အသားကင်ဆိုင်ခွဲ
Vol. 25 Ch. 363
ပထမဆုံးဂိုဏ်းတပည့်ဖြစ်ချိန်တွင် ခံစားခဲ့ရသည့် စိတ်လှုပ်ရှားမှုကို လုယန် ပြန်သတိရမိသည်။
ထိုစဉ်က ကျင့်ကြံသူလောကအကြောင်း သူဘာမှမသိ။ ဓားဝိညာဉ်မြစ်ပိုင်ဆိုင်ပြီး တာအိုလမ်းစဉ်ဂိုဏ်းချုပ်က တပည့်အဖြစ်လက်ခံလိုက်ပြီးဟု သိရချိန်တွင် စိတ်လှုပ်ရှားလွန်း၍ တစ်ညလုံး သူအိပ်မပျော်ခဲ့။
သို့သော် အချိန်ကြာလာသည်နှင့် တာအိုလမ်းစဉ်ဂိုဏ်းအကြေင်း ပိုသိလာသည်။ သူ့ဆရာ ဂြိုလ်ကောင်ဖြစ်ကြောင်း သိလာသည်။
ကျင့်ကြံမှုကောင်းကောင်းမလုပ်၍ ယွမ်ကျိ၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို မကြာခဏခံရသည့်အပြင် နေရာတိုင်းတွင် သူ့ရန်သူများရှိနေသည်။
နန်းမြို့တော်မှ အရာရှိများသည် ကိုယ့်အစုနဲ့နှင့်ကိုယ် နေလေ့ရှိကြောင်း သူကြားရသည်။ သူ့အတိတ်ဘဝကလိုပင် ဖြစ်သည်။ နေထိုင်သည့်မြို့ကိုမူတည်၍ အုပ်စုဖွဲ့ကြသည်။
သို့သော် မုန်ကျင်းကျိုးက ရှင်းပြသည်။ ထိုအရာရှိများအုပ်စုဖွဲ့သည့်စနစ်က တာအိုရှင်ဝစီပိတ်နှင့် ပြဿနာဖြစ်ဖူးခြင်းမဖြစ်ဖူးခြင်းအပေါ် အခြေခံထားကြောင်း ပြောသည်။
သူ့ဆရာရန်စခဲ့သည့်လူ ဘာကြောင့်ထိုမျှများပြားသည်ကို သူမခန့်မှန်းနိုင်တော့။
နန်းတွင်းစာမေးပွဲများတွင် တစ်ယောက်ချင်းစီ ပါးရိုက်ခဲ့လေသလားမသိ။
နန်းမြို့တော်အရာရှိများနှင့် မပြေလည်သော်လည်း မသေမျိုးငါးဂိုဏ်းမှလူများကတော့ စည်းစည်းလုံးလုံးရှိကြလိမ့်မည်ဟု သူတွေးခဲ့သေးသည်။
ယခု သူအကောင်းဘက်က တွေးလွန်းခဲ့ပုံရသည်။
သို့သော် သူ့အမယွမ်ကျိကတော့ ယုံကြည်အားကိုးရပါသည်။ ထူးခြားသည့်အလှပိုင်ရှင်လည်းဖြစ်သည်။ သူ့ကျင့်ကြံမှုကို လမ်းညွှန်ပေးသည်။ သူသေရေးရှင်ရေးအခြေအနေကြုံလျှင် အမြဲတမ်း ကူညီရန်အဆင်သင့်ဖြစ်နေသည်။
"အဲလိုတွေးမယ်ဆို ငါလည်း ယုံကြည်အားကိုးရတယ်ဆိုတဲ့ သဘောပေါ့"
ထာဝရနတ်မယ် ပျော်သွားသည်။ လုယန် သူ့အပေါ် အမှန်အတိုင်းမြင်လာပြီဟု ယူဆသည်။
သူသည် ရှေးဟောင်းခေတ် ထိပ်တန်းအလှပိုင်ရှင်ဆယ်ယောက်စာရင်းဝင်ဖြစ်သည်။ သူ့ရုပ်ရည်က အပြစ်အနာအဆာကင်းသည်။ ယွမ်ကျိနှင့် တန်းတူရှိသည်။
လုယန်ကို မှော်ပညာများ သင်ပေးသည်။ ပြိုင်ဘက်ကင်းသန္ဓေတည်ဆောက်နည်းကို လမ်းညွှန်ခဲ့သည်။ လုယန်၏ နာမည်ဂုဏ်သတင်းကို ကူညီတည်ဆောက်ပေးခဲ့သည်။
လုယန်ကို တစ်ခြားတစ်ယောက် ပူးကပ်သိမ်းယူတော့မည့်အချိန်တွင် ကာကွယ်ပေးခဲ့သည်။
လိုအပ်ချက်အားလုံးကို သူဖြည့်ဆည်းခဲ့သည်။
လုယန် နတ်မယ်ကို သတိဖြင့်ကြည့်နေသည်။ သူ့စီနီယာအကိုအမများ တန်းစီ၍ သူ့ကိုအလှည့်ကျရိုက်ခဲ့သည့်အဖြစ်ကို ပြန်သတိရလာသည်။
.......
သူ့စကားများကြောင့် နားလည်မှုလွဲသွားမှန်း ယန်ထန်ကျိ သိလိုက်သည်။ လုယန်အပေါ် သူရန်ငြှိုးရှိသလိုလိုဖြစ်နေသည်။ ခဏစဉ်းစားပြီးနောက် သူ့စိတ်ရင်းအမှန်ကို ပြောပြရန်ကြိုးစားသည်။
"ဆရာ..နဲ့..မင်းတို့ဂိုဏ်း...မဟာ..အကြီးအကဲ...က...အရမ်း...ရင်းနှီးတယ်..မကြာ..ခဏ..တွေ့...ဆုံကြတယ်"
"ဟုတ်လား"
လန်ထင်နှင့်ပိုင်မင် အံ့အားသင့်သွားကြသည်။
လုယန်လည်း နားမလည်နိုင်အောင်ဖြစ်နေသည်။ မကြာခဏတွေ့ကြသည်ဟုဆိုသည်။ ဘယ်ခေါင်းတလားက ပိုအိပ်၍ကောင်းမည်ကို ဆွေးနွေးကြခြင်းလားမသိ။
ယန်ထန်ကျိ ထပ်ပြောချင်သည်။ သို့သော် စကားပြောရသည့်အလုပ်က သူ့အတွက် ပင်ပန်းလွန်းသည်။ ထို့ကြောင့် အစားအသောက်များစောင့်ရင်း ကျောက်စိမ်းတံဆိပ်ထဲမှ ပုံကြမ်းတစ်ချို့ထုတ်၍ စားပွဲပေါ်ဖြန့်ခင်းလိုက်သည်။
ပျားလဘို့ကဲ့သို့ လေးထောင့်ပုံအကွက်များစွာ ဆက်ထားသည်ကို မြင်ရသည်။
ကြည့်လေလေ အိပ်ခန်းသုံးခန်းပါသည့် တိုက်ခန်းတစ်ခုနှင့်သည်ဟု လုယန်ခံစားရလေဖြစ်လာသည်။
"ဒါ...သူတို့..ဒီဇိုင်း..ထွင်ထား...တဲ့..ခေါင်း...တလားတွေ။..အိပ်ရ..တာ..သက်တောင့်...သက်သာ...ရှိတယ်..တဲ့။ သွား..လေရာ..ယူ..လို့..ရတယ်။ ...နား...စရာ..နေရာ..တွေ့ရင်..ဝင်..အိပ်..လို့ရတယ်"
လုယန် - "..."
မဟာအကြီးအကဲက မစ်ရှင်ခန်းမတာဝန်များကို တိုင်ပုဖန်ထံလွှဲပေးခဲ့သည်မှာ ဤခေါင်းတလားများကို အချိန်ယူ၍ ဒီဇိုင်းထွင်ဖို့ဖြစ်နေသည်။
အကိုတိုင် ထိုအကြောင်း သိမှသိပါလေစ။
ထိုစဉ် စားပွဲထိုး ရောက်လာသည်။
"ဟင်းပွဲတွေ ရပါပြီခင်ဗျာ။ နေရာလေးရှင်းပေးလို့ရမလားခင်ဗျ"
ပုံကြမ်းများကို ယန်ထန်ကျိ အမြန်သိမ်းလိုက်သည်။ သွားရေယိုစရာဟင်းပွဲများ စားပွဲပေါ်ရောက်လာသည်။
ဘယ်ဟင်းပွဲကိုမှ လုယန်မမြင်ဖူး။ သို့သော် အနံ့ရှူကြည့်ရုံဖြင့် ထိပ်တန်းအရည်အသွေးရှိမှန်း သိသာသည်။
ပိုင်မင်က
"စားကြပါ။ ပွဲတော်ရက်အတွင်းမှာ နယ်စားက စားစရိတ်၊ နေစရိတ်၊ ခရီးစရိတ်အားလုံး အကုန်အကျခံထားတယ်"
လုယန်ပြုံး၍ လက်ဖက်ရည်ခွက်မြှာက်လိုက်သည်။
"နယ်စားအတွက်"
"နယ်စားအတွက်"
"နယ်စားအတွက်"
ထို့နောက် ခွက်ချင်းတိုက်၍ စတင်စားသောက်ကြသည်။
စားသောက်နေစဉ်အတွင်း လန်ထင်ကမေးသည်။
"ဒါနဲ့။ ခဏနေရင် အကဲဖြတ်ပွဲတစ်ခုရှိတယ်။ ရှင်တို့ ဝင်ပြိုင်ဖို့စိတ်ဝင်စားကြလား"
"ဘာအကဲဖြတ်ပွဲလဲ"
"ရွှေစီးပွားနယ်မြေက ဦးဆောင်ကျင်းပတာ။ ရှားပါးထူးဆန်းတဲ့ ပစ္စည်းမျိုးစုံကို ပြထားတယ်။ ပစ္စည်းတွေရဲ့ မူလဇစ်မြစ်ကို မှန်အောင်ခန့်မှန်းနိုင်တဲ့လူက အဲဒီ့ပစ္စည်းကိုရတယ်။
ပစ္စည်းတွေရဲ့ တန်ဖိုးကြောင့်မဟုတ်ဘူး။ ပျော်ဖို့သက်သက်ပါ"
"စိတ်ဝင်စားစရာကောင်းသားပဲ။ ငါသွားမယ်"
လုယန် ပထမဆုံးတုံ့ပြန်သည်။
"ငါလည်းလိုက်မယ်"
မုန်ကျင်းကျိုးက ပြောသည်။
ပိုင်မင်ခဏစဉ်းစားနေသည်။ နယ်စားပေးသည့်တာဝန်လည်း ပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် အတူသွားခြင်းသည် ကောင်းမည်ဟု ယူဆသည်။
"ငါလည်း လိုက်ခဲ့ပါမယ်"
"လိုက်မယ်"
ယန်ထန်ကျိက ခပ်တိုတိုပြောသည်။
ငါးယောက်လုံး အတွေ့အကြုံရရန် အကဲဖြတ်ပွဲတက်ဖို့ စိတ်အားထက်သန်နေသည်။ ထို့ကြောင့် မြန်မြန်စားသောက်ပြီး လက်စသပ်လိုက်ကြသည်။
စားသောက်ဆိုင်ထဲမှထွက်လာချိန်တွင် မုန်ကျင်းကျိုးက လုယန်ကို တံတောင်ဖြင့်တို့ပြီး တစ်နေရာသို့ မျက်ရိပ်ပြသည်။
လုယန် သူကြည့်ရာသို့ လိုက်ကြည့်သည်။ စည်းကားနေသည့် အသားကင်ဆိုင်တစ်ခုကို မြင်ရသည်။ လမ်းပေါ်တွင် ရပ်စောင့်နေသည့် လူတန်းရှည်ကြီးရှိသည်။
'နောက်တစ်ခေါက်'အသားကင်ဆိုင်။
ဆိုင်းဘုတ်၏ ညာဘက်အောက်ထောင့်တွင် စာလုံးသေးသေးဖြင့် ရေးထားသည့် စာတစ်ကြောင်းရှိသည်။
"ချင်းကျိုးပွဲတော်အတွက် ယာယီဆိုင်ခွဲ"
"ကိုးငရဲဂိုဏ်းလှုပ်ရှားတာ မြန်သားပဲ...ဟားဟား၊ ဒီမှာတောင် ဆိုင်တစ်ခုဖွင့်နေပြီ"
မုန်ကျင်းကျိုးက တီးတိုးပြောသည်။
လုယန် ခေါင်းခါသည်။
"အဲလိုမဟုတ်လောက်ဘူး။ တစ်လတောင် မပြည့်သေးဘူးလေ။ နေရာတိုင်းမှာ ဆိုင်ခွဲတွေ ဘယ်ဖွင့်နိုင်ဦးမှာလဲ။ ငါတို့ပေးထားတဲ့မီးစေ့တွေကလည်း မလုံလောက်သေးဘူး။
သူတို့ဒီမှာဖွင့်တာ ပွဲတော်ကိုအားကိုးနဲ့ လူသိများအောင် ကြော်ငြာတဲ့သဘောပဲဖြစ်မယ်"
ပိုင်မင်က သူတို့နှစ်ယောက်၏ ထူးဆန်းသည့်အမူအရာကို သတိထားမိသဖြင့် ပြုံးလိုက်သည်။
"မင်းတို့ ဒီအသားကင်ဆိုင်ကို စိတ်ဝင်စားလို့လား။ မနေ့ညက လန်ထင်မရှိတဲ့အချိန် ငါနဲ့ယန်ထန်ကျိ သွားစားကြည့်ပြီးပြီ။ သူတို့အသားကင်နည်းဟာ ရှေးဟောင်းခေတ်ပညာအမွေလို့ ဆိုင်ရှင်ကပြောတယ်။ နှစ်သုံးသိန်းလက်ဆင့်ကမ်းလာတဲ့ပညာလို့ ကြွားလုံးထုတ်နေတယ်။
တကယ်ဟုတ်မဟုတ်တော့မသိဘူး။ ဒါပေမယ့် အရသာကတော့ တကယ်ထိပ်တန်းပဲ။ ငါစားဖူးသမျှထဲမှာ အကောင်းဆုံးပဲ"
ယန်ထန်ကျိကလည်း ကောင်းငြိမ့်ထောက်ခံသည်။
လုယန် စဉ်းစားသည်။
'ခင်ဗျားတို့ကိုးငရဲဂိုဏ်းသားတွေက ဘယ်လိုကြွားလုံးထုတ်ရမလဲ ကောင်းကောင်းသိကြတာပဲ။ နှစ်သုံးသိန်းသက်တမ်းရှိတဲ့ဆိုင်တဲ့လား။ ခင်ဗျားတို့ရဲ့မီးစေ့တွေလည်း နှစ်သုံးသိန်းသက်တမ်းရှိပါတယ်လို့ ဘာလို့မပြောကြတာလဲ'
သို့သော် ဤပညာသည် တကယ်ရှေးဟောင်းနည်းပညာဖြစ်သည်။ အရိုးရိုင်းပေးခဲ့သည့် အသားကင်နည်းဖြစ်သည်။
"အကဲဖြတ်ပွဲပြီးရင် သွားစားကြမလား"
ပိုင်မင် အကြံပြုသည်။
"မစားတော့ပါဘူး။ ဆိုင်နာမည်က နည်းနည်းစိတ်ဝင်စားစရာကောင်းလို့ပါ"
လုယန် ပြန်ပြောလိုက်သည်။ သူနှင့်မုန်ကျင်းကျိုးသည် အစစ်မှန်ဆုံးအသားကင်များကို ကိုယ်တိုင်လုပ်နိုင်သည်။ ထိုဆိုင်တွင် သွားစားဖို့မလို။
လန်ထင်လည်း ဆိုင်နာမည်ကို သတိထားမိသည်။ ဝါစဉ်အရစဉ်းစားလျှင် သူသည် ပင်မဆိုင်၏ ဒုတိယသုတ် ဆိုင်အလုပ်သမားတစ်ယောက်ဖြစ်ခဲ့သည်။
ပထမသုတ်က သရဲကျွန်များဖြစ်သည်။
နာမည်တူသည်။ အရသာလည်း ထူးခြားသည်ဟု ပြောနေသည်။ တိုက်ဆိုင်ခြင်းလားတော့ မသိ။
ထိုကိစ္စ ထင်သလောက်မရိုးရှင်းမည်စိုးသဖြင့် သိစိတ်အာရုံမှ လုယန်နှင့် မုန်ကျင်းကျိုးကို သူလှမ်းပြောသည်။
"ဒီအသားကင်ဆိုင်က ရှင်တို့နဲ့တစ်ခုခုပတ်သက်နေလား"
လန်ထင်သည် ဉာဏ်ထက်ပြီး သိလွယ်မြင်လွယ်သူဖြစ်သည်။ သူ့ကိုဖုံးကွယ်ထားစရာအကြောင်းမရှိသဖြင့် လုယန်ရှင်းပြသည်။
"နောက်ခံဇာတ်လမ်းက နည်းနည်းရှည်တယ်။ တစ်ခြားလူတွေကိုမပြောနဲ့။ မင်းတို့မသေမျိုးနန်းတော်မှာ နတ်ဆိုးဂိုဏ်းသူလျှိုတွေ ရှိနေနိုင်တယ်"
'နတ်ဆိုးဂိုဏ်းသူလျှို'ဆိုသည့်စကားကြောင့် အရေးကြီးသည့်ကိစ္စဖြစ်ကြောင်း လန်ထင်ရိပ်မိသည်။
"စိတ်ချပါ၊ ကျွန်မဆရာကိုတောင် မပြောပါဘူး"
လုယန် စိတ်အေးသွားသည်။
"ငါနဲ့မုန်ကျင်းကျိုး ကြိုးစားခဲ့လို့ အသားကင်အရသာ ပိုတိုးတက်ခဲ့တယ်။ အော်တိုတံစို့ထိုးတဲ့ မှော်စက်ဝန်းနဲ့ အော်တိုအသားကင်မှော်စက်ဝန်းက ပြည့်စုံသွားပြီ။ ဆိုင်ခွဲတွေဖွင့်ဖို့ ငါတို့အသင့်ဖြစ်နေပြီ။ ကိုးငရဲဂိုဏ်း နေရာတကာ ဒုက္ခပေးနေတာကို တားဆီးနိုင်အောင် ငါတို့တာအိုလမ်းစဉ်ဂိုဏ်းက သူတို့ဂိုဏ်းနဲ့ပူးပေါင်းပြီး တိုက်နယ်အနှံ့မှာ အသားကင်ဆိုင်ခွဲတွေဖွင့်ဖို့ စီစဉ်နေတယ်။ အခုမှ စရုံပဲရှိသေးတာ။
ပူးပေါင်းတဲ့ကိစ္စမှာတော့ ငါတို့က တာအိုလမ်းစဉ်ဂိုဏ်းနာမည်ကို မသုံးဘူးပေါ့"
လန်ထင် - "..."
'ထာဝရဂိုဏ်းကို ဖျက်ဆီးခဲ့တာ လပိုင်းပဲရှိသေးတယ်။ အခု နင်တို့က ကိုးငရဲဂိုဏ်းကို ပစ်မှတ်ထားနေပြီပေါ့'
နတ်ဆိုးများရှင်းလင်း၍ မကောင်းဆိုးဝါးသုတ်သခင်ခြင်းသည် လမ်းမှန်တာအိုရှင်တို့၏ တာဝန်ဖြစ်သော်လည်း တာအိုလမ်းစဉ်ဂိုဏ်း၏ စွမ်းဆောင်ရည်က တရားလွန်လွန်းသည်။
ဤတစ်ကြိမ် ကိုးငရဲဂိုဏ်းကိုဖြိုဖို့ အချိန်ဘယ်လောက်ယူကြမည်မသိ။
တစ်လလား... နှစ်လလား
************************************