စုစည်းခြင်းအဆင့်ကျင့်ကြံသူ ဘယ်လောက်များသလဲ
Vol. 25 Ch. 369
"ဟောဟဲ...ဟောဟဲ"
သွေးသံရဲရဲလူတစ်ယောက် အသက်ကိုမောပန်းစွာရှူရှိုက်နေသည်။ နှလုံးခုန်သံက ပေါက်ကွဲထွက်မတတ် တဒိန်းဒိန်းမြည်နေသည်။ အစောပိုင်းကလို မောက်မာဝင့်ကြွားရိပ်မျိုး မရှိတော့။
"သေစမ်းကွာ။ ဆိုးလိုက်တဲ့ကံ။ အနာဂတ်အစီအစဉ်တွေအတွက် နိုင်ငံ့ကံကြမ္မာစွမ်းအားကို စောင့်ကြည့်ဖို့စီစဉ်ခဲ့တာ။ အခုတော့ မသေမျိုးတစ်ဝက်စွမ်းအားရှင်နဲ့လာတွေ့တယ်။ ဒီခေတ်က အံ့ဩစရာတွေတကယ်ပြည့်နေတာပဲ။
အမြဲတမ်း ကြိုတင်ပြင်ဆင်ထားလို့ တော်သေးတာပေါ့။ အသက်ကယ်ကျောက်စိမ်းအပြင် ဒီအရန်ခန္ဓာကိုယ် ကျန်သေးတယ်။ အစောပိုင်းက ငါ့ကိုယ်ငါဖောက်ခွဲဖျက်ဆီးလိုက်တဲ့အချိန် မသေမျိုးတစ်ဝက်စွမ်းအားရှင် အာရုံရှုပ်ထွေးသွားလို့သာ ထွက်ပြေးခွင့်ရခဲ့တာ"
မဟာယုခေတ်တွင် လူတို့သည် သွေးနီဝတ်စုံနှင့်လူကို ကြောက်ကြသည်။ သူ့ကို သွေးကပ်ဆိုးအရှင်ဟု ခေါ်ကြသည်။ သူ့ရုပ်ရည်သွင်ပြင်သည် လောကကပ်ဆိုးများနှင့် သွေးထွက်သံယိုဖြစ်ရပ်များကို ကိုယ်စားပြုသည်။
ထိန်းချုပ်သူမရှိသည့် ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်တစ်ယောက်အနေဖြင့် ဤခေတ်တွင် သူ့စိတ်ကြိုက်ပြုမူနိုင်သည်။ ဘယ်သူတားနိုင်မည်နည်း။
သူ့နိုင်ငံကို ပြန်တည်ဆောက်ပြီး ကျင့်စဉ်စွမ်းအား ထပ်တိုးလာဖို့ ဤခေတ်ကာလ၏အခွင့်အလမ်းများကို သိမ်းပိုက်ရန် သူမျှော်လင့်ခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ သူ့အသက်ကို အဆုံးသတ်ပစ်နိုင်သည့် ပြိုင်ဘက်ကင်းစွမ်းအားရှင်တစ်ယောက်နှင့် သူကြုံခဲ့ရသည်။
"သောက်ရေးမပါလိုက်တာကွာ။ ငါတစ်ခါမှ ဒီလိုမျိုးအရှက်မကွဲခဲ့ဖူးဘူး"
သွေးကပ်ဆိုး သူလက်ရှိပိုင်ဆိုင်ထားသည့် စုစည်းခြင်းအဆင့်ခန္ဓာကိုယ်ကိုကြည့်၍ ဝမ်းနည်းပက်လက်ဖြစ်နေသည်။
မသေမျိုးတစ်ဝက်အဆင့်စွမ်းအားရှင်ကို လှည့်စားရန် သူ့ခန္ဓာသူဖျက်ဆီးခဲ့သည်။ သူ့ဝိညာဉ်လည်း အတော်များများ ထိခိုက်ခဲ့သည်။ ဝိညာဉ်သုံးခု လိပ်ပြာခုနစ်ပါး ကုန်လုမတတ်ဖြစ်ခဲ့သည်။ ပေါက်ကွဲသွားသည့် ခန္ဓာကိုယ်ပေါ်တွင် ဝိညာဉ်အပိုင်းအစများ တမင်ချန်ထားခဲ့သည်။
သို့သော် ပြန်လည်နိုးထရန် ကြိုတင်ပြင်ဆင်ထားသည့် အရန်ခန္ဓာကိုယ်က ကူးဖြတ်ခြင်းအဆင့်သာရှိသည်။
ယခု သူ့ဝိညာဉ်နှင့်ခန္ဓာနှစ်ခုလုံး စုစည်းခြင်းဖြစ်သည်။ အစောပိုင်းကလို ကူးဖြတ်ခြင်းအခြေခံအဆင့်ပြန်ရောက်ဖို့ မိုးမြေရတနာများစွာ လိုအပ်ပေလိမ့်မည်။
ဤခေတ်သည် မဟာယုခေတ်မဟုတ်တော့။ ထိုကဲ့သို့ရတနာများအားလုံး ပိုင်ရှင်ရှိနေကြသည်။ ရယူနိုင်ဖို့ များစွာလုံ့လစိုက်၍ စွန့်စားရမည်။
"ဒါပေမယ့်အခု ဒီအခက်အခဲတွေကို စိုးရိမ်ရမယ့်အချိန် မဟုတ်သေးပါဘူး။ လောလောဆယ် ဒီနေရာက ထွက်သွားနိုင်ဖို့ အဓိကပဲ"
အန္တရာယ်မှ အပြည့်အဝ လွတ်ကင်းသည်ဟု မဆိုနိုင်သေး။ သူပြန်လည်ရှင်သန်သည့်ကျင့်စဉ်ပညာသည် နေရာအကန့်အသတ်ရှိသည်။ တောင်ခြေအနီးမှ တည်းခိုခန်းတစ်ခုထဲတွင် သူပြန်ရှင်သန်ခဲ့ခြင်းဖြစ်သည်။
"ဒီနယ်မြေကို တင်းတင်းကြပ်ကြပ်စောင့်ကြည့်နေကြမှာဆိုတော့ လေထဲကပျံသွားရင် မြင်သာလွန်းမယ်။ ငါ့ကို မြင်သွားကြမှာ။ ခြေကျင်ပြေးတာက စိတ်အချရဆုံးပဲ"
တည်းခိုခန်းထဲမှသူထွက်လိုက်သည်နှင့် အနီးမှမြက်ခင်းတစ်ခုပေါ်တွင် မြက်စားနေသည့် မြင်းကောင်းတစ်အုပ်ဆီ သူအကြည့်ရောက်သွားသည်။ အစောပိုင်းက စုစည်းခြင်းအဆင့်စွမ်းအားရှင်နှစ်ယောက် ထုတ်လွှတ်ခဲ့သည့် စွမ်းအားဖိအားက ထိုမြင်းများအပေါ် သက်ရောက်ခဲ့ပုံမပေါ်။
မြင်းအားလုံး အသွေးအမွှေးများ တောက်ပြောင်နေသည်။ အားလုံးက မြင်းမများဖြစ်သည်။ ထိုမြင်းများအလယ်တွင် အသက်အတော်ကြီးပုံရသည့် အဖြူရောင်မြင်းအိုတစ်ကောင် ရပ်နေသည်။
ထူးဆန်းသည်။ မြင်းမအားလုံး ထိုမြင်းအိုကို ပွတ်သီးပွတ်သပ်လုပ်နေသည်။ ချစ်ကြည်နူးသည့်အကြည့်များ လျှို့ဝှက်ထားသည့်ခံစားချက်များ ဖလှယ်နေကြဟန်တူသည်။
မြင်းမအားလုံး၏ အရေးစိုက်မှုကို မြင်းအိုက တုံ့ဆိုင်းခြင်းမရှိဘဲ လက်ခံသည်။
"မြင်းနဂါးစစ်စစ်ပါလား"
သွေးကပ်ဆိုးမျက်လုံးများ အရောင်လက်လာသည်။ မြင်းနဂါးစစ်စစ်တစ်ကောင်ကို ဤနေရာမျိုးတွင် တွေ့ရမည်ဟု သူထင်မထားခဲ့။ ကျယ်ပြန့်သည့်အရှေ့ပင်လယ်တွင် နေထိုင်ကြသည့် ရှားပါးမျိုးစိတ်ဖြစ်သည်။ ထိုမြင်းနဂါးမျိုး တစ်ကောင်လောက် သူဖမ်းချင်ခဲ့သည်။
သို့သော် ရှေးဟောင်းခေတ်မှ ယင်ထန်မသေမျိုးက အရှေ့ပင်လယ်ကို စောင့်ကြပ်နေသည်ဟူသည့် ဒဏ္ဍာရီများရှိသည်။ ထို့ကြောင့် သူမစွန့်စားရဲ။
"ဒီမြင်းပိုင်ရှင်က မြင်းအိုတစ်ကောင်လိုဖြစ်အောင် ရုပ်ဖျက်ပေးထားတာဖြစ်မယ်။ မြင်းနဂါးရဲ့ ထူးခြားတဲ့သွေးဆက်စွမ်းအားက သာမန်မြင်းမတွေ အလိုလိုဆွဲဆောင်နေတာပဲ။
မြင်းနဂါးဆိုတာ အလွန်လျင်မြန်တဲ့ကောင်။ ဒီမြင်းကိုစီးပြီးထွက်ပြေးရင် အနည်းဆုံးတော့ ဒီနေ့ဆုံးရှုံးခဲ့ရတာတွေအတွက် ထိုက်တန်ပါတယ်"
သွေးကပ်ဆိုး သူ့အစီအစဉ်အတွက် လျင်မြန်စွာတွက်ချက်စဉ်းစားသည်။ ဤနေရာမှ မြင်းစီးထွက်ပြေးခြင်းသည် အမြန်ဆုံးဖြစ်လိမ့်မည်။ စွမ်းအင်ရောင်နည်းနည်း ထုတ်လွှတ်လိုက်သည်။ မြင်းမများ ထိတ်လန့်တုန်လှုပ်၍ တစ်နေရာစီထွက်ပြေးသွားကြသည်။
မြင်းနဂါးမျက်လုံးတွင် ဒေါသရိပ်ပေါ်လာသည်။ သို့သော် သွေးကပ်ဆိုးက အရေးမစိုက်ဘဲ ရယ်မောလိုက်သည်။
"လိမ္မာတဲ့မြင်းနဂါးလေး။ လူစကားကို မင်းနားလည်မှန်း ငါသိတယ်။ ငါနဲ့အတူလိုက်ခဲ့ပါ။ နိမ့်ကျတဲ့ဘဝနဲ့ မင်းမနေစေရဘူးလို့ ငါကတိပေးတယ်"
ထိုသို့ပြောရင်း မြင်းနဂါးဆီ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားသည်။
ဤမြင်းနဂါးသည် နတ်ဆိုးသားရဲဖြစ်သည်။ သူ့နောက်သို့ သေချာပေါက်လိုက်ခဲ့ပေလိမ့်မည်။
ဘုန်း။
မြင်းနဂါးက ခြေစုံခုတ်၍နောက်ပြန်ကန်လိုက်သည်။ သွေးကပ်ဆိုး၏လက်မောင်းနှစ်ဘက် ကျိုးသွားသည်။
"စုစည်းခြင်းအဆင့်မဟာနတ်ဆိုးဘုရင်လား"
သွေးကပ်ဆိုး အံ့အားသင့်နေသည်။ ဘာကြောင့် စုစည်းခြင်းအဆင့်သားရဲ ဤနေရာတွင် ရှိနေသနည်း။
အစောပိုင်းက ရှေးဟောင်းစုစည်းခြင်းကျင့်ကြံသူနှစ်ယောက် တိုက်ခိုက်နေချိန်တွင် ထိုမြင်းအို ဘာကြောင့် ဝင်မစွက်ခဲ့သနည်း။
မဟာနတ်ဆိုးဘုရင်ကို စီးတော်ယာဉ်အဖြစ်သုံးသူသည် ဘယ်လိုလူဖြစ်မည်နည်း။
"ဟိုမသေမျိုးတစ်ဝက်စွမ်းအားရှင်ရဲ့ မြင်းလား"
ဖြစ်နိုင်ခြေကို သူချက်ချင်းစဉ်းစားမိသည်။ မသေမျိုးတစ်ဝက်စွမ်းအားရှင်၏မြင်းကိုမှ သူရန်စမိသည်။ မြင်းပိုင်ရှင်က သူရှိနေကြောင်း ရိပ်မိသွားပြီးဖြစ်မည်။
ပြေးရမည်။
ကောင်းကင်မှ ပျံသန်းထွက်မပြေးရဲ။ ထို့ကြောင့် ဝိညာဉ်ချီကိုရဲတင်းစွာ အသုံးချ၍ မြေထဲသို့အောင်း၍ ထွက်ပြေးသည်။ ရန်သူက သူ့စွမ်းအင်ကို ရိပ်မိမည်စိုး၍ သိစိတ်အာရုံကိုသူမဖြန့်ကျက်ရဲ။
အချိန်အတော်ကြာအောင်ထွက်ပြေးပြီးနောက် ရန်သူစွမ်းအားရှင်၏ ကြောက်စရာစွမ်းအင်ဖိအားကို မခံစားရသဖြင့် သူနည်းနည်းစိတ်သက်သာရာရသွားသည်။
"သူငါ့ကို လုံးဝသတိမထားမိတဲ့ပုံပဲ"
မြေကြီးထဲမှ သူခေါင်းပြူ၍ကြည့်လိုက်သည်။ ပတ်ဝန်းကျင်ကတိတ်ဆိတ်နေသည်။ ကျင့်ကြံနေသည့်လူတစ်ယောက်ကိုသာ မြင်ရသည်။ စိတ်ချရပြီဟု ခံစားရသဖြင့် မြေကြီးထဲမှ သူထွက်လာသည်။
"ဒီမှာတော့ အန္တရာယ်မရှိနိုင်ပါဘူး"
အနီးမှ တစ်ကိုယ်တော်ကျင့်ကြံသူကိုကြည့်၍ သူ့ရင်ထဲတွင် လောဘစိတ်များ တဖွားဖွားပေါ်လာပြန်သည်။
ယခု ချင်းကျိုးပွဲတော်နေရာနှင့် အတော်ဝေးဝေးသို့ ရောက်လာပြီဖြစ်သည်။ ထိုကျင့်ကြံသူပျောက်ကွယ်သွားလျှင်လည်း ဘယ်သူမှသူ့ကို သံသယဝင်ကြမည်မဟုတ်။
ဤလူ၏စွမ်းအားကို စုပ်ယူလိုက်လျှင် ဆုံးရှုံးသွားသည့် သူ့ချီစွမ်းအင်တစ်ချို့ ပြန်ရနိုင်သည်။
ကျင့်ကြံနေသည့်လူဆီ သူတည့်တည့်လျှောက်သွားသည်။ သို့သော် သူအနားသို့မရောက်မီ ထိုလူက မျက်လုံးမှိတ်လျက်သားမှ အေးစက်စက်ပြောသည်။
"ငါသာမင်းဆိုရင် ဒီထက်ထပ်တိုးလာမှာမဟုတ်ဘူးနော်"
သွေးကပ်ဆိုး လှောင်ပြုံးပြုံးလိုက်သည်။ မကောင်းသည့် သူ့ရည်ရွယ်ချက်ကို ထိုလူရိပ်စားမိဟန်တူသည်။ သို့သော် မလွတ်မြောက်နိုင်မှန်းသိ၍ စကားဖြင့်ခြိမ်းခြောက်နေခြင်းဖြစ်မည်။
ယနေ့ခေတ်ကျင့်ကြံသူများသည့် ဖိန့်လုံးလှိမ့်လုံးများသုံးရသည်ကို သဘောကျကြဟန်တူသည်။ သို့သော် ထိုလူကံမကောင်းနိုင်တော့။ ထိုလှည့်ကွက်မျိုးကို ဟိုအရင်ကတည်းက သူကျွမ်းကျင်ပြီးသားဖြစ်သည်။
"ဪ...ဟုတ်လား။ ငါထပ်တိုးလာရင်ဘာဖြစ်မလဲ ငါသိချင်တယ်ကွာ"
သွေးကပ်ဆိုး ထပ်တိုးသွားသည်။
ဒုဂိုဏ်းချုပ်ကျောက်ရိုး မျက်လုံးဖွင့်လိုက်သည်။ တိုးကပ်လာသည့် သွေးကပ်ဆိုးကိုကြည့်ပြီး ငြင်သာစွာခေါင်းယမ်းလိုက်သည်။
ခန္ဓာကိုယ်ပြောင်းထားသဖြင့် သွေးကပ်ဆိုးကို ကျောက်ရိုးမမှတ်မိ။ သို့သော် သေချင်၍လာသူများကို သူလုံးဝတားမည်မဟုတ်။
ဂျိန်း။
မိုးကြိုးသံတစ်ချက် ပေါ်လာသည်။ ကောင်းကင်တစ်ခုလုံး တုန်ခါသွားသည်။ နားကွဲမတတ်အသံလှိုင်းက ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။ ကြားရသူတိုင်း စိတ်နှလုံးခြောက်ခြားကြပေလိမ့်မည်။
လျှပ်စီးက ကြီးမားသည့်ငွေလှံတစ်စင်းပမာ ထိုးကျလာသည်။ ကောင်းကင်ကိုထိုးခွဲ၍ မိုးနှင့်မြေကို ဆက်သွယ်လာသည်။
"ဘာတွေလဲ။ ဘာလို့ ကောင်းကင်ဆင်းရဲလျှပ်စီးဆင်းလာတာလဲ"
သွေးကပ်ဆိုး မင်သက်မိနေသည်။ ဘာကြောင့် ကောင်းကင်ဆင်းရဲပေါ်လာသည်မသိ။
ထိုထက်အရေးကြီးသည်မှာ လျှပ်စီးက သူ့ဆီကို ဦးတည်နေသည်။
"ခွေးမသား၊ အဲဒါမင်းကြောင့်လား"
သွေးကပ်ဆိုး ကျောက်ရိုးကို ဒေါသဖြင့်စိုက်ကြည့်သည်။ ထိုလူ အဆင့်တက်ဖို့ ဆင်းရဲဖြတ်ကျော်နေခြင်းဖြစ်ကြောင်း နားလည်လာသည်။ သူက ကြားညပ်သွားခြင်းဖြစ်သည်။ ကောင်းကင်ဆင်းရဲက သူ့ကို ကျူးကျော်လာသူအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
"ငါမင်းကို ထပ်တိုးမလာနဲ့လို့ ပြောသားပဲ"
ကျောက်ရိုးက ခပ်တင်းတင်းပြန်ပြောသည်။
"ဆင်းရဲလျှပ်စီးလား။ ငါကဘာလို့ ဒီလျှပ်စီးလောက်ကို ကြောက်နေရမှာလဲကွ"
သွေးကပ်ဆိုး ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်သည်။ သူ့စွမ်းအင်အားလုံး စုစည်းသည်။ သူ့ဝတ်ရုံ တဖျတ်ဖျတ်လှုပ်ခါလာသည်။
"ဪ...မင်းကိုး"
ကျောက်ရိုးအမူအရာ ပြောင်းလဲသွားသည်။ သွေးကပ်ဆိုး၏ စွမ်းအင်ရောင်ကို သူအာရုံခံမိသည်။ ချင်းကျိုးပွဲတော်ကို ဖျက်ဆီးခဲ့သည့် လက်သည်တရားခံဖြစ်ကြောင်း သိသွားသည်။
ရုတ်တရက် ကျောက်ရိုးစိတ်ထဲ နည်းနည်းထိတ်လန့်လာသည်။ သို့သော် သွေးကပ်ဆိုး၏ အသက်ဓာတ်က များစွာလျော့ကျနေသည်။ သူ့နှင့်ကျင့်စဉ်စွမ်းအား အဆင့်တူဖြစ်ကြာင်းနားလည်လိုက်သဖြင့် ကြောက်လန့်စိတ်များ ပျောက်ကွယ်သွားသည်။
"ချင်းကျိုးပွဲတော်ကို ဖျက်ဆီးခဲ့တာမင်းပဲ။ မင်းကြောင့် ငါ့စီးပွားရေး ပျက်စီးရတာကွ"
ကျောက်ရိုး ဒေါသတကြီးအော်ဟစ်လိုက်သည်။
"ဘယ်လို"
သွေးကပ်ဆိုး အံ့အားသင့်သွားသည်။ ကျောက်ရိုးပြောသည့်စကားကို သူနားမလည်နိုင်တော့။
"မင်းလို စုစည်းခြင်းအဆင့်ကျင့်ကြံသူက ချင်းကျိုးမှာ ဆိုင်ဖွင့်နေတာလား"
သွေးကပ်ဆိုး မျက်လုံးပြူးသွားသည်။ မယုံနိုင်အောင်ဖြစ်နေသည်။
နောက်ထပ်စုစည်းခြင်းအဆင့် ကျင့်ကြံသူ။
ချင်းကျိုးပွဲတော်တွင် စုစည်းခြင်းစွမ်းအားရှင် ဘယ်နှယောက်များ ပုန်းခိုနေသည်မသိ။
"စကားထပ်မပြောနဲ့တော့။ ဒီကောင်းကင်ဆင်းရဲကို အတူရင်ဆိုင်မယ်"
ကျောက်ရိုးက ခွန်အားအပြည့်ရှိနေသည်။ သို့သော် သွေးကပ်ဆိုးက သူ့ကိုယ်သူ အနိုင်နိုင်တောင့်ခံထားရသည့် အခြေအနေဖြစ်သည်။
ကောင်းကင်လျှပ်စီးကို ရင်ဆိုင်လျှင် သွေးကပ်ဆိုးက သူ့ထက်ပိုအထိနာမည်ကို ကျောက်ရိုးသိသည်။
အတော်ကဗျာဆန်လှသည့် ပြစ်ဒဏ်ဖြစ်သည်။ ကောင်းကင်၏ တရားစီရင်မှုဖြစ်သည်။
ရန်သူကို ထိပ်တိုက်တွေ့နေရသဖြင့် ကျောက်ရိုးဒေါသများ ပေါက်ကွဲထွက်လာသည်။ ဝိညာဉ်ကျောက်တစ်ဘီလျံအကြွေးကြောင့် ကောင်းကင်ပြစ်ဒဏ်ခံယူရန် ခိုးထွက်လာချိန်တွင် သူမုန်းတီးသည့်ရန်သူကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ရမည်ဟု ထင်မထားခဲ့။
လက်စားချေနိုင်မည့်အခွင့်အရေးကို သူဆုံးရှုံးမခံနိုင်။
ဘုန်း။
ကောင်းကင်ဆင်းရဲလျှပ်စီး ရိုက်ခတ်သည်။ အဆုံးစမဲ့လျှပ်စီးတန်းများက အရည်အသွင်ပြောင်း၍ ထိုးခွဲစွမ်းအင်အပြည့်ဖြင့် နှစ်ယောက်လုံးကို ဝါးမျိုသွားသည်။
*********************************************