ထောင်ခန်းထဲပုန်းလျှင်ရနိုင်သည်
Vol. 25 Ch. 370
ကူးဖြတ်ခြင်းလျှပ်စီးဒဏ်ခံရပြီးနောက် သွေးကပ်ဆိုးအရှင် အသက်ယဲ့ယဲ့သာ ကျန်တော့သည်။ တစ်ကိုယ်လုံး မည်းနက်နေသည်။ အလောင်းနှင့်မခြားတော့။
"လခွမ်းထဲမှပဲ။ စုစည်းခြင်းအဆင့်တစ်ယောက်ကြုံရတဲ့ လျှပ်စီးက ဘာလို့ဒီလောက်ပြင်းတာလဲကွ"
ကျောက်ရိုး ပြန်မဖြေ။ သို့သော် သူ့စိတ်ထဲတွင်
'ပြင်းမှာပေါ့။ ဝိညာဉ်ကျောက်တစ်ဘီလျံတန်တဲ့လျှပ်စီးပဲလေ"
ထိုကောင်းကင်လျှပ်စီးကို သူတစ်ကြိမ်ကြုံဖူးပြီးဖြစ်၍ ဤတစ်ကြိမ် အပြည့်အဝပြင်ဆင်ထားသည်။
မီးသွေးကျောက်ရုပ်တစ်ခုလို မည်းနက်နေသည်။ တဖျစ်ဖျစ်အသံများမြည်လာပြီး အရေပြားများ အလွှားလိုက်ကွာကျသွားသည်။ အောက်ဘက်တွင် အရေပြားအသစ်ပေါ်လာသည်။
"အခြေခံရွှေပုရစ်အရေလဲအတတ်အလား"
ကျောက်ရိုး ဘာမှမပြောဘဲ သူ့ကိုတစ်ချက်ကြည့်ပြီး ဆေးတစ်လုံးသောက်လိုက်သည်။ ထိုမြင်ကွင်းကြောင်း သွေးကပ်ဆိုး မနာလိုအူတိုစိတ်ပေါက်သွားသည်။
ရွှေပုရစ်အရေလဲအတတ်သည် ခန္ဓာကိုယ်ကိုသာ သန့်ရှင်းအောင်ထိန်းနိုင်သည်။ လျှပ်စီးဖြတ်ကျော်ပြီးနောက် စွမ်းအားပြန်ဖြည့်ဖို့ ဆေးသောက်ရန်လိုသေးသည်။
သွေးကပ်ဆိုးအရှင် ဆေးလုံးကို လုယူလိုက်ချင်သည်။ သို့သော် သူ့ခန္ဓာကိုယ်က လှုပ်ရှားဖို့ပင် အတော်ကြိုးစားနေရသည်။ ဆေးလုံးလုယူဖို့ တွေးစရာပင်မလို။
ကျောက်ရိုး ဆေးလုံးစွမ်းအားကိုစုပ်ယူရင်း သွေးကပ်ဆိုးကို မခိုးမခန့်ပြုံး၍ ကြည့်နေသည်။
"နောက်ဆုံးမှ ငါဘဝသစ်ပြောင်းလဲပြီး တရားဝင်စီးပွားရေးတစ်ခု စလုပ်နိုင်ခဲ့တာ။ မင်းတို့ရှေးခေတ်ကျင့်ကြံသူတွေကြောင့် အားလုံးပျက်စီးသွားပြီ။ အခု ငါ့ရှေ့ကို ရောက်လာတာ မင်းကံဆိုးတယ်လိုပဲ မှတ်လိုက်ပေတော့"
ပုံမှန် မှော်စွမ်းအား ကျင့်စဉ်ပညာများမသုံး။ ခြေလက်များကိုသာသုံး၍ ကျောက်ရိုး သွေးကပ်ဆိုးကို ဆက်တိုက်ထိုးကြိတ်ကန်ကျောက်ပြီး ဒေါသများဖွင့်ထုတ်သည်။
"ခွေးသူတောင်းစား၊ ငါ့စီးပွားရေးကို ဖျက်ဆီးတဲ့ကောင်"
"ဒီနေ့ခေတ်ကျင့်ကြံသူတွေကို သုံးစမရဘူးထင်နေတာလားကွ"
"မင်းကိုမွေးခဲ့တဲ့ မင်းအမေတောင် မမှတ်မိတဲ့အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ငါရိုက်ပစ်မယ်"
သွေးကပ်ဆိုး တစ်ကိုယ်လုံး ဒဏ်ရာပရဗွဖြစ်လာသည်။ အကောင်းပကတိရှိသည့်အရိုးဟူ၍ တစ်ချောင်းမှမကျန်တော့။ အထူးသဖြင့် ပေါင်ခွကြားကို ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်ခံရသည်။
ကျောက်ရိုး ညာလက်ကိုဖျတ်ခနဲခါလိုက်သည်။ ကြီးမားသည့် သံကြိုးတစ်ချောင်းပေါ်လာသည်။ သွေးကပ်ဆိုးကို တင်းကြပ်စွာတုပ်နှောင်ပြီး ဝက်တစ်ကောင်လို ပုခုံးပေါ်ထမ်းတင်၍ ထွက်သွားရန်ပြင်သည်။
'မဖြစ်ဘူး၊ သူ့နောက်ကို ငါပါသွားလို့မဖြစ်ဘူး'
ကျောက်ရိုးရက်စက်မှန်း သူကောင်းကောင်းသိသွားသည်။ ဖမ်းခေါ်သွားခံရလျှင် လွတ်မြောက်နိုင်စရာ အကြောင်းမရှိတော့။
သူ့လျှာသူကိုက်၍ သွေးသန္ဓေများ ထွေးထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ် မီးခိုးအဖြစ်ပြောင်းလဲသွားသည်။ သံကြိုးထဲမှ လျှောထွက်၍ လေဟာနယ်တစ်ခု ထိုးခွဲပြီး ချက်ချင်းပျောက်ကွယ်သွားလေသည်။
"အသက်ဓာတ်စတေးတယ်ပေါ့"
ကျောက်ရိုးမျက်လုံးများ မှေးစင်းသွားသည်။ သွေးကပ်ဆိုးအရှင် ထိုမျှခံနိုင်ရည်ရှိမည်ထင်မထား။ သူ့သံကြိုးသည် ခန္ဓာကိုယ်ရောဝိညာဉ်ပါ ချုပ်နှာင်နိုင်သည်။ အားနည်းနေသည့်အချိန်တွင် ထွက်ပြေးခြင်းဖြစ်၍ သက်တမ်းသုံးလေးထောင်လောက် စတေးဖို့လိုသည်။
"မိုက်ရူးရဲဆန်တဲ့ကောင်ပဲ။ အဲလိုထွက်ပြေးလည်း မင်းသက်တမ်း ဘယ်လောက်ကျန်ဦးမှာလဲ"
သွေးကပ်ဆိုး၏ပညာရပ်ကို သူလိုက်မမီသဖြင့် သူသက်ပြင်းချလိုက်သည်။
"ပြေးပါစေလေ။ တစ်ခြားရှေးဟောင်းကျင့်ကြံသူတွေရှာပြီး ငါစာရင်းရှင်းမယ်"
.....
သွေးကပ်ဆိုး အသက်လု၍ ပြေးနေရဆဲဖြစ်သည်။ ကြုံခဲ့ရသည့် အခြေအနေကြောင့် မဟာကပ်အပြိုင်အဆိုင်ခေတ်တွင် သူအောင်မြင်မှုရဖို့ အတော်ခက်ခဲသွားပေတော့မည်။
"ငါ့ဗျူဟာတွေ ချို့ယွင်းချက်ရှိနေတယ်။ ခုနက လူသူကင်းမဲ့တဲ့နေရာတစ်ခုမှာ ငါပုန်းဖိုး့ကြိုးစားခဲ့လို ကောင်းကင်ဆင်းရဲဖြတ်နေတဲ့ ဟိုအရူးကောင်နဲ့ တိုးခဲ့တာ။ ဒီတစ်ခါ မြို့တော်တစ်ခုမှာ ငါသွားပုန်းမယ်"
သူ့အစီအစဉ်ကို ပြန်ပြင်ပြီး အနီးဆုံးမြို့တော်ဆီ သူသွားသည်။
"မဟာယန်ကောင်တီမြို့တဲ့။ အတော်ကောင်းတဲ့နာမည်ပဲ။ ငန်းဖြူတွေ တောင်ဘက်ကို ပျံသန်းပြောင်းရွှေသလို ငါပြန်ပြီးအောင်မြင်တိုးတက်လာမယ့်သဘောပေါ့။ ငါကြုံနေရတဲ့အခြေအနေနဲ့ ကွက်တိပါပဲ"
(**ဤနေရာတွင် 'ယန်'ဆိုသည်မှာ 'ငန်း'ကို ဆိုလိုသည်)
မြို့တော်ကို စစ်ဆေးရန် ဝိညာဉ်အာရုံကို သတိဖြင့်ဖြန့်ကျက်လိုက်သည်။
"တိုးတက်တဲ့နေရာတစ်ခုပဲ။ နယ်စားက ဝိညာဉ်ပြောင်းအဆင့်ပဲရှိတာ။ ပုန်းခိုဖို့အကောင်းဆုံးပဲ"
သွေးကပ်ဆိုး မပွင့်တပွင့်ပြုံးလိုက်သည်။ အားနည်းသည့်နယ်စားအုပ်ချုပ်နေသည့် တိုးတက်စည်ကားသည့်မြို့တစ်မြို့။ အကောင်းဆုံးပုန်းအောင်းဖို့နေရာဖစ်သည်။
ကောင်းကင်က သူ့ကိုမျက်နှာသာပေးနေသည်။
အသက်ဓာတ်စတေးပြီးနောက် သူ့ကျင့်စည်စွမ်းအား စုစည်းခြင်းအခြေခံအဆင့်မှ လေဟာနယ်သန့်စင်အဆင့်သို့ ထိုးကျသွားသည်။
လေဟာနယ်သန့်စင်အဆင့်၏ မတည်ငြိမ်သည့်သဘာဝကြောင့် ဝိညာဉ်ပြောင်းအဆင့်သို့ တစ်ဆင့်ကျော်ကျသွားသလိုပင်ဖြစ်သည်။
"ကံကြမ္မာက ငါ့ကိုဆက်တိုက် ကောင်းချီးပေးနေပါလား"
ယန်ကောင်တီထဲသို့ သူခိုးဝင်သွားသည်။ ပုန်းအောင်းကျင့်ကြံနိုင်မည့်နေရာကို စဉ်းစားသည်။
"တစ်ခြားလူတွေရဲ့စွမ်းအင်ကို စုပ်ယူပြီး ငါ့စွမ်းအားကို ပြန်ရအောင်ယူလို့ရတယ်။ ဒီဖြစ်စဉ်ကို အနှောက်အယှက်ခံလို့မရဘူး။ ဒီတော့ တိတ်ဆိတ်ပြီး သေခြင်းနိမိတ်ပြည့်နေတဲ့နေရာ ရှာရမယ်"
ထို့နောက် အကောင်းဆုံး ပုန်းအောင်းစရာနေရာတစ်ခု သူတွေးမိလာသည်။
"အကျဉ်းထောင်"
အကျဉ်းသားများသည် ဘာအခွင့်အရေးမှမရှိကြ။ တစ်ခုခု ထူးဆန်းသည့်အဖြစ်မျိုး ကြုံရလည်း ဘယ်သူမှ အရေးစိုက်ကြမည်မဟုတ်။
သွေးကပ်ဆိုး မီးခိုးတန်းအသွင်ပြောင်း၍ ထောင်ထဲသို့ ခိုးဝင်သွားသည်။
အထဲရောက်ရောက်ခြင်း လူနှစ်ယောက်ငြင်းခုန်နေသံကို ကြားရသည်။
"ငါပြောပြီးပြီလေ၊ ဥပဒေဆိုတာ ဒီလိုအသုံးပြုလို့မရဘူးကွ။ မင်းရူးနေလား"
"ပေါက်တတ်ကရမပြောနဲ့။ အဲဒီ့ဥပဒေကို ငါတင်သွင်းခဲ့တာ။ ဘယ်လိုသုံးရမလဲ ငါကောင်းကောင်းသိတယ်"
"မင်းရေးတယ်ဆိုတိုင်း မင်းနားလည်တယ်လို့ တရားသေပြောလို့မရဘူးလေ။ ယွမ်ကျိကို ငါပျိုးထောင်ပေးခဲ့တာပါ။ သူအခုဘယ်လောက်စွမ်းအားကြီးနေလဲ ငါတောင်မသိဘူး"
"ရယ်စရာကောင်းလိုက်တာဟွာ"
"မဟုတ်ဘူး။ မင်းက ရယ်စရာကောင်းနေတာ"
ဝစီပိတ်နှင့် တရားရေးဝန်ကြီး အကျိတ်အနယ်ငြင်းခုန်နေကြသည်။ တစ်ချိန်က တည်ငြိမ်၍ဣန္ဒေရှိခဲ့သည့် တရားရေးဝန်ကြီး တဖြေးဖြေး စိတ်တိုလာသည်။
"ခဏနေဦး"
ဝစီပိတ်လက်ထောင်ပြသည်။ တစ်ခုခုမူမမှန်ကြောင်း သူအာရုံခံမိသည်။
"ဘယ်သူလဲကွ"
သူအော်မေးလိုက်သည်။
"သွေးနံ့က အတော်ပြင်းထန်တာပဲ"
တရားရေးဝန်ကြီး အံ့အားသင့်သွားသည်။ သူ့သက်တမ်းတစ်လျှောက် ရာဇဝတ်သားများစွာ သူကွပ်မျက်ခဲ့သည်။ သို့သော် ဘယ်သူမှ ထိုမျှပြင်းထန်သည့် မရဏစွမ်းအင်ရောင်မျိုးမရှိကြ။
လမ်းမှန်ဂိုဏ်းများကို ကြောက်သဖြင့် နတ်ဆိုးကျင့်ကြံသူအများစုက လျှို့ဝှက်ပညာရပ်များဖြင့် သူတို့၏သွေးစွမ်းအင်ရောင်ကို ဖုံးဖိထားကြသည်။ သို့သော် သွေးကပ်ဆိုးက ထိုကဲ့သို့ စိုးရိမ်ကြောင့်ကြမှုမျိုး လုံးဝမရှိ။ မဟာယုခေတ်တွင် လက်တွင်ပိုသွေးစွန်းလေ ပိုကောင်းလေဖြစ်သည်။ တစ်ခါတစ်ရံ ထိုအဖြစ်ကို ဂုဏ်ယူစရာအမှတ်သညာဟုပင် သဘောထားကြသည်။
"ဟဲဟဲ၊ မင်းတို့လို ပါချီပါချဲ့လေးနှစ်ကောင်က ငါ့ကိုအာရုံခံနိုင်တယ်ပေါ့။ လေးစားမိပါတယ်ကွာ။ ဒါပေမယ့်အခု မင်းတို့နှစ်ယောက် ငါ့အတွက် အဟာရဖြစ်လာရမယ်"
နည်းနည်းပေါ့ဆသွား၍ သူ့စွမ်းအင်ရောင် ယိုစိမ့်သွားသည်ဟု သွေးကပ်ဆိုးယူဆသည်။ ဘာမှစိုးရိမ်စရာမရှိ။ ထိုနှစ်ယောက်ကို ကိုင်တွယ်ဖို့ သူ့မှာနည်းလမ်းရှိသည်။
တစ်ခြားလူများကို သူယှဉ်နိုင်ချင်မှ ယှဉ်နိုင်မည်။ ဤအကျဉ်းသားနှစ်ယောက်ကိုတော့ သူသေချာပေါက် လွယ်လွယ်အနိုင်ယူနိုင်သည်။
ကြောက်စရာကောင်းသည့် အနက်ရောင်မကောင်းဆိုးဝါးစွမ်းအင်အလင်းတစ်ခု ကျဉ်းမြောင်းသည့် ထောင်ခန်းထဲတွင် ဝေ့ဝဲတက်လာသည်။ လေဝဲတစ်ခုဖြစ်လာသည်။ ထိုလေဝဲထဲမှ ခပ်တိုးတိုးအော်ဟစ်ညည်းညူသံများ ပဲတင်ထပ်နေသလိုရှိသည်။
"ငါ့ကျွန်တွေဖြစ်ကြစမ်း"
တရားရေးဝန်ကြီးက ရွှေရောင်လက်ဝါးရိပ်ကြီးတစ်ခု ဆင့်ခေါ်၍ ချက်ချင်းပြန်ရိုက်ထုတ်လိုက်သည်။ အနက်ရောင်စွမ်းအင်များ လွင့်ပြယ်သွားသည်။ သွေးကပ်ဆိုး ကြမ်းပြင်ပေါ် ခွေးကျဝက်ကျ ကျသွားသည်။ မကောင်းဆိုးဝါးစွမ်းအင်လေဝဲနှင့် ခြောက်ခြားဖွယ်အော်ညည်းသံများအားလုံး ပျောက်ကွယ်သွားသည်။
"အတော်လာတဲ့ကောင်ပဲ။ ငါ့ရှေ့မှာ ဒီလိုလှည့်ကွက်မျိုး လာသုံးရဲတယ်ပေါ့"
သွေးကပ်ဆိုး မြေပေါ်တွင်လဲကျလျက်သား မင်သက်မိနေသည်။ ဘာဖြစ်သွားသည်ကို သူနားမလည်။
သူဘာကြောင့် ထိုမျှလွယ်လွယ် ရိုက်ချခံလိုက်ရသနည်း။
"နတ်ဆိုးကျင့်ကြံသူပဲ။ သူ့ကိုဖမ်း"
ဝစီပိတ် အော်ဟစ်လိုက်သည်။ သူ့ဓားနှလုံးကို အသက်သွင်းသည်။ ဓားချီအလင်းတစ်ခုက ဓားတစ်သောင်းမြစ်တစ်စင်းကဲ့သို့ ပြင်းထန်သည့်စွမ်းအားဖြင့် ထောင်ခန်းထဲတွင် ထိုးထွက်လာပြီး လေဟာနယ်တစ်ခုလုံး ပြည့်နက်သွားသည်။
သွေးကပ်ဆိုး ထွက်ပေးခွင့်မရ။ လေဟာနယ်ကိုပင် မထိုးခွဲနိုင်တော့။
ဝစီပိတ်ကိုယ်တိုင်က ထွက်ပြေးသည့်နေရာတွင် ဆရာတစ်ဆူဖြစ်၍ တစ်ခြားလူများ ထွက်မပြေးနိုင်အောင် ကောင်းကောင်းတားဆီးပိတ်ဆို့တတ်သည်။
ယွမ်ကျိလိုလူသာ သူ့ကိုဖမ်းနိုင်သည်။ တစ်ခြားလူ ဘယ်သူမှ သူ့ကိုမဖမ်းနိုင်ပေ။
သွေးကပ်ဆိုး ငြိမ်ကျသွားပြီး ပါးစပ်အဟောင်းသားဖြစ်နေသည်။ ယခု သူ့စိတ်ထဲမှ ခံစားချက်များကို ပြောပြဖို့ စကားလုံးပင်ရှာမရ။
ဘာတွေဖြစ်နေသနည်း။ ဘာကြောင့် ထိုမျှစွမ်းအားကြီးသူများက ထောင်ထဲရောက်နေသနည်း။
ကောင်းကင်ဆင်းရဲဖြတ်ကျော်သည့်အရူးထက်ပင် ထိုနှစ်ယောက်က ပိုစွမ်းအားကြီးသေးသည်။
ဤထောင်ခန်းတွင် အကာအကွယ် မှော်စက်ဝန်းများလည်းမရှိ။ ဘာကြောင့် သူတို့ လှောင်ပိတ်ခံထားရသနည်း။ နွေရာသီ အအေးခိုခြင်းလား။ ဆောင်းရာသီ အနွေးဓာတ်ခိုခြင်းလား။
"ဒီကောင်ဘယ်လိုအရူးမျိုးလဲကွာ"
ထိုမျှသေဖို့စိတ်အားပြင်းပြသည့်လူမျိုး တရားရေးဝန်ကြီး တစ်ယောက်မှမမြင်ခဲ့ဖူး။
"ဘယ်သိမလဲကွာ။ လူကောင်းမဟုတ်တာတော့ သေချာတယ်။ လောကကြီးအကြောင်း နကန်းတစ်လုံးမသိတဲ့ ရှေးခေတ်ကကျင့်ကြံသူတစ်ယောက်ဖြစ်မှာပေါ့။ ဒဏ်ရာရလို့ ဒီထောင်ထဲမှာ ပုန်းအောင်းပြီး ဒဏ်ရာကုချင်တာဖြစ်မယ်။
သူ့ကိုဖမ်းပြီး နာမည်ကောင်းယူရအောင်။ ငါတို့ပြစ်ဒဏ်ရက် လျော့ချင်လျော့သွားမှာ"
ဝစီပိတ် စိတ်လှုပ်ရှားနေသည်။ ထောင်ထဲတွင်ထိုင်ရင်း နာမည်ကောင်းရဖို့အခွင့်အလမ်း ပေါ်လာသည်။ အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာသည်ဟု ဆိုနိုင်သည်။
သူ့စကားကြောင့် တရားရေးဝန်ကြီးလည်း စိတ်လှုပ်ရှားလာသည်။
ထိုစဉ် သွေးကပ်ဆိုးနောက်မှ ခြေရာခံလိုက်လာသည့် ယွမ်ကျိက ဤမြင်ကွင်းကိုကြည့်၍ သက်ပြင်းချသည်။ သွေးကပ်ဆိုး၏ 'ပုန်းကျင်း'ကို တွေ့လိုသဖြင့် သူခြေရာခံနေခြင်းဖြစ်သည်။ ယခု ထိုသို့လုပ်ဖို့မဖြစ်နိုင်တော့။
ထိုသွေးကပ်ဆိုးအရှင်သည် သူမြင်ဖူးသမျှတွင် ကံအဆိုးဆုံးလူသားဖြစ်သည်။ ပထမဆုံး မြင်းအိုတစ်ကောင် အကန်ခံရသည်။ ထို့နောက် ကျောက်ရိုး၏ ကောင်းကင်လျှပ်စီးဒဏ်ကို ခံရသည်။ ယခု မဟာယန်ကောင်တီထဲသို့ ခိုးဝင်ချိန် စုစည်းခြင်းကျင့်ကြံသူနှစ်ယောက်၏ ဖမ်းဆီးခြင်းခံရသည်။ ယခုချိန်ထိ အသက်ရှင်နေသည်ကပင် အံ့ဩစရာကောင်းသည်ဟု ဆိုရမည်။
ထိုမျှကံဆိုးသူမျိုး ယွမ်ကျိတစ်ခါမှ မမြင်ဖူး။
စစ်ကြောရေးအတွက် ပြန်ခေါ်သွားဖို့အချိန်ကျပြီဟု သူတွေးလိုက်သည်။
အကျဉ်းထောင်ထဲ ရောက်ပြီးနောက် ထောင်ထဲမှလူနှစ်ယောက်ကို သူနှုတ်ဆက်သည်။
"ဆရာနဲ့ တရားရေးဝန်ကြီး၊ မတွေ့တာ အတော်ကြာပြီနော်"
**************************************