← Chapters

အခန်း (၉၃)

Vol. 7 Ch. 93

အခန်း (၉၃)

Vol. 7 Ch. 93

အန်တီ ဖျားနေတာလား။

ဂါးရက်နော့ဒ်မတ်ခ် အံ့အားသင့်သွားတော့သည်။

မြို့စောင့်တပ်နဲ့ စစ်နတ်ဘုရားကျောင်းက အမြဲတမ်း နီးစပ်တဲ့ ဆက်ဆံရေးရှိခဲ့တာ။ အန်တီ အိုင်လင်း ဖျားနာရင် ဦးလေးကရင်က အလွယ်တကူပဲ ကြိုးကိုင်ပြီး ဘုန်းကြီးတစ်ပါးကို စစ်ဆေးခိုင်းနိုင်တာပဲ။ အနည်းဆုံးတော့ ဂျွန်လေးကတော့ သေချာပေါက် ရောက်လာမှာပဲ...

ဒါဆို ဘာဖြစ်ခဲ့တာလဲ။

ဘုန်းတော်ကြီးတစ်ပါးတောင် ဘာလို့ ရှာမရတာလဲ။

"ငါ မင်းနဲ့ လိုက်ခဲ့မယ်"

ဂါးရက်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

သူသည် အပြေးအလွှား ဝင်ရောက်ကာ သူ၏ ခွဲစိတ်ကိရိယာများနှင့် ဓာတုဗေဒပစ္စည်းများကို ဆွဲယူလိုက်ပြီး မှော်ဆရာမျှော်စင်မှ လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။ မြင်းစီးရင်း သူ မေးမြန်းခဲ့ပြီး လေဟုန်တိုက်သံများကြားမှ ရေမွန်၏ ပြောပြချက်များကို တထစ်ချနားထောင်ခဲ့ရသည်။

အန်တီ အိုင်လင်းက မနေ့တနေ့ကတည်းက စဖျားတာ။ ဝမ်းပျက်တာ အကြိမ်နည်းနည်းရှိခဲ့တယ်။ အစကတော့ အစားမှားတာလို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ မနေ့က ရုတ်တရက် ဖျားပြီး အဖျားကြီးလာတယ်။ မနေ့ညကနေ ဒီမနက်အထိ ဝမ်းပျက်တာ ဆယ်ကြိမ်လောက်ရှိခဲ့တယ်ာာပြီးတော့ ဗိုက်ကလည်း မခံမရပ်နိုင်အောင် နာကျင်တယ်။ နောက်ဆုံးတော့ ထရပ်တောင် မတ်မတ်မရပ်နိုင်တော့ဘူး။ ဦးလေးကရင်က တစ်ခုခုတော့ လွဲနေပြီဆိုတာ သိတော့ မနက်စောစော စစ်နတ်ဘုရားကျောင်းကို သွားပြီး ဘုန်းကြီးကို ပင့်ခဲ့တယ်...

"ဘုန်းကြီးက လာဖို့ ငြင်းခဲ့တာလား"

ဂါးရက်က အရေးတကြီး မေးသည်။ ရေမွန်က သူ၏မြင်းပေါ်တွင် စီးနေရင်း ခါးခါးသီးသီး မျက်နှာဖြင့် သူ့ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းသည်။

"ဘုန်းကြီးတွေ အားလုံးကို ခေါ်သွားကြပြီ... ဂျွန်လေးလို အလုပ်သင်တွေတောင် ပို့လိုက်ကြပြီ။ ဘုရားကျောင်းဝင်ပေါက်မှာ လူတွေ ပြည့်နေတယ်... ထိုင်နေကြတာနဲ့ လဲလျောင်းနေကြတာ။ ပြီးတော့ တချို့က လဲလျောင်းနေရင်း ရုတ်တရက် ဝမ်းပျက်လာကြတယ်... ဂါးရက် မင်း မမြင်ခဲ့ဘူးလား..."

သူတို့အားလုံးလား။

လှဲနေရင်း ရုတ်တရက် ဝမ်းပျက်လာတာလား။

လျှပ်စီးလက်သကဲ့သို့ ဂါးရက်၏ စိတ်ထဲတွင် အတွေးတစ်ခု လှစ်ခနဲ ပေါ်လာသည်။ ရေမွန်၏ ဖော်ပြချက်က ၎င်းအား ဆေးဘက်ဆိုင်ရာ ပြည့်ကျပ်မှုဟူသော ဝေါဟာရကို ဗီဇအတိုင်း တွေးမိစေသည်။

ဆေးဘက်ဆိုင်ရာ ပြည့်ကျပ်မှု….

အချိန်တိုအတွင်း လူနာများစွာ ဖြစ်ပွားခြင်းကြောင့် ဆေးကုသမှု စနစ်က လုံးဝ မလုံလောက်ခြင်း။ ထို့အပြင် ထိုလူနာများ၏ ရောဂါလက္ခဏာများ အားလုံး တူညီခြင်း သို့မဟုတ် ဆင်တူခြင်း...

မြို့တံခါးက သူတို့ရှေ့မှာတင် ရှိနေပြီ ဖြစ်သည်။ ဂါးရက်က မြင်းဇက်ကြိုးကို ဆွဲပြီး အရှိန်လျှော့လိုက်သည်။ မြို့စောင့်တပ်သားနှစ်ဦးသည် တံခါးဝတွင် တာဝန်ကျနေပြီး ရေမွန် ပြန်လာသည်ကို မြင်သောအခါ ကျယ်လောင်စွာ နှုတ်ဆက်ကြသည်။

"ဂါးရက်လေး မင်း ပြန်လာပြီလား။ အိမ်မြန်မြန်ပြန်တော့ မင်း အန်တီ အိုင်လင်း ဖျားနေတယ်"

"ဂါးရက်လေး မင်း ငါ့အိမ်ကို အဲ့တာပြီးရင် လာလို့ရမလား။ ငါ့သမီးလည်း ဖျားနေတယ်"

ဖျားတာလား။

လူနာတွေ အများကြီးလား။

ဂါးရက် စိုးရိမ်ပြီး ရှုပ်ထွေးနေသည်။ လမ်းလျှောက်ရင်း သူ့ခေါင်းကို ဟိုတိုးဒီတိုး ညိတ်မိနေသည်။ မြို့မလမ်းမကြီးတွင် ယခင်ကထက် ရွှံ့နက်များနှင့် မိလ္လာရေများ သိသိသာသာ နည်းပါးနေပြီး ဂါးရက်၏ မြို့ပြသန့်ရှင်းရေး အစီအစဉ် အောင်မြင်မှု အစပြုနေသည်ကို ထင်ရှားစွာ ပြသနေသည်။ သို့သော် မကြာမီ ဘေးလမ်းတစ်ခုသို့ ချိုးဝင်လိုက်သည်နှင့် ညှီနံ့ဆိုးကြီးက ချက်ချင်း ထောင်းခနဲ ထွက်လာသည်။

နောက်ကျသွားပြီ...

အမှိုက်နဲ့ မစင်ရှင်းတာ၊ လမ်းတွေကို သန့်ရှင်းရေးလုပ်တဲ့ အစီအစဉ်က နောက်ကျခဲ့ပြီ...

ဂါးရက် အရှိန်တင်ရန် ကြိုးစားသည်။ ဦးလေးကရင်၏ အိမ်သို့ ရောက်သောအခါ နှစ်ဦးစလုံး မြင်းပေါ်မှ တစ်ပြိုင်နက်တည်း ဆင်းလိုက်သည်။ ရေမွန် အပြေးအလွှား ဝင်သွားပြီး အော်ဟစ်သည်။

"အန်တီ အန်တီ ဘယ်လိုနေသေးလဲ"

"ငါ အဆင်ပြေပါတယ်..."

အိပ်ခန်းထဲမှ အားနည်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ အသံကို လိုက်ကြည့်လိုက်သောအခါ ဂါးရက်သည် အန်တီ အိုင်လင်း ကြမ်းပြင်ပေါ်က ပုံးတစ်ပုံးကို မနည်းသိမ်းဆည်းနေသည်ကို တွေ့ရသည်။ သူ ဝင်လာသည်ကို မြင်တော့ သူမ ချက်ချင်း လက်ဝှေ့ယမ်းသည်။

"ထွက်သွား ထွက်သွား ညစ်ပတ်တယ်..."

"အန်တီ အိုင်လင်း"

ဂါးရက် တစ်လှမ်းတည်း ရှေ့တိုးလိုက်သည်။ အမျိုးသမီး၏ ဖြူဖျော့နေသော မျက်နှာက ချက်ချင်း နီရဲသွားတော့သည်။ သူမ ကိုယ်တစ်ဝက် လှည့်ကာ သူမလက်ထဲက အနံ့ဆိုးထွက်နေသော ပုံးကို ဖွက်ရန် အသည်းအသန် ကြိုးစားနေသည်။

သို့သော် ရောဂါကြောင့် အားနည်းနေသဖြင့် လူငယ်တစ်ဦးနှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိပေ။ ဂါးရက် သူမကို ဖိထားလိုက်သည်။

"အန်တီ ကျွန်တော့် ကြည့်ပါရစေ။ ရပါတယ် ရပါတယ်။ ကျွန်တော်က ကုသသူပါ..."

ပုံးထဲတွင် မည်းညစ်ညစ် အဝါရောင် အရာဝတ္ထုများ ပါဝင်သည်။ တစ်ဝက်က အရည်ဖြစ်ပြီး တစ်ဝက်က အခဲဖြစ်သည်။ အားလုံးက မကြာသေးမီက ဝမ်းပျက်ခြင်း၏ ညစ်ပတ်သော အကြွင်းအကျန်များ ဖြစ်သည်။

အန်တီ အိုင်လင်း ရှက်ရွံ့နေသော်လည်း ရောဂါပြီးနောက် အားနည်းနေသဖြင့် ဘာမှ မတတ်နိုင်ပေ။ သူမသည် ဂါးရက်အား ပုံးကို တံခါးနားရှိ လင်းထိန်သော နေရာသို့ ယူသွားခွင့်ပြုပြီး ဂရုတစိုက် လေ့လာခိုင်းရုံသာ တတ်နိုင်သည်။

ဂါးရက် တစ်ချက်ကြည့်လိုက်သည်နှင့် သက်ပြင်းချလိုက်သည်။ ပုံးထဲတွင် အခဲပစ္စည်းများ အတော်အသင့် ပါဝင်ပြီး အရောင်က ပိုမဲသည်၊ သူ အကြောက်ဆုံးဖြစ်သည့် ရေလို ဆန်ဆေးရည်လို ပုံစံမျိုး မဟုတ်ပေ။

ဒါ ကာလဝမ်းရောဂါ မဟုတ်ဘူး။ ဘုရားသခင် ကျေးဇူးပြုပြီး…. အနည်းဆုံးတော့ ကာလဝမ်းရောဂါတော့ မဟုတ်ဘူး။

သူ တုတ်တိုလေးတစ်ချောင်းကို ရှာပြီး အထဲက အရာများကို မွှေကြည့်ကာ ဂရုတစိုက် စစ်ဆေးသည်။ ချွဲ၊ ပြည်များ ပါဝင်သည်။

အနံ့ဆိုးထွက်သော်လည်း ပုပ်သိုးခြင်းမရှိပေ။

ပုံမှန် ချွဲနှင့် ပြည်ပါသော မစင်….

ဘုရားသခင်…..ဘာလို့ ငါ ဒါကို ကိုယ်တိုင် စစ်ဆေးနေရတာလဲ။

သူ၏ ဘဝဟောင်းတွင် ဤလုပ်ငန်းများကို ဓာတ်ခွဲခန်းမှ လူများက ကိုင်တွယ်ခဲ့သည်။

သူ၏ ညည်းညူမှုများကြားမှပင် ယခင်က ဖြစ်ပွားခဲ့သော ဝမ်းပျက်ခြင်း၊ ဖျားခြင်းနှင့် အခြားရောဂါလက္ခဏာများကို ပေါင်းစပ်လိုက်သောအခါ ဂါးရက်သည် ကနဦး ထည့်သွင်းစဉ်းစားချက်တစ်ခု ရရှိခဲ့ပြီးဖြစ်သည်။ ပုံးကို ချထားလိုက်ပြီး သူ့လက်ကို ဆေးကာ ရောဂါရှာဖွေခြင်းနှင့် စစ်ဆေးခြင်းကို ဆက်လက်လုပ်ဆောင်သည်။

အဖျားကြီးခြင်း၊ ဗိုက်နာခြင်း၊ အရေးပေါ် နာကျင်စွာ ဝမ်းသွားခြင်း၊ အူသံများ တိုးလာခြင်း၊ ဘယ်ဘက်အောက်ပိုင်း ဝမ်းဗိုက်တွင် သိသာထင်ရှားသော နာကျင်ခြင်း…..

ဘက်တီးရီးယား ဝမ်းကိုက်ရောဂါဟု ယူဆလို့ရသည်။

သွေးစစ်ဆေးမှု၊ မစင်စစ်ဆေးမှု၊ ဘက်တီးရီးယားမွေးမြူမှုနှင့် အူမကြီးကြည့်မှန်ပြောင်းတို့ မရှိသလို ဘာမှ မရှိပေ။

သူသည် ဘက်တီးရီးယား ဝမ်းကိုက်ရောဂါဟုသာ ယူဆနိုင်ခဲ့သည်...

ဂါးရက်သည် ယူဆဟူသော စကားလုံးကို တိတ်တိတ်ဆိတ်ဆိတ် အလေးအနက်ထားလိုက်သည်။ ၎င်းသည် ဘက်တီးရီးယား ဝမ်းကိုက်ရောဂါ ဖြစ်ပါက ကုသမှုအစီအစဉ် ရှင်းလင်းသွားမည်ဖြစ်ပြီး အချို့ကို သူ ယခုပင် စတင်လုပ်ဆောင်နိုင်သည်။ ဂါးရက် ထွေထွေထူးထူး စဉ်းစားနေရန် မလိုတော့ပေ။ သူ လှည့်လိုက်ပြီး ပြောသည်။

"ရေမွန်.. အစ်ကိုကြီး"

"ဘာလဲ"

ရေမွန်က သူ့ဘေးနားတွင် စိုးရိမ်တကြီး ဒူးထောက်ထိုင်လိုက်ပြီး ဂါးရက်၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်။ ဂါးရက်က သူ့ကို ခေါ်သည်ကို ကြားသောအခါ ချက်ချင်း မတ်တပ်ရပ်သည်။

"ကျွန်တော့်ကို ဘာလုပ်စေချင်လဲ"

"အိမ်မှာ ရေနွေးဆူနေတာ ရှိလား။ မရှိရင် သွားတည်လိုက်။ ရေနွေးပူပူတစ်ပန်းကန် ယူလာပေး။ မှတ်ထားနော် လက်အရင်ဆေးရမယ်။ ပန်းကန်ကို ရေနွေးနဲ့ ဆေးပြီးမှ ယူလာခဲ့။ ကျွန်တော့်ကို ဆားယူလာပေး။ သကြားရှိရင် နည်းနည်းပါ ထည့်ယူလာခဲ့"

ရေမွန်က အလုပ်ကို အလုပ်ရှုပ်စွာ လုပ်ဆောင်သည်။ ဂါးရက်က အာရုံစိုက်ကာ အန်တီ အိုင်လင်းဘေးတွင် မျက်လုံးအနည်းငယ် မှေးစင်းလျက် ထိုင်နေသည်။

ဘက်တီးရီးယား ဝမ်းကိုက်ရောဂါ၏ ရောဂါဗေဒဆိုင်ရာ ပြောင်းလဲမှုများက အဓိကအားဖြင့် အူမကြီး၊ အထူးသဖြင့် ကန့်လန့်ဖြတ်အူမကြီးနှင့် စအိုတို့တွင် ဖြစ်ပွားသည်။ ထို့ကြောင့် ကုသမှု၏ အဓိကအချက်သည်လည်း အူလမ်းကြောင်းတွင် ရှိသင့်သည်။

"ကျန်းမာရေးအတွက် အသက်ကို အပ်နှံသည်"

သူ၏ ညာလက်ဖဝါးရှိ နွေးထွေးသော အဖြူရောင်အလင်းက မှိန်မှိန်လင်းလာပြီး လူနာ၏ ဘယ်ဘက်အောက်ပိုင်း ဝမ်းဗိုက်ကို ဖိချလိုက်သည်။

ဘက်တီးရီးယားများကို ဖယ်ရှားခြင်း၊ အူလမ်းကြောင်းမှ အရည်ထွက်ရှိမှုကို လျှော့ချခြင်း၊ ဇီဝြဖစ်စဉ်ကို အရှိန်မြှင့်တင်ခြင်း၊ နှင့် သွေးထဲသို့ ဝင်ရောက်လာသော အဆိပ်အတောက်များကို တတ်နိုင်သမျှ မြန်မြန်ဆွေးမြေ့စေခြင်း...

ဂါးရက်က စဉ်းစားနေသည်။ သူ၏စိတ်ထဲတွင် အူလမ်းကြောင်း၏ တည်နေရာနှင့် ဖွဲ့စည်းပုံကို ပုံဖော်ရန် ကြိုးစားပြီး ကုသခြင်းစာလုံးပေါင်း၏ စွမ်းအင်စီးဆင်းပုံကို စိတ်ကူးနေသည်။ သူ၏ လက်ဖဝါးရှိ အဖြူရောင်အလင်းက ပို၍ တောက်ပလာပြီး ခဏအကြာမှ မှိန်သွားသည်။ အန်တီ အိုင်လင်း ပျော်ရွှင်စွာ ထထိုင်လိုက်ပြီး သူမ၏ ဝမ်းဗိုက်ကို ဖိလိုက်သည်။

"ဂါးရက်လေး ငါ အရင်ထက် ကောင်းလာပြီ။ ငါ့ဗိုက် မနာတော့ဘူး"

"အန်တီ လဲနေလိုက်ပါ"

ဂါးရက်က သူမကို ပြန်ဖိချလိုက်ပြီးနောက် ရေမွန်ဆီကနေ ရေပန်းကန်ကို ယူပြီး သကြားနှင့် ဆားရေကို တိုက်ကျွေးလိုက်သည်။ နာရီဝက်ခန့် စောင့်ကြည့်ပြီး အန်တီ အိုင်လင်း ဗိုက်မနာတော့ဘဲ ဝမ်းမသွားတော့ကြောင်း သေချာစေပြီးနောက် ဂါးရက် သက်ပြင်းချကာ မတ်တပ်ရပ်သည်။

"ရေမွန် အန်တီ့ကို ကြည့်ထားပေး။ ငါ အပြင်သွားတော့မယ်"

"ဘယ်သွားမလို့လဲ"

"ဒီမြို့ထဲမှာ ဘယ်နှစ်ယောက် ဖျားနေလဲဆိုတာ သွားကြည့်မလို့"

ဤစကားများကို ပြောပြီးသည်နှင့် ဂါးရက်သည် လေကဲ့သို့ လျင်မြန်စွာ အခန်းထဲမှ ထွက်လာပြီး သူ၏မြင်းပေါ်သို့ တက်လိုက်သည်။

ပထမဆုံး သူသည် စစ်နတ်ဘုရားကျောင်းသို့ အပြေးအလွှား သွားလိုက်သည်။ ကျောင်းဝင်ပေါက်ရှိ လှေကားသုံးထစ်လုံးတွင် လူနာများ ပြည့်ကျပ်နေခဲ့သည်။ ထို့နောက် သူသည် နွေဦးနတ်ဘုရားမကျောင်းသို့ မြင်းဖြင့် သွားခဲ့ရာ တံခါးများ ပိတ်ထားပြီး အစောင့်တစ်ဦးမျှ မတွေ့ရပေ။ ကွင်းပြင်လေးပေါ်တွင် လူတစ်ရာခန့် ထိုင်နေကြခြင်း သို့မဟုတ် လဲလျောင်းနေကြခြင်း၊ ချေးညှော်များ စီးဆင်းနေခြင်းတို့ဖြင့် ပျို့အန်ချင်စရာ အနံ့ဆိုးများ လေထဲတွင် ပျံ့နှံ့နေခဲ့သည်။

ဂါးရက်၏ ရင်ထဲသို့ ပိုမိုနစ်မြုပ်သွားခဲ့သည်။

ဟတ်တ်လန်မြို့တွင် လူဦးရေ နှစ်သောင်းခန့်သာ ရှိသော်လည်း ကျောင်းတွင် ဆေးကုသရန် ရောက်ရှိလာသည့် လူနာဦးရေမှာ နှစ်ရာခန့် ရှိနေပြီဖြစ်သည်။

ဒါဆို ဘုန်းကြီးတွေ ကုသပေးပြီးသား လူနာတွေရော။

အားနည်းလို့ မလာနိုင်သေးတဲ့သူတွေရော။

မကူးစက်သေးတဲ့သူတွေ ဒါမှမဟုတ် ရောဂါလက္ခဏာ သက်သာလို့ မလာသေးဘူးလို့ ထင်နေတဲ့သူတွေရော။

ကူးစက်နှုန်း ၁% မျှဖြင့်ပင် ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။

ကျန်းမာရေးစနစ်တစ်ခုတည်းကိုသာ အားကိုး၍ မရနိုင်တော့ဘဲ သတင်းပို့ရမည်။

အရေးပေါ်အစီအစဉ်များ စတင်ရမည်ဖြစ်ကာ အုပ်ချုပ်ရေးပိုင်းကပါ ပါဝင်ပတ်သက်ရမည်ပင်။

ကံကောင်းစွာဖြင့် မြို့စားအိမ်တော်က ဤနေရာမှ မဝေးပေ။ ဂါးရက်သည် အိမ်တော်ဂိတ်သို့ အပြေးအလွှား ရောက်ရှိလာပြီး မြင်းပေါ်မှ ဆင်းကာ အစောင့်တစ်ဦးကို ဆွဲလိုက်သည်။

"မြို့စား ဘယ်မှာလဲ"

"သူ မြို့ထဲက ထွက်သွားပြီ"

နွေရာသီပွဲတော်တွင် သူ့အား ကူညီခဲ့သည့် အစောင့်က သူ့ကို မှတ်မိနေပြီး လျင်မြန်စွာ ပြန်ဖြေသည်။

"သုံးရက်တောင် ရှိသွားပြီ။ မြို့ထဲမှာ ဖျားတဲ့လူတွေ ပိုများလာတော့ မြို့စားက အိမ်ခြံမြေဆီကို သွားလိုက်ပြီ"

အား….

ဂါးရက်သည် ကျေးဇူးတင်စကားကို အလျင်အမြန် ပြောကြားပြီး ခြေဆောင့်ကာ လှည့်ထွက်သွားသည်။ သူသည် ဆင်းရဲသားရပ်ကွက်ဆီသို့ တည့်တည့်သွားပြီး သူ ကောင်းစွာသိရှိသည့် လမ်းများ၊ လမ်းသွယ်များကြားမှ ဖြတ်သန်းကာ အကြီးအကဲ အယ်လ်ဝင်းကို ရှာတွေ့သည်။

"ဆရာ ဒီလိုလုပ်လို့ မရတော့ဘူး။ ကပ်ရောဂါ ကျရောက်လာပြီ။ တစ်ယောက်ချင်းစီ ကုသနေလို့ အားလုံးကို မကယ်နိုင်ဘူး"

အကြီးအကဲ အယ်လ်ဝင်းသည် သူ၏ မှော်စာလုံး ရွတ်ဆိုခြင်းကို ရပ်လိုက်သည်။ ချွေးစက်များက သူ၏ နှင်းဖြူရောင်ဆံပင်နှင့် မုတ်ဆိတ်များပေါ်မှ စီးကျနေသည်။ သူက ဂါးရက်ကို ကြည့်လိုက်သည်။

"ဘာအကြံပေးချင်လဲ"

"ဆရာ မြို့ထဲက ထင်ရှားတဲ့ ပုဂ္ဂိုလ်အားလုံးကို စုစည်းပြီး စည်းမျဉ်းစည်းကမ်းတွေကို ပြန်လည် ချမှတ်ပေးဖို့ တောင်းဆိုပါတယ်။ ပြီးရင်…."

ဂါးရက်က အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ တံခါးဝမှနေ၍ ဆန့်တန်းနေသည့် အဆုံးမရှိသည့် တန်းစီနေသော လူများနှင့် စိတ်အားထက်သန်သည့် မျက်လုံးအစုံများကိုကြည့်ကာ…..

"ကျွန်တော်တို့ ဒီကပ်ရောဂါကို ထိန်းချုပ်ရမယ်"

All Chapters