မသေမျိုးများ၏ သဘာဝ
Vol. 25 Ch. 372
"ဒါဆို နင်က ဒီမသေမျိုးကို ထပ်မေးဖို့လိုတယ်ပေါ့"
ထာဝရနတ်မယ်က လုယန်၏မေးခွန်းကို လိုလိုလားလားပင် ဖြေချင်နေသည်။
"အရင်ဆုံး တစ်ခြားဂိုဏ်းက ကလေးတွေကို သူတို့ဘယ်လောက်မှတ်မိလဲ မေးလိုက်ပါ"
နတ်မယ် အကြံပြုသည်။ လုယန်ကို ပြဿနာရင်းမြစ်အား ကိုယ်တိုင်ရှာဖွေရန် လမ်းညွှန်ပြသည်။
"လန်ထင်၊ ခုနကဖြစ်သွားတဲ့တိုက်ပွဲကို မင်းမှတ်မိလား"
လန်ထင် လုယန်ကို တစ်ချက်လှည့်ကြည့်သည်။ ရူးကြောင်ကြောင်မေးခွန်းဟု သူထင်သည်။
"မှတ်မိတယ်လေ။ အမယွမ်ကျိက သူ့စွမ်းအားကိုထုတ်ပြပြီး ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူကို အနိုင်ယူတာပဲ"
"အဲဒီထက်အရင်ဖြစ်ခဲ့တာတွေကိုရောမှတ်မိလား"
"နယ်စားနဲ့ ရှေးခေတ်စုစည်းခြင်းကျင့်ကြံသူတွေ တိုက်ခိုက်တာကိုပြောတာလား။ နယ်စားသုံးသွားတာက..."
လုယန် ရုတ်တရက် စကားရပ်သွားသည်။ အဖြေက လျှာဖျားတင် 'တစ်'နေသည် လုံးဝစဉ်းစားမရ။
နယ်စား ဘယ်လိုစွမ်းအားသုံးခဲ့သနည်း။
လုယန် ဆက်ပြီးတွန်းအားမပေးတော့။ ရလာဒ်က ဆင်တူပင်ဖြစ်သည်။ လန်ထင်လည်း နိုင်ငံ့ကံကြမ္မာစွမ်းအားနှင့် အဓိပဓိဓားရိပ်အကြောင်း မေ့သွားသည်။
ယန်ထန်ကျိကို လုယန်လှည့်မေးသည်။
"အမယွမ်ကို မင်းမှတ်မိလား"
"ယွမ်ကျိလား။ အင်း၊ ငါမှတ်မိပါတယ်"
"နယ်စားတိုက်ခိုက်တုန်းက သုံးသွားတဲ့နည်းလမ်းတွေရော မှတ်မိသေးလား"
ယန်ထန်ကျိ မျက်တောင်တစ်ချက်ခတ်သည်။
"မေ့သွားပြီ"
"လောင်မုန်၊ မင်းစိတ်ထဲရော မှတ်မိနေသေးလား"
လုယန် မုန်ကျင်းကျိုးကို ပြောင်းမ်ေးသည်။
"ဟာသလာလုပ်နေတာလား။ ငါ့စိတ်က အမြဲတမ်း ရှင်းလင်းထက်မြက်ပါတယ်။ နယ်စားက နိုင်ငံ့ကံကြမ္မာစွမ်းအားနဲ့ အဓိပဓိဓားရိပ်ဖန်တီးပြီး ရှေးဟောင်းကျင့်ကြံသူတွေကို တိုက်ခိုက်ခဲ့တာ။ ပြီးမှ အမယွမ်က ကူးဖြတ်ခြင်းအဆင့်ရှေးစွမ်းအားရှင်ကို အနိုင်ယူခဲ့တာ"
လုယန် စစဉ်းစားသည်။ သာမန်ကျင့်ကြံသူများသည် နိုင်ငံ့ကံကြမ္မာနှင့်ယွမ်ကျိအကြောင်း မေ့သွားကြသည်။ လန်ထင် ယန်ထန်ကျိနှင့် ပိုင်မင်က နိုင်ငံ့ကံကြမ္မာစွမ်းအားအကြောင်းသာ မေ့ကြသည်။ သူနှင့်မုန်ကျင်းကျိုးသာလျှင် တိုက်ပွဲတစ်ခုလုံးကို မှတ်မိနေသည်။
"နိုင်ငံ့ကံကြမ္မာစွမ်းအားက အဓိကထင်တယ်။ ဒီစွမ်းအားက အားလုံးရဲ့မှတ်ဉာဏ်တွေကို ဖျက်ဆီးလိုက်တာပဲ။ မုန်ကျင်းကျိုးက အင်ပါယာမိသားစုနဲ့အပြိုင် နိုင်ငံကိုထိန်းချုပ်ပြီး တော်ဝင်သွေးဆက်နဲ့ အပြန်အလှန်လက်ဆက်ခဲ့ကြတဲ့ မုန်မိသားစုဝင်မို့ နိုင်ငံကံကြမ္မာစွမ်းအားကို သူမမေ့တာဖြစ်မယ်။
ဒါပေမယ့် အမယွမ်က လူတစ်ချို့ရဲ့မှတ်ဉာဏ်ကို မဖျက်ဘဲထားတာလဲ။ အာရုံစိုက်တာမခံချင်လို့ တို့ငါးယောက်ရဲ့ မှတ်ဉာဏ်တွေကို ဒီအတိုင်းထားတာလား"
လုယန် အဖြေကိုရိပ်မိသလိုလိုရှိလာသည်။ ထာဝရနတ်မယ်ထံမှ အတည်ပြုချက်တောင်းသည်။
"နင်တွေးတာ အတော်နီးစပ်ပါတယ်။ နိုင်ငံ့ကံကြမ္မာက လူအားလုံးရဲ့မှတ်ဉာဏ်ကိုဖျက်တယ်။ ဒါပေမယ့် ရှောင်ယွမ်က နင်တို့မှတ်ဉာဏ်ကိုမဖျက်ဘဲ ချန်ထားတာမျိုးမဟုတ်ဘူး။ တမင်အဲလိုဖြစ်အောင် ထိန်းထားတဲ့သဘောပါ။ ကွာခြားချက်ကို နင်စဉ်းစားမိလား"
နတ်မယ်ကမေးသည်။
လုယန် ခေါင်းငုံ့စဉ်းစားသည်။ ထို့နောက် ချက်ချင်းသဘောပေါက်လာသည်။
"အမယွမ်နဲ့ နိုင်ငံကံကြမ္မာစွမ်းအားရဲ့ မှတ်ဉာဏ်ဖျက်ဆီးမှုက အလိုလိုဖြစ်နေတဲ့သဘောလား"
"သိပ်မှန်တာပေါ့။ အဲဒါ မသေမျိုးတွေရဲ့ ဗီဇစွမ်းရည်ပဲ။ သူတို့လှုပ်ရှားမှုတွေ စွမ်းအားတွေကို မမှတ်မိစေချင်ဘူးဆိုရင် သေမျိုးတွေက အလိုလိုမေ့သွားကြတယ်။
နိုင်ငံ့ကံကြမ္မာနဲ့ရှောင်ယွမ်ရဲ့ လှုပ်ရှားမှုတွေက 'မသေမျိုးစွမ်းရည်'ထဲမှာ အကျုံးဝင်တယ်။
နယ်စားက ဒီနေရာကို စောင့်ကြပ်နေတဲ့လူ။ ဒါကြောင့် နိုင်ငံ့ကံကြမ္မာစွမ်းအားအကြောင်း သူမေ့မှာမဟုတ်ဘူး။ ဟိုရှားချွန်ဆိုတဲ့ တော်ဝင်မျိုးနွယ်လည်း မမေ့ဘူး။ ရှောင်မုန်လည်း အဲလိုပဲပေါ့"
လုယန် နောက်ထပ်မေးခွန်းတစ်ခု ရုတ်တရက် တွေးမိလာသည်။
"နေပါဦး၊ ခင်ဗျားပြောတဲ့ "မသေမျိုးစွမ်းရည်"ဆိုတာ...အရိယဖလဆိုတာလည်း အဲဒီ့စွမ်းရည်မျိုးလား"
လျင်မြန်စွာ ဆက်စပ်စဉ်းစားနိုင်သည့်လုယန်ကို ထာဝရနတ်မယ် သဘောကျသွားသည်။
"နင်သဘောပေါက်လွယ်သားပဲ။ ဟုတ်တယ်။ အရိယဖလဆိုတာ မသေမျိုးတစ်ယောက်ရဲ့ အခြေခံအကျဆုံး ဗီဇစွမ်းရည်ပဲ။ ဒီတော့ မသေမျိုးစွမ်းရည်တစ်ခုလို့ သတ်မှတ်နိုင်တယ်။
ဥပမာ ယင်ထန်မသေမျိုးရဲ့ ကောင်းကင်ဆင်းရဲအရိယဖလနဲ့ အချိန်မသေမျိုးရဲ့ အချိန်အရိယဖလဟာ စံပြမသေမျိုးစွမ်းရည်တွေပဲ။ အချိန်မသေမျိုးက သူ့စွမ်းအားကိုအခြေတည်ပြီး သူ့နာမည်ကိုပေးထားတာ။ ဒါပေမယ့် လူတွေက သူ့စွမ်းရည်ဟာ အချိန်ဲ့ဆက်စပ်နေတယ်ဆိုတာကို မမှတ်မိနိုင်ကြဘူး"
မသေမျိုးများအသိခက်ခြင်းသည် ထိုအကြောင်းရင်းကြောင့်ဖြစ်သည်။
"ဒါဆို ကျုပ်ကျတော့ ဘာလို့ဒါတွေအားလုံး မှတ်မိနေတာလဲ"
နတ်မယ် ဝင့်ကြွားဟန်ဖြင့် ရင်ကော့၍ဖြေသည်။
"ရှင်းနေတာပဲမဟုတ်လား။ နင့်ကိုငါ စောင့်ကြည့်နေပေးနေတာလေ။ နင်ဘယ်လိုလုပ်မေ့မှာလဲ။
ထာဝရမျိုးဆက်ရဲ့ ဒုတိယခေါင်းဆောင်အနေနဲ့ နင်ကငါ့ကာကွယ်အောက်မှာရှိနေတာ။ တစ်ခြားမသေမျိုးတွေအကြောင်း နင်မသိဘဲနေပါ့မလား။ ဒီစကားသာ အပြင်ကိုသတင်းပြန့်သွားရင် ငါ့ရဲံ ထာဝရမျိုးဆက်ကို လူတွေလှောင်ရယ်ကြမှာပေါ့"
သူပိုင်ဆိုင်ထားသည့် အသိပညာရင်းမြစ်ကြီး ဘယ်လောက်တန်ဖိုးရှိမှန်း လုယန်သဘောပေါက်လာသည်။
"ဒါပေမယ့် မသေမျိုးအားလုံးတော့ သူတို့စွမ်းရည်တွေအကြောင်း လူတွေအလိုလိုမေ့သွားအောင်လုပ်တဲ့ ဗီဇစွမ်းရည်မျိုးမရှိပါဘူး။ ငါလည်း အဲဒီချွင်းချက်မသေမျိုးတွေထဲက တစ်ယောက်ပေါ့။
အဲလိုမဟုတ်ရင် ထာဝရဂိုဏ်းဆိုတာ ဘယ်ပေါ်လာမှာလဲ။ မဟုတ်ဘူးလား"
နတ်မယ်က သေးသွယ်သည့်လက်နှစ်ချောင်းကို မြှောက်၍ပြောသည်။
"ဒီဗီဇစွမ်းရည်ပေါ်အခြေခံပြီး မသေမျိုးတွေကို အုပ်စုနှစ်ခုခွဲလို့ရတယ်။ ပထမအုပ်စုက သူတို့ကျင့်စဉ်ပညာတွေမှာ အော်တိုမှတ်ဉာဏ်ဖျက်စွမ်းရည်ပါတဲ့ မသေမျိုးတွေပဲ။
ဒုတိယအုပ်စုကတော့ အဲလိုဗီဇစွမ်းရည်မရှိတဲ့ ငါ့လိုမသေမျိုးတွေပေါ့။ ဒါကတကယ်တော့ မတူတဲ့လမ်းကြောင်း မတူတဲ့ရွေးချယ်မှုနှစ်ခုပါ"
လုယန် အတော်ကြာအောင် အသံတိတ်သွားပြီးနောက် လက်နှစ်ဘက်ဆုပ်၍ ဖြေးညှင်းစွာအရိုအသေပြုလိုက်သည်။
"ခင်ဗျားက တကယ်ထူးခြားတဲ့လူပါ နတ်မယ်"
လေးနက်သည့် သူ့အပြုအမူအကြောင့် ထာဝရနတ်မယ် နည်းနည်းမြောက်တက်သွားသည်။ ပါးနှစ်ဘက် နည်းနည်းနီရဲလာသည်။ လက်နှစ်ဘက်ကို ဘယ်နားထားရမှန်းမသိတော့။
ထို့ကြောင့် လက်ကိုပိုက်၍ ခေါင်းကိုအပေါ်မော့ထားပြီး ခပ်ကြွားကြွားပုံစံဖြင့်ပြောသည်။
"ငါဘယ်လောက်အံ့ဩစရာကောင်းသလဲဆိုတာ နင့်ကိုပြောလာတာကြာလှပြီ။ နင်မှငါ့ကိုမယုံတာ"
ထိုသို့ပြောပြီး မျက်လုံးထောင့်ကပ်ကြည့်၍ လုယန်အမူအရာကို စူးစမ်းသည်။
"ကဲ...ငါအခု အိပ်တော့မယ်။ သွားတော့ သွားတော့။ ငါအနားယူနေတာကို မနှောက်ယှက်နဲ့"
နတ်မယ် လုယန်ကို သိစိတ်နယ်မြေမှ မောင်းထုတ်သည်။
........
သွေးကပ်ဆိုး အချိန်အတော်ကြာအောင် ပြေးလွှားနေခဲ့သည်ထင်ရသော်လည်း ဖြစ်စဉ်တစ်ခုလုံးက အတော်တိုတောင်းသည်။ သိပ်မကြာမီ သွေးကပ်ဆိုးဝိညာဉ်ကိုဆွဲ၍ ချင်းကျိုးပွဲတော်သို့ပြန်ရောက်လာသည့်ယွမ်ကျိကို လုယန်တို့ မြင်ကြရသည်။
"အမယွမ်က ပြန်တောင်ပြန်လာပြီပေါ့"
လုယန် အံ့အားသင့်သွားသည်။ သွေးကပ်ဆိုး၏ မူလပုန်းအောင်းရာနေရာကို ခြေရာခံလိုက်မည်ဟု ယွမ်ကျိပြောခဲ့သည်။ ယခု မြန်လွန်းနေသည်။
ယွမ်ကျိ - "..."
"အစီအစဉ်အပြောင်းအလဲဖြစ်သွားတယ်"
ယွမ်ကျိ ဆက်ရှင်းမပြ။ ကံအဆိုးဆုံးလူသားဖြစ်သည့် သွေးကပ်ဆိုးက ထောင်းနန်းစံနေသည့်စုစည်းခြင်းကျင့်ကြံသူနှစ်ယောက်နှင့် တည့်တည့်တိုးသည်။ သူ့ဆရာနှင့် တရေးဝန်ကြီးကို ပြစ်ဒဏ်လျှော့ပေါ့ဖို့ကိစ္စပင် ကူညီပေးခဲ့ရသည်။ ထိုအကြောင်းကို သူဘယ်လိုရှင်းပြနိုင်မည်နည်း။
"အ..အမယွမ်"
လန်ထင် မဝံ့မရဲ နှုတ်ဆက်သည်။ ယွမ်ကျိနှင့် မျက်လုံးချင်းဆိုင်ဖို့ အတော်ထိတ်လန့်နေသည်။
ကောင်းကင်တွင် ပြသခဲ့သည့် ယွမ်ကျိ၏စွမ်းအားက တကယ်ခြောက်ခြားလောက်သည်။ မြင်သူတိုင်း ကြောက်မိကြမည်သာဖြစ်သည်။
ယွမ်ကျိ လန်ထင်ကိုတစ်ချက်ကြည့်၍ ခေါင်းငြိမ့်ပြသည်။
"မင်းကိုမှတ်မိပါတယ်။ မင်းဆရာက မင်းကိုလုယန်နဲ့ စေ့စပ်ပေးဖို့ခေါ်လာတယ်။ ဒါပေမယ့် ငါသဘောတူပေးပြီးမှ မင်းဆရာက စိတ်ပြောင်းပြီး မင်းနဲ့အတူ ထွက်ပြေးသွားတယ်လေ"
လန်ထင် အတော်ကြာအောင် အသံတိတ်သွားသည်။ ယွမ်ကျိ၏စကားကို သူ့အတွေ့အကြုံနှင့် ဆက်စပ်ကြည့်နေသည်။
"အမယွမ်ကျိ"
"အမယွမ်"
ပိုင်မင်နှင့်ယန်ထန်ကျိလည်း ကြောက်ကြောက်ရွံ့ရွံ့ နှုတ်ဆက်ကြသည်။ သူတို့ဂိုဏ်းဘိုးဘေးများကို ရင်ဆိုင်ရသည်ထက်ပင် ပို၍စိတ်ဖိအားများနေသည်။
"ဒီနှစ်အတွက် ကျင်းပတဲ့ ချင်းကျိုးပွဲတော်ကို ရပ်နားလိုက်ပြီလို့ နယ်စားက ငါ့ကိုပြောလိုက်တယ်။ မင်းတို့ကိုယ်ပိုင်ခရီးစဉ်အတိုင်း လွတ်လွတ်လပ်လပ်သွားလို့ရပါပြီ"
ယွမ်ကျိက စေတနာဖြင့် အသိပေးသည်။
လက်ထဲမှသံကြိုးကို ဆောင့်ဆွဲသည်။
"ငါဒီလူကို စစ်ဆေးစရာရှိသေးလို့ ဂိုဏ်းကိုပြန်တော့မယ်"
ထွက်သွားခါနီးတွင် လုယန်နှင့်မုန်ကျင်းကျိုးကိုကြည့်ပြီး တစ်ခုခုသတိရလာဟန်ရှိသည်။ လန်ထင်ကို သူလှည့်မေးသည်။
"ဒါနဲ့...ငါ့မောင်လေးနဲ့ရှောင်မုန် ချင်းကျိုးပွဲတော်မှာ အကဲဖြတ်ဒိုင်လုပ်တာ ဘယ်လိုအခြေအနေရှိလဲ။ ပြိုင်ပွဲဝင်တွေရဲ့ အားသာချက် အားနည်းချက်တွေကို ကောင်းကောင်းထောက်ပြနိုင်ခဲ့ရဲ့လား"
လုယန်ရော မုန်ကျင်းကျိုးပါ ကြက်သေသေသွားပြီး ကြောက်ချွေးပြန်လာသည်။ လက်စသတ်တော့ အမယွမ် သူတို့ကိုစေလွှတ်လိုက်သည်မှာ အကဲဖြတ်ဒိုင်လုပ်ပေးဖို့ဖြစ်နေသည်။ ပြိုင်ပွဲဝင်ဖို့မဟုတ်။
လန်ထင် ခဏစဉ်းစားပြီး ချိုသာစွာပြုံးလိုက်သည်။
"အကိုလုယန်နှင့် အကိုမုန်ကျင်းကျိုးဟာ ကျွန်မတို့လူငယ်မျိုးဆက်အတွက် တကယ့်စံပြုတွေပါပဲ။ ပါရမီတကယ်ထူးပြီး တိုက်ပွဲအတွေ့အကြုံလည်းရှိတယ်။ သူတို့ထောက်ပြတာတွေက တကယ့်တိကျပြီး စကားလုံးတိုင်း ထိရောက်မှုရှိတယ်။ ပြိုင်ပွဲဝင်အားလုံးက သေချာသိမြင်နားလည်ပြီး အိမ်ပြန်ရောက်ရင် ကြိုးကြိုးစားစားလေ့ကျင့်မယ်လို့ ပြောသွားကြပါတယ်"
ယွမ်ကျိ သဘောကျဟန်ဖြင့် ခေါင်းငြိမ့်သည်။
"အဲလိုကြားရတာ ကောင်းတာပေါ့။ ပြိုင်ပွဲထဲ သူတို့ကိုယ်တိုင်ဝင်ပြိုင်နေမလားဆိုပြီး ငါစိုးရိမ်နေတာ။ အဲလိုမဖြစ်ခဲ့မှန်းသိရတာ ဝမ်းသာပါတယ်"
ယွမ်ကျိစကားကြောင့် ထာဝရနတ်မယ် ချက်ချင်းအိပ်ချင်စိတ်ပျောက်သွားသည်။ ကုတင်ပေါ်မှ ချက်ချင်းခုန်ထပြီး လုယန်အကြောင်း ဖော်ကောင်လုပ်ရန် ကြိုးစားသည်။ သို့သော် လုယန်က သူ့ပါးစပ်ကို အမြန်ပိတ်ထားလိုက်သည်။
*******************************************