← Chapters

မဟာယုရဲ့ နိုင်ငံ့ဆရာ

Vol. 25 Ch. 373

မဟာယုရဲ့ နိုင်ငံ့ဆရာ

Vol. 25 Ch. 373

ကြိုးစား၍ ဖုံးကွယ်ပေးခဲ့သည့်လန်ထင်ကို လုယန်တို့နှစ်ယောက် အတော်ကျေးဇူးတင်မိကြသည်။ ဒုတိယမိဘတစ်ယောက်လိုပင် ခံစားရသည်။

နတ်မယ်က အဖြစ်အပျက်ကိုကြည့်၍ အတော်အူမြူးနေပြီး ပြဿနာဖန်တီးရန် ကြိုးစားသည်။ လုယန် သူ့ပါးစပ်ကို အမြန်အုပ်၍ ဒုက္ခမရောက်အောင် တားနိုင်ခဲ့၍သာ တော်တော့သည်။ သို့မဟုတ်လျှင် နောက်ဆက်တွဲအကျိုးဆက်များက မတွေးရဲစရာဖြစ်လာမည်။

"ပြန်ကြစို့"

ထိုစကားသာပြောပြီး ယွမ်ကျိ တောင်ခြေဆီ ပျံသန်းသွားသည်။ လုယန်နှင့်မုန်ကျင်းကျိုးလည်း လန်ထင်တို့ကို အမြန်နှုတ်ဆက်လိုက်သည်။

"ငါတို့ပြန်နှင်မယ်"

"နောက်မှထပ်တွေ့ကြတာပေါ့"

"အချိန်ရရင် လသံလွင်နန်းတော်ကို လာလည်ပါ"

သူတို့ ငါးယောက်လမ်းခွဲကြသည်။ ပွဲတော်အဆုံးသတ်သွားပြီးဖြစ်သည်။ သူတို့လည်း ကိုယ့်ကိစ္စနှင့်ကိုယ် ရှိသည်။ အမြဲတမ်း အတူရှိမနေနိုင်ကြ။

လုယန်နှင့် မုန်ကျင်းကျိုးတို့ တောင်ခြေသို့ရောက်ချိန်တွင် ယွမ်ကျိက ရထားလုံးတစ်ခု၏ခန်းဆီးကိုမ,၍ ပြောသည်။

"ဝင်ပါ"

မုန်ကျင်းကျိုး သူ့ရှေ့မှမြင်းအိုကိုကြည့်၍ တွေးရခက်နေသည်။ ပုံမှန်ဆိုလျှင် ထိုမြင်းသည် အမွှေးအရောင်မွဲခြောက်၍ အမြဲတမ်းငိုက်မျဉ်းနေပြီး သေခါနီးမြင်းအိုလိုဖြစ်နေလေ့ရှိသည်။

ယခု ထိုမြင်း၏အမွှေးများက အရောင်လက်နေသည်။ အသက်ခွန်အားအပြည့်ရှိသည့် ရှားပါးမျိုးစိတ် မြင်းကောင်းတစ်ကောင်လိုဖြစ်နေသည်။ အရင်ကနှင့် လုံးဝမတူ။

ယွမ်ကျိက လက်ထဲတွင် ဝိညာဉ်ချုပ်ကြိုးတစ်ဘက်ကိုင်ထားပြီး ကျန်တစ်ဘက်ကို မြင်းရထားအပြင်ဘက်တွင် ထားသည်။ သွေးကပ်ဆိုးဝိညာဉ်က ပူဖောင်းတစ်ခုလို လေထဲတွင် လွင့်ပျံနေသည်။ အတော်ရယ်စရာကောင်းသည့်မြင်ကွင်းဖြစ်သည်။

မြင်းအိုက အပိုးကျိုးကျိုးဖြင့် ယွမ်ကျိအတွက် မြင်းရထားဆွဲပေးနေပုံကိုကြည့်၍ သွေးကပ်ဆိုးစိတ်ထဲမှသံသယ ပို၍သေချာလာသည်။

မြင်းနဂါးနတ်ဆိုးဘုရင်သည် ဤမသေမျိုးတစ်ဝက်စွမ်းအားရှင်၏ စီးတော်ယာဉ်အစစ်ဖြစ်သည်။

"အဲလောက်မောက်မာမနေနဲ့။ နိုင်ငံ့ဆရာက မဟာယုရဲ့ဂုဏ်သရေကို သေချာပေါက်ပြန်တည်ဆောက်မှာကွ"

သွေးကပ်ဆိုး ခက်ထန်သည့်မျက်နှာဖြင့် အော်ဟစ်ကြုံးဝါး၍ ရယ်မောနေသည်။

ယွမ်ကျိမျက်မှောင်ကျုံ့သွားသည်။ ရယ်သံကြောင့် စိတ်အနှောက်အယှက်ဖြစ်လာသည်။ လက်တစ်ဘက်ကို ဝှေ့ယမ်း၍ တံဆိပ်တစ်ခုဖန်တီးပြီး သွေးကပ်ဆိုး၏ အာရုံခြောက်ပါးလံး ပိတ်ဆို့လိုက်သည်။ စကားလည်းမပြောနိုင်။ ဘာကိုမှလည်းအာရုံမခံနိုင်တော့"

"နိုင်ငံ့ဆရာလား။ ဒါဆို ဒီကိစ္စအားလုံးရဲ့နောက်ကွယ်မှာ မဟာယုရဲ့နိုင်ငံ့ဆရာရှိနေတာပေါ့"

ရထားပေါ်တက်လာပြီးနောက် လုယန်စဉ်းစားသည်။ သူ့မှတ်ဉာဏ်ထဲမှ နိုင်ငံ့ဆရာနှင့်ပတ်သက်သည့် အချက်အလက်များကို ရှာဖွေနေသည်။

"နိုင်ငံ့ဆရာဆိုတာ ဘာလဲ"

ထာဝရနတ်မယ်ကမေးသည်။ လက်ရှိလောက၏ဗဟုသုတများကို သူသိပ်နားမလည်။ နိုင်ငံ့ဆရာဆိုသည့် ရာထူးအဆင့်အတန်းမျိုးလည်း မဟာရှားခေတ်တွင် မရှိတော့။

"နိုင်ငံ့ဆရာဆိုတာ မဟာယုခေတ်က ထူးခြားတဲ့ရာထူးတစ်ခုပါ။ မဟာယုကို ဂိုဏ်းတစ်ခုအဖြစ်မြင်ကြည့်ပါ။ နိုင်ငံ့ဆရာဆိုတာ ဂိုဏ်းတည်တံ့ဖို့အတွက် တာဝန်ယူရတဲ့ ဂိုဏ်းကာကွယ်သူလိုမျိုးပဲ။

နိုင်ငံ့ဆရာစနစ်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်သိန်းကျော် မဟာယုခေတ် စတည်ထောင်ကတည်းက ရှိခဲ့တာ။ ပထမနိုင်ငံ့ဆရာဟာ ပထမယုအင်ပါယာရဲ့ဆရာလို့ ပြောကြတယ်။ အဲဒီ့နိုင်ငံ့ဆရာအကူအညီနဲ့ ပထမယုအင်ပါယာက မဟာယုနိုင်ငံကို တည်ထောင်ခဲ့တာ။

ပထမယုအင်ပါယာက အရင်မင်းဆက်ကိုဖြုတ်ချပြီး အလယ်ပိုင်းတိုက်နယ်ကို စုစည်းနိုင်ခဲ့တဲ့ စွမ်းအားကြီးအုပ်ချုပ်သူပဲ။ ဒါပေမယ့် သူ့သားသမီးတွေမှာ သူ့လိုကျင့်စဉ်ပါရမီ သူ့လိုအုပ်ချုပ်ရေးစွမ်းရည်မျိုး တစ်ယောက်မှမရှိကြဘူး။

အဲဒီ့အချိန်မှာ ယုအင်ပါယာက သူ့ဆရာကိုတွေးမိတယ်။ အဲလိုနဲ့ နိုင်ငံဆရာရာထူးစနစ်ကို ဖန်တီးပြီး အုပ်ထိန်းသူအဖြစ် ခန့်အပ်ခဲ့တယ်။ အဲလိုနဲ့ ပထမနိုင်ငံ့ဆရာ စပေါ်လာတာ။

သမိုင်းမှတ်တမ်းအရ ပထမယုအင်ပါယာသေပြီးနောက်မှာ နိုင်ငံ့ဆရာစနစ်ဟာ အလွန်အရေးပါခဲ့တယ်လို့ ပြောထားတယ်။ မဟာယုစွမ်းအားလွှမ်းမိုးစ ခေတ်ဦးပိုင်းမှာ နိုင်ငံရဲ့အောင်မြင်တိုးတက်မှုအများစုက အင်ပါယာတွေကို ပြုစုပျိုးထောင်ပြီး ကောင်းကောင်းထိန်းမတ်ပေးနိုင်တဲ့ နိုင်ငံ့ဆရာကြောင့်ပဲ။

ဒါပေမယ့် ဒီစနစ်ကြောင့် နောက်ထပ်အကျိုးဆက်တစ်ခုလည်း ဖြစ်လာတယ်။ နိုင်ငံ့ဆရာဟာ မဟာယုနောက်ကွယ်က တကယ်ဩဇာအစစ်ဖြစ်လာတယ်။ နိုင်ငံ့ဆရာရဲ့ဩဇာ အမြင့်ဆုံးလွှမ်းမိုးခဲ့တဲ့ကာလမှာ ယုအင်ပါယာနေရာကို အစားထိုးဖို့တောင် သူတို့ကဆုံးဖြတ်နိုင်တယ်။ ဒီလိုအစားထိုးတာတစ်ချို့ လုပ်ခဲ့လို့ မဟာယုနိုင်ငံ ပိုသန်မာလာတယ်။ ဒါပေမယ့် ရုပ်သေးဘုရင်လို လူတစ်ယောက်ရဲ့လက်အောက်မျာ နေရတာကို ဘယ်အင်ပါယာက ကျေနပ်မှာလဲ။

ပြီးတော့ ပထမဆုံးနိုင်ငံ့ဆရာက မဟာယုကောင်းကျိုးအတွက် တကယ်အလုပ်လုပ်ခဲ့ပေမယ့် နောက်ပိုင်းနိုင်ငံ့ဆရာတွေကတော့ နိုင်ငံ့အကျိုးထက် ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်ခဲ့ကြတယ်။

အလယ်ခေတ်နဲ့ ခေတ်နှောင်းပိုင်းရောက်တော့ မဟာယုဟာ အပေါ်ယံမှာ တိုးတက်နေသယောင်ထင်ရပေမယ့် အတွင်းပိုင်းမှာ ဆိုးဝါးတဲ့ပဋိပက္ခတွေ ပေါ်လာတယ်။ နိုင်ငံ့ဆရာနဲ့ ယုအင်ပါယာကြား အားပြိုင်မှုတွေ ပြင်းထန်လာတော့ လုပ်ကြံသတ်ဖြတ်တာတွေ နိုင်ငံရေးထိန်းချုပ်တာတွေ၊ မက်လုံးပေးသိမ်းသွင်းတာတွေ အမွေဆက်ခံဖို့ အငြင်းပွားတာတွေ ဖြစ်လာတယ်။ အကြံအစည်တွေပြည့်နေတဲ့ သပွတ်အိမ်လိုဖြစ်လာတယ်။ တစ်ဘက်လူမှာ ဘယ်လိုဝှက်ဖဲရှိလဲ ဘယ်သူမှမခန့်မှန်းနိုင်ဘူး။

အဲဒီတင်းမာမှုတွေ ပေါက်ကွဲထွက်တာက လွန်ခဲ့တဲ့ နှစ်တစ်သိန်းတစ်သောင်းက ဖြစ်ခဲ့တဲ့ ထိပ်ပြားတောင်တန်းဆွေးနွေးပွဲပေါ့။ နိုင်ငံ့ဆရာနဲ့ ယုအင်ပါယာအဖွဲ့အစည်းတွေ အဲဒီ့တောင်ထိပ်မှာ တိုက်ခိုက်ကြတယ်။ ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူ အနည်းဆုံး ရှစ်ယောက်ပါတယ်။ နောက်ကွယ်က လူလုံးမပြဘဲ တိုက်ခိုက်ကြတဲ့လူတွေလည်း အများကြီးပဲ။

နိုင်ငံဆရာအဖွဲ့ရော ယုအင်ပါယာအဖွဲ့ပါ အကြီးအကျယ်အထိနာတယ်။ ထိပ်တန်းအဖွဲ့အစည်းတွေ စည်းလုံးမှုပျက်တော့ မဟာယုဩဇာလည်း ထိုးကျသွားတယ်။ အချိန်အကြာကြီး ဖိနှိပ်ခံထားရတဲ့ ပဋိပက္ခတွေ ပေါက်ကွဲထွက်လာတယ်။ အဲဒါက မဟာယုနိုင်ငံကျဆုံးဖို့ တွန်းဖို့ခဲ့တဲ့ အကြောင်းရင်းတွေပဲ။

အမယွမ်ဖမ်းခဲ့တဲ့ သွေးနတ်ဆိုးအရှင် ကူးဖြတ်ခြင်းကျင့်ကြံသူကို မှတ်မိလား။ သလည်း တစ်ချိန်က နိုင်ငံ့ဆရာတစ်ယောက်ပဲ"

"သွေးနတ်ဆိုး...အင်း ဟုတ်သားပဲ။ ငါမှတ်မိပြီ။ အရပ်သားမြို့က ရှေးဟောင်းကျင့်ကြံသူတွေနဲ့ ဆက်စပ်ပြီး ပေါ်လာတဲ့လူမဟုတ်လား။ စန်းလီကောင်းကင်ဂူမှာ သူတို့တိုးတက်ဖို့ကူညီနိုင်မယ့် ရတနာတစ်ချို့ရှိတယ်လို့ ရှောင်ယွမ်က သူတို့ဆီကနေတစ်ဆင့်သိတယ်။

နောက်ပိုင်း ကောင်းကင်ဂူကို ရှောင်ယွမ်သွားကြည့်တော့ အိပ်နေတဲ့ ကူးဖြတ်ခြင်းအဆင့်တစ်ယောက်တွေ့တယ်။ အဲဒါ သွေးနတ်ဆိုးအရှင်ဆိုတဲ့လူ မဟုတ်လား"

"ဟုတ်တယ်၊ နောက်ပိုင်းမှာ ကျုပ်ဒီအကြောင်းလေ့လာခဲ့တယ်။ မဟာယုခေတ်နှောင်းပိုင်းမှာ သွေးနတ်ဆိုးက အင်ပါယာတစ်ယောက်ကို ထောက်ပံ့ပေးပြီး သူ့ကိုယ်တိုင်လည်း နိုင်ငံ့ဆရာရာထူးကိုယူတယ်။ နောက်တော့ မဟာကပ်မှာ ဝင်ယှဉ်ပြိုင်နိုင်အောင် ဂူအောင်းဖို့ သူဆုံးဖြတ်ခဲ့တယ်။ သူနိုးလာတဲ့အချိန်မှာ အမယွမ်ဖမ်းဆီးတာ ခံလိုက်ရတာပဲ"

"ငါမှတ်မိသလောက်တော့ သူက ကူးဖြတ်ခြင်းအခြေခံအဆင့်ပဲ ရှိတာပါ။ မဟာယုခေတ်နှောင်းပိုင်းမှာ လူတွေအဲလောက်တောင် အားနည်းခဲ့တာလား"

ရှေးခေတ်မသေမျိုးငါးယောက်ထဲမှ တစ်ယောက်ဖြစ်၍ ကူးဖြတ်ခြင်းအဆင့်များကို သုံးစားမရသည့်အမှိုက်သက်သက်ဟုသာ သူမြင်သည်။

ကူးဖြတ်ခြင်းအခြေခံအဆင့် နိုင်ငံ့ဆရာဖြစ်လာခြင်းသည် မဟာယုခေတ်နှောင်းပိုင်း ဘယ်လောက်အားနည်းသည်ကို သက်သေခံနေသည်။

သွေးကပ်ဆိုးအရှင်နှင့် သွေးနတ်ဆိုးအရှင်နှစ်ယောက်လုံး အဆင့်တူများဖြစ်သည်။ ကူးဖြတ်ခြင်းအခြေခံအဆင့်ဖြစ်သည်။

သွေးကပ်ဆိုးပြောသည့်လေသံအရ သူ့နိုင်ငံ့ဆရာ၏ ကျင့်စဉ်စွမ်းအားသည် မယုံနိုင်လောက်အောင် မြင့်မားပုံရသည်။

"မဟာယုခေတ်ပျက်ခါနီးမှာ အားလုံးပရမ်းပတာဖြစ်နေတယ်။ အဆင့်မြင့်ကျင့်ကြံသူတွေအများကြီး ဆုံးရှုံးခဲ့တော့ ကူးဖြတ်ခြင်းအဆင့်တွေ နည်းနည်းပဲကျန်တယ်။ သွေးနတ်ဆိုးထက် ပိုစွမ်းအားကြီးတဲ့လူတွေကလည်း နိုင်ငံ့ဆရာရာထူးကို စိတ်မဝင်စားကြဘူး။ ဒါကြောင့် ဒီရာထူးကို သူရတာ။

ဥပမာ ပထမနဲ့ဒုတိယနိုင်ငံ့ဆရာတွေဟာ အရမ်းစွမ်းအားကြီးတယ်။ ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်လို့ တစ်ချို့က ခန့်မှန်းကြတယ်။ တစ်ချို့ကလည်း မသေမျိုးတစ်ဝက်အဆင့်တွေလို့ ခန့်မှန်းတယ်။ ဒါပေမယ့် ဘယ်သူမှ အတိအကျမသိဘူး"

"ဪ"

နတ်မယ် အရေးစိုက်ဟန်မရှိ။

"အဲဒါဆို သူတို့က အဲလောက်အဆင့်မမြင့်ပါဘူး။ မဟာရှားမှာ နိုင်ငံ့ဆရာရှိလား။ မရှိရင် အဲဒီ့ရာထူးကို ငါယူပေးလို့ရပါတယ်"

နတ်မယ်သာ နိုင်ငံ့ဆရာဖြစ်လာလျှင် ရှားနိုင်ငံသည် မဟာကပ်မရောက်မီပင် ပြိုလဲလောက်သည်ဟု လုယန်တွေးမိသည်။

"နတ်မယ်၊ ခင်ဗျားကျုပ်ပြောတာ မေ့သွားပြီထင်တယ်။ နိုင်ငံ့ဆရာဆိုတာ မဟာယုခေတ်က စနစ်ပါ။ မဟာရှားခေတ်မှာ နိုင်ငံ့ဆရာဆိုတာ မရှိတော့ဘူး"

"ကျွတ်...ဆိုးတာပဲ"

နတ်မယ် ရေရွတ်လိုက်သည်။ သူ့ပါရမီထုတ်ပြခွင့်မရသဖြင့် စိတ်ပျက်သွားမှန်း သိသာသည်။

လုယန် ဆက်ပြောရန်ပြင်နေစဉ် ယွမ်ကျိ၏ တည်ငြိမ်သည့်အသံကြောင့် စကားပြတ်သွားသည်။

"ရောက်ပြီ၊ ဆင်းကြတော့"

လုယန် အံ့အားသင့်သွားသည်။

"ရောက်ပြီလား"

လုယန် မြင်းရထားပြတင်းမှ ခေါင်းပြူကြည့်သည်။ သူတို့ဂိုဏ်း၏ ဂိတ်တံခါးရှေ့ရောက်နေသည်ကို တွေ့လိုက်ရသည်။

"အချိန်ဘယ်လောက်ကြာသွားလဲ။ တစ်နာရီတောင် ပြည့်သေးလို့လား"

မုန်ကျင်းကျိုး မြင်းအိုကိုစိုက်ကြည့်ရင်း မျက်နှာနည်းနည်းတင်းနေသည်။ လုယန်နှင့်သူ့ကို ချင်းကျိုးသို့ ခေါ်သွားစဉ်က ထိုမြင်းအို ရက်အတော်ကြာအောင် ရထားဆွဲခဲ့သည်။ ယခု ယွမ်ကျိ ရထားပေါ်လိုက်လာမှ တစ်နာရီမပြည့်မီ ပြန်ရောက်လာသည်။

ထိုမြင်းစုတ်သည် စွမ်းအားအစစ်ကို ဖုံးကွယ်ထားခဲ့မှန်း သိသာသည်။

"မြင်းအို၊ ကျုပ်ပြောစမ်းပါ။ မင်းရဲ့ကျင့်စဉ်အဆင့်အစစ်က ဘာလဲ"

မြင်းလည်ပင်းကိုသိုင်းဖက်၍ မုန်ကျင်းကျိုး တီးတိုးမေးသည်။

မြင်းအိုက နှာတစ်ချက်မှုတ်၍ မျက်နှာလွှဲသွားသည်။

စိတ်လည်းပျက် ဘာမှလည်းမတတ်နိုင်သဖြင့် မုန်ကျင်းကျိုး သက်ပြင်းသာချလိုက်ရသည်။

မည်သို့ဆိုစေ ထိုမြင်းအိုကို သူအနိုင်မယူနိုင်။

"ဒီလူ့ဆီက ဘာတွေစစ်မေးလို့ရနိုင်မလဲသိဖို့ အကျဉ်းထာင်တောင်ထိပ်ကို ငါသွားဦးမယ်။ နင်တို့နှစ်ယောက် လုပ်စရာရှိတာလုပ်ကြပါ"

ယွမ်ကျိ သွေးကပ်ဆိုးကိုဆွဲ၍ အကျဉ်းထောင်တောင်ထိပ်ဆီ ပျံသန်းသွားလေသည်။

******************************************

All Chapters