ဇာတ်လမ်းသစ်
Vol. 25 Ch. 375
သန့်စင်မှုတစ်ရာတောင်ထိပ်သို့ရောက်ချိန်တွင် တာအိုလမ်းစဉ်ဂိုဏ်းအကြီးအကဲတစ်ချို့ စုဝေးနေသည်ကို လုယန်မြင်ရသည်။
ဒုအကြီးအကဲ၊ ပဉ္စမအကြီးအကဲ၊ အဋ္ဌမအကြီးအကဲနှင့် ဆဋ္ဌမအကြီးအကဲ၏ဝိညာဉ်ပုံရိပ်တို့ဖြစ်သည်။
ဒုအကြီးအကဲနှင့် အဋ္ဌမအကြီးအကဲကို အကြီးအကဲကျိုးက 'ပြဿနာကောင်နှစ်ယောက်'ဟုခေါ်၍ မေးသည်။
"မင်းတို့နှစ်ယောက် လုပ်ငန်းသစ်တစ်ခုစိတ်ကူးရလို့ ငါ့ကိုမူပိုင်ခွင့်လျှောက်ပေးစေချင်တာလား"
သူ့အမြင်အရ ဒုအကြီးအကဲသည် ဆေးစိုက်ခင်းပြုစုစောင့်လျှောက်ရင်း အချိန်ကုန်နေသူဖြစ်သည်။ အငြိမ်းစားယူပြီးသူဟု ဆိုနိုင်သည်။ လောင်ပါး ရုတ်တရက်ရောက်ချမလာလျှင် အရိုးဆွေးနေပြီဟုပင် ထင်မိပေလိမ့်မည်။
အဋ္ဌမအကြီးအကဲက ဂိုဏ်းထဲတွင် ပုန်းအောင်းနေသူဖြစ်သည်။ အပြင်ဘက်တွင် ဂြိုလ်မွှေခဲ့သည့် ပြဿနာများကို ရှောင်တိမ်းနေပုံရသည်။
"သူတို့နှစ်ယောက်ကြောင့်မဟုတ်ပါဘူး။ ထောင်ယော်ယဲ့စိတ်ကူးမိတဲ့လုပ်ငန်းပါ။ ဒုအကြီးအကဲနဲ့အဋ္ဌမကြီးအကဲက အဲဒီ့စိတ်ကူးကို အကောင်အထည်ဖော်ဖို့ ကူညီကြမှာ"
ဆဋ္ဌမအကြီးအကဲက ရှင်းပြသည်။
အကြီးအကဲကျိုး ခေါင်းငြိမ့်သည်။ ထိုအဖြစ်က ပို၍သဘာဝကျသည်။
"တပည့်ထောင်ယော်၊ မင်းဘာတွေတီထွင်ထားလို့လဲ"
ကျိုးရှင်း မေးလိုက်သည်။ တပည့်များကို ဆန်းသစ်တီထွင်ကြရန် သမရိုးကျအတွေးများကို ဖောက်ထွက်ရန် သူအမြဲအားပေးသည်။ ဤအပိုင်းတွင် လုယန်နှင့်မုန်ကျင်းကျိုးကို မျှော်လင့်ချက်ပိုထားသည်။ လီဟော်ရန်ကတော့ နည်းနည်းပိုအားစိုက်ဖို့ လိုဦးမည်။
"လူတွေကို ပုံရိပ်ယောင်ထဲဆွဲခေါ်နိုင်တဲ့ မှော်စက်ဝန်းနဲ့မှော်အဆောင်တွေ ပေါင်းစပ်ဖို့ကိစ္စပါ။...ဪ အကိုလု၊ ဘာလို့ဒီကိုရောက်လာတာလဲ"
ထောင်ယော်ယဲ့ ရှင်းပြရန်ပြင်နေချိန်တွင် လုယန် ဝင်လာသည်ကို သတိထားမိသွားသည်။
လူစည်နေသည်ကိုကြည့်ပြီး သူတို့ကိစ္စကို လုယန်ရိပ်စားမိသဖြင့် ပြုံး၍မေးလိုက်သည်။
"ညီမထောင်ယော်၊ ပုံရိပ်ယောင်ကိစ္စ ပြီးသွားပြီလား"
"ဒုအကြီးအကဲနဲ့ အဋ္ဌမအကြီးအကဲတို့ ကူညီပေးလို့ ကနဦးအဆင့်တော့ ပြီးသွားပါပြီ။ အခုကျွန်မ အကြီးအကဲကျိုးကို လက်တွေသရုပ်ပြမလို့ပါ။ အကိုရော စမ်းကြည့်မလား"
လုယန် ချက်ချင်းလက်ခံလိုက်သည်။ ထောင်ယော်ယဲ့ ထုတ်လုပ်ထားသည့် 'ရုပ်ရှင်'ကို သူကြည့်လိုသည်။
ထောင်ယော်ယဲ့ ကျောက်စိမ်းတံဆိပ်ထဲမှ မှောင်အဆောင်နှစ်ခု ထုတ်လိုက်သည်။ အကြီးအကဲကျိုးနှင့်လုယန်ကို တစ်ခုစီပေးသည်။
ထို့နောက် လုယန်နားမလည်သည့် မှော်စက်ဝန်းတစ်ခုရေးဆွဲထားသည့်စာလိပ်ကို ဖြေသည်။
"ဒါက အဋ္ဌမအကြီးအကဲဒီဇိုင်းထွင်ထားတဲ့ မှော်အဆောင်လား။ ပြီးတော့ ဒါက ဒုအကြီးအကဲရဲ့ မှော်စက်ဝန်းလား"
အကြီးအကဲကျိုးက သူတို့လက်ရာများကို မှတ်မိသည်။ မှော်စက်ဝန်းနှင့်မှော်အဆောင်နှစ်ခုလုံး ရိုးရိုးရှင်းရှင်း ဒီဇိုင်းထွက်ထားသည်။
"အကြီးအကဲကျိုး၊ အကိုလု၊ မှော်စက်ဝန်းပေါ်မှာရပ်ပြီးတာနဲ့ မှော်အဆောင်တွေကို ဆုတ်ဖြဲလိုက်ပါ။ ဆွဲအားနည်းနည်းခံစားရလိပ်မယ်။ အဲဒါ ပုံရိပ်ယောင်နယ်မြေကိုဝင်တော့မယ့် လက္ခဏာပဲ"
ဤပုံရိပ်ယောင်သည် သေမျိုးများနှင့် အဆင့်နိမ့်ကျင့်ကြံသူများအတွက် ရည်ရွယ်ထားခြင်းဖြစ်၍ သူတို့နှစ်ယောက် ခုခံမည်ကို ထောင်ယော်ယဲ့စိုးရိမ်သည်။ ခုခံလျှင် မှော်အဆောင်က သက်ရောက်မှုရှိမည်မဟုတ်။
ညွှန်ကြားချက်အတိုင်း လုယန် မှော်အဆောင်ကိုဆုတ်ဖြဲလိုက်သည်။ စိတ်အာရုံတွင် နူးညံ့သည့်ဆွဲအားတစ်ခု ခံစားလိုက်ရသည်။ သူမခုခံ။ သူ့စိတ်ကို တစ်ခြားလောကတစ်ခုသို့ ဆွဲခေါ်သွားသည်။
ဘုန်း။
လောကသစ်တစ်ခုသို့ သူရောက်လာသည်။ နားကွဲမတတ်မြည်ဟိန်းနေသည့် မိုးခြုန်းသံများကို ကြားလိုက်ရသည်။ ကောင်းကင်တစ်ခုလုံး မိုးခြုန်းသံများမှ တစ်ခြားဘာမှရှိသည်မထင်ရ။
"လူတစ်ယောက် ကူးဖြတ်ခြင်းအဆင့်ကို တက်တော့မယ့်ပုံစံပဲ။ အတော်လက်ရာမြောက်တယ်"
ထာဝရနတ်မယ်၏ တီးတိုးပြောလာသဖြင့် လုယန်လန့်သွားသည်။
သူနှင့်အတူ ပုံရိပ်ယောင်လောကထဲ ရောက်လာသည့် အကြီးအကဲကျိုးကို သူချက်ချင်းလှည့်ကြည့်လိုက်သည်။
"နတ်မယ်၊ ခင်ဗျားဘာလို့ ထွက်လာတာလဲ။ တစ်ယောက်ယောက် သတိထားမိသွားရင် ခက်မယ်နော်"
နတ်မယ်က ဝင့်ကြွားသည့်အပြုံးဖြင့်
"ဒီပုံရိပ်ယောင်က အခြေခံအဆင့်ပါပဲ။ ငါလွတ်လွတ်လပ်လပ် သွားလာနိုင်ပါတယ်။ တစ်ခြားလူသတိထားမိမှာလည်း မစိုးရိမ်ပါနဲ့။ ငါ့ပုန်းကွယ်နိုင်စွမ်းက လောကမှာပြိုင်ဘက်ကင်းပါ"
လုယန် စိတ်အေးသွားသည်။ ခုနက နတ်မယ်ပြောခဲ့သည့်စကားကို ပြန်သတိရလာသည်။
"နတ်မယ်၊ ခုနက ကူးဖြတ်ခြင်းအဆင့်တက်မယ့်လက္ခဏာလို့ ခင်ဗျားပြောသလားလို့"
"ဟုတ်တယ်၊ ဒါက ကိုးသွယ်လျှပ်စီးပါ။ ကူးဖြတ်ခြင်းအဆင့်ကိုရောက်ဖို့ မလွဲမသွေရင်ဆိုင်ရမယ့် စမ်းသပ်မှုပဲ။ ဒီလျှပ်စီးကို ယင်ထန်မသေမျိုး တီထွင်ခဲ့တာ။ ဒီပုံရိပ်ယောင်ကို တီထွင်တဲ့လူဟာ ဒီမြင်ကွင်းမျိုး မြင်ဖူးထားတဲ့လူဖြစ်ရမယ်"
မိုးကြိုးမုန်တိုင်းများအလယ်တွင် ကောင်းကင်လွှမ်းသခင်စစ်က ကောင်းကင်ကိုမော့၍ ရယ်မောနေသည်။ ကြောက်စရာလျှပ်စီးကို စွမ်းအားအကြီးဆုံးသူ့ဓားပညာဖြင့် ထိပ်တိုက်ရင်ဆိုင်ရန် အသင့်ပြင်ထားသည်။ လျှပ်စီးများကို သခင်စစ်၏ဓားက တစ်ခုပြီးတစ်ခု ထိုးခွဲသွားသည်။ သူ့ကိုလုံးဝထိခိုက်ခြင်းမရှိ။
လျှပ်စီးများက တစ်ခုပြီးတစ်ခု ရိုက်ခတ်လာသည်။ ပိုပြင်းထန်လာသည်။ သခင်စစ် အားအင်ကုန်ခန်းလာသည်။ နောက်ဆုံးလျှပ်စီးဆင်းလာချိန်တွင် သူ့ဓားရိပ် ကြေမွပျက်စီးသွားသည်။ လျှပ်စီးကသူ့ခန္ဓာကိုယ်ကို တိုက်ရိုက်ထိသည်။
မုန်ကြိုးမုန်တိုင်း ပျောက်ကွယ်သွားသည်။ သခင်စစ် ကောင်းကင်မှကျလာသည်။
ဘုန်း။
တောင်တန်းတစ်ခုပေါ်မှ မြေကြီးထဲသို့ ကျွံဝင်သွားသည်။ ကြီးမားသည့်ချောက်နက်တစ်ခု ဖြစ်လာသည်။ သတိမလစ်မီ သခင်စစ် သူ့ဘာသာရေရွတ်နေသည်။
"မုန်းစရာကောင်းလိုက်တာ။ ကောင်းကင်လွှမ်းသခင်စစ်ဆိုတဲ့ငါဟာ နှစ်နှစ်ထောင်ကျော်ကျင့်ကြံခဲ့တယ်။ ကူးဖြတ်ခြင်းအဆင့်ရောက်ဖို့ ခြေတစ်လှမ်းပဲလိုတော့တာ။ ဒါပေမယ့် ငါကျရှုံးသွားပြီ။ ငါ့ဓားစွမ်းအား ပျက်စီးသွားပြီ။ ငါ့ကျင့်စဉ်လမ်းကို ကောင်းကင်လျှပ်စီးက ပိတ်ဆို့လိုက်ပြီ။ ငါဘာမှမတတ်နိုင်တော့ဘူး"
အချိန်ဘယ်လောက်ကုန်လွန်သွားမှန်းမသိ။ တောင်ခြေရွာမှ မိန်းကလေးငယ်တစ်ယောက် သတ္တိမွေး၍ တွင်းနက်ဆီသို့ လျှောက်လာသည်။ တွင်းထဲမှသခင်စစ်ကို မြင်သွားသည်။ ရဲရဲတင်းတင်းပင် သခင်စစ်ကို သူ့အိမ်သို့ ပြန်ခေါ်သွားသည်။
သခင်စစ်သတိရလာချိန်တွင် မှတ်ဉာဏ်အားလုံး ဆုံးရှုံးနေသည်။ သူဘယ်သူမှန်း မသိ။ ကျင့်စဉ်ပညာကိုလည်း သူနားမလည်တော့။
သူ့ကိုကယ်ခဲ့သည့် မိန်းကလေးနာမည်က ရှို့ရှို့။ သခင်စစ် မှတ်ဉာဏ်ပျောက်သွားသဖြင့် သူ့ကို အားလဲ့ဟု နာမည်ပေးသည်။
ရွာသားများက အားလဲ့ကို ကျိန်စာသင့်သူဟု ယူဆ၍ မောင်းထုတ်ရန် ကြိုးစားသည်။ သို့သော် ရှို့ရှို့က မှတ်ဉာဏ်ပြန်ရသည်ထိ အတူနေခွင့်ပေးရန် တောင်းဆိုသည်။
အားလဲ့နှင့်ရှို့ရှို့တို့ တောင်တန်းပေါ်တွင်နေကြသည်။ လယ်စိုက်သည်။ ငါးဖမ်းသည်။ အမဲလိုက်သည်။ နတ်ဆိုးသားရဲတစ်ယောက် အမှတ်မထင်တိုက်ခိုက်လာချိန်တွင် အားလဲ့၏ ထူးခြားသည့်စွမ်းအား ပေါ်လာသည်။
"အားလဲ့...အဲ..အဲဒါက ဘာလဲ"
ရှို့ရှို့ မင်သက်မိသွားသည်။ သာမန်လူဟုထင်ရသည့် အားလဲ့က အခြေတည်အဆင့်နတ်ဆိုးဝံပုလွေကို လက်သည်းတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်။
"ငါ...ငါလည်း ဘာဖြစ်မှန်းမသိဘူး"
အားလဲ့လည်း စဉ်းစားမရ။
နောက်ထပ်နှစ်ဝက်အကြာတွင် နတ်ဆိုးကျင့်ကြံသူတစ်ယောက်က မှော်ရတနာတစ်ခုကို တောင်းတန်းပေါ်တွင်လာထားသည်။ ထိုရတနာအတွက် သွေးစတေးရန် လက်အောက်ခံများကို ရွာသားအားလုံး ဖမ်းဆီးခိုင်းသည်။ ရှို့ရှို့လည်း ပါသွားသည်။
အားလဲ့ပြန်ရောက်ချိန်တွင် ရှို့ရှို့ပျောက်နေကြောင်းသိရသဖြင့် အရူးတစ်ပိုင်းဖြစ်သွားပြီး အတင်းလိုက်ရှာသည်။
နောက်ဆုံးတွင် နတ်ဆိုးကျင့်ကြံသူ၏စခန်းကို သူရှာတွေ့သည်။ ရှို့ရှို့ကိုကယ်တင်ရန် လက်အောက်ခံများကို သတ်ဖြတ်သည်။ သို့သော် သူနောက်ကျသွားသည်။ ရှို့ရှို့အသတ်ခံလိုက်ရပြီဖြစ်သည်။ မှော်ရတနာက စွမ်းအားတိုးလာသည်။
နတ်ဆိုးကျင့်ကြံသူက တဟားဟားအော်ဟစ်ရယ်မောနေသည်။ သူ့ရတနာစွမ်းအားကို ကြွားလုံးထုတ်သည်။ လမ်းမှန်ဂိုဏ်းကျင့်ကြံသူများကို သူကြောက်စရာမလိုတော့ဘဲ လောကတစ်ခွင်လွတ်လပ်စွာ သွားလာနိုင်ပြီဟု ကြွေးကြော်သည်။
ဒေါသကြောင့် အားလဲ့၏စိတ်ခံစားချက်များ ပေါက်ကွဲထွက်လာသည်။ သူ့ကိုချုပ်နှောင်ထားသည့် ကောင်းကင်လျှပ်စီး၏ပိတ်ဆို့မှုများ ပွင့်သွားသည်။ ပျက်စီးသွားသည့် ဓားစွမ်းအားပြန်ရလာသည်။ ကောင်းကင်လျှပ်စီးများ နောက်တစ်ကြိမ်စုဝေးလာပြီး သူ့ကိုရိုက်ခတ်ရန် ခြိမ်းခြောက်သည်။ သို့သော် တောက်ပသည့်သူ့ဓားရိပ်က ကောင်းကင်ကိုထိုးခွဲ၍ လျှပ်စီးများကို ချေဖျက်သည်။
မူလစွမ်းအားနှင့် မူလမှတ်ဉာဏ်များ ပြန်ရလာသည်။
ကိုယ့်ကိုယ်ကို ကောင်းကင်လွှမ်းသခင်စစ်ဖြစ်ကြောင်း ပြန်မှတ်မိလာသဖြင့် သူ့ဒေါသများ ပေါက်ကွဲထွက်လာသည်။ သူ့ဓားစွမ်းအင်များက တောင်တန်းတစ်ထောင်ကို လွှမ်းခြုံသည်။ ခြေတစ်လှမ်းတိုးတိုင်း အချုပ်အနှောင်တစ်ခုပွင့်သည်။ အဆုံးစမဲ့ဝိညာဉ်စွမ်းအင်များနှင့်အတူ သူ့အသွင်က လောကကိုဖျက်ဆီးဖို့ဆင်းလာသည့် ကောင်းကင်နတ်ဆိုးတစ်ပါးနှင့် တူနေသည်။
"မင်း...မင်းသေပြီမဟုတ်လား"
နတ်ဆိုးကျင့်ကြံသူ ထိတ်လန့်တုန်လှုပ်၍ မြေပေါ်သို့ လဲကျသွားသည်။ အားလဲ့၏သရုပ်မှန်ကို သူမှတ်မိလာသည်။
"ကောင်းကင်လွှမ်းသခင်စစ်...ကူးဖြတ်ခြင်းအဆင့်အောက်မှာ စွမ်းအားအကြီးဆုံးဓားသမား...ငါတို့သူ့ကို ရန်မစခဲ့သင့်ဘူး။
မဟုတ်ဘူး...မဟုတ်သေးဘူး။ ဒီမှော်ရတနာ ငါ့လက်ထဲမှာ ရှိနေတာပဲ။ အရင်ကနဲ့ မတူတော့ဘူး"
နတ်ဆိုးကျင့်ကြံသူ ရတနာကို အသက်သွင်းလိုက်သည်။ ကြမ်းတမ်းသည့်လေပြင်တစ်ခု ပေါ်လာသည်။ မြေပြင်တုန်ခါလာသည်။ သခင်စစ်ကို မြေမြှုပ်ပစ်ရန် ကြိုးစားနေသယောင်ထင်ရသည်။
သို့သော် ဓားရိပ်တစ်ချက်က ကောင်းကင်ပြစ်ဒဏ်ကဲ့သို့ ကျဆင်းလာသည်။ မှော်ရတနာနှင့်နတ်ဆိုးကျင့်ကြံသူ နှစ်ခြမ်းပြတ်ထွက်ပြီးနောက် မြူမှုန်များအဖြစ် ပြောင်းလဲသွားသည်။
"ရှို့ရှို့၊ ငါမင်းအတွက် လက်စားချေပေးခဲပြီ"
သခင်စစ်က ရှို့ရှို့၏ အသက်မဲ့ခန္ဓာကိုပွေ့၍ ပြောသည်။ သူ့မျက်နှာပေါ် မျက်ရည်တစ်စက်လိမ့်ဆင်းလာသည်။
ပုံရိပ်ယောင် အဆုံးသပ်သွားသည်။
"ဒီတစ်ခေါက်ဇာတ်လမ်းကို ဘယ်လိုသဘောရလဲ"
ထောင်ယော်ယဲ့မျက်နှာတွင် စိတ်လှုပ်ရှားသည့်အရိပ်များပြည့်နေသည်။ လုယန်၏မှတ်ချက်ကို စိတ်အားထက်သန်စွာ စောင့်နေသည်။ လုယန်ပေးသည့် အကြံများကို သေချာစဉ်းစား၍ ဇာတ်လမ်းပိုပြည့်စုံအောင် ဇာတ်ကွက်များ ထည့်ထားသည်။
ဇာတ်လမ်းတွင် ဇာတ်လိုက်မင်းသားပါသည်။ မှတ်ဉာဏ်နှင့်စွမ်းအားပျောက်သွားသည်။ စိတ်သဘောနူးညံ့သည့် ရွာသူတစ်ယောက်နှင့် ငြိမ်းချမ်းသည့်ဘဝတွင် နေထိုင်သည်။ ထိုမိန်းကလေးအသတ်ခံရချိန်တွင် ဇာတ်လိုက်မင်းသား၏ အချုပ်အနှောင်များ ပွင့်သွားပြီး စွမ်းအားကြီးသည့် ဓားတစ်ချက်ဖြင့် လက်စားချေနိုင်ခဲ့သည်။ အဖြစ်အပျက်က စိတ်ကူးကြည့်ရုံဖြင့် စိတ်လှုပ်ရှားစရာကောင်းလှသည်။
သို့သော် လုယန်စိတ်ထဲ စနိုးစနောင့်ဖြစ်နေသည်။ ဘယ်လိုပြန်ပြောရမှန်းမသိ။
"ဇာတ်လမ်းက ကောင်းပါတယ်။....ဒါပေမယ့် ဇာတ်လိုက်မင်းသားမျက်နှာက ဘာလို့တစ်ချိန်လုံး ငါ့ဆရာရဲ့မျက်နှာဖြစ်နေတာလဲ"
သူ့ဆရာဝစီပိတ်သည် တကယ်တည်ကြည်ခံ့ညားပါသည်။ သို့သော် ဝစီပိတ်အကြောင်း အတွင်းသိအစင်းသိဖြစ်နေသဖြင့် သူ့ဆရာမျက်နှာကို ဇာတ်လိုက်မင်းသားအဖြစ် မြင်ရချိန်တွင် ဇာတ်လမ်းထဲတွင် သူဘယ်လိုမှစိတ်နှစ်၍မရ။
အကြီးအကဲကျိုးရှင်းကလည်း အပြည့်အဝထောက်ခံသည်။
တကယ်ဆိုလျှင် လွမ်းမောဖွယ်ဇာတ်လမ်းလေး ဖြစ်ခဲ့သင့်သည်။
သို့သော် ကောင်းကင်လွှမ်းသခင်စစ်က ရှို့ရှို့၏သက်မဲ့ခန္ဓာကိုယ်ကို ပွေ့ဖက်ထားချိန်တွင် ကျိုးရှင်း အော်ရယ်မိမတတ်ဖြစ်သွားသည်။
တစ်ခြားဘာအကြောင်းမှမရှိပါ။
ဇာတ်လိုက်မျက်နှာက သူ့ညီကိုးနှင့် ချွတ်စွတ်တူနေသောကြောင့်ဖြစ်သည်။
**********************************