← Chapters

ရွှေသန္ဓေအလတ်တန်းအဆင့်

Vol. 26 Ch. 379

ရွှေသန္ဓေအလတ်တန်းအဆင့်

Vol. 26 Ch. 379

"ငရဲလဓားက အတော်စွမ်းအားကြီးတယ်။ ရွှေသန္ဓေအဆင့်မျာ မင်းသုံးဖို့အတွက် လုံလောက်ပါတယ်။ ဒ‌ါပေမယ့် နတ်ဝိညာဉ်အဆင့်ကိုရောက်လာရင်တော့ ဒီဓားကမင်းစွမ်းအားနဲ့ ကိုက်ညီတော့မှာမဟုတ်ဘူး"

ကျိုးရှင်းက ပြုံး၍ပြောသည်။ ငရဲလဓားသည် နတ်ဝိညာဉ်အဆင့်ရတနာဖြစ်သည်။ သို့သော် လုယန်ထိုအဆင့်သို့ရောက်လျှင် လူနှင့်ဓား လိုက်ဖက်ညီမည်မဟုတ်။

လုယန် ခေါင်းငြိမ့်၍ ထိုအချက်ကို မှတ်ထားလိုက်သည်။ မှော်ရတနာများကို အဆင့်များခွဲထားသည်။ ရတနာတစ်ခုသည် ကျင့်ကြံသူ၏အဆင့်နှင့် လိုက်ဖက်မညီလျှင် အဟန့်အတားဖြစ်လာသည်။

ထို့ကြောင့် ကျင့်ကြံသူအများစုက အဆင့်မြှင့်နိုင်သည့် 'အဆင့်တက်ရတနာ'များကို လိုချင်ကြခြင်းဖြစ်သည်။ သို့သော် ထိုပစ္စည်းမျိုးက ရှားပါးသည်။ ဈေးနှုန်းအလွန်မြင့်သည်။ ထို့ပြင် အဆင့်မြင့်သန့်စင်ပညာများလိုသည်။ ထို့ကြောင့် ရနိုင်ဖို့ခဲယဉ်းသည်။

"ကျုပ်ရဲ့ချင်ဖုန်းဓားက ဘာအဆင့်လဲ"

လုယန် သူမကြာခဏသုံးသည့်ဓားအကြောင်း ရုတ်တရက် သတိရလာသည်။ အမယွမ်က အခြေတည်အဆင့်တက်ချိန်တွင် ဂုဏ်ပြုလက်ဆောင်အဖြစ် ပေးခဲ့ခြင်းဖြစ်သည်။

"တူမယွမ်ပေးတဲ့ဓားလား။ အဲဒါတော့ ဘာအဆင့်လဲ ငါမပြောတတ်ဘူး"

ကျိုးရှင်း ဖြေးညှင်းစွာခေါင်းခါရမ်းနေသည်။ လုယန်၏ချင်ဖုန်းဓားသည် သာမန်မဟုတ်မှန်း အစောကြီးကတည်းက သူသတိထားမိသည်။

"အဆင့်တက်ရတနာမျိုးလား"

အခြေတည်အစောပိုင်းအဆင့်မှ ယခု ရွှေသန္ဓေအခြေခံအဆင့်ရောက်သည်ထိ ထိုဓားကို သူချောချောမွေ့မွေ့သုံးနိုင်ခဲ့သည်။ ထိုဓားနနှင့်သူ့ကျင့်စဉ်စွမ်းအား ပဋိပက္ခဖြစ်ခြင်းမျိုး မကြုံခဲ့ရ။ အဆင့်တက်ရတနာဟု သူယူဆခြင်းဖြစ်သည်။

ထို့ပြင် အမယွမ်လက်ဆောင်ပေးထားသည့်ဓားဖြစ်င သာမန်ဓားဖြစ်နိုင်စရာ မကြောင်းမရှိ။

လုယန် အထင်မှားနေသည်ကို ကျိုးရှင်းက အမှန်ပြင်ပေးသည်။

"မဟုတ်ဘူး။ အဆင့်တက်ရတနာတွေရဲ့ လုပ်ဆောင်ပုံက ဒီလိုမဟုတ်ဘူး။ အခြေတည်အဆင့်ရတနာက ရွှေသန္ဓေအဆင့်ကို မြှင့်တင်ဖို့အတွက်ဆိုရင် ဝိညာဉ်သံတွေ၊ တွင်းထွက်ရတနာတွေ မျိုးစုံသုံးရတယ်။

ဒါကို အခြေခံစနစ်တစ်ခုလို့ တွေးကြည့်ပါ။ ရတနာရဲ့အရည်အသွေးမြှင့်ဖို့အတွက် ဒီစနစ်ထဲကို ဝိညာဉ်သံတွေ တွင်းထွက်ရတနာတွေ အဆက်မပြတ်ဖြည့်ပေးနေဖို့လိုတယ်။ အခု မင်းရဲ့ချင်ဖုန်းဓားအကြောင်း တွေးကြည့်။ အဲဒီ့ဓားထဲကို မင်းဘာများထပ်ဖြည့်ခဲ့ဖူးလို့လဲ။

ပြီးတော့ အဆင့်ရတနာတွေက အဆင့်တိုင်းမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်တယ်။ အခြေတည်အခြေခံအဆင့်ရတနာတစ်ခုကို ကိုင်ရတဲ့ခံစားချက်ဟာ အခြေတည်နောက်ဆုံးအဆင့်ရောက်လာတဲ့အခါ ကွဲပြားသွားတယ်။ မင်းရဲ့ချင်ဖုန်းဓားနဲ့ အဲလိုအပြောင်းအလဲမျိုး ကြုံဖူးလို့လား"

လုယန်ခဏစဉ်းစားသည်။ ထိုအဖြစ်မျိုး သူလုံးဝမကြုံဖူး။

"ဒါဆို ကျပ်ရဲ့ချင်ဖုန်းဓားက ဘယ်လိုဖြစ်နေတာလဲ"

"တူမယွမ်က ချိတ်ပိတ်ထားတာ။ ချိတ်ပိတ်ထားတဲ့ မှော်တံဆိပ်တွေများလွန်းလို့ ဘယ်နှခုလည်းတောင် ငါမရေနိုင်ဘူး။ ဒါကြောင့် ဒီဓားရဲ့စွမ်းအားအဆင့်ကို ငါမသိဘူးလို့ပြောတာ။

မင်းစွမ်းအားနည်းနည်းတိုးလာတိုင်း မှော်တံဆိပ်တစ်ချို့က ပြေသွားတယ်။ ဒါကြောင့် မင်းဘယ်အဆင့်ရောက်ရောက် ဒီဓားဟာမင်းနဲ့လက်ဖက်ညီတယ်လို့ အမြဲတမ်းခံစားနေရတာ။

ရှောင်ယွမ်က မင်းကိုဂရုစိုက်တဲ့နေရာမှာ အတော်စေ့စပ်တယ်။ မှော်တံဆိပ်တွေပါတဲ့ ဒီချင်ဖုန်းဓားဟာ တကယ်တန်ဖိုးဖြတ်မရတဲ့ ရတနာပဲ'

အမယွမ် ချင်ဖုန်းဓားကို ထိုမျှသေချာစီစဉ်ထားမည်ဟု ထင်မထားခဲ့သဖြင့် လုယန်အတော်ဝမ်းသာမိသည်။

"ကဲ..တူမထောင်ယော်အတွက် မူပိုင်ခွင့်သွားလျှောက်ရဦးမယ်။ မင်းနဲ့ဆက်ပြီး စကားမပြောတော့ဘူး"

ကျိုးရှင်း ထွက်သွားရန်ပြင်သည်။

"ငရဲလဓားဖန်တီးပေးတာ ကျေးဇူးပါ အကြီးအကဲကျိုး သွားစရာရှိတာသာသွားပါ"

ကျိုးရှင်း လက်ကိုဝှေ့ယမ်းလျက် သူယာဉ်ပျံကိုထုတ်ပြီး ချက်ချင်းပျောက်ကွယ်သွားသည်။

"နတ်မယ်၊ ချင်ဖုန်းဓားရဲ့အရည်အသွေးကို ခင်ဗျားခန့်မှန်းနိုင်လား"

လုယန် တစ်ခြားအားကိုးရာရှာ၍ အကြံတောင်းသည်။

နတ်မယ် ချင်ဖုန်းဓားကို တစ်ချက်ကြည့်၍ ချက်ချင်းခေါင်းခါသည်။

"ချိတ်ပိတ်ထားတာ တင်းကြပ်လွန်းတယ်။ ထိုးဖောက်မမြင်ရဘူး"

ပိတ်ထားသည့် မှော်တံဆိပ်အလွှာအထပ်များက များပြားလွန်းသဖြင့် ဓား၏အရည်အသွေးမှန်ကို မမြင်ရခြင်းဖြစ်သည်။

လုယန် ကောင်းကင်ဂိတ်တောင်ထိပ်သို့ ပြန်သည်။ သို့သော် ယွမ်ကျိ၏အရိပ်အယောင် မတွေ့ရ။ သွေးကပ်ဆိုးကို ညှင်းပန်းစစ်ဆေးနေဆဲဖြစ်မည်။

သွေးကပ်ဆိုးက ခေါင်းမာ၍တင်းခံနေခြင်းလား။ သိထားသည့်အကြောင်းအရာများလွန်း၍ အချိန်ကြာမြင့်စွာ ရှင်းပြနေရခြင်းလားတော့မသိ။

"ဆိုးတာပဲ။ နင့်အတွက် မူပိုင်ကြေးကိစ္စ ငါမေးပေးမလိုပါ"

နတ်မယ် ကျိတ်၍သက်ပြင်းချနေသည်။ သူ့စိတ်ထဲ ပို၍ပေါ့ပါးသွားသည်။

လုယန် နတ်မယ်ကို မျက်လုံးစွေကြည့်သည်။ နတ်မယ်မျက်နှာတွင် ထိတ်လန့်ရိပ်ပေါ်နေသည်ကို သူသတိထားမိသည်။

"ကျင့်ကြံဖို့အချိန်ရောက်ပြီပဲ"

လုယန် ကိုယ့်ကိုယ်ကို သတိပေးလိုက်သည်။ မည်သို့ဆိုစေ သူသည် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ကျင့်ကြံသူဘဝ၏အနှစ်သာရသည် ကျင့်ကြံခြင်းဖြစ်သည်။

သူသည် ပါရမီကောင်းရုံသာမဟုတ်။ အလုပ်လည်းကြိုးစားသည့်ပါရမီရှင်ဖြစ်သည်။

နတ်မယ်က လုယန်ကို မသင်္ကာသည့်မျက်လုံးဖြင့် လှမ်းကြည့်သည်။

"နင့်ရွှေသန္ဓေတည်ဆောက်ပြီးကတည်းက ကောင်းကောင်းကျင့်ကြံခဲ့တဲ့အချိန်ဆိုတာ ရှိလို့လား"

"ဒါက ဘာစကားလဲ။ ကျုပ်မကျင့်ကြံချင်ဘူးထင်လား။ အလုပ်များလွန်းနေလို့လေ"

လုယန် ယုံကြည်ချက်အပြည့်ဖြင့် လက်ချိုးရေတွက်ပြီး ပြန်ပြောသည်။

"ပထမဆုံး တောနက်ကနေ ကျုပ်ပြန်လာတော့ အမယွမ်ကကျုပ်ကို ထာဝရန်မြေပျက်ဆီ အတင်းဆွဲခေါ်သွားတယ်။ ကျုပ်တို့ဆရာကိုလည်း ဝင်တွေ့ခဲ့ရတယ်။

အဲဒါပြီးတော့ ညီလေးလီက ချင်ဟော်ရန်မှတ်ဉာဏ်ကြောင့် စိတ်ဒုက္ခရောက်တယ်။ ဒါကြောင့် လောင်မုန်နဲ့ကျုပ် သူ့ကို အပြင်လောကထဲ စိတ်ပြေလက်ပျောက် အလည်ခေါ်သွားရတယ်။ မထင်မှတ်ဘဲ ကိုးငရဲဂိုဏ်းဝင်တွေနဲ့တွေ့တယ်။

ဒါကြောင့် ကောင်းကင်ရုံးတော်ဂိုဏ်းဇာတ်လမ်းကိုဖန်တီးပြီး သူတို့နဲ့ မဟာမိတ်ဖွဲ့ခဲ့ရတယ်။

အဲဒီ့နောက်မှာ အကြီးအကဲကျိုးရှင်းကို ခေါ်သွားပြီး ကိုးငရဲဂိုဏ်းဝင်တွေနဲ့ ထပ်တွေ့တယ်။

ကောင်းကင်ရုံးတော်ဂိုဏ်းကို ယုံကြည်လာအောင် ထပ်ပြီးအယုံသွင်းရတယ်။

ရွှေသန္ဓေအဆင့်နှလုံးသဘာဝဉာဏ်အလင်းကျမ်းကို ဆက်ရေးဖို့အတွက် ကျမ်းစာတိုက်မှာ တစ်လခွဲကျော် ကျုပ်အချိန်ကုန်တယ်။

ရွှေသန္ဓေအတွေးအမြင်ကို အပြီးသတ်ရေးခဲ့တယ်။

နောက်ဆုံးမှာ လောင်မုန်နဲ့ကျုပ် ချင်းကျိုးပွဲတော် သွားတက်းရတယ်။ ရှေးဟောင်းကျင့်ကြံသူတွေနဲ့တွေ့တယ်။

ကျုပ်ရွှေသန္ဓေတည်ဆောက်တဲ့အချိန်ကနေ အခုထိ နှစ်လပဲရှိသေးတာပါ"

နတ်မယ် '..."

တကယ်ယုတ္တိကျသလိုလို ရှိပါသည်။

လုယန်၏ မရိုးနိုင်သည့်အတွေ့အကြုံများကြောင့် ထိုထက်အချိန်ကြာသွားပြီဟု သူ့စိတ်ထဲထင်နေခြင်းဖြစ်မည်။

လုယန်၏သိစိတ်နယ်မြေတွင် နေထိုင်ဖို့ရွေးချယ်ခဲ့သည့် သူ့ဆုံးဖြတ်ချက် တကယ်မှန်သွားသည်။ ထိုမျှစိတ်ဝင်စားစရာကောင်းသည့် ကိစ္စများကို တစ်ခြားဘယ်နေရာတွင် သူကြုံတွေ့နိုင်မည်နည်း။

"ဒီလိုမအားလပ်တဲ့ကြားကတောင် အချိန်ရသမျှ ကျုပ်ကျင့်ကြံနိုင်ခဲ့တာပဲမဟုတ်လား။ ကျုပ်ရဲ့ကျင့်စဉ်တိုးတက်မှု တကယ်နှောင့်နှေးသွားလို့လား"

လုယန်ပြောသည့်စကားက အတော်ကျိုးကြောင်းဆီလျော်သည်။ သူသည် အားချိန်ရတိုင်း ကျင့်ကြံတတ်သည့် အလေ့အထားမျိုးရှိသည်။ ဝိညာဉ်စွမ်းအင်များစုပ်ယူပြီး တိုးတက်အောင် လေ့ကျင့်သည်။

ဓားအမှတ်သားများပြည့်နေသည့် ကျောက်တုံးကြီးပေါ်ထိုင်၍ လုယန် မျက်လုံးမှိတ်ပြီး ကျင့်ကြံနေသည်။ သူ့ကိုယ်ထဲမှ များပြားသည့် ဓားစွမ်းအင်များပေါ် အာရုံနှစ်ထားသည်။

သူတို့ဆရာငယ်စဉ်က ဤကျောက်တုံးပေါ်တွင် ဓားပညာကျင့်ကြံခဲ့သည့် အမယွမ်က သူ့ကိုပြေားဖူးသည်။ အချိန်ကြာလာသည်နှင့်အမျှ ကျောက်တုံးက ဓားစွမ်းအင်ကို စုပ်ယူပြီး ဓားကျင့်ကြံသူများအတွက် အဖိုးဖြတ်မရသည့် ရတနာတစ်ခု ဖြစ်လာသည်။ ဓားအကြောင်းပိုနားလည်အောင် ကူညီပေးသည်။

ကျောက်တုံးပေါ်ထိုင်ရင်း စွမ်းအားကျင့်ကြံမှုနှင့် ဓားစွမ်းအင်ကျင့်ကြံမှု တစ်ပြိုင်တည်းလုပ်နိုင်သည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်သည်။

သူတင်ပျဉ်ခွေထိုင်နေသည်။ လက်နှစ်ဘက် ကောင်းကင်သို့မြှောက်ထားသည်။ ပါးစပ်ဟထားသည်။ ခေါင်းကို နည်းနည်းမော့ထားသည်။ အကြောင်းမသိသူအဖို့ အိပ်‌ပျော်နေသည်ဟု ထင်သွားနိုင်သည်။

ဝိညာဉ်စွမ်းအင်များ သူ့ကိုယ်ထဲသို့ စီးဝင်လာသည်။ သွေးကြောများကို ချဲ့ထွင်သည်။ ကျင့်စဉ်စွမ်းအား တဖြေးဖြေးတိုးလာသည်။ နည်းနည်းတိုးတက်တိုင်း ကြည်နူးစိတ်ပေါ်လာသည်။ တစ်ချို့ကျင့်ကြံသူများ ဆယ်စုနှစ်ရာစုနှစ်ချီ၍ တံခါးပိတ်ကျင့်ကြံကြသည်မှာ မဆန်းတော့။ လောကတစ်ခုလုံး ပြောင်းလဲသွားသလိုခံစားချက်မျိုး ခံစားလိုခြင်းကြောင့်ဖြစ်သည်။

သို့သော် လုယန်သည် ကာလရှည်တံခါးပိတ်ကျင့်ကြံသူမျိုးမဟုတ်။ တာအိုလမ်းစဉ်ဂိုဏ်းကလည်း ထိုအလေ့အထမျိုးကို အားမပေး။ ကျင့်ကြံမှုတစ်ခုတည်းကို စိတ်နှစ်ထားသည့်ယွမ်ကျိပင် သူ့ဆရာပေးသည့်အကြံအတိုင်း တံခါးပိတ်ကျင့်ကြံသည့်အချိန်ကို အလွန်ဆုံးသုံးရက်ထိသာ ကန့်သတ်ထားသည်။

"တံခါးပိတ်ကျင့်တာက အတွေ့အကြုံတိုးစေနိုင်တယ်။ ဒါပေမယ့် ဦးနှောက်ပိုထက်မြက်လာအောင် လုပ်မပေးနိုင်ဘူး။ နင်သိတယ်မဟုတ်လား"

နတ်မယ်က အလိုက်သင့်ဝင်ပြောသည်။ တာအိုလမ်းစဉ်ဂိုဏ်း၏ဒဿနကို သူလုံးဝထောက်ခံသည်။ ဂိုဏ်း၏ဧည့်သည့်အကြီးအကဲလုပ်ဖို့ ရွေးချယ်ခဲ့သည့် ဆုံးဖြတ်ချက်ကို သူပို၍ကျေနပ်မိလာသည်။

"ငါ့ကျတော့ နာမည်ကျော်တွေအများကြီးကို အနိုင်ယူတိုက်ခိုက်ပြီး ထိပ်ဆုံးကိုတက်ခဲ့တာ။ တိုက်ပွဲတွေနဲ့ တိုက်ပွဲအကျိုးအမြတ်တွေကြောင့် ငါမြန်မြန်တိုးတက်ခဲ့တာ။

နင်ငါ့ကိုအတုယူပြီး တိုက်ခိုက်ရင်းနဲ့ တိုးတက်အောင်လုပ်သင့်တယ်။ ကျယ်ပြန့်တဲ့လောကကြီးနဲ့ လောကထဲက သက်ရှိတွေအများကြီးကို နင်ရင်ဆိုင်လိုက်မယ်ဆိုရင် နင့်စွမ်းရည်တွေ ကျင့်စဉ်အဆင့်တွေ တိုးတက်ရုံမကဘူး။ ငါ့လိုလည်း ဉာဏ်ထက်လာလိမ့်မယ်"

ထိုစကားကြားပြီးနောက် လုယန်စိတ်ထဲတွင် ကာလရှည်တံခါးပိတ်ကျင့်ကြံသည့်စိတ်ကူးလည်း သိပ်မဆိုးလှဟု တွေးမိလာသည်။

မျက်တောင်တစ်ခတ်အတွင်း အချိန်ဆယ့်ငါးရက် ကုန်လွန်သွားသည်။ ကျောက်တုံးပေါ်ထိုင်နေသည့်လုယန် မျက်လုံးပွင့်လာသည်။ ကြည်လင်သည့်ထွက်သက်ကို မှုတ်ထုတ်လိုက်သည်။ မျက်လုံးများက စူးရှနေသည်။ စွမ်းအင်ရောင်က အပြင်ဘက်သို့ ပြန့်ထွက်သွားပြီးနောက် ခန္ဓာကိုယ်ထဲ ချက်ချင်းပြန်ဝင်လာပြီး သူ့ထိန်းချုပ်မှုအောက်သို့ ရောက်သွားသည်။

သူ့မျက်နှာတွင် အပြုံးတစ်ပွင့်ပေါ်လာသည်။

"ရွှေသန္ဓေအလတ်တန်းအဆင့်"

*******************************

All Chapters