ့ကို ဂါးရက်ရှေ့သို့ ခေါ်လာသည်။ ငိုယိုကာ နှာချီလျက် သူက လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
"ကုသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ရွှတ်..."
"တခြားဘာများ ရှိသေးလဲ"
အကြီးအကဲ မှော်ဆရာက တိုက်တွန်းလိုက်သည်။ ဆိုးသွမ်းသော ကလေးငယ်သည် နားနှစ်ဖက်ကို ထပ်မံဆွဲခံရပြီး ရှိုက်ကြီးတငင်ငိုကာ လေးလေးနက်နက် ဦးညွှတ်လိုက်၏။
"တောင်းပန်ပါတယ်... ကျွန်တော် အန်းကျောက်တုံးကို ခိုးယူခဲ့တာ မလုပ်သင့်ပါဘူး... နောက်ထပ် ဒီလို မလုပ်ရဲတော့ပါဘူး..."
အာ ကလေးအားလုံးကို ဒီလိုသင်ကြားပေးနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။
ဂါးရက်သည် တိတ်တိတ်ဆိတ်ဆိတ် သက်ပြင်းချကာ သူ့ကို ကူညီပေးရန် လက်လှမ်းလိုက်သည်။
"ရပါတယ်..."
သူ ရုတ်တရက် တောင့်ခနဲ ရပ်သွားပြီး သူ့မျက်နှာအမူအရာက ထူးဆန်းနေ၏။ မှော်စာလုံး ရွတ်ဆိုခြင်းကို အခုလေးတင် အပြီးသတ်ခဲ့သော အကြီးအကဲ အယ်လ်ဝင်းသည် သူအံ့အားသင့်စွာ ရပ်နေသည်ကို မြင်သောအခါ မမေးဘဲ မနေနိုင်တော့ပေ။
"ဘာဖြစ်တာလဲ လူငယ်လေး ဂါးရက်"
"ဆရာ..."
ဂါးရက်က သူ၏ တုန်ယင်နေသော လက်တစ်ဖက်ကို မြှောက်လိုက်သည်။
"ကျွန်တော်... တိုးတက်မှုတစ်ခု ရနေပုံပဲ..."