အခန်း (၉၂)
Vol. 7 Ch. 92
ကမ္ဘာရဲ့ ဆန္ဒက သဘောကျနေတာလား။
ဂါးရက်နော့ဒ်မတ်ခ်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။
တကယ်လို့ ကမ္ဘာရဲ့ ဆန္ဒဆိုတာ တကယ်ရှိနေမယ်ဆိုရင် ငါ့လိုမျိုး ကျူးကျော်ဝင်ရောက်လာတဲ့သူက ကမ္ဘာရဲ့ ဆန္ဒအရ အနည်းဆုံး သဘောကျမယ့်သူ ဖြစ်လိမ့်မယ်။
သူ့ရဲ့ နာမည်ဆိုးက အစကတည်းက ရှိနေတာလား။ ဒါဆို သူ့ရဲ့ တိုးတက်မှုလမ်းကြောင်းက တခြားသူတွေနဲ့ မတူဘူးပေါ့။ ပထမဆုံး တစ်ယောက်ကို ကယ်တင်လိုက်ရင် သူ့ရဲ့ ကယ်တင်ခြင်း လုပ်ရပ်ကို တန်ဖိုးထားတဲ့အနေနဲ့ ကမ္ဘာရဲ့ ဆန္ဒက သူ့ကို ခရီးသွားဗီဇာ ပေးလိုက်တာလား။ သုံးလေးယောက်လောက် ထပ်ကယ်တင်လိုက်ရင် ခရီးသွားဗီဇာက Green Card ဖြစ်သွားတာလား။
ကုသမှုနည်းလမ်းအသစ်တွေ တီထွင်လိုက်ရင် နိုင်ငံသားအဖြစ် ခွင့်ပြုချက် ပေးတာလား။
ဒါဆို စိတ်စွမ်းအင်နဲ့ ဒြပ်စင်တွေကြားက ဆွဲဆောင်နိုင်စွမ်း တိုးလာတယ်ဆိုတာ ကမ္ဘာရဲ့ ဆန္ဒက သူ့ကို နှစ်သက်လို့ အာဏာ နည်းနည်းပေးလိုက်တာပေါ့။
ခဏလေး။
အခုက အဆုံးသတ်ကို ကောက်ချက်ချဖို့ အချိန်မဟုတ်သေးဘူး။
ဂါးရက်သည် သူ၏အတွေးများ လွင့်မျောမသွားစေရန် မနည်းထိန်းချုပ်ခဲ့ရသည်။ နမူနာ အနည်းငယ်သာ ရှိသေးသည့်အတွက် သူသည် အနည်းဆုံး နှစ်ကြိမ်ခန့် အဆင့်တက်ရန် လိုအပ်သည်။
အဆင့်တက်ရန်မှာ ဦးစွာ သင်ယူရမည်ဖြစ်သည်။ အဘိုးအို မှော်ဆရာ ကောင်စီသို့ ပြန်လည်ရောက်ရှိသွားသည်ကို နှုတ်ဆက်ပြီးနောက် ဂါးရက်က တွန့်ဆုတ်မနေဘဲ စာအုပ်ပင်လယ်ထဲသို့ ခုန်ဆင်းလိုက်တော့သည်။
ပထမအဆင့် မှော်ဆရာနှင့် ဘုန်းကြီးအဖြစ် အပိုအဆင့် တိုးတက်လာသောကြောင့် သူ လေ့လာရမည့် စာအုပ်များနှင့် ဘာသာရပ်များက ချက်ချင်းပင် သိသာစွာ တိုးလာခဲ့သည်။ ဝမ်းနည်းစရာကောင်းသည်မှာ လျင်မြန်စွာ အဆင့်တက်ခြင်းတွင် ဆိုးကျိုးများ ရှိသည်။
မှော်ဆရာအလုပ်သင်သည် မှော်သမိုင်း၊ တိုက်ကြီးပထဝီဝင်၊ မှော်သစ်ပင်ပန်းမန်နှင့် တိရစ္ဆာန်လမ်းညွှန်၊ ဓာတုဗေဒနှင့် ဆေးဖော်နည်းများကို အကုန်အစင် မှတ်မိသေးခြင်း မရှိပေ။ နှစ်မျိုးပညာ သင်ကြားရသည့်အတွက် နှစ်ဆကြိုးစားရသည်။ မှော်ဆရာမျှော်စင်၏ မှိန်မှိန်အလင်းရောင်အောက်တွင် ဂါးရက်သည် အချိန်ကုန်ဆုံးသည်ကို သတိမထားမိဘဲ မနားတမ်း လေ့လာနေခဲ့သည်။ တစ်လကျော်ခန့် ကြာသောအခါ မှော်ကောင်စီမှ စေလွှတ်လိုက်သည့် သံတမန် ရောက်ရှိလာသည်။
"ဂါးရက်နော့ဒ်မတ်ခ် ဟုတ်ပါသလား"
အသက်နှစ်ဆယ်ကျော်ခန့်ရှိသည့် အသစ်ရောက်ရှိလာသူသည် ပိန်ပန်းနွမ်းနယ်နေပုံရပြီး မျက်နှာသည် ဖယောင်းရုပ်ကဲ့သို့ မဲခြောက်နေကာ သူ့နဖူးပေါ်ရှိ ဆံပင်နက်များက မည်မျှကြာအောင် မလျှော်ရသေးသည်ကို မသိရဘဲ ကုလားကာကဲ့သို့ ဖုံးအုပ်နေသည်။ သူ၏ဝတ်ရုံပေါ်ရှိ ချည်ထိုးပုံတွင် လှံတံသုံးချောင်း ပါဝင်နေခြင်းက သူသည် တတိယအဆင့် မှော်ဆရာဖြစ်ကြောင်း ပြသနေခြင်းပင်။
သူသည် သူ၏နောက်မှ သူရဲကောင်းထံမှ စာရွက်စာတမ်းတစ်ခုယူကာ ဂါးရက်ကို ပေးအပ်
ရင်း "ကောင်စီက အလားအလာရှိတဲ့ ငယ်ရွယ်တဲ့ အဆင့်နိမ့် မှော်ဆရာတွေကို အထူးလေ့ကျင့်မှုပေးဖို့ အစီအစဉ်တစ်ခု စတင်နေပါတယ်။ ဆရာ လောရန့်ဇ်က မင်းကို အကြံပြုခဲ့တယ်။ ပြီးခဲ့တဲ့လက မင်းရဲ့ စာတမ်း ပြန်လည်သုံးသပ်မှု အောင်မြင်ခဲ့ပြီး ဒီအစီအစဉ်အတွက် ရွေးချယ်ခံရပါတယ်" ဟု ပြောလိုက်သည်။
ပြန်လည်သုံးသပ်မှု အောင်မြင်ခဲ့တာလား။
ဂါးရက် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူသည် လက်သီးကို တင်းတင်းဆုပ်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။
ပြန်လည်သုံးသပ်မှု အောင်မြင်ခဲ့ပြီကွ။ ဆောင်းပါးလည်း ထုတ်ဝေခဲ့ပြီ…
သူ၏ ဘဝဟောင်းတွင် ဆောင်းပါး ထုတ်ဝေခြင်းက အလွန်ခက်ခဲခဲ့သည်။
အထူးသဖြင့် ကျော်ကြားမှုငါးအထက်ရှိသည့် ဆောင်းပါးများဆိုလျှင် တစ်နှစ်၊ နှစ်နှစ်ခန့် သုတေသနပြုခြင်း၊ ပြင်ဆင်ခြင်း၊ ရေးသားခြင်း၊ မကြာခဏဆိုသလို အကြိမ်ကြိမ် ပြင်ဆင်ခြင်းတို့ လိုအပ်သည်။ ထို့ကြောင့် ဧရာမ ပုဂ္ဂိုလ်များ၏ ပခုံးပေါ်တွင် ရပ်တည်နေခြင်းက ဆောင်းပါး ထုတ်ဝေခြင်းကို ပိုမိုလွယ်ကူစေပုံပင်။
ဤရိုးသားသည့် ပျော်ရွှင်မှုက အသစ်ရောက်ရှိလာသူကိုလည်း ကူးစက်သွားသည်။ သူ၏ ဖယောင်းရုပ်ကဲ့သို့ မျက်နှာက တွန့်ခနဲ ဖြစ်သွားပြီး မချိတင်ကဲ ပြုံးလိုက်သည်။
"ပြင်ဆင်ထားပါ။ နှစ်ရက်အတွင်း ကျွန်တော်နဲ့အတူ မှော်ကောင်စီသို့ လာခဲ့ပါ"
"ကောင်းပြီ"
မှော်ကောင်စီမှ သံတမန်ကို ကြိုဆိုရန်နှင့် ဂါးရက်ကို နှုတ်ဆက်ရန်အတွက် မှော်ဆရာမျှော်စင်တွင် သေးငယ်သော ပွဲတစ်ခု ကျင်းပခဲ့သည်။ ပွဲတော်အတွင်း ဂါးရက်သည် ကောင်းသည်ဟုလည်း မဆိုနိုင် ဆိုးသည်ဟုလည်း မဆိုနိုင်သော သတင်းတစ်ခုကို ကြားသိခဲ့ရသည်။
ဆာရိုမန် သေသွားပြီ။
"သေပြီလား"
ဂါးရက် အံ့သြသွားသည်။
"ဘယ်လိုသေတာလဲ"
"ကိုယ့်ကိုယ်ကိုယ် သတ်သေတာလို့ ပြောကြတယ်"
မှော်ဆရာ ကာရန်က ဒီအတင်းအဖျင်းကို ထမင်းစားပွဲပေါ်က အမြည်းလို သဘောထားပြီး အရသာခံပြောသည်။
"သူ သွေးတွေ အကုန်ကုန်အောင် သေတာ။ ကျွန်တော့် အစေခံပြောတာတော့ ဘုရားကျောင်းရဲ့ လျှို့ဝှက်အခန်းထဲမှာ သွေးတွေနဲ့ ပြောင်းပြန် ပဉ္စဂံပုံကြီး ဆွဲပြီး အပေါ်မှာ လဲလျောင်းပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတာတဲ့"
သေပြီ...
ဂါးရက်သည် သူ၏ပန်းကန်ကို ပါးစပ်အဟောင်းသား စိုက်ကြည့်နေမိသည်။
ပန်းကန်ထဲတွင် မွှေးကြိုင်သော ကြက်ကင်၊ အရည်ပျစ်သော ကြက်ဥကြော်၊ ရွှေညိုရောင်နှင့် အတွင်းပိုင်း နှင်းဖြူရောင်ရှိသော ငါးကြော်၊ နှင့် ချိုမွှေးသော ဘလူးဘယ်ရီယိုတို့ ရှိနေသည်။ ပစ္စည်းတစ်ခုချင်းစီသည် သူ၏ ဘဝဟောင်းတွင် အလွယ်တကူ ရရှိနိုင်ခဲ့သော်လည်း နှစ်လအစောပိုင်းက သူ ဒီရောက်လာစတွင် တတ်နိုင်သော ဈေးနှုန်းမျိုး မဟုတ်ခဲ့ပေ။
လွန်ခဲ့သော နှစ်လက သူသည် မြို့စောင့်တပ်၏ စစ်သားသစ်တစ်ဦး ဖြစ်ပြီး ဆာရိုမန်က သူ့ကို ရှာဖွေရေး စစ်ဆင်ရေးအတွက် စစ်မှုထမ်းခိုင်းချင်ခဲ့သည်။ သူ မငြင်းဆန်နိုင်ခဲ့ပေ။
ဆာရိုမန်က ဂါးဂိုယ်လ်ကို သူ့ဘက်သို့ ညွှန်ပြခဲ့ပြီး သူ ကံကောင်းစွာ ရှောင်တိမ်းနိုင်ခဲ့သော်လည်း လက်စားချေရန် အရည်အချင်းမရှိခဲ့ပေ။
ဆာရိုမန်က ဘုရားကျောင်းမှ လူများကို စေလွှတ်၍ သူ့ကို ဖမ်းဆီးခိုင်းခဲ့ပြီး သူသည် အကြီးအကဲများ၏ အကာအကွယ်ဖြင့် မနည်း လွတ်မြောက်ခဲ့ရသည်။
ယခုမူ သူသည် ဆာရိုမန်၏ အသက်ရှင်သန်မှုနှင့် သေဆုံးမှုကို သာမန်အတင်းအဖျင်းတစ်ခုအဖြစ် သဘောထားနိုင်သည်။
"ကိုယ့်ကိုယ်ကိုယ် သတ်သေတာလား။ ဘာလို့လဲ"
မှော်ဆရာ အယ်လယော့တ်က ပေါင်မုန့်တစ်ပိုင်းကို ဝါးရင်း မရေမရာ မေးသည်။ ဂါးရက်က ပခုံးတွန့်လိုက်သည်။
"သူ့ညာလက်က အသုံးမဝင်တော့လို့။ ကျွန်တော့်ကို ကုပေးဖို့ တောင်းဆိုခဲ့တာ။ ဒါပေမဲ့ ကျွန်တော် မကုပေးနိုင်ခဲ့ဘူး"
"မင်းကို ဒုက္ခပေးဖို့ ကြိုးစားခဲ့တဲ့ ကောင်လား"
မှော်ဆရာ အယ်လယော့တ် ရုတ်တရက် သဘောပေါက်သွားသည်။ ဂါးရက်၏ အဖြေကို မစောင့်ဆိုင်းဘဲ သူ၏ ညာလက်ဓားကို ချလိုက်ပြီး လက်မထောင်ပြသည်။
"ကောင်းတယ်။ မင်း သူ့ကို မကုပေးသင့်ဘူး"
ဂါးရက် ခါးခါးသီးသီး ပြုံးလိုက်သည်။
သူက "ကျွန်တော် တကယ် မကုပေးနိုင်ခဲ့ပါဘူး" ဟု မချင့်မရဲ ခုခံပြောဆိုသော်လည်း မှော်ဆရာ အယ်လယော့တ်က စိတ်မရှည်စွာ လက်ဝှေ့ယမ်းပြီး ဂါးရက် ဘာပြောပြော ယုံမည်ဟု ထင်ရသည်။ ထို့နောက် သူ ကာရန်အား မေးလိုက်သည်။
"ဘုရားကျောင်းကရော ဘယ်လိုလဲ။ သူတို့ ဂါးရက်ကို ဒုက္ခပေးဦးမှာလား"
"ဘယ်မှာ ရှိရမှာလဲ။ ဘုရားကျောင်းက ရူးနေပြီ"
ကာရန်က မထေမဲ့မြင် ပြုမူလိုက်သည်။ သူ ဆိုးဆိုးဝါးဝါး ပြုံးလိုက်ရာ သူ၏ ရွှေရောင်ဆံပင်များ တလက်လက် တောက်ပနေသည်။
"ဘုရားကျောင်းက ရူးနေတယ်။ ဂိုဏ်းချူပ်ဘုန်းတော်ကြီးက နေ့တိုင်း လူတစ်စုကို ခေါ်ပြီး မကောင်းဆိုးဝါးနှင်ထုတ်နေတာ။ အဲဒီလျှို့ဝှက်အခန်းကို ဖျက်ဆီးတော့မလိုပဲ။ ကျွန်တော် ကြားတာတော့ သူတို့ အဲဒီလူကို တွေ့တော့ သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေ အားလုံးက အနက်ရောင်ရေအဖြစ် ပြောင်းသွားပြီး မြေပြင်လည်း စားသွားတော့မယ်တဲ့"
အနက်ရောင်ရေလား။ စားသွားတာလား။
မြေအောက်ထဲကိုလား။
ဂါးရက် အံ့သြသွားသည်။ သူ စိုးရိမ်တကြီး ကာရန်ကို ဆွဲကိုင်ပြီး မေးသည်။
"ရေအရင်းအမြစ်ကို ထိခိုက်စေနိုင်လား"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကာရန်က ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းလိုက်သည်။ ဂါးရက် မျက်မှောင်ကြုတ်နေသည်ကို မြင်တော့ သူ ရယ်မောပြီး ဂါးရက်၏ လက်မောင်းကို ပုတ်လိုက်သည်။
"မင်း ဘာပူနေတာလဲ။ နွေဦးနတ်ဘုရားမဘုရားကျောင်းက ရေအရင်းအမြစ်တွေကို သန့်စင်ဖို့ ရှိနေတာပဲ။ အဲဒါ သူတို့ရဲ့ အထူးကျွမ်းကျင်မှုပဲ။ ပြီးတော့ ဒါက ငါတို့ကိစ္စ မဟုတ်ဘူး။ မင်း မှော်ဆရာမျှော်စင်ရဲ့ ရေ ဘယ်ကလာတယ်ဆိုတာ သိလား။ ရေဒြပ်စင်နယ်မြေနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာ"
"ဘာ..."
ဂါးရက် တအံ့တဩ ဖြစ်သွားသည်။
ရေဒြပ်စင်နယ်မြေလား။
ဒီလိုမျိုး အဆင့်မြင့်တာလား။
သူတို့ရဲ့ မှော်ဆရာမျှော်စင်က တိုက်ရိုက် ချိတ်ဆက်ထားတာလား။
"မင်း ဒါကို မသိဘူးလား"
မှော်ဆရာ ကာရန်လည်း တအံ့တဩ ဖြစ်သွားသည်။
"ဟုတ်သားပဲ မင်း အဆင့်တက်တာ မကြာသေးဘူးပဲ။ မှော်ဆရာမျှော်စင်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို လေ့လာဖို့ အချိန်မကျသေးဘူး... ဒါပေမဲ့ မင်း ဒီရက်ပိုင်းတွေမှာ တော်တော် ကြိုးစားခဲ့တယ်မလား။ ဘာသတင်းမှတောင် မမေးခဲ့ဘူးလား"
ဂါးရက်က ရှက်ပြုံးပြုံးလိုက်သည်။
ဤရက်ပိုင်းများအတွင်း သူသည် စာအုပ်တစ်ဝက်ခန့်ကို ဖတ်ရှုခဲ့ပြီး မှော်ပညာငါးခုနှင့် နတ်ဘုရားပညာသုံးခုကို သင်ယူခဲ့သည်။ စမ်းသပ်မှုနှစ်ခု ပြီးစီးခဲ့ပြီး တစ်ခုမှာ ဆက်လက်လုပ်ဆောင်နေဆဲပင်။ ထမင်းစားနေစဉ်မှာပင် ခရင်းကို ပါးစပ်ထဲသို့ ထည့်သွင်းရင်း မှော်စာလုံးပုံစံများအကြောင်း စဉ်းစားနေခဲ့သည်။
သတင်းမေးရန်ဆိုသည်မှာ မဖြစ်နိုင်တော့ဘဲ သူ မည်သည့်အရာကို စားနေသည်ကိုပင် မသိရှိခဲ့ပေ။
"အာ အဲဒါတွေကို စိတ်မပူပါနဲ့။ အဲဒီလူ သေတာ ဆယ်ရက်လောက် ရှိပြီ။ တစ်ခုခု ဖြစ်မယ်ဆိုရင် ဖြစ်ပြီးသား ဖြစ်နေပြီ။ ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူး"
"ဒါပေမဲ့..."
ဂါးရက်၏ မျက်မှောင်ကြုတ်မှုက မပြေလည်သေးပေ။ ကပ်ရောဂါ ပျံ့နှံ့ရန် အချိန်ယူရသည်။
ညီလေး ပလိပ်ရောဂါလို ပြင်းထန်တဲ့ ကူးစက်ရောဂါမျိုးတောင် သေးငယ်တဲ့ ရောဂါကူးစက်မှုကနေ အကြီးအကျယ် ပျံ့နှံ့ဖို့ အချိန်ယူရတယ်ကွ။
သူသည် စိတ်မပါတစ်ပပါဖြင့် ထမင်းစားပြီး ထမင်းစားအဆောင်မှ ထွက်ခွာလာသောအခါ စောင့်ဆိုင်းနေသည့် အစေခံတစ်ဦးက အလျင်အမြန် ချဉ်းကပ်လာပြီး နက်နက်ရှိုင်းရှိုင်း ဦးညွှတ်သည်။
"မှော်ဆရာ နော့ဒ်မတ်ခ် ရေမွန်ဆိုတဲ့သူက ဆရာ့ကို ရှာနေပါတယ်။ သူက ဆရာရဲ့ အိမ်နီးချင်းပါလို့ ပြောပြီး အရေးပေါ် ကိစ္စပါတဲ့"
ရေမွန် အစ်ကိုကြီးလား။
ဘာ အရေးပေါ် ကိစ္စလဲ။
သူရဲကောင်း ရိုမန် သေဆုံးတာနဲ့ ပတ်သက်ပြီး သူ့မိသားစုက ဦးလေးကရင်တို့ အိမ်ကို လာအပြစ်တင်နေတာလား။
ဂါးရက်သည် အံ့အားသင့်သွားပြီး လှေကားထစ်များကို လျင်မြန်စွာ ဆင်းသက်လာသည်။ ရေမွန်သည် မှော်ဆရာမျှော်စင် ဝင်ပေါက်တွင် ဟိုဘက်ဒီဘက် လျှောက်နေပြီး မျက်မှောင်ကြုတ်ကာ စိုးရိမ်ပူပန်နေသည်။ ဂါးရက်ကို တွေ့သောအခါ သူသည် အပြေးအလွှား ရောက်ရှိလာပြီး ဂါးရက်၏ ပခုံးကို နာကျင်အောင် ဆုပ်ကိုင်လိုက်သည်။
"ဂါးရက်လေး အန်တီ့ကို ကယ်ပါဦး။ သူမ အရမ်းဖျားနေတာ... ဘယ်ဘုန်းတော်ကြီးမှ ရှာမတွေ့ဘူး"