ဝစီပိတ်တပည့်ဟု မပြောရ
Vol. 25 Ch. 362
မုန်ကျင်းကျိုး တစ်ကိုယ်တော်ကျိန်စာလက်သီးသုံးချင်စိတ်ကို အတင်းထိန်းထားရသည်။ သူတစ်ခါလှည့်စားခံရဖူးသော်လည်း လူတစ်ယောက်ကို လူပျိုဘဝဖြစ်အောင် ကျိန်စာတိုက်ပြီး မျှတအောင်လုပ်ဖို့ မလုံလောက်။
ထိုသို့လုပ်ခြင်းသည် အဆင်မပြေ။
လန်ထင်ဆန္ဒအလျောက် အရှုံးပေးပြိးနောက် ပြိုင်ပွဲက အဆုံးသတ်သွားသည်။ ပရိတ်သတ်ထဲမှကျင့်ကြံသူများ အားမလိုအားမရဖြစ်၍ ကျန်ရစ်ခဲ့သည်။
"ပါရမီရှင်တွေရဲ့ တိုက်ပွဲဆိုတာ ဒီလိုမျိုးလား။ ကြည့်လို့တောင်မဝဘူးကွာ"
"ငါ့ကိုယ်ငါ ရွှေသန္ဓေအခြေတည်အဆင့်လို့တောင် ထပ်မပြောရဲတော့ပါဘူး။ ငါ့လိုလူဆယ်ယောက်ပေါင်းရင်တောင် သူတို့ကိုမယှဉ်နိုင်ဘူး"
"ဟုတ်တယ်။ ငါ့သန္ဓေ တည်ဆောက်တုန်းက ငါ့ကိုယ်ငါ စွမ်းအားကြီးတဲ့လူလို့ ထင်ခဲ့တာ။ ကိုယ်ကိုယ်ကိုအဟုတ်ထင်ခဲ့တာ။ ဒါပေမယ့် သူတို့တိုက်ပွဲကိုကြည့်ပြီးတော့ အိမ်ပြန်ပြီး ဇွဲကောင်းကောင်းနဲ့ ဆက်ကျင့်ကြံဖို့ပဲ တွေးမိတော့တယ်"
ရွှေသန္ဓေအဆင့်ရောက်ခြင်းသည် ကိုယ့်မိသးစု နှစ်ငါးရာတိုးတက်ရှင်သံနိုင်သည့် သဘောဖြစ်သည်။ ယန်ကျန်းကောင်တီလို နယ်မြေငယ်လေးများတွင် လွှမ်းမိုးနိုင်သည့်ပုဂ္ဂိုလ်မျိုးဖြစ်သည်။ ထိုကောင်တီတွင် ရွှေသန္ဓေအဆင့် သုံးယောက်သာရှိသည်။
ထို့ကြောင့် ရွှေသန္ဓေကို စိတ်အားထက်သန်စွာ တည်ဆောက်ကြပြီး ရွှေသန္ဓေအကဲဖြတ်ပွဲသို့ လာခဲ့ကြသည်။ အဆက်အသွယ်များ ရလာဖို့မျှော်လင့်ခဲ့ကြသည်။ သို့သော်ယခု လုယန်တို့တိုက်ပွဲကြောင့် သူတို့ယုံကြည်ချက်များ ကြေမွသွားသည်။
ကွာဟချက်ကြီးမားသည်ကိုမြင်ပြီး ထိုလူများအတွက် လက်ခံဖို့ခက်ခဲမည်ကို အကြီးအကဲခန်း ကြိုတွက်ထားပြီးဖြစ်သည်။
"ကိုယ့်ကိုယ်ကို အထင်မသေးကြပါနဲ့။ ရွှေသန္ဓေအဆင့်ကို ရောက်တယ်ဆိုတာ ကျင့်ကြံသူ ကိုးဆယ့်ကိုးရာနှုန်းထက် သာလွန်တဲ့သဘောပါပဲ။ ခင်ဗျားတို့အားလုံး နတ်ဝိညာဉ်အဆင့်ရောက်နိုင်ခြေရှိတဲ့ အလတ်တန်းရွှေသန္ဓေပိုင်ရှင်တွေပါ။
တိုက်ပွဲတစ်ပွဲကြောင့် ကိုယ့်ကိုယ်ကို သံသယမဝင်ကြပါနဲ့"
ယွမ်ဇီက မချိပြုံးပြုံးသည်။
"ကိုယ့်ကိုယ်ကို သံသယဝင်တာမဟုတ်ပါဘူး။ ကျုပ်တို့ကြားက ကွာဟချက်က ကြီးလွန်းနေလို့ပါ။ တစ်ခြားကျင့်ကြံသူကိုးဆယ့်ကိုးရာနှုန်းထက် သာလွန်တယ်လို့တောင် ကျုပ်တို့မခံစားနိုင်ဘူး"
အကြီးအကဲခန်း ခေါင်းခါသည်။
"ကိုယ့်ကိုယ်ကို မသေမျိုးဂိုဏ်းတပည့်တွေနဲ့ ယှဉ်လို့မဖြစ်ဘူးလေ။ အထူးသဖြင့် ဒီနေ့ငါးယောက်ပေါ။ သူတို့လိုပါရမီရှင်မျိုးက နှစ်တစ်သန်းမှာတောင် တစ်ယောက်ပေါ်ဖို့ ခဲယဉ်းတယ်။ ဘာလို့အခု သူတို့ပေါ်လာတာလဲ။
မဟာကပ်ပြိုင်ဆိုင်မှုမှာ ထွန်းတောက်ဖို့ ကံပါလာလို့ပေါ့။ အဲဒီ့ခေတ်ကို ပုံဖော်တဲ့စွမ်းအားရှင်တွေတောင် ဖြစ်လာနိုင်တယ်"
သူပြောသည့်အဓိပ္ပါယ်က ရှင်းသည်။ သာမန်ကျင့်ကြံသူလောကတွင် ခင်ဗျားတို့အတော်ထူးခြားသည်။ အလယ်ပိုင်းတိုင်နယ်တွင် ခင်ဗျားတို့လိုလူမျိုး များများစားစားမရှိနိုင်။ လုယန်တို့အုပ်စုက နှစ်တစ်သန်းတွင် တစ်ယောက်ပေါ်ခဲသည့် ပါရမီရှင်များဖြစ်သည်။ အဆင့်အတန်းချင်း ယှဉ်၍မရ။
ထို့ကြောင့် ကိုယ့်ကိုယ်ကို စိတ်ညစ်မခံသင့်။
ဆန်ခါတင်စာရင်းမှ ထုတ်ပယ်ခံရသည့် ယန်သခင်လေးနှင့် ကုချီရှန်းတို့အဖွဲ့လည်း စင်မြင့်ပေါ်မှ တိုက်ပွဲများကို တောက်ပသည့်မျက်လုံးအစုံဖြင့် ကြည့်နေကြသည်။
သူတို့အားလုံး ဆယ့်ရှစ်နှစ်အောက်လူငယ်များဖြစ်သည်။ သို့သော် ထိုပါရမီရှင်များက သန္ဓေတည်ဆောက်ပြီးမှ အဆင့်ကွာခြားသည့် အခြေတည်အဆင့်များကို စိတ်ခေါ်တိုက်ခိုက်ခြင်းဖြစ်သည်။ သူတို့က သန္ဓေတည်ဆောက်ဖို့ လုံးပမ်းနေကြဆဲဖြစ်သည်။
ကွာခြားချက်က သိသာလွန်းသည်။
သို့သော် သူတို့စိတ်ဓာတ်မကျ။ ကွာဟချက်ကြီးလွန်းသော်လည်း မနာလိုဝန်တိုခြင်း ဒေါသထွက်ခြင်းမရှိ။ လုယန်တို့အပေါ် လေးစားအားကျရုံသာဖြစ်သည်။ ဤတိုက်ပွဲများ ကြည့်လိုက်ရသဖြင့် သူတို့၏လိုအပ်ချက်များကို မြင်လာသည်။ ပြန်ရောက်သည်နှင့် စိတ်နှစ်ကိုယ်နှစ်ကျင့်ကြံရန် သန္နိဌာန်ချထားကြသည်။
.....
လုယန် မုန်ကျင်းကျိုးဘက်မှအခြေအနေကို အာရုံမစိုက်မိ။ သူ့တိုက်ပွဲအရင်ပြီးဆုံးသွားမှန်းသိရသဖြင့် အံ့အားသင့်နေသည်။
"မင်းဘာလို့ ဒီလေက်မြန်မြန်ရှုံးသွားတာလဲ"
မုန်ကျင်းကျိုးက မျက်နှာတင်းတင်းဖြင့် သူ့ကိုမောင်းထုတ်သည်။
"သွားစမ်းပါကွာ။ ဒီအကြောင်း လာမပြောနဲ့။ ပြောရင် မင်းကိုငါ တစ်ကိုယ်တော်လက်သီးနဲ့ထိုးပစ်မယ်"
သူခြိမ်းခြောက်သည်ကို လုယန်မကြောက်ပါ။ မသေမျိုးတစ်ယောက် သူ့ကိုကာကွယ်ပေးနေသည်။ မုန်ကျင်းကျိုးကျိန်စာလက်သီး သူ့အပေါ်သက်ရောက်စရာမကြောင်းမရှိ။
သူတို့စကားပြောနေစဉ် လန်ထင် အနားသို့လျှောက်လာသည်။ လက်ထဲတွင် သုံးရောင်ခြယ်ကျောက်တုံးငယ်တစ်ခု ကိုင်ထားသည်။
"အဲဒါဘာလဲ"
လန်ထင်က ပြုံးလျက်
"အကိုလု မေ့နေပြီလား။ ဒါက ပထမဆုလေ။ သန္ဓေတည်ဆောက်တဲ့ ရတနာပေါ့။ သန္ဓေတည်ဆောက်နိုင်ခြေ ငါးဆယ်ရာနှုန်းအထိ တိုးမြှင့်ပေးတယ်"
လုယန် ထိုပစ္စည်းမျိုးကို ကြားဖူးသည်။ ရွှေသန္ဓေအကြိုအဆင့် ကျင့်ကြံသူများ အရူးအမူးလိုချင်ကြသည်။ လူတစ်ယောက်၏စည်းစိမ်ဥစ္စာ ကုန်ခမ်းသွားနိုင်လောက်သည်အထိ ဈေးနှုန်းမြင့်သည်။
တာအိုလမ်းစဉ်ဂိုဏ်းတွင် သန္ဓေတည်ဆောက်သည့်ရတနာများမှလွဲလျှင် ကျန်တာအားလုံးရှိသည်။
တစ်ခြားမသေမျိုးလေးဂိုဏ်းလည်း ထိုသို့ပင်ဖြစ်သည်။
သတိူု့အားလုံး ပါရမီရှင်များဖြစ်သည်။ သန္ဓေတည်ဆောက်ဖို့ ပြင်ပအကူအညီ ယူစရာမလိုကြ။
လုယန်နှင့်မုန်ကျင်းကျိုးက ပထမနှင့်ဒုတိယနေရာအတွက် ဆုကြေးအဖြစ် ရွှေသန္ဓေရတနာနှစ်ခု၊ သန္ဓေတည်ဆောက်မှုအတွေးအမြင်နှစ်ခု ရမည်။
"လန်ထင်၊ လာနောက်မနေပါနဲ့တော့။ လောင်မုန်နဲ့ငါက ဒါတွေဘာလို့လိုမှာလဲ။ တတိယနဲ့စတုတ္ထရတဲ့လူတွေကိုပဲ ပေးလိုက်ပါ"
လန်ထင် ရယ်မော၍ ရွှေသန္ဓေရတနာကို ပြန်သိမ်းလိုက်သည်။ အမှန်တော့ ထိုရတနာသည် သူ့ကိုယ်ပိုင်ပစ္စည်းတစ်ခုဖြစ်သည်။ လုယန်ကိုစနောက်လို၍ ထုတ်လာခြင်းဖြစ်သည်။ ဆုကြေးသတ်မှတ်ထားသည့် ရွှေသန္ဓေရတနာများကို တတိယနှင့်စတုတ္ထရသူများအား ပေးလိုက်ပြီးဖြစ်သည်။
ပိုင်မင်နှင့် ယန်ထန်ကျိလည်း အနားသို့လျှောက်လာပြီး ဖိတ်ခေါ်သည်။
"ငါတို့ဆုံဖြစ်ကြဖို့ဆိုတာ ခဲယဉ်းတယ်။ နေရာတစ်ခုရှာပြီး သွားထိုင်ရအောင်"
"ကောင်းပြီလေ"
လုယန်နှင့်မုန်ကျင်းကျိုးတို့ ခေါင်းငြိမ့်လိုက်သည်။
မသေမျိုးငါးဂိုဏ်းတပည့်များဖြစ်၍ အချင်းချင်း မဖြစ်မနေ ပြောဆိုဆက်ဆံကြရသည်။
"နယ်စားရဲ့တပည့်တွေက စားသောက်ဆိုင်တစ်ချို့ကို ညွှန်းထားတယ။ မြို့ထဲမှာ အတော်နာမည်ကျော်တယ်တဲ့။ ဒီမှာ ယာယီဆိုင်ခွဲလာဖွင့်ကြတာလို့ ပြောတယ်"
ပိုင်မင်က သူတို့ကို အထပ်သုံးထပ်ရှိသည့် စားသောက်ဆိုင်သို့ ခေါ်သွားသည်။ မှော်ပညာအသုံးပြု၍ ယာယီတည်ဆောက်ထားသည့် အဆောက်အဦးဖြစ်သည်။ အဆင်တန်ဆာများက ရှေးဟောင်းလက်ရာပုံစံနှင့်တူသည်။ အနုစိတ်ပုံဖော်ထားသည်။
စားပွဲထိုးက ပိုင်မင်ဝင်လာသည်ကိုမြင်သည်နှင့် စိတ်အားထက်သန်စွာမေးသည်။
"ကိုယ်တော်၊ ဆွမ်းအလှူခံဖို့လာတာလား"
"...စားဖို့လာတာကွ"
"သက်သက်လွတ်လား"
ပိုင်မင် ဒေါသထွက်သွားသည်။
"ငါဘုန်းကြီးမဟုတ်ဘူးကွ"
သိုင်းလောကတွင် ကောလဟာလထွက်ပေါ်နေသည့် သိုင်းပညာတစ်မျိုးကို စားပွဲထိုးပြန်သတိရလာသည်။ ဆံပင်ကို လက်နက်အဖြစ်သုံးခြင်းဖြစ်သည်။ ဆံပင်တစ်ချောင်းချင်းစီကို စွမ်းအားကြီးလက်နက်အဖြစ် အသုံးပြုနိုင်သည်။ သို့သော် ထိုပညာတွင် ချွင်းချက်တစ်ခုရှိသည်။ အသုံးပြုပြီးသားဆံပင်သည် ပြန်မပေါက်တော့။ တစ်ခါသုံးသာဖြစ်သည်။
ထိုပညာကိုကျွမ်းကျင်သည့် လူတစ်ယောက်အကြော်ငးလည်း ဇာတ်လမ်းရှိသည်။ ပြင်းထန်သည့်တိုက်ပွဲတစ်ခုတွင် သူ့ဆံပင်အားလုံး ဆုံးရှုံးသွားပြီး ဘုန်းကြီးဘဝရောက်သွားသည်ဟူ၏
စားပွဲထိုး ပိုင်မင်ကို ကရုဏာသက်ဟန်ဖြင့်ကြည့်သည်။ ဆံပင်ဆုံးရှုံးသွားသည့်အဖြစ်ကို လက်မခံနိုင်သည် နောက်ထပ်ကံဆိုးသူတစ်ယောက်ဖြစ်မည်ဟု တွေးနေသည်။
"ဪ...ဟုတ်သားပဲ၊ ဒါက မင်းအတွက်ပါ။ လောလောဆယ် သုံးလို့ရတာပေါ့"
ထိုအဖြစ်ကိုကြည့်၍ လုယန်က ဆံတုတစ်ခုဆွဲထုတ်ပြီး ပိုင်မင်ကို လှမ်းပေးလိုက်သည်။
အရဟတ်လက်သီးပညာ တတ်ပြီးကတည်းက လုယန် အမြဲတမ်း ဆံပင်တုအပိုများ လိုလိုမယ်မယ် ဆောင်ထားသည်။ ယခု အသုံးတည့်သွားသည်။
ပိုင်မင်က သူ့ကိုကတုံးဖြစ်အောင်လုပ်ခဲ့သည့် တရားခံ၏ ဆံပင်တုကို စိုက်ကြည့်သည်။ သူ့လှံရှည်ကိုချက်ချင်းဆွထုတ်ပြီး ထိုးသတ်ချင်စိတ်ပေါက်နေသည်။ ထို့နောက် ဆံတုကို စိတ်မပါ့တပါ စွပ်လိုက်သည်။
လုယန်၏ အရဟတ်လက်သီးသည် ဆံပင်လုံးဝပြန်မပေါက်သည့်အာနိသင်မရှိ၍ ကံကောင်းသည်ဟု ဆိုရမည်။ တစ်လလောက် ဆံတုတပ်ရုံဖြင့် အဆင်ပြေသည်။
ထို့နောက် ယန်ထန်ကျိနှင့် မိတ်ဆက်ပေးသည်။
"ဒါက ထောင်ချုပ်ဂိုဏ်းက ယန်ထန်ကျိပါ။ သူက စကားသိပ်မပြေဘူး"
ယန်ထန်ကျိ အသံတိတ်ခေါင်းငြိမ့်သည်။
စကားနည်းသည့်စရိုက်ရှိဟန်တူသည်။ ထို့ကြောင့် လုယန်က သူ့ကိုမိတ်ဆက်သည်။
"တာအိုလမ်းစဉ်ဂိုဏ်းက လုယန်ပါ။ တာအိုရှင်ဝစီပိတ်ရဲ့တပည့်ပါ"
"ငါက မုန်ကျင်းကျိုးပါ။ ငါတို့ချင်း ခုနက တိုက်ခိုက်ပြီးပြီနော်"
လုယန်နောက်ခံကိုကြားသည်နှင့် ယန်ထန်ကျိ မျက်လုံးပြူးသွားသည်။
"မင်း မင်းဆရာက ငါ့..ငါ့ဆရာကို သတ်...သတ်"
"ငါ့ဆရာက မင်းဆရာကို သတ်ခဲ့တယ်..ဟုတ်လား"
လုယန် မယုံနိုင်အောင်ဖြစ်သွားသည်။ တာအိုရှင်ဝစီပိတ် ဘယ်လောက်ဆိုးသွမ်းသည်ဖြစ်စေ ထိုအလုပ်မျိုးတော့ လုပ်မည်မဟုတ်။
လန်ထင် ချောင်းတစ်ချက်ဟန့်၍ ရှင်းပြသည်။
"ယန်ထန်ကျိက စကားထစ်တဲ့အကျင့်ရှိတယ်။ စကားကို အပိုင်းအပိုင်း ခွဲပြောနေတာပါ။ ရှင်ထင်သလို မဟုတ်ပါဘူး။
ယန်ထန်ကျိရဲ့ဆရာက ထောင်ချုပ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ။ သူငယ်ငယ်တုန်းက ဝစီပိတ်နဲ့ ပြဿနာဖြစ်ခဲ့တယ်။ ဝစီပိတ် တာအိုလမ်းစဉ်ဂိုဏ်းချုပ်ဖြစ်လာတာသိတော့ သူဒေါသထွက်သွားတယ်။
ဒီလူ့မှာ ဒီရာထူးနဲ့ထိုက်တန်လောက်အောင် ဘယ်လိုကောင်းကွက်တွေရှိလို့လဲလို့ သူတွေးတယ်။ ဝစီပိတ်ကို ဂိုဏ်းချုပ်ဆက်ဖြစ်ခွင့်မပေးရင် သူ့သက်တမ်း နှစ်ရှစ်ထောင်ကို အဆုံးရှုံးခံလိုက်မယ်လို ကြေညာခဲ့တယ်"
စုစည်းခြင်းအဆင့် ကျင့်ကြံသူများသည် နှစ်ရှစ်ထောင် သက်တမ်းရှိကြသည်။
"အခု ရှင့်စီနီယာအမ ယွမ်ကျိက လက်ရှိဂိုဏ်းချုပ်မဟုတ်လား။ ဒီတော့ ယန်ထန်ကျိဆရာက သူ့ကတိကိုတည်တဲ့အနေနဲ့ သူ့ကိုယ်တိုင် ဂူသင်္ချိုင်းတစ်ခုဆောက်ထားတယ်။ သူအားတဲ့အချိန် အဲဒီထဲမှာနေတယ်။
ကိစ္စတစ်ခုပေါ်လာမှ အပြင်ထွက်တယ်။ လူတိုင်းကို သူသေသွားပြီလို့ ပြောထားတယ်"
လုယန် - "..."
အမယွမ်ပြောခဲ့သည့်စကားကို သူပြန်သတိရလာသည်။
"အပြင်လောကကိုထွက်ရင် မင်းဟာ တာအိုရှင်ဝစီပိတ်ရဲ့တပည့်ဆိုတာ လုံးဝမပြောနဲ့။ ပြဿနာကို လက်ယပ်ခေါ်သလိုပဲ ဖြစ်လာလိမ့်မယ်"
*****************************************