လီဟော်ရန်အားကျခြင်း
Vol. 25 Ch. 374
အကျဉ်းထောင်တောင်ထိပ်သည် ရာဇဝတ်သားများကို အကျဉ်းချဖို့သုံးသည်။ အများစုက ရာဇဝတ်မှုမျိုးစုံကျူးလွန်ခဲ့သည့် ရှေးခေတ်ကျင့်ကြံသူများဖြစ်သည်။
တောင်ခြေတွင် အကျဉ်းခန်းများကို လှောင်အိမ်ငယ်များအဖြစ်ခွဲထားသည်။ လှောင်အိမ်တစ်ခုစီတွင် တစ်ချိန်တစ်ခါက လောကကိုလွှမ်းမိုးခဲ့ပြီး ယခုအကျဉ်းသားဘဝရောက်နေသည့် ရှေးဟောင်းကျင့်ကြံသူများရှိသည်။ သူတို့၏ နောက်ဆုံးလက်ကျန်တန်ဖိုးပင် မရှိတော့။
ရှားနိုင်ငံရုံးတော်နှင့် တစ်ခြားမသေမျိုးလေဂိုဏ်းတွင်လည်း အလားတူနေရာများရှိပါသည်။ ရှေးဟောင်းကျင့်ကြံသူများ ပြစ်မှုထပ်မကျူးလွန်နိုင်အောင် ကာကွယ်နိုင်ဖို့ဖြစ်သည်။
အကျဉ်းခန်းထဲတွင် တစ်ချိန်ကစွမ်းအားကြီးခဲ့သည့် ဝိညာဉ်များမှာ ယခု အသက်မဲ့စွာ နံရံကိုမီထိုင်နေသည်။ မျက်လုံးများက ငေးကြောင်နေသည်။
တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို အာရုံခံမိသဖြင့် သူတို့မျက်လုံးများ အရောင်လက်လာသည်။ မျက်နှာကို တင်းထားသည်။ အသစ်ရောစ်ရောက်လာသူကို ခြိမ်းခြောက်ရန် ကြိုးစားသည်။ လက်ကျန်စွမ်းအားကို စိတ်ပျော်ရွှင်ဖို့ အသုံးချသည်။
သို့သော် လာလည်သူက ယွမ်ကျိဖြစ်ကြောင်းသိသည်နှင့် မျက်နှာအကြီးအကျယ်ပျက်သွားကြသည်။ လှောင်အိမ်ထောင့်တွင် ကပ်ပုန်းနေပြီး အသက်မရှူရဲဘဲ တုန်ရင်နေသည်။ သူတို့ရှိနေသည်ကို ယွမ်ကျိမရိပ်မိစေရန် အစွမ်းကုန်ကြိုးစားသည်။
အကျဉ်းထောင်တွင် ထောင်ခန်းလွတ်များစွာရှိသည်။ ပျက်သုံးခြင်းသခင်စစ်၊ ထိုက်ရှန်းသခင်စစ်၊ ရွှမ်လင်အရူးနတ်ဆိုး၊ တိတ်ဆိတ်မှုသခင် စသည့်နာမည်များ ထိုအခန်းလွတ်တို့၏ အထက်ထောင့်တွင် ရှိနေသည်။ ရှေးခေတ်က ထိုနာမည်များကြားရုံဖြင့် လူတို့ကြောက်ဒူးတုန်ကြရသည်။
သို့သော်ယခု ထိုအကျဉ်းသားအားလုံး ယွမ်ကျိက လက်နက်ဝိညာဉ်အဖြစ်ပြောင်း၍ မှော်လက်နက်များထဲသို့ ပေါင်းစပ်လိုက်ပြီဖြစ်သည်။
ယွမ်ကျိကို ဒေါသထွက်အောင်လုပ်လျှင် ထိုကံကြမ္မာမျိုးစောင့်ကြိုနေသည်ကို အကျဉ်းသားအားလုံးသိကြသည်။
သွေးကပ်ဆိုးပေါ်မှ တံဆိပ်ကို သူဖယ်ရှားလိုက်သည်။ သွေးကပ်ဆိုး ဘေးပတ်လည်သို့ မျက်လုံးဝေ့ကြည့်သည်။ သူ့လိုလူများကို အကျဉ်းချထားသည့်နေရာဖြစ်ကြောင်း နားလည်လာသည်။
သူ့ကျောရိုးထဲ နည်းနည်းစိမ့်သွားသည်။ နိုးထချိန်တန်နေသည့် လူတစ်ချို့ကို သူဆက်သွယ်ဖို့ကြိုးစားသော်လည်း ဆက်သွယ်မရခဲ့သည်မှာ မဆန်းတော့။ ဤနေရာတွင် အကျဉ်းချခံထားရခြင်းဖြစ်သည်။
မဟာရှားသည် သူထင်ခဲ့သည်ထက် များစွာပိုစွမ်းအားကြီးပုံရသည်။
ရုတ်ရက် အနီးရှိလှောင်အိမ်တစ်ခုဆီ သူအကြည့်ရောက်သွားသည်။ သွေးနတ်ဆိုးအရှင်ဟု နာမည်တပ်ထားသည်။
သွေးနတ်ဆိုးက သွေးကပ်ဆိုးကို ချက်ချင်းမှတ်မိသည်။ အရင်ကမြင်ဖူးထားသည်။ သူ့ထက်အရင် နှစ်သောင်းချီစော၍ ပေါ်ထွက်ခဲ့သူဖြစ်သည်။
သွေးကပ်ဆိုး အော်ဟစ်ကြုံးဝါးလိုက်သည်။
"သွေးကပ်ဆိုး၊ အသုံးမကျတဲ့ကောင်။ ကူးဖြတ်ခြင်းအခြေခံအဆင့်လောက်နဲ့ မင်းကိုယ်မင်း နိုင်ငံ့ဆရာလို့ ခေါ်ရဲတယ်ပေါ့"
နှစ်ယောက်လုံး ကူးဖြတ်ခြင်းအခြေခံအဆင့်များဖြစ်သည်။ သွေးကပ်ဆိုးသည် နိုင်ငံ့ဆရာအောက်တွင် အလုပ်အကျွေးပြုခဲ့သည်။ သွေးနတ်ဆိုးက နိုင်ငံဆရာတစ်ယောက် ဖြစ်ခဲ့သည်။ သို့သော် ကွာဟချက်က ကြီးမားလွန်းသည်။
အိပ်ပျော်နေရာမှ နိုးလာပြီးနောက် သွေးကပ်ဆိုး မဟာယုသမိုင်းကို လေ့လာခဲ့သည်။ သွေးနတ်ဆိုးအကြောင်း ကောင်းကောင်းသိသည်။
သွေးနတ်ဆိုးအရှင်သည် ကိုယ်ကျိုးအတ္တအတွက် အားနည်းသည့်အင်ပါယာတစ်ယောက်ကို ထောက်ခံပေးပြီး အမိန့်ပြန်တမ်းများထုတ်ခိုင်း၍ မရေမတွက်နိုင်သည့် အကျိုးအမြတ်များကို သိမ်းပိုက်ခဲ့သည်။ ထိုအချိန်ကရှိခဲ့သည့် တော်ဝင်မိသားစုများ သဘောကျစေရန် သူတို့ကိုဩဇာတည်စေသည့် ဥပဒေမျိုး ဖန်တီးပေးခဲ့သည်။ ထို့ကြောင့် မဟာယုနိုင်ငံ မြန်မြန်ပြိုကွဲခဲ့ခြင်းဖြစ်သည်။
မဟာယုပြိုလဲသည်နှင့် နောက်ဆက်တွဲပြဿနာများပေါ်လာသည်။ သွေးနတ်ဆိုးမြှောက်ပင့်ပေးခဲ့သည့် တော်ဝင်မိသားစုများ နန်းပလ္လင်ရဖို့ ပြိုင်ဆိုင်ကြသည်။
သွေးနတ်ဆိုးလိုလူမျိုးကို နိုင်ငံ့ဆရာအဖြစ် သွေးကပ်ဆိုးလုံးဝအသိအမှတ်မပြု။
သို့သော် သွေးနတ်ဆိုးကလည်း သူ့စကားကိုအရေးမစိုက်။ အေးစက်စက်ပြုံး၍ ပြန်ပြောသည်။
"အကိုသွေးကပ်ဆိုး၊ ဒါတော့ နည်းနည်းမများလွန်းဘူးလား။ နိုင်ငံ့ဆရာရာထူးဆိုတာ ဘယ်သူမဆို ယူလို့ရတာပဲ။ ကျုပ်မယူရင်လည်း တစ်ခြားလူယူမှာပဲ။ ဒါကိုကံကြမ္မာလို့ပဲ ခေါ်ရမှာပါ"
"နိုင်ငံ့ဆရာသာ မင်းဒီမှာရှိနေတာသိရင် သူသေချာပေါက် မင်းကိုသတ်မှာပဲ"
"ဒါဆို ကျုပ်စောင့်နေပါ့မယ်ဗျာ"
"ရှောင်ယွမ်၊ နောက်တစ်ယောက်ဖမ်းလာတာလား"
ကလေးသံတစ်ခု တောင်ထိပ်တွင် ပဲ့တင်ထပ်သွားသည်။ ဆံပင်ဖြူနေသည့် ကလေးငယ်တစ်ယောက် ပေါ်လာပြီး သွေးကပ်ဆိုးကို သေချာအကဲခတ်နေသည်။
သွေးကပ်ဆိုး လန့်သွားသည်။ ထိုကလေးငယ် ဘယ်ရောက်လာသည်ကို သူလုံးဝအာရုံမခံမိ။
"သူ့ဝိညာဉ်က ပျက်စီးနေပြီ။ သူ့အသက်ဓာတ်ကို စတေးခဲ့တာပဲ။ သူ့ကိုယ်သူတောင် အတော်ရက်စက်ပါလား။ သူအရင်က ကူးဖြတ်ခြင်းအဆင့်လား"
ကလေးငယ်က မေးသည်။
"ဟုတ်တယ်၊ မဟာယုခေတ်အစောပိုင်းက ကူးဖြတ်ခြင်းအခြေခံအဆင့် သွေးကပ်ဆိုးအရှင်ပါ"
ယွမ်ကျိ ပြန်ဖြေသည်။
ဆံဖြူကလေးနယ် ခေါင်းငြိမ့်သည်။
"ဪ၊ သူလား။ အတော်ကျော်ကြားတဲ့နာမည်ပါပဲလေ။
ကူးဖြတ်ခြင်းအဆင့်နှစ်ယောက်ကို ဖမ်းမိတာ ခြောက်လတောင်မပြည့်သေးဘူး။ တစ်ချို့လူတွေက ဆက်ပြီးပုန်းအောင်းမနေနိုင်တော့ဘူးထင်တယ်"
ကလေးငယ်က မှတ်ချက်ပေးသည်။
ယွမ်ကျိ ခဏတုံ့ဆိုင်းသွားသည်။ နည်းနည်းရှက်သလို ခံစားရသည်။
အရင်က ကူးဖြတ်ခြင်းအဆင့် တစ်ယောက်မှ သူမဖမ်းခဲ့ဖူး။ သို့သော် ခြောက်လအတွင်း နှစ်ယောက်ဖမ်းခဲ့သည်။ တစ်ဘက်လူများ ပုန်းအောင်းမနေနိုင်၍ဟုလည်း သိပ်ပြောမရ။ ကံသက်သက်ဟုသာ ဆိုရမလိုဖြစ်နေသည်။
ပထမဖြစ်စဉ်အတွက် သဲလွန်စကို အရပ်သားမြို့မှရခဲ့သည်။ ဒုတိယဖြစ်ရပ်တွင် လုယန်ကိုယ်တိုင် လက်တွေ့ကြုံသည်။
ဖြစ်စဉ်နှစ်ခုတွင် တူညီသည့်အချက်တစ်ချက်ရှိသည်။ လုယန်နှင့်မုန်ကျင်းကျိုး ထိုဖြစ်စဉ်နှစ်ခုလုံးတွင် ရှိနေသည်။
လုယန်က ထာဝရနတ်မယ်ကိုလည်း ပြန်အသက်သွင်းခဲ့သည်။ ပုန်းအောင်းနေသည့် စွမ်းအားရှင်များ အကြောင်းတစ်ခုခုကြောင့် ဆွဲဆောင်ခံရခြင်းလား သို့မဟုတ် လုယန်က အဆင့်မြင့်ကျင့်ကြံသူများနှင့် ကံရေစက်ရှိနေ၍လား။
ပြောရခက်သည်။
"ဆရာ၊ ကျွန်မသူ့ကို နည်းလမ်းတစ်ချို့စသုံးတော့မယ်"
"လုပ်ပါ၊ လုပ်ပါ။ ဒီတစ်ခါ အသုံးဝင်တဲ့သတင်းတစ်ချို့ရမယ်လို့ မျှော်လင့်ပါတယ်"
ဆံဖြူကလေးငယ်က ပျော်ရွှင်စွာပြန်ပြောသည်။ ပါရမီထူးသည့်ဤဂျူနီယာကို အတော်သဘောကျနေဟန်ရှိည်။
သွေးနတ်ဆိုးသည် မဟာယုခေတ်နှောင်းပိုင်းမှ ပေါ်လာသူဖြစ်၍ အဖိုးတန်သတင်းအချက်အလက် များများမပေးနိုင်ခဲ့။ သို့သော် သွေးကပ်ဆိုးကတော့ ထိုသို့မဟုတ်။ မဟာယုအစောပိုင်းနှစ်များတွင်...အထူးသဖြင့် ဒုတိယနိုင်ငံ့ဆရာ အုပ်ချုပ်စဉ်ကာလတွင် လွှမ်းမိုးနိုင်ခဲ့သူဖြစ်သည်။ အရေးကြီးသည့် ရှေးခေတ်သတင်းအချက်အလက်များရှိနေမည်မှာ သေချာသည်။
"ဟိုကိုးယောက်လုံးက ငါ့ကိုအရှက်ခွဲပြီး ဒုက္ခပေးခဲ့ကြပေမယ့် အနည်းဆုံးတော့ ကိုးယောက်မြောက်တပည့်က တပည့်ကောင်းတစ်ယောက် မွေးမြူနိုင်ခဲ့တာပဲ"
ဆံဖြူကလေးငယ်၏စကားသံ တဖြေးဖြေးပျောက်ကွယ်သွားသည်။
ထို့နောက် သွေးကပ်ဆိုး၍ စူးစူးရှရှအော်သံများ ပေါ်လာသည်။
"မင်းငါ့ကိုဘာမှမမေးသေးဘဲ ဘာလို့ရိုက်နေတာလဲကွ"
.....
သန့်စင်မှုတစ်ရာတောင်ထိပ်သို့ လုယန်သွားချိန်တွင် သမီးဟောင်းချင်ယန်ယန်နှင့်အတူ တောင်စောင်းတွင်ထိုင်၍ ငြိမ်းချမ်းသည့်အချိန်ကာလကို အတူခံစားနေသည့် လီဟော်ရန်ကိုတွေ့ရသည်။
ချင်ယန်ယန်သည် အခြေတည်အဆင့်သာရှိသေးသည်။ ဘယ်လိုသန္ဓေမျိုးတည်ဆောက်ရမည်ကို ဆုံးဖြတ်နိုင်သေးပုံမပေါ်။
လီဟော်ရန်က လုယန်ကို ဝမ်းသာအယ်လဲ နှုတ်ဆက်သည်။
"အကိုလု ပြန်လာပြီလား။ ပြီးခဲ့တဲ့ရက်ပိုင်းက ချင်းကျိုးပွဲတော်တက်ဖို့ အကုန်မုန်က ကျုပ်ကိုလာခေါ်တယ်။ ဒါပေမယ့် ကိစ္စတစ်ချို့ရှိလို့ ကျုပ်မလိုက်ဖြစ်ဘူး။ အကို အဲဒီကိုသွားသေးလား"
"သွားတယ် ညီလေးလီ။ ပွဲကောင်းတစ်ခု မင်းလွတ်သွားပြီ။ တကယ်စည်တာကွ။ လမ်းဘေးဆိုင်တစ်ခုမှာ တစ်ချိန်က မသေမျိုးတစ်ယောက်သုံးခဲ့တဲ့ ဓားပျံတစ်ခုတောင် ငါတွေ့လာတယ်။ ဓားကတော့ ပျက်စီးနေပြီပေါ့။ မသေမျိုးတစ်ဝက်အဆင့် စွမ်းအားရှင်နှစ်ယောက်ကြောင့် ပျက်စီးခဲ့တာ"
လီဟော်ရန်တို့သားအဖ အံ့အားသင့်သွားကြသည်။ ရိုးရှင်းသည့်လုယန်စကားမှ တိုက်ပွဲ၏ပြင်းထန်မှုအတိုင်းအတာကို သူတို့စိတ်ကူးကြည့်နိုင်သည်။
"နောက်တော့ လူငယ်မျိုးဆက်ပြိုင်ပွဲတစ်ပွဲမှာ ငါနဲ့လောင်မနု် ဝင်ပြိုင်တယ်။ ကိုယ်တိုင်ဝင်ပြိုင်ပြီး သူတို့ကျင့်ကြံမှုအမှားတွေကို လမ်းညွှန်ခဲ့တယ်။ ငါတို့ကြားက ကွာဟချက်ကို မြင်သာအောင်ပြခဲ့တယ်။ ပထမနဲ့ဒုတိယဆုရတဲ့လူတွေက ကျေးဇူးတင်လွန်းလို့ မျက်ရည်တောင်ကျကြတယ်။ သူတို့ဂိုဏ်းကိုပြန်ရောက်ရင် ဟာကွက်ကိုဖြည့်ဆည်းဖို့ ဒီထက်ပိုကြိုးစားလေ့ကျင့်ပါမယ်လို့ ကျိန်ဆိုကြတယ်"
"သူတို့ကျင့်ကြံမှုကို လမ်းညွှန်ပေးလိုက်တယ်ပေါ့.."
လီဟော်ရန် သူ့ကိုယ်သူ ဒိုင်လူကြီးထိုင်ခုံတွင်ထိုင်၍ တစ်ခြားလူများ၏ ကျင့်စဉ်အမှားများအား ဝေဖန်ထောက်ပြနေရမည့်အဖြစ်ကို စိတ်ကူးယဉ်ကြည့်သည်။ အတော်ရင်ခုန်စိတ်လှုပ်ရှားစရာ ကိစ္စမျိုးဖြစ်သည်။
"လသံလွင်မသေမျိုးနန်းတော်။ ဓာတ်ငါးမျိုးဂိုဏ်း၊ ထောင်ချုပ်ဂိုဏ်းကလူတွေလည်း ပြိုင်ပွဲမှာပါကြတယ်။ ဒါပေမယ့် သူတို့အကဲဖြတ်ပေးတဲ့စွမ်းရည်က ငါနဲ့မုန်ကျင်းကျိုးကို မယှဉ်နိုင်ပါဘူး။ ငါတို့နှစ်ယောက်ပဲ ပြိုင်ပွဲမှာထင်ပေါ်ခဲ့တာ။
ပြီးတော့ လောင်မုန်နဲ့ငါ လမ်းညွှန်ပေးတဲ့အတွက် ပြိုင်ပွဲဝင်တွေက လက်ဆောင်တွေအများကြီး လာပေးကြတယ်။ ဒါပေမယ့် ငါတို့စိတ်ဓာတ်က ဖြူစင်မြင့်မြတ်တယ်လေ။ မယူခဲ့ပါဘူး။
အဲလိုနဲ့ ပွဲတော်ကျင်းပနေရင်းတန်းလန်းမှာ ရှေးဟောင်းကျင့်ကြံသူတွေ တိုက်ခိုက်တာနဲ့ကြုံရတယ်။ နှစ်ယောက်က စုစည်းခြင်းအဆင့်၊ တစ်ယောက်က ကူးဖြတ်ခြင်းအဆင့်ပဲ။ ကူးဖြတ်ခြင်းအဆင့်လူက တကယ်ကြောက်စရာကောင်းတယ်။
သူပေါ်လာတာနဲ့ အားလုံး မျှော်လင့်ချက်မဲ့သွားသလို ခံစားရတယ်။ ငါတို့သေရတော့မယ်လို့ ထင်နေတဲ့အချိန်မှာ အမယွမ်အချိန်မီရောက်လာပြီး ကယ်ခဲ့လို့ ကံကောင်းသွားတာ။ အဲဒါကြောင့် ငါတို့ အသက်ရှင်လျက်ထွက်လာနိုင်တာပဲ"
လီဟော်ရန် နားထောင်နေရင်း အားကျစိတ်များ တဖွားဖွားပေါ်လာသည်။ မသေမျိုးတစ်ယောက်၏ဓားပျံ၊ ကျင့်ကြံသူများကို လမ်းညွှန်ပေးခဲ့ခြင်း၊ အမယွမ် ရှေးဟောင်းကူးဖြတ်ခြင်းစွမ်းအားရှင်နှင့်တိုက်ပွဲ။ အဖြစ်အပျက်တိုင်းက ဒဏ္ဍာရီစွန့်စားခန်းတစ်ခုနှင့် တူနေသည်။
ချင်ယန်ယန်သန္ဓေတည်ဆောက်သည့်ကိစ္စ ကူညီဖို့ ဂိုဏ်းတွင်နေခဲ့ရသဖြင့် အခွင့်အရေးလက်လွတ်သွားသည်မှာ အတော်ဆိုးလှသည်။
"အကိုလု၊ ဒီကိုလာတာ ကိစ္စရှိလို့လား"
"အကြီးအကဲကျိုးနဲ့ တွေ့ချင်လို့ပါ။ သူရှိလား"
သူဒီဇိုင်းထွက်ခဲ့သည့် ရထားပျံအတွက် မူပိုင်ကြေးကိစ္စကို သူမမေ့ပါ။
လီဟော်ရန်က တိမ်ဖုံးနေသည့် တောင်ထိပ်ဆီ လက်ညှိုးထိုးပြသည်။
"အင်း...အဲဒီမှာရှိတယ်။ ခုနကပဲ အမထောင်ယော်လည်း ဆရာနဲ့တွေ့ဖို့ တက်သွားတယ်။ ဘာကိစ္စလည်းတော့မသိဘူး"
"ဒါဆိုငါလည်း သွားတွေ့လိုက်ဦးမယ်"
လုယန်ထွက်သွားပြီးနောက် ချင်းကျိုးအဖြစ်အပျက်များကိစ္စ ပြန်စဉ်းစားနေရာမှ ချင်ယန်ယန်အသိပြန်ဝင်လာသည်။ လီဟော်ရန်ကို လှည့်မေးသည်။
"သူအပြင်ထွက်တိုင်း ဒီလိုကိစ္စတွေ အမြဲကြုံတာလား။ ဒီတစ်ခေါက်က ရှေးဟောင်းကူးဖြတ်ခြင်းစွမ်းအားရှင်။ ပြီးခဲ့တဲ့တစ်ခေါက်က ကိုးငရဲဂိုဏ်းလေ"
လီဟော်ရန် ရယ်လိုက်သည်။
"အဲဒါထက်တောင်ပိုသေးတယ်။ မင်းမသိသေးလို့ပါ။ အကိုလုက ပြဿနာတွေကို ဆွဲဆောင်တဲ့နေရာမှာ ကျွမ်းကျင်တယ်။ ကိုးငရဲဂိုဏ်းမတိုင်ခင်က ထာဝရဂိုဏ်းနဲ့တောင် တည့်တည့်တိုးခဲ့တာ။ အဲဒီကိစ္စက အခြေတည်အဆင့်ကျားနတ်ဆိုးကို သူသွားရှင်းရင်းနဲ့ စဖြစ်ခဲ့တာလေ"
*********************************