ကျိုးပျက်နေသည့်မသေမျိုးဓား
Vol. 26 Ch. 376
ထောင်ယော်ယဲ့ ပုခုံးတွန့်ပြသည်။
"မတတ်နိုင်ဘူးလေ။ ဒီပုံရိပ်ယောင်တည်ဆောက်တုန်းက ပြဿနာကြီးတစ်ခုကြုံရတယ်။ လေထဲက ရုတ်တရက်ပေါ်လာတဲ့ လူမျိုးဆို ဇာတ်လမ်းက အသက်မဝင်လောက်ဘူးလေ။
နောက်တော့ ကျွန်မဆရာက ပြောတယ်။ ပုံရိပ်ယောင်တွေတည်ဆောက်တဲ့နေရာမှာ အဲဒါက ကြုံနေကျပြဿနာပဲတဲ့။ လူတစ်ယောက်ကို အသစ်ဖန်တီးတာပဲဖြစ်ဖြစ် ကိုယ်ရင်းနှီးတဲ့လူတွေရဲ့ ပုံပန်းသွင်ပြင်တွေကို ပေါင်းစပ်တည်ဆောက်တာပဲဖြစ်ဖြစ် အတုအယောင်လိုပဲဖြစ်မှာတဲ့။
ဒီတော့ ကျွန်မသိတဲ့ လူတစ်ယောက်ရဲ့ပုံရိပ်ကို အသုံးပြုရုံပဲရှိတာပေါ့။ ကျွန်မ အဲဒီ့အကြောင်းစဉ်းစားပြီ ကျွန်မဆရာ၊ ဒုအကြီးအကဲနဲ့ အဋ္ဌမအကြီးအကဲတို့ကို အကြံတောင်းတယ်။ ဂိုဏ်းချုပ်ရဲ့ပုံရိပ်ဟာ အသင့်တော်ဆုံးပါလို့ သူတို့အားလုံးက ပြောကြတယ်။
အကိုလုက ဂိုဏ်းချုပ်နဲ့ရင်းနှီးနေလို့ ဂိုဏ်းချုပ်ကို အဓိကဇာတ်ကောင်လို့ မခံစားနိုင်တာပါ။ ဒါပေမယ့် အပြင်လူတွေက ဂိုဏ်းချုပ်ကိုမသိတော့ ဒီလိုတွေးမှာမဟုတ်ပါဘူး"
လုယန် - "..."
အင်း...ယုတ္တိကျပါပေတယ်။
ကျိုးရှင်းက တွေးတွေးဆဆဖြင့် မှတ်ချက်ပေးသည်။
"ဂိုဏ်းချုပ်ရဲ့ ပုံရိပ်ကလွဲရင် ကျန်တဲ့ဇာတ်လမ်းဇာတ်ဆင်အားလုံးက တကယ်စိတ်ဝင်စားစရာကောင်းပါတယ်"
အစက ကျိုးရှင်း ထိုအကြောင်းသိပ်မတွေးခဲ့။ သို့သော် ဤပုံရိပ်ယောင်ကို ပြန်ခံစားကြည့်သည်။ အဆင့်နိမ့်ကျင့်ကြံသူအဖြစ် ဟန်ဆောင်ထားပြီး အရေးကြီးသည့်အချိန်ရောက်မှ စွမ်းအားမှန်ကို ထုတ်ပြခြင်းသည် တကယ်စိတ်လှုပ်ရှားစရာကောင်းကြောင်း နားလည်လာသည်။
ထောင်ယော်ယဲ့၏ တီထွင့်မှုသည် စီးပွားရေးအလားအလာ အတော်ကောင်းကြောင်း သူရိပ်စားမိသည်။ သေမျိုးများနှင့် အဆင့်နိမ့်ကျင့်ကြံသူများကို သေချာပေါက်ဆွဲဆောင်နိုင်ပေလိမ့်မည်။ အလတ်တန်းကျင့်ကြံသူများပင် စိတ်ဝင်စားလောက်သည်။
ထို့ပြင် ဤပုံရိပ်ယောင်စနစ်ကို ဖြန်ဖြူးရသည်က ရိုးရှင်းသည်။ စီးပွားဖြစ် အမြောက်အမြား ထုတ်လုပ်နိုင်မည်။
ပုံရိပ်ယောင်တည်ဆောက်ရသည်က မခက်လှ။ ထောင်ယော်ယဲ့ လဝက်မကြာမီ ဇာတ်အိမ်ဖွဲ့နိုင်သည်။ ထိုလုပ်ငန်းအကြောင်း သတင်းပေါက်ကြားသွားလျှင် အတုအယောင်ဗားရှင်းများ သေချာပေါက် ပေါ်လာမည်။
ပထမဆုံးစိတ်ကူးမိသူသာ လက်ဦးမှုရမည်။
ထိုပုံရိပ်ယောင်လုပ်ငန်းအတွက် မူပိုင်ခွင့်အမြန်တင်ဖို့လိုသည်။
"မှော်စက်ဝန်းနဲ့မှော်အဆောင်တွေက တွဲလျက်ရှိနေတာဆိုတော့ ဘယ်လိုနာမည်ပေးဖို့ စဉ်းစားထားလဲ"
"မစဉ်းစားရသေးဘး။ အကိုလု၊ ကျွန်မကိုကူပြီးစဉ်းစားပေးပါလား"
ထောင်ယော်ယဲ့က လုယန်ကိုအကူအညီလှည့်တောင်းသည်။ သူ့အကိုလုသည် အမြဲလိုလို တီထွင်ဆန်းသစ်သည့် စိတ်ကူးစိတ်သန်းများရှိသည်။
"ငါလား"
ပွဲကြည့်ပရီတ်သတ်လုပ်နေသည့်လုယန် အငိုက်မိသွားသည်။ ဘာကြောင့် ထိုတာဝန် သူ့အပေါ်ပုံကျလာသည်မသိ။
"စဉ်းစားကြည့်မယ်လေ။ ပုံရိပ်ယောင်ဆိုတာ အစစ်အမှန်မဟုတ်ဘူး။ ကြည့်နေတုန်းမှာ စိတ်အာရုံနစ်မြုပ်နေမယ်။ ပြီးသွားတဲ့အခါ တသစွဲလမ်းနေမယ်။ ဒါပေမယ့် ရေထဲကအရိပ်လိုပဲ။ အစစ်အမှန်မဟုတ်တဲ့ ပုံရိပ်ဆိုတော့...'အိပ်မက်ရေပွက်ပုံရိပ်'လို့ခေါ်ရင် ဘယ်လိုနေမလဲ"
(**ဗုဒ္ဓဝါဒအရ သိမြင်ကြုံတွေ့ရသည့် အရာအားလုံး မတည်မြဲသည့်သဘောကို ရည်ညွှန်းခြင်းဖြစ်သည်။ E tran က Dreamlike bubble illusion ဟုရေးထားပါသည်။ အနန္တသူရိယအမတ်၏'မျက်ဖြေလင်္ကာ'တွင်'သမုဒ္ဒရာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ'ဟူသည့် ကဗျာပိုဒ်လေးပါပါသည်။)
"အိပ်မက်ရေပွက်ပုံရိပ်တဲ့လား"
ထောင်ယော်ယဲ့မျက်လုံးများ အရောင်လက်လာသည်။ ထိုနာမည်ကို သူ့ဘာသာသုံးလေးကြိမ် တီးတိုးရေရွတ်နေသည်။ ရွတ်ကြည့်လေ သဘောကျလေဖြစ်သည်။
"ကောင်းပြီလေ။ ဒါကို 'အိပ်မက်ရေပွက်ပုံရိပ်ယောင်'လို့ပဲခေါ်ကြမဘ်"
"အိပ်မက်ရေပွက်ပုံရိပ်တဲ့။ တကယ်ကောင်းတဲ့နာမည်ပဲ"
ကျိုးရှင်း ခေါင်းငြိမ့်သည်။ နာမည်ပေးသည့်နေရာတွင် လုယန်၏ ဉာဏ်ရည်ကို သူအမြဲယုံကြည်သည်။
သူ့ကိုယ်ပိုင်ဘွဲ့ 'ရတနာများရှင်ကောင်းကင်ဘုရင်'သည်လည်း လုယန်က နာမည်ပေးထားခြင်းဖြစ်သည်။
"တူမထောင်ယော်မှာ မှော်အဆောင်တွေရှိသေးလား။ နည်းနည်းလောက်ယူသွားဖို့လိုမယ်။ ပြီးတော့ မူပိုင်ခွင့်ကို ဘယ်လိုလျှောက်ကြမလဲ"
"ဟုတ်ကဲ့၊ ရှိပါတယ်"
ကျိုးရှင်း ထိုမျှအလွယ်တကူလက်ခံမည်ဟု သူထင်မထားခဲ့။ ကျန်နေသည့်မှော်အဆောင်အားလုံးကို မှော်စက်ဝန်းစာလိပ်များနှင့်အတူ သပ်သပ်ရပ်ရပ်ထုပ်ပိုး၍ ပေးလိုက်သည်။
မှော်အဆောင်နှင့်မှော်စက်ဝန်းများယူပြီးနောက် ကျိုးရှင်း ကိစ္စတစ်ခုကို သတိရလာသည်။ အဓိပ္ပါယ်ပါပါပြုံးလျက်
"မူပိုင်ခွင့််လျှောက်တာကတော့ မခက်ခဲပါဘူး။ ဒါပေမယ့် အဲဒီ့မူပိုင်ခွင့်ကို ဘယ်သူ့ယူသင့်တယ်ဆိုတာရော တူမလေး စဉ်းစားပြီးပြီလား"
"မူပိုင်ခွင့်ရမယ့်လူလား..."
ကျိုးရှင်းအပြုံးကိုကြည့်၍ ထောင်ယော်ယဲ့ ချက်ချင်းပြန်တွေးမိသည်။ သူက စိတ်ကူးသာစိုက်ထုတ်ခဲ့ခြင်းဖြစ်သည်။ ပုံရိပ်ယောင်ကို မှော်အဆောင်များအဖြစ်ပြောင်းပြီး မှော်စက်ဝန်းဖြင့်အသက်သွင်းနိုင်အောင် လုပ်ပေးခဲ့သူများက ဒုအကြီးအကဲနှင့် အဋ္ဌမအကြီးအကဲတို့ ပိုင်ဆိုင်ခြင်းဖြစ်သည်။
အတိအကျဆိုရလျှင် အကြီးအကဲနှစ်ယောက်လည်း မူပိုင်ခွင့်နှင့် တစ်စိတ်တစ်ပိုင်းသက်ဆိုင်သည်။
မူပိုင်ကြေး ဘယ်လောက်ယူကြမည်မသိ။ မူပိုင်ခွင့်တစ်ခုလုံးလည်း သူ့ဆီမှ ဝယ်ကောင်းဝယ်ကြမည်။
တစ်ချို့ဂိုဏ်းအကြီးအကဲများက သူတို့တပည့်များ၏အခွင့်အလမ်းကို သိမ်းပိုက်ကြကြောင်း သူကြားဖူးထားသည်။ တပည့်များက မကျေနပ်သော်လည်း ကျိတ်မှိတ်သည်းခံကြရသည်။
လောင်ပါးက ကျိုးရှင်းကို ပြုံး၍တွန်းထုတ်လိုက်သည်။
"မင်းက ငယ်မူငယ်ကျင့်တွေ မပျောက်သေးဘူးပဲ။ ဟိုအရင်တစ်ချိန် ကိုးငရဲဂိုဏ်းရတနာတိုက်ကို လိမ်ယူတုန်းကလည်း ညီရှစ်လောက်တောင် မင်းအားမစိုက်ခဲ့ရပါဘူး"
ဆဋ္ဌမအကြီးအကဲက ကျိုးရှင်းကို ခပ်စိမ်းစိမ်းကြည့်သည်။ ကျိုးရှင်း ရင်ထိတ်သွားသည်။ လက်ကိုအမြန်ဝှေ့ယမ်း၍ အမြန်ငြင်းသည်။
"ငါက သူ့ကိုစနောက်ရုံပါကွာ။ လောကကြီးရဲ့ ကြမ်းတမ်းမှုအကြောင်းကို သင်ပေးပြီး အခုကတည်းက သူ့ကိုနည်းနည်းခြောက်လှန့်ထားတဲ့သဘောပါ။ ဒါမှ နောင်တစ်ချိန် အပြင်လူတွေလှည့်စားတာကို မခံရမှာမဟုတ်လား"
လောင်ပါးက စေတနာအပြည့်ဖြင့်ပြောသည်။
"တူမလေး၊ ငါရော ညီရှစ်ရော ဒီမူပိုင်ခွင့်ကို မလိုအပ်ပါဘူး။ ဝိညာဉ်ကျောက်သုံးရမယ့်နေရာလည်း ငါတို့မှာမရှိဘူး။ ငါတို့အားတဲ့အချိန်လေးမှာ မင်းကိုကူညီပေးတဲ့သဘောပါပဲ။ မူပိုင်ခွင့်အားလုံး မင်းဟာပါ"
အဋ္ဌမအကြီးအကဲကလည်း ခေါင်းငြိမ့်သည်။ ကိုယ်ဂိုဏ်းတွင်းမှလူများကို သူတစ်ခါမှဒုက္ခပေးဖို့ စိတ်မကူးဖူး။
ထောင်ယော်ယဲ့ အတော်လေးစားသွားသည်။ အိပ်မက်ရေပွက်ပုံရိပ်ယောင်မှ ဝိညာဉ်ကျောက်များရလာလျှင် ဂိုဏ်းကိုပြန်ကျေးဇူးဆပ်မည်ဟု ဆုံးဖြတ်လိုက်သည်။
ထောင်ယော်ယဲ့နှင့်တစ်ခြားလူများ ထွက်သွားသော်လည်း လုယန်က မပြန်သေး။ ကျိုးရှင်း တွေးရခက်သွားသည်။
"တူမောင်လု၊ တစ်ခုခုလိုအပ်တာရှိလို့လား"
"အထွေအထထူးတော့မဟုတ်ပါဘူး။ မေးစရာရှိလို့ပါ ကျုပ်ရဲ့ ယာဉ်ပျံမူပိုင်ခွင့်ကနေ ဝင်ငွေရပြီလား"
ကျိုးရှင်း ပို၍နားမလည်နိုင်ဖြစ်လာသည်။
"အင်း...ရပြီလေ။ ရတဲ့ဝိညာဉ်ကျောက်တွေ တူမယွမ်ဆီ ငါးပေးလိုက်တာပဲ။ မင်းမရသေးဘူးလား"
လုယန် သေချာပြန်စဉ်းစားပြီးနောက် ခေါင်းခါသည်။
"ဒါဆို နည်းနည်းထူးဆန်းတယ်။ ရှောင်ယွမ်ကို အကျိုးအကြောင်းသွားမေးလိုက်ပါလား"
လုယန် "..."
ရုတ်တရက် သူ့စိတ်ထဲတွင် မူပိုင်ကြေးများသည် သိပ်အရေးမကြီးတော့သလို ခံစားလိုက်ရသည်။
မဟုတ်သေး။ သူထိုသို့တွေး၍ မဖြစ်။ ထိုဝိညာဉ်ကျောက်များကို သူပိုင်ဆိုင်ခွင့်ရှိသည်။ အမယွမ်ကို သွားရှာပြီး သေချာမေးမြန်းရမည်။
"နတ်မယ်၊ ဒီကိစ္စကို ကျုပ်ကိုယ်စား ခင်ဗျားစုံစမ်းပေးပါလား"
"ဟမ်"
အခြေအနေထိုင်ကြည့်နေခဲ့သည့် ထာဝရနတ်မယ် အငိုက်မိသွားသည်။ ဘာကြောင့် လုယန် သူ့ကိုဆွဲထည့်သနည်း။
"နတ်မယ်၊ အမယွမ်ကို ခင်ဗျားမကြောက်ဘူးမဟုတ်လား"
"မကြောက်ပါဘူး။ ရှောင်ယွမ်က ဘာမှကြောက်စရာမရှိပါဘူး"
နတ်မယ် လည်ပင်းကိုမတ်ထားသည်။ လုယန်ရှေ့တွင် အားနည်းသည့်ပုံစံမျိုး သူမပြချင်။
လုယန် နတ်မယ်သတ္တိကို လက်ခုပ်တီး၍ ချီးကျူလိုက်သည်။
"ခင်ဗျားနဲ့ကျုပ်က ခန္ဓာကိုယ်တစ်ခုတည်းမှာနေကြတာ။ ခင်ဗျားကိစ္စက ကျုပ်ကိစ္စပဲ။ ကျုပ်ကိစ္စကလည်း ခင်ဗျားကိစ္စပဲ။ ဟုတ်တယ်နော်"
"မှန်တာပေါ့"
"ဒါဆို မူပိုင်ကြေးကိစ္စ အမယွမ်ကို ခင်ဗျားသွားမေးဖို့လည်း အဆင်ပြေတယ်မဟုတ်လား"
"ပြေ..ပြေပါတယ်။ ...စိတ်မပူပါနဲ့။ ငါ့တာဝန်ထားပါ"
နတ်မယ် ရင်ဘတ်ကိုပုတ်၍ အာမခံသည်။
"နောက်တစ်ခုရှိသေးတယ် အကြီးအကဲကျိုး"
လုယန် ထပ်ပြောသည်။ မသေမျိုးဓားကို သူ့ကျောက်စိမ်းတံဆိပ်ထဲမှ ထုတ်လိုက်သည်။ ယင်ထန်မသေမျိုးသန့်စင်ခဲ့ပြီး ချီလင်မသေမျိုးအသုံးပြုခဲ့သည့် ဓားဖြစ်သည်။
"ဒီဓားပျံကို တစ်ချက်ကြည့်ပေးပါဦး။ ပြန်ပြုပြင်လို့ ရနိုင်မလား"
ချင်ဖုန်းဓားတစ်လက်တည်းဖြင့် သူ့အတွက်မလုံလောက်။ နောက်ထပ်ဓားတစ်ချောင်း သန့်စင်ချင်သည်။
ဓားကိုမြင်သည်နှင့် ကျိုးရှင်း မျက်လုံးပြူးသွားသည်။ နှုတ်ခမ်းများ တုန်ရင်လာသည်။
"ဘုရားရေ၊ ဒါမသေမျိုးဓားပဲ။ မသေမျိုးတစ်ယောက် သွန်းလုပ်ခဲ့တဲ့ဓား။ မင်းဒါကို ဘယ်ကတွေ့လာတာလဲ"
"ချင်းကျိုးပွဲတော်က ဆိုင်တစ်ခုမှာ ရလာတာပါ"
ကျိုးရှင်း လုယန်ကို အားကျသည့်မျက်လုံးဖြင့်ကြည့်သည်။ ထိုကောင်လေး၏ကံက ထူးကိုထူးခြားလွန်းသည်။
ကျိုးရှင်း ခေါင်းခါ၍ရှင်းပြသည်။
"ဒီကိစ္စက ကောင်းကင်တက်ရတာလောက်ကို ခက်တယ်ကွ။ မသေမျိုးတစ်ယောက် သွန်းလုပ်ခဲ့တဲ့ဓားဟာ မပျက်စီးနိုင်ဘူး။ ကောင်းကင်ဆင်းရဲတောင် မဖျက်ဆီးနိုင်ဘူး။ ဒီဓားက ကျိုးသွားပြီး တစ်ဝက်ပဲကျန်တယ်ဆိုတော့ ငါ့အထင်ပြောရရင် အရမ်းပြင်းထန်တဲ့တိုက်ပွဲကြီးတစ်ခုကြောင့် ပျက်စီးခဲ့တာဖြစ်မယ်"
လုယန် ခေါင်းငြိမ့်သည်။ ချီလင်မသေမျိုးလှည့်စားကြောင်း သိသွားချိန်တွင် နဂါးနှင့်ဖီးနစ်ပါရမီရှင်ဇနီးနှစ်ယောက်က သူတို့ဒေါသကို လုံးဝထိန်းကြမည်မထင်။ တကယ်ဂန္တဝင်တိုက်ပွဲကြီးတစ်ခု ဖြစ်ခဲ့ပေလိမ့်မည်။
ကျိုးရှင်း တောင့်တသည့်အမူအရာဖြင့် ပြောသည်။
"ဒီလိုတိုက်ပွဲဆိုတာ မင်းရောငါရော ဝင်ပါလို့တောင်ရတဲ့ အဆင့်မျိုးမဟုတ်ဘူး။ အဲလိုတိုက်ပွဲမျိုးမှပဲ မသေမျိုးဓားတစ်လက်က ပျက်စီးနိုင်တာ။
ငါပြောတာကို မင်းယုံမှာမဟုတ်ဘူး။ မင်းက ဒီဓားက ကျိုးလွယ်ပဲ့လွယ်တဲ့ အခြေအနေရောက်နေတယ်လို့ပဲ မြင်မှာလေ။ ငါဒီဓားကို ဒီလိုထက်ဝင်ချိုးပစ်နိုင်မယ်လို့ ထင်နေမှာပေါ့"
ပြောရင်းဆိုရင်း ကျိုးရှင်းက ဓားတစ်ကို တစ်ချက်ကွေးလိုက်သည်။
"ဖျောက်"
တိုးညှင်းသည့် အက်ကွဲသံတစ်ခု ပေါ်လာသည်။ မသေမျိုးဓားက နှစ်ပိုင်းထပ်ကျိုးသွားသည်။
ကျိုးရှင်း "..."
ထိုဓားအတွက် လျှောက်ကြေးပေးဖို့ ဝိညာဉ်ကျောက် ဘယ်လောက်ကုန်မည်မသိတော့။ သူ့ကိုယ်သူရောင်းချပြီးပေးလျှင်ပင် လုံလောက်မည်မထင်။
**********************************