တစ်ခုတည်းသောအကြောင်းအရင်း
Vol. 25 Ch. 365
စုစည်းခြင်းကျင့်ကြံသူတို့၏ စွမ်းအင်ဖိအားက ပွဲတော်တစ်ခုလုံး လွှမ်းခြုံသွားသည်။ လူအများစုက ထိုဖိအားမျိုးကြုံဖူးဖို့မဆိုထားနှင့်။ နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူကိုပင် မမြင်ဖူးကြ။
ကျင့်ကြံသူများစွာ ချက်ချင်း သွေးဆုတ်ဖြူရော်ပြီး ခန္ဓာကိုယ်မတ်မတ်မရပ်နိုင်လောက်အောင် တုန်ရင်နေလာသည်။ ထို့နောက် အတော်များများ မြေပေါ်သို့ ဘုတ်ခနဲပစ်လဲသွားကြသည်။
"ငုံ့ထားကြ။ မြေပြင်နဲ့ တတ်နိုင်သမျှကပ်ထားကြ"
အစိုးရကျင့်ကြံသူတစ်ယောက်က ထိခိုက်မှုနည်းပါးစေရန် လူအုပ်ကို လမ်းညွှန်နေသည်။
မုန်ကျင်းကျိုး၊ ပိုင်မင်နှင့် တစ်ခြားနှစ်ယောက်က ဝိညာဉ်ရတနာကိုယ်စီကိုင်၍ စုစည်းခြင်းအဆင့်ဖိအားသက်ရောက်မှုကို ခုခံထားသည်။
ထိုဝိညာဉ်ရတနာများသည် မသေမျိုးဂိုဏ်းတပည့်တိုင်း ပိုင်ဆိုင်သည့် ပစ္စည်းများဖြစ်သည်။ မုန်ကျင်းကျိုးက ခန္ဓာသန့်စင်တောင်ထိပ်နှင့်ပုံစံတူသည် ကျောက်တုံးတစ်ခု ကိုင်ထားသည်။ ပိုင်မင်က ရောင်စုံတံဆိပ်ပြားတစ်ခု ကိုင်ထားသည်။ လန်ထင်က လတံဆိပ်ပန်းထိုးပဝါတစ်ထည် ကိုင်ထားသည်။
ယန်ထန်ကျိက လှောင်အိမ်ငယ်တစ်ခု ယူလာသည်။ ရတနာတစ်ခုချင်းစီက သက်ဆိုင်ရာဂိုဏ်းများ၏ ထူးခြားသည့်လက္ခဏာကို ကိုယ်စားပြုသည်။
တပည့်များအပြင်ထွက်လျှင် ဂိုဏ်းကိုကိုယ်စားပြုသည်။ စုစည်းခြင်းအဆင့်တစ်ယောက်၏ စွမ်းအင်ဖိအားကြောင့် ဒူးထောက်ရလျှင် သူတို့ဂိုဏ်း အရှက်ရစရာဖြစ်မည်။
အစက လုယန်လည်း ကောင်းကင်ဂိတ်တောင်ထိပ်ပုံစံ ကျောက်တုံးတစ်ခု ဆောင်ထားသည်။ သိ့သော် ထာဝရနတ်မယ် သူ့ဘေးတွင်ရှိနေသည်ဖြစ်၍ ဤအဆင့်ဖိအားလောက်ကို ကြောက်နေစရာ အကြောင်းမရှိ။
ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူပင် စွမ်းအင်ဖိအားဖြင့် လုယန်ကို နှိပ်ကွပ်နိုင်မည်မဟုတ်။
"ဘာတွေဖြစ်နေတာလဲ။ ဘယ်စုစည်းခြင်းကျင့်ကြံသူက ဒီနေရာမှာ ဒီလောက်သောင်းကျန်းရဲတာလဲ"
မုန်ကျင်းကျိုး အံ့အားသင့်နေသည်။ စုစည်းခြင်းအဆင့်ကျင့်ကြံသူများကို ပြည်သူများထိခိုက်စေမည့် တိုက်ပွဲများ မတိုက်ခိုက်ရဟု တားမြစ်ထားသည်။ မတားမြစ်လျှင် မဟာရှားနိုင်ငံပြည်သူများ အစောကြီးကတည်းက မျိုးတုန်းပြီးဖြစ်မည်။
စုစည်းခြင်းအဆင့်တိုက်ပွဲများသည် အရာအားလုံးကို ဖျက်ဆီးနိုင်သည်။ မြေပြင်ကို နယ်မြေပျက်တစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်သည်။ သာမန်လူမပြောနှင့်။ ကျင့်ကြံသူများပင် ထိုအပျက်အစီးနယ်မြေတွင် ရှင်သန်နိုင်ဖို့ ခက်ခဲသည်။
"သူတို့က အခုခေတ်စုစည်းခြင်းကျင့်ကြံသူတွေမဟုတ်ဘူး။ ရှေးဟောင်းကျင့်ကြံသူတွေပါ"
လုယန် နတ်မယ်ထံမှ သိထထားပြီးဖြစ်သည်။ လူသတ်ရိပ်ဖြန့်ကျက်နေသည်က ယောက်ျားတစ်ယောက်၊ မိန်းမတစ်ယောက် စုစည်းခြင်းအဆင့်ရှေးဟောင်းကျင့်ကြံသူနှစ်ယောက်ဖြစ်သည်။
ပိုင်မင် မျက်မှောင်ကျုံ့သွားသည်။
"ဒါဆိုရင်တော့ မဆန်းလှပါဘူး"
ဖိအားထွက်ပေါ်လာရာဘက်သို့ သူလက်ညှိုးထိုးပြသည်။
"အဲဒီ့ဘက်မှာ လျှို့ဝှက်နယ်မြေတစ်ခုရှိတယ်"
လျှို့ဝှက်နယ်မြေစူးစမ်းရှာဖွေတာကလည်း ဒီပွဲတော်ရဲ့ အစီအစဉ်တစ်စိတ်တစ်ပိုင်းပဲ။ တစ်ယောက်ယောက်ကြောင့် အဲဒီ့ရှေးဟောင်းကျင့်ကြံသူတွေ နိုးထလာတာဖြစ်မယ်။ အခု သူတို့ဒေါသထွက်နေပြီ။ အားလုံးကို ဖျက်ဆီးချင်နေကြပြီ"
ထိုအဖြစ်မျိုးဖြစ်ဖူးသည်မှာ ပထမဆုံးအကြိမ်မဟုတ်။ ရှေးဟောင်းကျင့်ကြံသူများက ခေတ်သစ်ဥပဒေစည်းမျဉ်းများကို လိုက်နာစရာအကြောင်းမရှိ။
သူတို့ခေတ်တွင် စုစည်းခြင်းအဆင့်ကျင့်ကြံသူများသည် အဓိပဓိဩဇာကို ချုပ်ကိုင်ထားသည်။ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်သည်။
"အဆင့်ရဲလှချည်လားကွ"
ဒေါသတစ်ကြီးအော်ဟစ်သံတစ်ခု မိုးကုတ်စက်ဝန်းဆီမှ ပဲ့တင်ထပ်၍ ပေါ်လာသည်။ ချင်းကျိုးနယ်စားဖြစ်သည်။
မျက်တောင်တစ်ခတ်အတွက် တံဆိပ်တစ်ခုကိုင်၍ လူအုပ်ကြီး ဦးခေါင်းအထက်တွင် ပေါ်လာသည်။ ထူးဆန်းသည့်စွမ်းအင်တစ်မျိုး တံဆိပ်မှ ထွက်ပေါ်နေသည်။ စုစည်းခြင်းကျင့်ကြံသူများ၏ စွမ်းအင်ဖိအားကို ဖြိုခွဲနေသည်။
"အင်း...အတော်ထူးဆန်းတဲ့စွမ်းအားပဲ"
ထာဝရနတ်မယ် တအံ့တဩ မှတ်ချက်ပေးသည်။ ထိုစွမ်းအင်မျိုး အရင်က သူတစ်ခါမှမမြင်ဖူး။
လုယန်နှင့်လန်ထင်တို့လည်း ထိုစွမ်းအင်ကို ပထမဆုံးအကြိမ် လက်တွေ့မြင်ဖူးခြင်းဖြစ်သည်။ မုန်ကျင်းကျိုးကတော့ ထိုစွမ်းအင်အကြောင်း နည်းနည်းသိသည်။ သူရှင်းပြသည်။
"ဒါက နိုင်ငံ့ကံကြမ္မာစွမ်းအားပါ။ ငါ့မိသားစုဝင်တွေဆီက ကြားဖူးတာ။ မဟာရှားနိုင်ငံအောက်မှာ ဆန်းကြယ်တဲ့ စွမ်းအားတစ်မျိုးရှိတယ်။ ဒီနိုင်ငံရဲ့ အခြေခံစွမ်းအားပဲ။ ကောင်တီကြီးတွေရဲ့ နယ်စားတိုင်း၊ တရားသူကြီးတိုင်း ဒီစွမ်းအားကို တိုက်ခိုက်ဖို့ ကာကွယ်ဖို့ ယာယီထိန်းချုပ်ပြီး အသုံးချနိုင်တယ်။
ဒါကြောင့်လည်း ရှေးဟောင်းစုစည်းခြင်းစွမ်းအားရှင်တွေ ပေါ်လာတိုင်း အထိအခိုက်နည်းအောင် လျှော့ချနိုင်ခဲ့တာပေါ့"
"စိတ်ဝင်စားစရာပဲ"
ထာဝရနတ်မယ် နိုင်ငံ့ကံကြမ္မာစွမ်းအားကို မသေမျိုးဝိညာဉ်အာရုံဖြင့် လေ့လာဆန်းစစ်နေသည်။ သူ့အမြင်အရ နယ်စားထိန်းချုပ်ထားသည့် စွမ်းအင်ပမာဏက အလွန်နည်းပါးသည်။ သို့သော် မဟာရှားတစ်နိုင်ငံလုံး ထိုစွမ်းအားကို ထုတ်လွှတ်မည်ဆိုလျှင် မယုံနိုင်လောက်အောင်ကြီးမားသည့် စွမ်းအားဖြစ်လာမည်။ တကယ် စိတ်ဝင်စားစရာကောင်းသည်။
"အတော်ထူးဆန်းတယ်။ ဒီခေတ်မှာ ရှောင်ယွမ်အပြင် တစ်ခြားစွမ်းအားကြီးတဲ့လူတစ်ချို့ ရှိနေသေးတဲ့ပုံပဲ"
"မင်းတို့အတော်သတ္တိကေင်းတာပဲ။ ငါ့မျက်စိရှေ့မှာ လာပြီး ပြဿနာရှာရဲတယ်ပေါ့"
နတ်စားက ဒေါသထွက်နေသည့်ခြင်္သေတစ်ကောင်လို ဆံပင်နှင့်မုတ်ဆိတ်များ တဖျတ်ဖျတ်ခါနေသည်။
ရှေးဟောင်းကျင့်ကြံသူနှစ်ယောက်က နယ်စားကိုမကြောက်။ ယောက်ျားကျင့်ကြံသူက အေးစက်စက်ပြောသည်။
"မင်းက ပြောင်းပြန်ပြောနေတာပဲ။ ငါတို့ကိုလာနှိုးတာ မင်းတို့လူတွေလေ။ အဲဒါကြောင့် ငါတို့ အစေားကြီး ထလာရတယ်။ ဒါကို ငါတို့ပြဿနာရှာတယ်လို့ ဘာလို့ပြောနေတာလဲ"
နယ်စားနှင့်တံဆိပ်ကို မျက်လုံးမှေး၍ သူကြည့်နေသည်။ နည်းနည်းသဘောပေါက်လာဟန်ရှိသည်။
"မင်းရဲ့ မူလဝိညာဉ်က ပြည့်စုံတယ်။ ငါတို့နဲ့ တန်းတူအဆင့်ရှိတယ်။ မဟာကပ်မှာ ယှဉ်ပြိုင်ဖို့ အရည်အချင်းမီတယ်။ ဒီတော့ အချိန်မတန်ခင် နိုးထလာရတာ ငါတို့အတွက် ဘယ်လောက်အခက်အခဲဖြစ်လဲ မင်းသိမှာပါ။ ဒေါသထွက်လို့ လူနည်းနည်းလောက်သတ်လိုက်တာလေ။ အဲဒါမဖြစ်သင့်ဘူးလား"
"မဖြစ်သင့်ဘူး"
နောက်ထပ်လူသုံးယောက် လေထဲမှ ပျံသန်းရောက်ရှိလာသည်။ သုံးယောက်လုံး စုစည်းခြင်းအဆင့်များဖြစ်သည်။
"သခင်မိ၊ မိတ်ဆွေကျန်း၊ မော်ကွန်းထိန်းဟုန်၊ မင်းတို့ရောက်လာပြီလား"
နယ်စားက သူတို့ကို နှုတ်ဆက်သည်။ စိတ်ထဲမှဖိအားများ အတော်လေးလျော့သွားသည်။
သူတစ်ယောက်တည်း တိုက်ခိုက်ရလျှင် အောက်ဘက်မှ ပွဲတော်လာကြသည့် ကျင့်ကြံသူများကို သူကာကွယ်နိုင်မည်မဟုတ်။
"အဲဒါ မာန်ဟန်ဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်ရယ်၊ ချုန်းလောင်ဂိုဏ်းဘုံကျောင်းက ဒုတိယသခင်ရယ်၊ ပိုင်ဟွားအကယ်ဒမီက မော်ကွန်းထိန်းရယ်ပဲ။ သုံးယောက်လုံး စုစည်းခြင်းအလတ်တန်းဆင့်တွေ"
ဖိအားမှလွတ်သွားသဖြင့် လူအုပ်ကြီး ထရပ်နိုင်လာသည်။ နယ်ခံကျင့်ကြံသူတစ်ယောက်က ထိုသုံးယောက်ကို မှတ်မိသွားသဖြင့် ပျော်နေသည်။
မာန်ဟန်ဂိုဏ်း၊ ချုန်းလောင်ဘုံကျောင်းနှင့် ပိုင်ဟွားအကယ်ဒမီတို့သည် ချင်းကျိုးမှ နယ်ခံဂိုဏ်းများဖြစ်သည်။ ချင်းကျိုးပွဲတော် စီစဉ်သူများလည်းဖြစ်သည်။ ထုံးစံအတိုင်း ပွဲတော်တက်ရန် သူတို့ဂိုဏ်းမှ ဒုဂိုဏ်းချုပ်များကို လွှတ်ခဲ့သည်။
သူတို့ကို ဖိတ်ခေါ်ကြိုဆို၍ နယ်စားအိမ်တော်တွင် ကျင့်ကြံမှုအတွေးအမြင်များ ဖလှယ်ခဲ့သည်။ ဆွေးနွေးပြောဆိုရင်း ပျော်ရွှင်နေခဲ့သည်။ ရှေးဟောင်းကျင့်ကြံသူနှစ်ယောက် ရုတ်တရက်ပေါ်လာည်ဟု ထင်မထားကြ။
တစ်ဘက်က လူအင်အားသာပြီး နယ်စားတွင် သူတို့နားမလည်သည့် စွမ်းအင်တစ်မျိုး ရှိနေသဖြင့် ရှေးဟောင်းကျင့်ကြံသူနှစ်ယောက် တိုက်ခိုက်ရန် တုံ့ဆိုင်းသွားကြသည်။ ထင်မှတ်မထားသည့် ရလာဒ်မျိုးဖြစ်လာမည်ကို စိုးရိမ်နေသည်။
"ဟား...ကောင်းပြီလေ။ မင်းတို့မျက်နှာကိုထောက်ပြီး ဒီကိစ္စကို ထပ်မပြောတော့ဘူး။ ငါတို့သွားတော့မယ်"
ထိုသို့ပြောပြီး နောက်လှည့်ပြေးကြသည်။
"ဟားဟား...ထွက်ပြေးချင်တယ်ပေါ့။ ရပ်လိုက်စမ်း"
ထိုနှစ်ယောက်ကို လွှတ်ပေးလိုက်လျှင် မပြီးမဆုံးနိုင်သည့် ပြဿနာများ ပေါ်လာဖို့သာရှိသည်။ နယ်စား သူတို့ကိုထွက်သွားခွင့်မပေးနိုင်။
နယ်စားနှင့် တစ်ခြားသုံးယောက် အရပ်လေးမျက်နှာခွဲ၍ ရှေးဟာင်းကျင့်ကြံသူနှစ်ယောက်ကို ဝိုင်းထားလိုက်သည်။
"မင်းတို့က အောက်ဘက်ကလူတွေရဲ့ လုံခြုံရေးကို မစိုးရိမ်ဘူးပေါ့"
နယ်စားတို့အဖွဲ့က သူတို့နှင့်မတူမှန်း ရှေးဟောင်းကျင်းကြံသူနှစ်ယောက် နားလည်သည်။ ထိုလူများက အားနည်းသည့်ကျင့်ကြံသူများကို ကာကွယ်ဖို့ အဓိကထားကြသည်။
နယ်စားက ထိုသို့ဖြစ်မည်ကို ကြိုတွေးမိသဖြင့် ကြိုတင်ပြင်ဆင်ထားသည်။ သူတို့လေးယော် ခေါင်းငြိမ့်၍ စွမ်းအားစည်းမျဉ်းများ အသက်သွက်လိုက်သည်။
လေးယောက်သံပြိုင် ကြေညာသည်။
"ငါတို့ဒီမှာ စည်းမျဉ်းတစ်ခု တည်ဆောက်မယ်။ 'ဘယ်တိုက်ခိုက်မှုမှ မီတာသုံးရာအောက်ဘက်ကို မသက်ရောက်စေရ'"
ချင်းကျိုးပွဲတော်ကျင်းပသည့်နေရမှ အမြင့်ဆုံးတောင်ထိပ်သည် မီတာသုံးရာဖြစ်သည်။
"ရယ်စရာကောင်းလိုက်တာ။ နင်တို့ ဒီစည်းမျဉ်း ချမှတ်ရင်တောင် တိုက်ခိုက်တဲ့အချိန်မှာ ထိန်းထားနိုင်ပါ့မလား။ စည်းမျဉ်းကို ထိန်းထားဖို့ဆို နင်တို့ထဲကတစ်ယောက်ကတော့ တိုင်ခိုက်နိုင်မှာမဟုတ်ဘူ"
ကျင့်ကြံသူမိန်းမက မခိုးမခန့်ပြောသည်။ ပြိုင်ဘက်သုံးယောက်သာရှိလျှင် သူနှင့်သူယောက်ျားကို ထိန်းချုပ်ထားနိုင်မည်မဟုတ်။
"အဲဒါကို ခင်ဗျားတို့စိတ်ပူစရာမလိုပါဘူး စီနီယာ။ စည်းမျဉ်းကို ကျုပ်ထိန်းထားနိုင်ပါတယ်"
စကားသံတစ်ခု လုယန်နောက်ကျောဘက်မှ ထွက်လာသည်။ သူတို့ငါးယောက် လန့်သွားကြသည်။
အသစ်ရောက်လာသူက ရုံးတော်ဝတ်စုံဝတ်ထားသည်။ ကောင်းကင်ကိုမော့ကြည့်၍ ပြုံးနေသည်။ အတော်စိတ်အေးလက်အေးပုံစံရှိသည်။
"ရှင်လား"
လန်ထင်၊ ပိုင်မင်နှင့် ယန်ထန်ကျိတဲ့ အံ့အားသင့်သွားကြသည်။
"သူက နယ်စားရဲ့လက်ထောက်တစ်ယောက်ပါ။ မနေ့က ကျွန်မတို့သုံးယောက် နယ်စားအိမ်တော်ကိုသွားတော့ အိမ်ထဲကိုဖိတ်ခေါ်ပြီး နေရာထိုင်ခင်းစီစဉ်ပေးတာ ဒီလူပဲ။ သူ့ကို အရာရှိငယ်တစ်ယောက်လို့ပဲ ထင်ကြတာ။ စုစည်းခြင်းအဆင့်ဖြစ်မယ် ထင်မထားဘူး"
စုစည်းခြင်းကျင့်ကြံသူများသာ စည်းမျဉ်းများကို ထိန်းထားနိုင်သည်။
"ဖြစ်သင့်ပါတယ်လေ။ နယ်စားရဲ့ဝန်ထမ်းတွေထဲမှာ စုစည်းခြင်းအဆင့်ကျင့်ကြံသူ အနည်းဆုံးတစ်ယောက်တော့ ရှိရမှာပေါ့"
မုန်ကျင်းကျိုး မှတ်ချက်ပေးသည်။ အစိုးရအဖွဲ့အစည်းနှင့် ရင်းနှီးသူဖြစ်၍ သူမအံ့ဩမိ။
လန်ထင်တို့သုံးယောက် မသိသည့်အချက်တစ်ချက်ရှိသည်။ သူတို့ကို အကျဉ်းခန်းထဲတွင် တည်းခိုခိုင်းဖို့ အကြံပေးခဲ့သူမှာ ထိုအရာရှိပင်ဖြစ်သည်။
လုယန်အတွက် အန္တရာယ်မရှိသဖြင့် နတ်မယ် စိတ်သက်သာရာရသွားပြီး သမ်းတစ်ချက်ဝေလိုက်ပြန်သည်။
"ရှောင်ယွမ် ဝင်ကူဖို့လိုမယ်ထင်ခဲ့တာ။ အခုကြည့်ရတာ မလိုအပ်လောက်ပါဘူး"
လုယန် မျက်မှောင်ကျုံ့နေသည်။ စိုးရိမ်ပူပန်နေသည်။ အခြေအနေက ထင်သလောက်မရိုးရှင်းဟု ခံစားနေရသည်။
ထိုကျင့်ကြံသူနှစ်ယောက်သည် လျှို့ဝှက်နယ်မြေမှ နိုးထလာခြင်းဖြစ်သည်။ အစိုးရအာဏာပိုင်များက ထိုလျှို့ဝှက်နယ်မြေကို သေချာလေ့လာစစ်ဆေးပြီးဖြစ်မည်။ ဘာကြောင့် ထိုနှစ်ယောက်ကို မတွေ့ခဲ့သနည်း
****************************************