← Chapters

ငြီးငွေ့လို့

Vol. 25 Ch. 368

ငြီးငွေ့လို့

Vol. 25 Ch. 368

"သွေးနီကပ်ဆိုး"ဟု နာမည်ပြောင်တွင်သည့် ဝတ်ရုံနီသည် မဟာယုခေတ်တွင် မရေမတွက်နိုင်သည့် သေဆုံးမှုများ၏ တရားခံဖြစ်သည်။ သူ့ကိုမြင်သူတိုင်းက ဝေဒနာသက်သာအောင် မြန်မြန်သတ်ပေးဖို့ ထိတ်လန့်ကြောက်ရွံ့စွာ တောင်းဆိုကြရသည်။

ယခု သူ့ဝဋ်ကြွေး တစ်ပတ်လည်လာသည်။

သူ့ဘိုးဘေးဆရာရှေ့မှာပင် မခံစားခဲ့ရသည့် စိတ်ဖိအားမျိုး သူ့ရှေ့မှမိန်းကလေးကြောင့် ခံစားနေရသည်။ သူဘယ်သူနည်း။

ချင်းကျိုးကို သူကြိုတင်လေ့လာခဲ့သည်။ ဤပြည်နယ်တွင် ကူးဖြတ်ခြင်းအဆင့်မရှိ။ ကြောက်စရာကောင်းသည့် ထိုမိန်းကလေး ရုတ်တရက် ဘာကြောင်းပေါ်လာသည်မသိ။

ကူးဖြတ်ခြင်းအဆင့်ဆိုလျှင်ပင် ချင်းကျိုးကို ခရီးထွက်လာဖို့ အချိန်ယူရမည်။

ယခု ထိုမိန်းကလေးက တိတ်တိတ်လေးပေါ်လာသည်။

ထိုမိန်းကလေးက လေဟာနယ်ပညာကျွမ်းကျင်သည့်သူ့ကို ဘယ်လိုထိန်းချုပ်ခဲ့သနည်း။

ဘယ်ဂိုဏ်းအဖွဲ့အစည်းကလာသလဲ။

သူ့ခေါင်းထဲ မေးခွန်းများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။

"မင်း...မင်းဘယ်သူလဲ"

ပြင်းထန်သည့်အကြောက်တရားကြောင့် အသံများ တုန်နေသည်ကို သူ့ကိုယ်သူ သတိမထားမိတော့။

ယွမ်ကျိက ရန်သူအမေးကို ဖြေဖို့ရည်ရွက်ချက်မရှိ။ အချိန်ဖြုန်းဖို့ မထိုက်တန်။

လက်ကိုဆန့်ထုတ်လိုက်သည်။ သူ့လက်ကောက်ဝတ်မှ ခေါင်းလောင်းကျိုး အသံတစ်ချက်မြည်သွားသည်။

ဘုန်း။

ဝတ်ရုံနီရင်ဘက် ချက်ချင်းခွက်ဝင်လျက် လွင့်ထွက်သွားသည်။ ပါးစပ်ထဲမှသွားတစ်ဝက် ဆုံးရှုံးသွားသည်။

အရှိန်ကြောင့် သူ့ဝတ်စုံနှင့်ဦးထုပ်များ လွင့်ပျံသွားသည်။ လူ့အရေပြားများစွာဖြင့် တွဲစပ်ဖာထေးထားသည့် အိုမင်းသည့်မျက်နှာတစ်ခု ပေါ်လာသည်။

ပင်လယ်လိုကျယ်ပြန့်သည့် စွမ်းအားကြီးတစ်ခု ရိုက်ခတ်သလို သူခံစားခဲ့ရသည်။ ဘယ်လိုမှ မထိုးဖောက်နိုင်။ တိုင်းတာ၍မရနိုင်။ ကြောက်စရာအတိပြီးနေသည်။

"ပြေးရမယ်"

တိုက်တိုက်ဆိုင်ဆိုင်ပင် မူလနေရာမှ လွင့်ထွက်သွားသဖြင့် လေဟာနယ်ချုပ်နှောင်မှုမှ လွတ်သွားသည်။ မင်သက်မိနေသည့် ကျင့်ကြံသူလင်မယားနှစ်ယောက်ကို အရေးမစိုက်တော့။ ကြာပွတ်ကိုလွှဲယမ်း၍ လေဟာနယ်ထိုးခွဲထွက်ပြေးရန် ကြိုးစားသည်။

သို့သော် လေဟာနယ်အက်ကွဲသွားသည်နှင့် တစ်ခြားတစ်ဘက်တွင် ယွမ်ကျိပေါ်လာသည်ကို မြင်လိုက်ရသည်။ ခံစားချက်ကင်းမဲ့စွာ သူ့ကို အေးစက်စက်စိုက်ကြည့်နေသည်။

"သေလိုက်စမ်း"

လျှပ်စီးများရစ်ခွေနေသည့်ကြာပွတ်ဖြင့် ယွမ်ကျိကို သူရိုက်လိုက်သည်။ ထိုရိုက်ချက်သည့် မြို့တော်တစ်ခု နှစ်ခြမ်းကွဲသွားလောက်အောင် ပြင်းထန်သည်။

ယွမ်ကျိက လျှပ်စီးများကိုအရေးမစိုက်ဘဲ ကြာပွတ်ကိုဖမ်းဆုပ်၍ ဖျတ်ခနဲဆွဲယူသည်။ ဝတ်ရုံနီကို ပိတ်ကန်လိုက်သည်။ နောက်တစ်ကြိမ် လွင့်ထွက်သွားပြန်သည်။

ဘုန်း။

ကန်ခံလိုက်ရသည့်နေရာ စုတ်ပြတ်သတ်သွားသည်။ သွေးချောင်းဆိုးလျက် ခြေနှစ်လှမ်းနောက်သို့ယိုင်ပြီး ဒူးထောက်ကျသွားသည်။

ထိုမြင်ကွင်းကိုကြည့်၍ နယ်စားမင်သက်မိနေသည်။ ထိုဝတ်ရုံနီသည် ကူးဖြတ်ခြင်းအဆင့်ဖြစ်သည်။ သို့သော် ယွမ်ကျိလက်ထဲတွင် ကလေးတစ်ယောက်လိုဖြစ်နေသည်။ လုံးဝခုခံနိုင်စွမ်းမရှိ။

ယွမ်ကျိသည် တာအိုလမ်းစဉ်ယာယီဂိုဏ်းချုပ်လုပ်နေကြောင်း နယ်စားသိသည်။ သို့သော် တာအိုရှင်ဝစီပိတ်နှင့် စွမ်းအားတူလောက်ဟုသာ ထင်ထားသည်။ ယခုလောက် ကြောက်စရာကောင်းနေမည်ဟု ထင်မထား။

အောက်ဘက်မှ လန်ထင်တို့သုံးယောက်လည်း အတော်ကြာအောင် ပါးစပ်အဟောင်းသားဖြစ်နေသည်။

ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်ကို ရင်ဆိုင်ဖို့ဆိုလျှင် ဂိုဏ်း၏ဘိုးဘေးအကြီးအကဲအဆင့်အတန်းမျိုး လိုလေ့ရှိသည်။ ယခု ဂိုဏ်းချုပ်များထက်ပင် အဆင့်နိမ့်သည့် ဂျူနီယာတစ်ယောက်က တစ်ဘက်သတ်အသာစီး အနိုင်ယူသွားသည်။

သူ့ဆရာ ယွမ်ကျိအကြောင်း ဘာကြောင့်သိပ်မပြောချင်သည်ကို လန်ထင်နားလည်လာသည်။ ယွမ်ကျိစွမ်းအားက စိတ်ကူးယဉ်၍ပင်မရနိုင်လောက်သည့် အဆင့်သို့ ရောက်နေသည်။

"ဒါဆို..အမယွမ်ကျိက ငါနဲ့လုယန်ကို အတင်းလက်ထပ်ခိုင်းရင် ငါဘယ်လိုလုပ်ရမလဲ"

ထိုသို့တွေးရင်း သူ့စိတ်ထဲ အပျော်လှိုင်းတစ်ချက်လှုပ်ခတ်သွားသည်။

ပိုင်မင်ကတော့ သူ့ဆရာထံပြန်သွားပြီး ဖျောင်းဖျသင့်သည်ဟု ခံစားနေရသည်။ တာအိုလမ်းစဉ်ဂိုဏ်းကို ရန်ညှိုးဖွဲ့နေစရာအကြောင်းမရှိ။ အားလုံးက လမ်းမှန်ကျင့်ကြံသူများချည်းဖြစ်၍ ရင်းရင်းနှီးနှီးတိုင်ပင်ဆွေးနွေး၍ ရကောင်းရနိုင်သည်။

ဆွေးနွေးချိန်တွင် တာအိုလမ်းစဉ်ဂိုဏ်းက ထိုင်နေပြီး ဓာတ်ငါးမျိုးဂိုဏ်းက မတ်တပ်ရပ်နေရလျှင်ပင် အဆိုးဆုံးအခြေအနေဟု မဆိုနိုင်သေး။

သို့သော် တာအိုလမ်းစဉ်ဂိုဏ်းဒုအကြီးအကဲ သူ့ဆရာ၏အမေကို စိတ်ဝင်စားနေသည့်ပြဿနာက ရှင်းဖို့မလွယ်လောက်။

သူ့ဆက်မတွေးတော့။ အရင်အဆိုင်း တာအိုလမ်းစဉ်ဂိုဏ်းကို ဆက်ဆန့်ကျင်ဖို့သာ ဆုံးဖြတ်လိုက်သည်။

ယွမ်ကျိစွမ်းအားကို သိထားပြီးဖြစ်သည့် လုယန်နှင့်မုန်ကျင်းကျိုးက ထိုရလာဒ်ကို မအံ့ဩကြ။ ကူးဖြတ်ခြင်းစွမ်းအားရှင်က အမယွမ်ကို ဒုက္ခပေးနိုင်မှသာ အံ့ဩစရာဖြစ်မည်။

နန်းတွင်းမိသားစုဘိုးဘေး ဘိုးဘေးပိုင်မြေမှထွက်၍ ယွမ်ကျိအား ဘာကြောင့်ကိုယ်တိုင်ကြိုဆိုသည်ကို ရှားချွန် နားလည်သွားသည်။

မြင်ကွင်းကို ကြည့်နေသူများထဲတွင် ဒုဂိုဏ်းချုပ်ကျောက်ရိုးက အကြောက်ဆုံးဖြစ်သည်။

ယွမ်ကျိသည် တစ်ချိန်က မသေမျိုးလေးဂိုဏ်း၏ ဂိုဏ်းချုပ်များကို အနိုင်ယူခဲ့ကြောင်း သူသိပါသည်။ သို့သော် ဝတ်ရုံနီကို ထိုသို့အလွယ်တကူ အနိုင်ယူနိုင်မည်ဟုတော့ ထင်မထား။

"ဝတ်ရုံနီလူဟာ ကူးဖြတ်ခြင်းအခြေခံအဆင့်ရှိလောက်တယ်။ ဒါ‌တောင် သူကအလွယ်တကူ အနိုင်ယူသွားတယ်ဆိုတော့ နဂါးမျိုးနွယ် ဖီးနစ်မျိုးနွယ် ဘိုးဘေးတွေလို မသေမျိုးတစ်ဝက်အဆင့်မျိုးလား။

ဒါပေမယ့် သူ့အသက်က အရမ်းငယ်သေးတယ်။...တကယ်ကြောက်စရာပဲ။

နေပါဦး၊ ကောင်းကင်ရုံးတော်ဂိုဏ်းချုပ်က ဒီကြောက်စရာပါရမီရှင်ကို လက်ရည်တူတိုက်ခိုက်ခဲ့တာမဟုတ်လား"

အတွေးတစ်ခု သူ့ခေါင်းထဲ ရုတ်တရက်ဝင်လာသည်။ ကောင်းကင်ရုံးတော်ဂိုဏ်း၏အင်အားသည် သူထင်ထားသည်ထက် ပိုနက်ရှိုင်းကြောင်း နားလည်လာသည်။

"ဒီဂိုဏ်းမှာ တစ်ခြားဘာလျှို့ဝှက်ချက်တွေရှိသေးလဲ။ မသေမျိုးတွေတောင် သတိထားရတဲ့ ရှေးဟောင်းပါရမီရှင်တွေ၊ မဟာကောင်းကင်ဘုရင်ကိုးယောက်၊ မသေမျိုးတစ်ဝက်အဆင့်ဂိုဏ်းချုပ်။ ငါတို့ကိုးငရဲဂိုဏ်းမသိတာ တစ်ခြားဘာတွေများရှိသေးလဲ။

ဟုတ်တာပေါ့လေ။ သူတို့ဂိုဏ်းက သိစေချင်တာပဲ ငါတို့သိမှာပေါ့။ သူတို့စွမ်းအားက အများကြီးနစ်ရှိုင်းနေလောက်တယ်။

ကောင်းကင်ရုံးတော်ဂိုဏ်းကို မဆန့်ကျင်ဘဲ ပူးပေါင်းဆောင်ရွက်ဖို့ ရွေးချယ်ခဲ့တာ တကယ်မှန်သွားတာပဲ။

ဂိုဏ်းချုပ်ချင်လူဝင်စားကိုလည်း သူတို့ဆီမှာ ထားလိုက်တာပဲ ကောင်းပါတယ်။ ဘယ်လိုဖြစ်ဖြစ် သူက ငါတို့ရဲ့ဂိုဏ်းချုပ်ဟောင်းပဲ။ သူ့မှတ်ဉာဏ်တွေ ပြန်ရလာရင် ငါတို့ဂိုဏ်းအပေါ် နည်းနည်းတော့စေတနာထားလောက်ပါတယ်"

ထို့နောက် ကျောက်ရိုးအမူအရာ ရုတ်တရက်ပြောင်းသွားပြီး နေရာမှချက်ချင်းထွက်သွားသည်။

"သောက်လခွမ်း၊ တစ်လပြည့်သွားပြီပဲ"

......

ဝတ်ရုံနီ ချောင်းတဟွတ်ဟွတ်ဆိုး၍ သွေးအန်နေသည်။ သူ့စကားသံ ဗလုံးဗထွေးဖြစ်နေသည်။ မျက်လုံးများက အရူးလိုနီရဲနေသည်။

"ဟားဟား....မသေမျိုးတစ်ဝက်အဆင့်လူတစ်ယောက်နဲ့ လာတွေ့တာပဲ။ ငါသေရင်တောင် မင်းကိုအပါခေါ်သွားမယ်ကွ"

ဒေါသစိတ်ကြောင့် ရူးသွပ်သွားသဖြင့် သူ့ခြေထောက်အောက်တွင် နောက်ထပ် အဆုံးစမဲ့သွေးနီပန်းပွင့်များ ဖန်တီးလိုက်သည်။ သူတို့ပွင့်လာသည်က သေခြင်းနိမိတ်ကို ကိုယ်စားပြုသည်။

ပန်းပွင့်များ ဆက်တိုက်ပေါက်ကွဲထွက်သွားသည်။ နားကွဲမတတ်အသံများကြောင့် မိုးမြေတုန်ခါနေသည်။ ဘေးပတ်လည်လေထုလည်း တုန်ခါလာသည်။ ပန်းပွင့်များမှ ထွက်လာသည့် 'အကြောက်တရားလှုံ့ဆော်မှုစွမ်း'က လူတို့၏ စိတ်ဝိညာဉ်ထဲတွင် နိုးထလာသည်။

"မင်းရှောင်ရင် ငါ့ရဲ့မန္ဒလပေါက်ကွဲမှုကြောင့် ဒီပြည်နယ်တစ်ဝက်လောက် ခြောက်နက်ကြီးဖြစ်သွားမှာကွ"

(**မန္ဒလသည် စိတ်စွမ်းအားဖြင့် ဖန်တီးထားသည့် နယ်မြေအဝိုင်းအဝန်းတစ်ခုကို ဆိုလိုသည်)

ယွမ်ကျိအမူအရာ အပြောင်းအလဲမရှိ။ မျက်ခုံးပင်မတွန့်။ ဝတ်ရုံနီ၏ခြိမ်းခြောက်မှုများက ပြန်ပြောဖို့ပင် မထိုက်တန်။

"ငြီးငွေ့စရာကောင်းလိုက်တာ"

.......

ကောင်းကင်တွင် ပေါက်ကွဲသံများ အဆက်မပြတ်ပဲ့တင်ထပ်နေသည်။ ထူထဲသိပ်သည်းသည့်မီးတောက်များကြောင့် တိုက်ပွဲရလာဒ်ကို ဘယ်သူမှမမြင်နိုင်ကြ။

"ဟိုစွမ်းအားရှင် အဆင်ပြေပါ့မလား"

ကျင့်ကြံသူတစ်ချို့ စိုးရိမ်ပူပန်စပြုလာသည်။ သူတို့ကိုလာကယ်သူက ဘယ်လောက်စွမ်းအားကြီးသည်ဖြစ်စေ ထိုတိုက်ခိုက်မှုမျိုးကို ဒဏ်ရာမရဘဲ ခုခံကာကွယ်ဖို့ မဖြစ်နိုင်လောက်။

ကူးဖြတ်ခြင်းအဆင့်၊ မသေမျိုးတစ်ဝင့်အဆင့်များကိုနားလည်ဖို့ သူတို့နှင့်လက်လှမ်းမမီ။

"ကာကွယ်တဲ့ နည်းလမ်းတစ်ခုခုတော့ရှိမှာပါ"

တစ်ယောက်က မယုံမရဲမှတ်ချက်ပေးသည်။

"အဲလိုဖြစ်ပါစေလို့ မျှော်လင့်ပါတယ်ကွာ"

ကျန်သည့်လူများလည်း ထိုသို့ပင် ခံစားနေရသည်။ ဝတ်ရုံနီ၏စွမ်းအားသည် အလွန်ကြောက်စရာကောင်းသည်။ ကမ္ဘာဖျက်ကပ်ဆိုးနှင့်တူသည်။

စိုးရိမ်စိတ်အမြင့်ဆုံးသို့ ရောက်လာချိန်တွင် ယွမ်ကျိ ကောင်းကင်မှဆင်းလာသည်။ သူ့နောက်တွင် ဝတ်ရုံနီကို ဒရွတ်တိုက်ဆွဲလာသည်။ လေထုကိုဖြတ်၍ လုယန်နားသို့ တည်ငြိမ်စွာ ချဉ်းကပ်လာသည်။

ယွမ်ကျိစွမ်းအားကို ကောင်းကောင်းသိထားသူဖြစ်၍ သူ့အသက်အန္တရာယ်ကို လုယန်ဘယ်တုန်းကမှ မစိုးရိမ်ခဲ့ဖူးပါ။

စပ်စုလိုစိတိ်ကြောင့် နောက်ဘက်မှဝတ်ရုံနီကို လည်ဆန့်၍ကြည့်လိုက်သည်။ ဝတ်ရုံနီပိုင်ရှင်ဟုပင် မခေါ်နိုင်တော့။ လွှမ်းမိုးရိပ်အပြည့်ရှိခဲ့သည့် ဝတ်ရုံနီက ပေါက်ကွဲမှုကြောင့် တစ်စစီစုတ်ပြဲနေသည်။ ခန္ဓာကိုယ်က မီးသွေးလိုမည်းနက်၍ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်။ အစောပိုင်းကပုံစံမျိုး မဟုတ်တော့။

"သူသေပြီလား"

လုယန် စဉ်းစားသည်။ ယွမ်ကျိ၏ တိုက်ခိုက်မှုက ပြင်းထန်ရက်စက်၍ ဝိညာဉ်ပင် မကျန်တော့ဟု ထင်လိုက်သည်။

ထိုစဉ် သိစိတ်နယ်မြေမှ ထာဝရနတ်မယ်က

"အလောင်းခွံသက်သက်ပဲ ကျန်ခဲ့တာပါ။ သူ့ဝိညာဉ်က ထွက်ပြေးသွားပြီ။

ယွမ်ကျိအမူအရာက ပြောင်းလဲမသွား။

"သိပါတယ်။ သူဘယ်ကိုပြေးမလဲ သိချင်လို့ပါ"

**********************************

All Chapters