အခန်း (၉၅)
Vol. 7 Ch. 95
တစ်နာရီခန့် အကြာတွင် စစ်နတ်ဘုရားကျောင်း၏ ဘုန်းတော်ကြီး၊ မြို့စောင့်တပ်မှူး၊ ဘာရွန်ဘောင်း၊ သူရဲကောင်း ဆာလီဗီနှင့် မြို့ထဲတွင် ကျန်ရှိနေသေးသော ချမ်းသာကြွယ်ဝသည့် ကုန်သည်အချို့ဖြစ်သော အစားအသောက်ကုန်သည်၊ ဆေးဆိုးသမား၊ ဆောက်လုပ်ရေးသမဂ္ဂအကြီးအကဲ၊ လက်ဝတ်ရတနာဆိုင်ပိုင်ရှင် အစရှိသူတို့သည် မြို့စောင့်တပ်စခန်းတွင် စုဝေးခဲ့ကြသည်။ ဂါးရက်က သူတို့ကို နာမည်တပ်၍ ခေါ်ခဲ့ပြီး သူတို့အားလုံး ကြောက်ရွံ့စွာဖြင့် ရှည်လျားသောစားပွဲတွင် ထိုင်နေကြသည်။
"...နွေဦး နတ်ဘုရားမကျောင်းကရော"
ဂါးရက်က အကြာကြီး စောင့်ကြည့်သော်လည်း ဘုရားကျောင်းမှ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရပေ။ သူက မေးမြန်းစုံစမ်းနေသော အကြီးအကဲ အယ်လ်ဝင်းကို တိုးတိုးလေး မေးလိုက်သည်။ အကြီးအကဲကလည်း အသံကို နှိမ့်၍
"သူတို့ တံခါးတွေ ပိတ်ထားတာ မနေ့တနေ့ကတည်းကပဲ... ဂိုဏ်းချူပ်ဘုန်းတော်ကြီးကနေ အစောင့်တွေအထိ အားလုံး ဖျားကုန်တယ်လို့ ပြောတယ်..."
"ဒါဆို ဘာလို့ ကျွန်တော်တို့ကို ဒီကို ခေါ်တာလဲ"
ထိုနေရာ၌ ရာထူးအမြင့်ဆုံးဖြစ်ပြီး စိတ်မရှည်သည့် ဘာရွန်ဘောင်းက ပထမဆုံး မေးခွန်းထုတ်လိုက်သည်။
"ဂိုဏ်းချုပ်ဘုန်းတော်ကြီးကျွန်တော်တို့ အိမ်ကို လာကြည့်လို့ မရဘူးလား။ လူတွေ မကောင်းတာ ဘယ်နှစ်ယောက်တောင် ရှိနေပြီလဲ..."
"ဟုတ်တယ် ကျွန်တော်တို့ အိမ်မှာလည်း"
"ကျွန်တော်တို့ အိမ်မှာလည်း..."
ဆူပူသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ထိုမြင်ကွင်းကို မြင်သောအခါ အကြီးအကဲ အယ်လ်ဝင်း ရှေ့ကို တစ်လှမ်းတိုးလိုက်ပြီး သူ၏ ဝက်သစ်ချသားလှံတံကို မြှောက်တင်ကာ မြေပြင်ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
ဒုန်းဆိုသည့် အသံနှင့်အတူ ခန်းမတစ်ခုလုံး ယိမ်းထိုးသွား၏။
ငလျင်ငယ်လေး လှုပ်သွားသလိုပင်။
"ဒါ ကပ်ရောဂါမို့လို့ပဲ။ ကြီးမားတဲ့ ကပ်ရောဂါ"
အဘိုးအိုသည် အားအပြည့်ဖြင့် အော်ဟစ်လိုက်ရာ ခန်းမတစ်ခုလုံး တဝီဝီ မြည်ဟည်းသွားသဖြင့် ဂါးရက်သည် သူ၏ နားများကို ဖုံးအုပ်ထားရသည်။
"လူတိုင်းရဲ့ အင်အားကို မစုစည်းဘူးဆိုရင် မြို့ရဲ့ သုံးပုံတစ်ပုံလောက် သေဆုံးကုန်လိမ့်မယ်။ ဂါးရက် မင်း ပြော"
သူသည် ဘေးသို့ နုတ်လိုက်သောအခါ ဂါးရက်ကို တွေ့လိုက်ရသည်။ လူဆယ်ဂဏန်းခန့်၏ မျက်လုံးများက ကြည့်နေကြပြီး အဘိုးအို၏ နောက်တွင် ရပ်နေသည့် လူငယ်တစ်ဦးကို တွေ့ရသည်။
ထိုသူက အခြားသူများနှင့် မတူညီစွာ ဝတ်စားထားသည်။ သဘာဝနတ်ဘုရားဂိုဏ်း၏ ထင်ရှားသည့် ဝက်သစ်ချသားလှံတံကို ကိုင်ဆောင်ထားပြီး လှံတံပုံစံ ထောင့်ဖြတ်ထိုးထားသည့် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ဝတ်ရုံကိုသာ ကြည့်ခြင်းဖြင့် သူသည် ပုံမှန် အဆင့် ၁ မှော်ဆရာဖြစ်ကြောင်း သိရှိနိုင်သည်။
သူက ဘယ်သူလဲ။
သတင်းအစုံအလင် သိရှိသူများက ရက်အနည်းငယ်အကြာတွင် မြို့ထဲ၌ မှော်ဆရာအလုပ်သင်တစ်ဦး ပေါ်ပေါက်လာပြီး သဘာဝနတ်ဘုရားဂိုဏ်း၏ အကြီးအကဲက တပည့်အဖြစ် လက်ခံလိုက်သည်ကို သိရှိကြသည်။ သတင်းအနည်းငယ်သာ သိရှိသူများကမူ အတင်းအဖျင်းပြောဆိုလျက် ရှာဖွေနေဆဲပင်။ ဂါးရက်သည် ဘေးသို့ နှစ်လှမ်းရွေ့ပြီး အစောပိုင်းက ယူလာသည့် သစ်သားဘုတ်ပြားရှေ့တွင် ရပ်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ လက်ရှိကုသမှုနည်းလမ်းတွေအတိုင်း ဆက်သွားရင် လူနာအရေအတွက်ပဲ တိုးလာမှာဖြစ်ပြီး ကုသသူတွေရဲ့ အင်အားက ဘယ်တော့မှ လိုက်မမီနိုင်ဘူး။ ဆရာကျွန်တော်တို့ ဂိုဏ်းက တစ်နေ့ကို လူဘယ်နှစ်ယောက် ကုသပေးနိုင်လဲ"
"လူနာတွေရဲ့ ပြင်းထန်မှုအပေါ် မူတည်တယ်..."
"သူတို့ တစ်ရက် နှစ်ရက်လောက် အိပ်ရာထဲလဲနေပြီဆိုရင်ရော"
အကြီးအကဲ အယ်လ်ဝင်းက တိတ်တိတ်ဆိတ်ဆိတ် တွက်ချက်သည်။
"ဒုတိယအဆင့် ဘုန်းကြီးတွေအတွက်ဆိုရင် တစ်နေ့ကို အနည်းဆုံး တစ်ယောက် ကုသနိုင်တယ်။ ခင်ဗျားနဲ့ ကျွန်တော့်ကို ထည့်တွက်ရင် ဂိုဏ်းထဲမှာ စုစုပေါင်း လူ ဆယ့်လေးယောက် ရှိတယ်။ အဆင့်တွေလည်း မတူဘူး... အင်း၊ လူ ၃၀ ကနေ ၃၅ ယောက်လောက်ဘဲ ၄၀ မကျော်ဘူး"
"ဂိုဏ်းချုပ်ဘုန်းတော်ကြီး စစ်နတ်ဘုရားကျောင်းကရော ဘယ်လိုလဲ"
"အကြမ်းဖျင်း တူတူပဲ"
"ဒါဆို မနေ့တနေ့က လူနာဘယ်နှစ်ယောက်ရှိလဲ။ မနေ့က ဘယ်နှစ်ယောက်လဲ။ မင်းတို့ ဒီနေ့တင် မြို့ထဲမှာ လူနာဘယ်နှစ်ယောက်ရှိလဲဆိုတာ သိကြလား"
ဂါးရက်၏ အသံ ရုတ်တရက် ကျယ်လောင်လာသည်။ ခန်းမထဲတွင် တိတ်ဆိတ်သွားပြီး အကြီးအကဲ အယ်လ်ဝင်း၏ တည်ငြိမ်သော အသံကိုသာ ကြားရသည်။ သူ၏ တပည့်အတွက် မှတ်စုမှတ်နေသကဲ့သို့ပင်။
"မနေ့တနေ့က ကျွန်တော်တို့ စုစုပေါင်း လူနာ ကိုးဦး ကုသခဲ့တယ်။ မနေ့က နှစ်ဆယ့်ရှစ်ဦး။ ဒီနေ့တော့ ကျွန်တော် မြင်ခဲ့ရတဲ့သူတွေတင် ရာကျော်နေပြီ"
"မနေ့တနေ့က ငါးဦး။ မနေ့က ဆယ့်ကိုးဦး"
ထိပ်ပြောင်ဘုန်းတော်ကြီးက အသံတိုးတိုးဖြင့် ထပ်ပြောသည်။
"ဒီနေ့တော့ ရာကျော်နေပြီ"
သူတို့ စကားပြောနေချိန်တွင် ဂါးရက်က လက်ဝှေ့ယမ်းပြီး မှော်ပညာဖြင့် အဖြူရောင်ဘုတ်ပေါ်တွင် မျဉ်းဇယားတစ်ခု ဆွဲလိုက်သည်။ လူတိုင်း၏ မျက်လုံးများ ထိုမျဉ်းပေါ်တွင် စူးစိုက်လာကြသည်။
ပထမနေ့တွင် လူ ၁၄ ဦး။ ဒုတိယနေ့တွင် လူ ၄၇ ဦး။ တတိယနေ့တွင် လူ ၂၀၀။ ဒီလို ပုံစံအတိုင်းဆိုရင် စတုတ္ထနေ့မှာရော ဘယ်လိုဖြစ်မလဲ။ ပဉ္စမနေ့၊ ဆဋ္ဌမနေ့မှာရော။
ဂါးရက်လည်း ထိုအကြောင်း စဉ်းစားနေမိသည်။ ဝမ်းကိုက်ရောဂါရဲ့ R0 က ဘယ်လောက်လဲ။ ရောဂါကူးစက်မှုအရေအတွက်ကို တွက်ချက်တဲ့ ဖော်မြူလာက ဘာလဲ။ သေဆုံးနှုန်းက ဘယ်လောက်လဲ။ မနက်ဖြန်၊ သန်ဘက်ခါ၊ နောက်တစ်နေ့မှာ လူဘယ်နှစ်ယောက် ဖျားနာမလဲ။
ထားလိုက်ပါတော့ ဘာပဲဖြစ်ဖြစ် ရမ်းဖြည့်လိုက်တော့မယ်။ ဒီမှာ ဘယ်သူမှ နားမလည်ကြပါဘူး။
(T/L R0 ဆိုတာက ရောဂါပိုးရှိတဲ့လူတစ်ဦးကနေ အခြားသူဘယ်နှစ်ဦးကို ထပ်ပြီးကူးစက်နိုင်မလဲဆိုတာ ခန့်မှန်းတဲ့ ပျှမ်းပြကိန်းဂဏန်းတစ်ခုပါ။ တို့တွေ covid 19ကလို လူဘယ်လောက်ကူးစက်လဲပြတဲ့ အတိုင်းအတာပေါ့)
သူ လက်ကို ထပ်ဝှေ့ယမ်းလိုက်သည်။ အောက်ခံ အနက်ရောင်မျဉ်းရှိသော ဇယားပေါ်တွင် တောက်ပသော အနီရောင်မျဉ်းက မြင့်မားစွာ မြင့်တက်သွားတော့သည်။ စတုတ္ထနေ့တွင် ခြောက်ရာ။ ပဉ္စမနေ့တွင် တစ်ထောင့်ငါးရာ။ ဆဋ္ဌမနေ့တွင် ငါးထောင်။ မျဉ်းက မတ်စောက်ပြီး ထိတ်လန့်စရာကောင်းသည်။ အသက်ကို ကိုယ်စားပြုသည့် အစိမ်းရောင်မျဉ်း (လူရာဂဏန်းသာရှိ) ထက် များစွာ သာလွန်နေသည်။
"ကျွန်တော်တို့ ဒီလောက်များတဲ့ လူတွေကို မကုသပေးနိုင်ဘူး။ ထိန်းချုပ်မထားဘူးဆိုရင် ဘယ်သူမှ ဒီလောက်များတဲ့ လူတွေကို မကယ်နိုင်ဘူး။ လူကြီးမင်းတို့၊ ကိုယ့်ကိုယ်ကို၊ ကိုယ့်မိသားစု၊ ကိုယ့်သူငယ်ချင်းတွေ ဖျားနာပြီး မသေချင်ဘူးဆိုရင် ကျွန်တော်တို့ ချက်ချင်း အရေးယူရမယ်"