အကဲဖြတ်ပွဲ
Vol. 25 Ch. 364
အကဲဖြတ်ပွဲသည် ကျင့်စဉ်အဆင့်သီးခြားသတ်မှတ်မထား။ ချီအဆင့်မှ စုစည်းခြင်းအဆံထိ ဘယ်သူမဆို ယှဉ်ပြိုင်နိုင်သည်။
သို့သော် စုစည်းခြင်းအဆင့် လေဟာနယ်အဆင့်ကျင့်ကြံသူများက ထိုသို့အသေးအဖွဲလှုပ်ရှားမှုလေးများကို စိတ်မဝင်စားကြ။
ရွှေစီးပွားနယ်မြေအသင်းမှ ယာယီတည်ဆောက်ထားသည့် စင်မြင့်တွင် ပစ္စည်းလေးမျိုး တန်းစီချထားသည်။ ဝိညာဉ်အာရုံဖြင့် မစစ်ဆေးနိုင်အောင် မှော်စက်တန်းများ ကာထားသည်။ မျက်လုံးအမြင်ဖြင့်သာ စစ်ဆေးခွင့်ပြုသည်။
လုယန်တို့အုပ်စုရောက်လာချိန်တွင် လူစည်နေပြီဖြစ်သည်။
ကောင်းကောင်းမြင်နိုင်သည့် အကွာအဝေးမှ ကြည့်ခွင့်ရသဖြင့် ကံကောင်းသည်။ အထူးသဖြင့် ရွှေသန္ဓေအခြေခံအဆင့်ကျင့်ကြံသူများအတွက် ပစ္စည်းများကို မီတာရာချီအကွာ အသေစိတ်မြင်နိုင်စွမ်းရှိသည်။
"သံချပ်ကာဝတ်ထားတဲ့ မိန်းမတစ်ယောက်ရဲ့ ပန်းချီကား"
"အစိမ်းရောင်သစ်ရွက်နှစ်ရွက်နဲ့ မီးကျွမ်းထားသည့် ဝါးပင်ပေါက်"
"ပိုးကောင်တစ်ကောင်။ ဒါက 'ကု'ပိုးကောင်မျိုးလား'
"သတ္တုကွင်းတစ်ခု။ လည်ဆွဲလား ဒါမှမဟုတ် အလှဆင်ပစ္စည်းလား"
လုယန် ပစ္စည်းတစ်ခုချင်းစီ သေချာကြည့်သည်။ သို့သော် မူလဇစ်မြစ်ကို မခန့်မှန်းနိုင်။
ယခုရှိနေသည့်လူများလည်း တစ်ယောက်မှ သိကြပုံမပေါ်။ အားလုံးက သေချာအကဲခတ်နေကြသည်။ သဲလွန်စရှာနိုင်ရန် ကြိုးစားနေသည်။
လုယန်ဘေးမှလူတစ်ယောက် လက်မြှောက်ပြီးမေးသည်။
"တတိယပစ္စည်းက ကုပိုးကောင်လား"
ကုန်သည်ကျင့်ကြံသူက ယဉ်ယဉ်ကျေးကျေးပြန်ဖြေသည်။
"စိတ်မကောင်းပါဘူးခင်ဗျာ။ ဒီမေးခွန်းကို ကျုပ်မဖြေနိုင်ပါဘူး"
ခဏစဉ်းစားပြီးနောက် ထိုလူ ခန့်မှန်းသည်။
"တတိယပစ္စည်းဟာ ကုပိုးကောင်တစ်ကောင်ပါ။ တောင်ပံပေါ်က အကွက်တွေက ကြေးပြားနဲ့တူတယ်။ ဒီတော့ ပိုင်ရှင်ကို ရတနာကူရှာပေးတဲ့ 'ငွေကု'တစ်ကောင်ဖြစ်ရမယ်"
"စိတ်မကောင်းပါဘူး။ ခန့်မှန်းတာ မှားပါတယ်"
"ဒီပစ္စည်းတွေထဲက တစ်ခုခုကို မင်းတို့သိလား"
လုယန် မုန်ကျင်းကျိုးတို့လူစုကို သိစိတ်အာရုံမှ လှမ်းမေးသည်။
"ပထမဆုံးပန်းချီပုံထဲမှာ ပန်းချီဝိညာဉ်တစ်ခု ပုန်းကွယ်နေတယ်ထင်တယ်။ ကျွန်မသေချာတော့မသိဘူး"
ပန်းချီပစ္စည်းများနှင့် ပတ်သက်၍ ဗဟုသုတနည်းနည်းရှိသည့် လန်ထင်ကပြောသည်။
"ဝါးပင်ကို ရင်းနှီးနေသလိုပဲ။ တစ်နေရာရာမှာ ဖတ်ဖူးတယ်ထင်တယ်။ ငါ့စာအုပ်တွေကို စစ်ဆေးကြည့်ဦးမယ်"
ပိုင်မင် ကျောက်စိမ်းတံဆိပ်ထဲမှ ရှေးဟောင်းကျမ်းစာအုပ်များကို ဆွဲထုတ်၍ တစ်အုပ်ချင်းလှန်ကြည့်သည်။
ယန်ထန်ကျိ အသံတိတ်နေသည်။ ဘယ်ပစ္စည်းကိုမျ သူမသိ။
မုန်ကျင်းကျိုးက မေးစေ့ကိုပွတ်လျက်
"တတိယမြောက်ပစ္စည်းဟာ ကုပိုးကောင်ဖြစ်လောက်တယ်။ ငါမှန်းကြည့်လိုက်မယ်"
မုန်ကျင်းကျိုး လက်ထောင်ပြီးမေးသည်။
"တတိယပစ္စည်း 'အချစ်ကု'ပိုးကောင်လား။ လူတစ်ယောက်ယောက်ပေါ်မှာ ဒီ'ကု'ကိုသုံးရင် ကိုယ့်ကိုတဖြေးဖြေးစွဲလမ်းလာစေတဲ့ 'ကု'မျိုးပါ"
ကုန်သည်ကျင့်ကြံသူ အတော်အံ့အားသင့်သွားသည်။ ပစ္စည်းတစ်ခုကို ထိုမျှမြန်မြန်ခန့်မှန်းနိုင်သူရှိမည်ဟု ထင်မထားခဲ့။ ပိုးကောင်ငယ်ကို သေတ္တာထဲထည့်၍ မုန်ကျင်းကျိးကို လှမ်းပေးလိုက်သည်။
"ဂုဏ်ယူပါတယ်။ ခင်ဗျားခန့်မှန်းတာ မှန်သွားပါပြီ။ ဒါက 'အချစ်ကု'ပါ"
လုယန်ဘေးမှလူက ကန့်ကွက်သည်။ ကုပိုးကောင်များအကြောင်း သူကောင်းကောင်းနှံ့စပ်ပုံရသည်။
"အချစ်'ကု'လား။ အချစ်ကုဟာ သွေးရောင်တောင်ပံတွေရှိတာပါ။ ဒီအကောင်ရဲ့ တောင်ပံတွေက သလင်းကြည်ရောင်လေ"
ကုန်သည်ကျင့်ကြံသူက ရှင်းပြသည်။
"ဒါက သန္ဓေပြောင်း အချစ်ကုပါ။ တောင်ပံအရောင်က သလင်းရောင်ပြောင်းသွားပေမယ့် အာနိသင်က မပြောင်းလဲပါဘူး"
"မင်းဒါကို ခွဲခြားသိတယ်ပေါ့။ အရင်ကမြင်ဖူးလို့လား"
လုယန် မုန်ကျင်းကျိုးကို သိစိတ်အာရုံမှ မေးလိုက်သည်။
မုန်ကျင်းကျိုးက ဝင့်ကြွားသည့်အပြုံးဖြင့်
"မမြင်ဖူးပါဘူး။ အချစ်ကုအကြောင်း ကြားပဲကြားဖူးတာ။ ဘယ်လိုပုံစံရှိလဲတောင်ငါမသိဘူး"
"ဒါဆို မင်းဘယ်လိုခန့်မှန်းတာလဲ"
"ငါသေချာအကဲခတ်ကြည့်လေ့လာတာပေါ့"
"ဘာကိုအကဲခတ်တာလဲ"
"ငါကြည့်လိုက်တဲ့အချိန်မှာ ဒီပိုးကောင်က ကြောက်ပြီးတုန်သွားတယ်လေ။ သူဘာလို့ ငါ့ကိုကြောက်တာလဲဆိုပြီး ငါတွေးကြည့်တယ်။ ငါ့မှာ တစ်ကိုယ်တော်အမွှာဝိညာဉ်မြစ်နဲ တစ်ကိုယ်တော်ကျိန်စာလက်သီးပညာရှိနေတာပဲ။ ငါ့ကိုကြောက်တဲ့ကုဟာ အချစ်ကုပဲပေါ့"
ထိုကိစ္စသည် ကြွားစရာကိစ္စဟု လုယန်မထင်မိ။
"ပန်းချီးကားက အိမ်တွေကို ကာကွယ်တဲ့ စစ်သူကြီးလား"
"မဟုတ်ပါဘူးခင်ဗျာ"
အိမ်တွင်ချိတ်ဆွဲထားလျှင် မကောင်းဆိုးဝါးဝိညာဉ်များ နှင်ထုတ်နိုင်သည်ဟု ယုံကြည်ကြသည် ပန်းချီကားတစ်မျိုးရှိသည်။
"နွမ်းခြောက်နေတဲ့ဝါးပင်က မင်ရည်ဝါးပင်လား"
"မဟုတ်ပါဘူးခင်ဗျာ"
မင်ရည်ဝါးပင်ကို အမှုန်ဖြစ်အောင်ထောင်း၍ ရေနှင့်စပ်ပြီး ပန်းချီဆွဲရာတွင် သုံးနိုင်သည်။
"သတ္တုကွင်းက ဝါဇရလက်ကောက်ရဲ့ ပုံတူလား"
"မဟုတ်ပါဘူးခင်ဗျာ"
လုယန်ရှေ့မှလူသုံးယောက် လက်မြှောက်ပြီး ခန့်မှန်းကြသည်။ အားလုံး မှားသည်။
လန်ထင်နှင့်ပိုင်မင်က စာအုပ်များ လှန်နေကြဆဲဖြစ်သည်။ အဖြေဘယ်အချိန်တွေ့မည် သေချာမသိ။
လုယန် ထာဝရနတ်မယ်ကို ကျိတ်မေးသည်။
"ဒီပစ္စည်းတွေကို ခင်ဗျားသိလား"
ထာဝရနတ်မယ်က ပျင်းရိငြီးငွေ့ဟန်ဖြင့် သမ်းတစ်ချက်ဝေသည်။
"ဒါတွေက အရေးမပါတဲ့ ပစ္စည်းလေးတွေပါ။ ပန်းချီကားထဲကမိန်းမက အသက်ရှိသေးတယ်။ အဝတ်အစားလဲနိုင်တယ်။ ညတိုင်း သန်းခေါင်းချိန်ရောက်ရင် သူလှုပ်ရှားလာပြီး အဝတ်လဲတယ်။ ဒီနေ့သူ သံချပ်ကာဝတ်တယ်။ မနက်ဖြန် ဂါဝန်ရှည်ဝတ်ချင်ဝတ်မယ်။ နောက်တစ်ရက်ကျရင် တာအိုဝတ်စုံဝတ်မယ်။ နောက်တစ်ရက်ကျရင် ညအိပ်ဝတ်စုံဝတ်မယ်။ တစ်နှစ်ပတ်လုံး အဝတ်အစားလုံးဝမထပ်ဘူး။
ဒီပန်းချီက ဘာတိုက်ခိုက်စွမ်းအားမှမရှိဘူး။ အဆင်တန်ဆာသက်သက်ပါ။ ငါလည်း နေတိုင်းအဝတ်လဲနိုင်တာပဲလေ"
ထိုပန်းချီကားထက် သူကပိုသာကြောင်း နတ်မယ် သက်သေပြဖို့ ကြိုးစားနေသည်။
အိပ်ယာထစ ဖိုသီဖတ်သီဖြစ်နေသည့် နတ်မယ်ကို လုယန် နှာခေါင်းရှုံ့၍ကြည့်သည်။
"ခင်ဗျားတကယ် အဝတ်အစားလဲသင့်တယ်။...ဝါးနက်ကရောဘာလဲ"
"မိုးကြိုးထိထားတဲ့ဝါး။ ဝါးပင်တစ်ပင် လျှပ်စီးထိရင် ဝါးရွက်အသစ်တွေထွက်လာတယ်။ မိုးကြိုးဝါးလို့ခေါ်တယ်။ သံစားသားရဲတွေ အလွန်ကြိုက်တဲ့ ဝါးပင်ပေါ့။ မိုးကြိုးဝါးကို နတ်ဆိုးနယ်မြေထဲ နင်ယူသွားရင် သံစားသားရဲတစ်ကောင်ကို နင့်စီးတော်ယာဉ်ဖြစ်လာဖို့ ဆွဲဆောင်နိုင်တယ်"
"စာပေတောင်ထိပ်(လူရည်မွန်တောင်ထိပ်)မှာလည်း သံစားသားရဲတွေရှိတယ်"
"အဲဒီကောင်တွေက သာမန်သံစားသားရဲတွေပါ။ မိုးကြိုးဝါးရဲ့အာနိသင်ကို မခံနိုင်ဘူး။ ငါပြောတာက ဒီနေ့ခေတ်မှာ ရှေးဟောင်းသံစားသားရဲလို့ခေါ်ကြတဲ့ ကျင့်စဉ်စွမ်းအားရှိတဲ့ကောင်တွေကိုပြောတာ"
"သတ္တုကွင်းကရောဘာလဲ၊ ခင်ဗျား အဲဒီပစ္စည်းကိုသိလား"
"အိုး...အဲဒါက အမှိုက်သက်သက်ပါ။ ဘာမှသုံးလို့မရဘူး"
"အမှိုက်...ဟုတ်လား"
"ဟုတ်တယ်။ အမှိုက်ပါ။ စားဖိုမှူးကောင်းတစ်ယောက်ဟာ မီးဖိုချောင်သုံးပစ္စည်းကောင်းတွေလိုတယ်ဆိုတဲ့ စကားပုံကို နင်မကြားဖူးဘူးလား"
"စကားပုံက 'စားဖိုမှူးကောင်းတစ်ယောက်ဟာ ချက်ပြုတ်ရေးပစ္စည်းကောင်းတွေလိုတယ်'လို့ ဖြစ်မယ်ထင်တယ်"
"သိပ်မကွာပါဘူး။ ငါမသေမျိုးစားဖိုမှူးဖြစ်လာတော့ ငါ့အစားအသောက်တွေနဲ့ ထိုက်တန်တဲ့ အိုးခွက်ပန်းကန်တွေမရှိသေးဘူးဆိုတာ သတိထားမိလာတယ်။ ပန်းကန်ပြား၊ ပန်းကန်လုံး၊ ထမင်းစားတူ။ ငါ့ဟင်းတွေနဲ့ ထိတဲ့ပစ္စည်းမှန်သမျှ အရည်ပျော်သွားတာပဲ။
ဒါကြောင့် ယင်ထန်မသေမျိုးကို စားပွဲတင်ပစ္စည်းတစ်စုံစာလောက် ငါ့အတွက် သွန်းလုပ်ပေးဖို့ တောင်းဆိုခဲ့တယ်။ အစပိုင်းမှာ သူက သိပ်စိတ်မပါဘူး။ ဒါပေမယ့် အတော်ကြာအောင် ချော့မော့ဖျောင်းဖျလိုက်တော့ နောက်ဆုံးမှာ သူလက်ခံတယ်။
ဒီပစ္စည်းတွေ သွန်းလုပ်ရတာက မယုံနိုင်လောက်အောင် ခက်ခဲခဲ့ပါတယ်။ ဘိလပ်မြေ၊ သံ၊ သစ်သားနဲ့ တစ်ခြားကုန်ကြမ်းပစ္စည်းတွေ သူစမ်းသုံးကြည်တယ်။ ဘယ်ဟာမှ မအောင်မြင်ဘူး။ ဒီသတ္တုကွင်းက ဒီမအောင်မြင်တဲ့ စမ်းသပ်ပစ္စည်းတွေထဲက တစ်ခုပေါ့။
ငါလတ်လတ်ဆတ်ဆတ်လုပ်ထားတဲ့ စွတ်ပြုတ်ကို ပန်းကန်ပြားထဲထည့်လိုက်တယ်။ ပန်ကန်ပြားအောက်ခြေပိုင်း အရည်ပျော်ကျသွားတယ်လေ"
လုယန် "..."
ပန်းကန်ခွက်ယောက်များပင် မသေမျိုးများကိုယ်တိုင် သွန်းလုပ်ရသည့်အဖြစ်ကို သူပထမဆုံးကြားဖူးခြင်းဖြစ်သည်။
သို့သော် ယင်ထန်မသေမျိုးဖန်တီးခဲ့သည့် ပစ္စည်းသည် ချီလင်မသေမျိုး သူ့မိန်းမကိုလှည့်စားဖို့သုံးခဲသည့် ဓားပျံထက်တော့ ပိုခိုင်ခံလောက်မည်ထင်သည်။
လုယန် လက်မြှောက်၍ ပြောလိုက်သည်။
"သတ္တုကွင်းက ပန်းကန်ပြားတစ်ခုရဲ့ အစိတ်အပိုင်းပါ"
ကုန်သည်ကျင့်ကြံသူ အကြီးအကျယ် အံ့အားသင့်သွားသည်။ ပစ္စည်းလေးမျိုးထဲတွင် ထိုသတ္တုကွင်းသည် ခန့်မှန်းရအခက်ဆုံးပစ္စည်းဖြစ်သည်။ သို့သော် လုယန်က မှန်အောင်ခန့်မှန်းနိုင်ခဲ့သည်။
"ဂုဏ်ယူပါတယ်။ ခင်ဗျားမှန်းတာ မှန်သွားပါပြီ"
"ပန်းကန်ပြားတဲ့လား။ လာနောက်နေတာလားကွာ။ ဒီပစ္စည်းက ဝါဇရလက်ကောက်ဖြစ်လောက်ပါတယ်"
"ဟုတ်တယ်။ တကယ်လို့ ဝါဇရလက်ကောက်မဟုတ်ဘူးဆိုရင်တောင် အနည်းဆုံးတော့ လက်နက်တစ်ခုခုဖြစ်မှာပါ"
ကုန်သည်ကျင့်ကြံသူ တည်ငြိမ်စွာရှင်းပြသည်။
"ဒီကျင့်ကြံသူ ပြောသွားတာ အမှန်ပါပဲ။ ဒါက ပန်းကန်ပြားတစ်ခုရဲ့ အစိတ်အပိုင်းပါ။ ကျုပ်တို့ရဲ့ အကဲဖြတ်ပညာရှင်တွေ သုံးသပ်ချက်အရ။ တစ်ချိန်က လူတစ်ယောက်ဟာ အကြောင်းတစ်ခုခုကြောင့် အလွန်တရာခိုင်ခံ့တဲ့ သံပန်းကန်ပြားတစ်ခုကို သွန်းလုပ်ခဲ့တယ်။ နောက်တော့ ပန်ကန်းပြားကို အဆိပ်တစ်မျိုးက တိုက်စားသွားတယ်။ အလယ်ပိုင်း အောက်ခြေသားတွေ ပျော်ကျသွားပြီး အခုမြင်နေရတဲ့ ပန်းကန်အနားဝန်းပဲ ကျန်ခဲ့တာပါ။
ဘယ်လိုအဆိပ်မျိုးလဲဆိုတာကိုတော့ ကျုပ်တို့မဆုံးဖြတ်နိုင်သေးပါဘူး။ လက်ရှိသိထားတဲ့ထဲမှာ ဘယ်အဆိပ်မှ ဒီလောက်တိုက်စားမှုပြင်းအားမျိုး မရှိပါဘူး"
ထိုရှင်းလင်းချက်ကိုကြားသည်နှင့် နတ်မယ် ဒေါသတကြီးခြေဆောင့်သည်။
"အဓိပ္ပါယ်မရှိတာပဲ။ ငါချက်ပြုတ်တဲ့ အစားအသောက်တွေက အဟာရဓာတ်အရမ်းပြည့်ဝတယ်။ ဒါကိုများ သူတို့က အဆိပ်လို့ခေါ်ရဲတယ်ပေါ့"
လုယန် တစ်ခွန်းမှမပြောရဲ။ နယ်မယ်၏အစားအသောက်များ အဆိပ်သင့်ပါသည်ဟု သူပြောလိုက်လျှင် နတ်မယ်က မဟုတ်ကြောင်း သက်သေပြဖို့ နောက်ထပ်ဟင်းပွဲပြင်ချန်တွင် သူ့ကိုထည့်ချက်နိုင်သည်။
လုယန် သတ္တုကွင်းကို လက်ခံယူသည်။ ပိုင်မင်တို့လူစုက သိစိတ်အာရုံမှာ လှမ်းမေးကြသည်။
"မျက်လုံးစူးရှလှချည်လား။ မင်းဘယ်လိုခန့်မှန်းနိုင်တာလဲ"
"သတ္တုကွင်းကို သတိထားပြီးကိုင်နော်။ အဆိပ်တွေ ကျန်ချင်ကျန်နေဦးမှာ"
လန်ထင်က လုယန်အတွက် စိုးရိမ်တကြီး အကြံပေးသည်။ အဆိပ်တ်စစက်သည်ပင် သေစေနိုင်လောက််သည်။
"ကောင်းပါပြီ"
လုယန်ပြုံး၍ တုံ့ပြန်သည်။
အားလုံး နောက်ထပ်ဆက်ခန့်မှန်းရန် ပြင်နေကြစဉ် မနီးမဝေးတစ်နေရာမှ ပေါက်ကွဲသံတစ်ခု ရုတ်တရက် ပေါ်လာသည်။ အားကောင်းသည့်စွမ်းအင်ရောင်တစ်ခု ဒီရေလှိုင်းကဲ့သို့ ပွဲတော်နယ်မြေတစ်ခုလုံး ရိုက်ခတ်သွားသည်။
ထိုစွမ်းအင်ရောင်မှ ထွက်ပေါ်နေသည့် ဒေါသနှင့်လူသတ်ရိပ်ကို လုယန်ခံစားမိသည်။
"နတ်မယ်၊ ဒီလူတွေရဲ့ကျင့်စဉ်အဆင့်က ဘာလဲ"
"စုစည်းခြင်းအဆင့်တွေ။ လူနှစ်ယောက်ပဲ။ နင်ပြောတဲ့ ရှေးဟောင်းကျင့်ကြံသူတွေဆိုတာ ဖြစ်မယ်ထင်တယ်"
လုယန် မျက်လုံးမှေးသွားသည်။ ထိုလူများသည် ကောင်းသည့်ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်းမဟုတ်မှန်း ထင်ရှားနေသည်။
ပိုင်မင် ချက်ချင်းသတိအနေအထားဖြစ်သွားသည်။
"အဲဒီဘက်ကပဲ။...လျှို့ဝှက်နယ်မြေတစ်ခု ရှိနေတာများလား"
***************************************