ကောင်းကင်ရုံးတော်ဂိုဏ်း၏ အဖွဲ့ဝင်သစ်
Vol. 26 Ch. 381
"မင်းငါနဲ့အတူ ယန်ကျန်းကို လိုက်ခဲ့မလား"
လုယန် မုန်ကျင်းကျိုးကိုမေးသည်။
မုန်ကျင်းကျိုး လိုက်ချင်ပုံရသည်။ သို့သော် ခေါင်းခါ၍ငြင်းသည်။
"ငါ့အရိပ်ကို လေ့ကျင့်ဖို့လိုသေးတယ်။ အခုလောလောဆယ် အပြင်ထွက်နိုင်ဦးမှာမဟုတ်ဘူး"
တတိယအကြီးအကဲက သူ့တိုးတက်မှုကို ရှောင်တခင်စစ်ဆေး၍ ရေသာခိုနေမှန်းသိသွားလျှင် အကျိုးဆက်များ ဆိုးဝါးလာမည်။
"ဒါဆိုလည်းကောင်းပြီလေ"
လုယန် နည်းနည်းစိတ်ပျက်သွားသည်။ တစ်ယောက်တည်းသွားရမည်ကို ငြီးငွေ့သလိုခံစားရသည်။
"ဟေ့ ညီမထောင်ယော်၊ ဒီကိုလာပါဦး"
တောင်ခြေသို့ရောက်ချိန် မလှမ်းမကမ်းတွင် ထောင်ယော်ယဲ့ကို မြင်လိုက်ရသည်။ စိတ်ပြေလက်ပျောက်လမ်းလျှောက်ထွက်လာပုံမျိုးဖြစ်သည်။ တစ်ခြားဘာမှလုပ်စရာရှိဟန်မတူ။
"ဘာကိစ္စရှိလို့လဲ အကိုလု"
ထောင်ယော်ယဲ့က ပြုံး၍မေးသည်။ သူ့အမူအရာက ချစ်စရာကောင်းပြီး ရည်မွန်ကျော့ရှင်းသည်။ နောင်တစ်ချိန် ထိုထက်ပင် ပိုလှလာဦးမည်။
"ငါတို့ကောင်းကင်ရုံးတော်ဂိုဏ်းကို ဝင်မလား"
လုယန် စိတ်အားထက်သန်စွာ ဖိတ်ခေါ်သည်။ ဂိုဏ်းသခင်လေးတစ်ယောက်အနေဖြင့် ဂိုဏ်းအတွက် ပါရမီရှင်များ ထပ်စုစည်းရသည်မှာ သူ့တာဝန်ဖြစ်သည်။
"ကောင်းကင်ရုံးတော်ဂိုဏ်းအကြောင်း မင်းမကြားဖူးလောက်သေးဘူး။ ဒီနေ့ခေတ်ရဲ့ နံပတ်တစ်ဂိုဏ်း..."
"ကောင်းပြီလေ"
"ဟမ်"
ထောင်ယော်ယဲ့က သူ့စကားမဆုံးမီ ပြုံး၍ခေါင်းငြိမ့်လိုက်သဖြင့် လုယန်မင်သက်မိသွားသည်။
"ကောင်းကင်ရုံးတော်ဂိုဏ်းအကြောင်း မင်းကြားဖူးလို့လား"
ဆဋ္ဌမအကြီးအကဲက ပြောပြထားခြင်းဖြစ်မည်ဟု လုယန်တွေးလိုက်သည်။
"မကြားဖူးပါဘူး"
"ဒါဆိုဘာလို့ ချက်ချင်းခေါင်းငြိမ့်တာလဲ"
ထောင်ယော်ယဲ့ မချိုမချဉ်ပြုံးသည်။
"အကိုလုက ကျွန်မကိုလှည့်စားမှာလား"
"မလှည့်စားပါဘူး"
"အဲဒါပဲလေ။ အကိုလု ကျွန်မကို ကောင်းကင်ရုံးတော်ဂိုဏ်းထဲဝင်ဖို့ပြောတယ်ဆိုရင် ကျွန်မကောင်းကျိုးအတွက်ပဲဖြစ်မှာပေါ့။ ကျွန်မအကျိုးရှိမယ့်ကိစ္စကို ကျွန်မဘာလို့ငြင်းရမှာလဲ"
သူသုံးသပ်ပုံကြောင့် လုယန် စကားစရှာမရဖြစ်သွားသည်။ ထိုရှုထောင့်မှ သူမစဉ်းစားခဲ့ဖူး
"ကဲ...ဒီကောင်းကင်ရုံးတော်ဂိုဏ်းဆိုတာ ဘာလဲ"
ထောင်ယော်ယဲ့ စပ်စု့သည်။
"ဒီနေ့ခေတ်ရဲ့ နံပတ်တစ်ဂိုဏ်းပဲ။ ငါတို့ဂိုဏ်းရဲ့ အကြီးအကဲရှစ်ယောက်နဲ့ ငါ့ဆရာက ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ ကောင်းကင်ဘုရင်တွေ။ အမယွမ်က ဂိုဏ်းချုပ်။ ငါကဂိုဏ်းသခင်လေး။ ငါတို့က ဘက်စုံစွမ်းအားကြီးတဲ့ ပဲဝါအရှင်မသေမျိုးကို ကိုးကွယ်ကြတာ"
ပဲဝါအရှင်ဆိုသည့် မရင်းနှီးသည့်နာမည်ကို ထောင်ယော်ယဲ့ အရေးမစိုက်။ ယခုရက်ပိုင်း ကောင်းကင်ဘုရင်အဖြစ် နာမည်တစ်ခုရွေးရန် သူ့ဆရာဘာကြောင့်လုံးပမ်းနေကြောင်း နားလည်လာသည်။
"ပြီးတော့ မုန်ကျင်းကျိုး၊ လီဟော်ရန်နဲ့ သူ့သမီးချင်ယန်ယန်လည်း ပါတယ်"
ထောင်ယော်ယဲ့ ကြောင်တက်တက်ဖြစ်သွားသည်။ ထိုဂိုဏ်း၏ အဖွဲ့သားများက အတော်ထူးဆန်းနေသည်ဟု ခံစားရသည်။
ဘာကြောင့် ကောင်းကင်ရုံတော်ဂိုဏ်းကို ဖန်တီးနေသနည်း။ နတ်ဆိုးဂိုဏ်းကို အနိုင်ယူရုံဖြင့် အကိုလုအားမရ၍ သူတို့နေရာကို ဝင်ယူဖို့ ကြိုးစားနေသလားမသိ။
"အခြေအနေက ဒီလို့ပါ။ မုန်ကျင်းကျိုးရယ်၊ လီဟော်ရန်ရယ် ငါရယ် သရဲဖမ်းမစ်ရှင်ထွက်ရင်း ဇာတ်လမ်းစဖြစ်ခဲ့တာ..."
အစအဆုံး လုယန်ရှင်းပြလိုက်သည်။ ထောင်ယော်ယဲ့ ပါးစပ်အဟောင်းသားဖြစ်နေသည်။
အကိုလု၏စိတ်ကူးက အရမ်းဆန်းသစ်သည်။ ဂိုဏ်းတုတစ်ခု ချက်ချင်းဖန်တီးပြီး ကိုးငရဲဂိုဏ်းကို အယုံသွင်းနိုင်သည်။ သူလျှိုဝင်လုပ်သည်ထက် ဖန်တီးနိုင်စွမ်း ပိုကောင်းသည်။
"ငါတို့ဂိုဏ်းကို အနည်းဆုံးတော့ ရှေးဟောင်းခေတ်ကောင်းကင်ရုံးတော်လို့ ကြေညာရမှာ။ ပါရမီရှင်တစ်ချို့ ထုတ်ပြဖို့လိုတယ်။ မင်းက ရှေးဟောင်းပါရမီရှင်အဖြစ် သရုပ်ဆောင်ဖို့ သင့်တော်တဲ့လူလို့ ငါယူဆတယ်"
လုယန်အသိအမှတ်ပြုခံရသဖြင့် ထောင်ယော်ယဲ့ နည်းနည်းပျော်သလိုခံစားရသည်။
"ငါအခု ကိုးငရဲဂိုဏ်းအကြီးအကဲတွေနဲ့ သွားတွေ့မှာ။ မင်းလိုက်မှာလား"
"လိုက်မယ်"
......
ယန်ကျန်းကောင်တီ 'နောက်တစ်ခေါက်'အသားကင်ဆိုင်ဌာနချုပ်။
အသားကင်လုပ်ငန်းက အရှိန်အဟုန်မြင့်စွာ တိုးတက်ကျယ်ပြန့်လာသည်။ ယန်ကျန်းကောင်တီဘေးပတ်လည်မှ ကောင်တီအားလုံးတွင် နောက်တစ်ခေါက်အသားကင်ဆိုင်ကို တွေ့နိုင်ပြီဖြစ်သည်။
အကင်ဖိုနှင့်မီးစေ့ လိုအပ်ချက်ကြောင့်သာမဟုတ်လျှင် အသားကင်ဆိုင်များ နေရာတိုင်းပေါ်လာပြီး လုပ်ငန်းစုကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
ကိုးငရဲဂိုဏ်းက ဆိုင်ဖွင့်သည့်နေရာတွင် များစွာအားအင်စိုက်ထုတ်ခဲ့သည်။ ဂိုဏ်းချုပ်ကလည်း အပြည့်အဝ အားပေးထောက်ခံသည်။ ဂိုဏ်းသားအားလုံးကိုပင် လုပ်နေကျအလုပ်များ ဘေးဖယ်ထားကြရန် လူလျှောက်သတ်မနေကြရန် ခဏတားထားသည်။ ကိုးငရဲဂိုဏ်း၏ လက်ရှိပန်းတိုင်က အသားကင်ဆိုင်လုပ်ငန်း လည်ပတ်မှုကိူ အားရုံစိုက်ဖို့ဖြစ်သည်။
ထိုလုပ်ငန်းက ဂိုဏ်းဝင်နာမည်သုံး၍ ချေးငွေထုတ်ခြင်းထက် ပိုစိတ်ချရသည်။
ဂိုဏ်းချုပ်မျက်နှာလည်း အမြဲတမ်းပြုံးရွှင်နေသည်။ ကျင့်ကြံနေရင်းပင် တဟားဟားအော်ရယ်နေသည်။
သူတို့ဂိုဏ်း နှစ်တစ်ထောင်နီးပါး မွဲပြာကျနေခဲ့သည့်အဖြစ်ကို ကျောက်ရိုးမသိ။ ဘာကြောင့် ဂိုဏ်းချုပ်က ကိုးငရဲဂိုဏ်း၏ဝါဒလမ်းကြောင်းအားလုံးရပ်၍ အသားကင်ဆင်များဖွင့်သည့်ကိစ္စ အာရုံစိုက်ဖို့ သူ့ကိုတိုက်တွန်းနေသည်မသိ။
ဂိုဏ်းချုပ်က ငွေကိုချစ်၍ ဖြစ်မည်။ သို့မဟုတ် တစ်ခြားအကြောင်းရင်းတစ်ခုရှိ၍ဖြစ်မည်။
ဂိုဏ်းချုပ်ဘယ်လိုရည်ရွယ်ချက်ရှိရှိ သူနှင့်မဆိုင်။ သူအသားကင်ဆိုင်များဖွင့်နေသည်က ဝိညာဉ်ကျောက်အကြွေးတစ်ဘီလျံပြဿနာကို ဖြေရှင်းဖို့ဖြစ်သည်။
သူ့ကျင့်စဉ်စွမ်းအား မြင့်မားသော်လည်း လတိုင်း လျှပ်စီးပြစ်ဒဏ်ကို ခံနိုင်မည်မဟုတ်။ တစ်နေ့နေ့ သူတစ်ခုခုလွဲမှားပြီး မခုခံနိုင်ခဲ့လျှင် သူ့ဘဝအဆုံးသတ်သွားမည်။
အသားကင်လုပ်ငန်းကို မဖြစ်မနေချဲ့ထွင်ရမည်။
ထို့ပြင် ဆိုင်တစ်ဆိုင်အောင်မြင်ဖို့ အဓိကကျသည့်အချက်နှစ်ချက်ကို သူသိသည်။ ပထမတစ်ချက် လျှို့ဝှက်ချက်ပြုတ်နည်းပညာ၊ ဒုတိယတစ်ချက် စီးပွားရေလုပ်၍ကောင်းမည့်နေရာဖြစ်သည်။
ပထမတစ်ချက်က ရှင်းသည်။ အသားကင်ဆိုင် တိုးတက်အောင်မြင်သည်က လျှို့ဝှက်အသားကင်နည်းကြောင့်သာဖြစ်သည်။
ဒုတိယတစ်ချက်ကို အောင်မြင်အောင်လုပ်ဖို့ နည်းလမ်းများစွာရှိသည်။ နယ်ခံအစိုးရနှင့် အလွမ်းသင့်အောင်ပေါင်းဖို့ဖြစ်သည်။
လာဘ်ထိုးခြင်းသည် အန္တရာယ်များသည်။ စိတ်မချရ။ လာဘ်ထိုထားသည့်အရာရှိ အဖမ်းခံရလျှင် သူတို့အသားကင်လုပ်ငန်း အဆုံးသတ်သွားနိုင်သည်။
ဗျူဟာသစ်တစ်ခုကို ကျောက်ရိုး စဉ်းစားမိသည်။ အစိုးရလိုချင်သည်က တည်ငြိမ်အေးချမ်းမှုဖြစ်သည်။
ရာဇဝတ်သားများ အပြစ်သားများကု ဖမ်းဆီးဖို့ အစိုးရဘက်ကို သူတို့အသားကင်ဆိုင်က ကူညီပေးနိုင်သည်။
ရာဇဝတ်မှုနှင့်ပတ်သက်လာလျှင် နတ်ဆိုးဂိုဏ်းထက် ဘယ်သူကပိုကျွမ်းကျင်မည်နည်း။
ယနေခေတ်ရာဇဝတ်မှုအားလုံးကို ကိုးငရဲဂိုဏ်း ဟိုအရင်ကတည်းက ကျွမ်းကျင်ခဲ့ပြီးဖစ်သည်။ ထို့ကြောင့် ကိုင်တွယ်ဖြေရှင်းဖို့ လွယ်ကူသည်။
သို့သော် ပေါ်ပေါ်ထင်ထင်တော့ သူတို့လုပ်၍မဖြစ်။ အာရုံစိုက်သူ များလာမည်။ အကောင်းဆုံးက လျှို့ဝှက်လှုပ်ရှား၍ သူတို့တာဝန်သိတတ်သည်ဟု နယ်ခံအစိုးရမြင်လာအောင်လုပ်မည်။ သို့သော် သက်သေအထောက်အထားမချန်ခဲ့။
ထိုအခြေအနေသည် အကောင်းဆုံးဖြစ်သည်။
သို့ဆိုလျှင် အသားကင်ဆိုင်သည် လမ်းမှန်ဂိုဏ်း၏ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုလားဟု နယ်ခံအစိုးရဘက်မှ စတွေးလာမည်။
ထို့ပြင် အသားကင်ဆိုင်က လူဆိုးလူမိုက်များကို အမြဲတမ်းအပြစ်ပေး တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းမည်။
ထိုနှစ်ချက်ပေါင်းစပ်လိုက်သည်နှင့် အစိုးရအဖွဲ့အစည်းက သူတို့အသားကင်ဆိုင်ကို သေချာပေါက်ကာကွယ်ကူညီကြလိမ့်မည်။
ကျောက်ရိုးအတွေး မှန်ကန်ကြောင်း သက်သေရလာဒ်ထွက်လာသည်။ ယန်ကျန်းကောင်တီသည် တစ်ခါမှ ယခုလောက် မအေးချမ်းခဲ့ဖူး။ အကျဉ်းထောင်မှ ထောင်ခန်းအတော်များများ ဗလာဖြစ်နေသည်။ အထက်ရုံးတော်ကလည်း မကြာခဏလာစစ်ဆေးစရာမလိုတော့။ သံသယဖြစ်စရာ အကြောင်းမရှိတော့။
ညာဉ့်နက်ပိုင်း အသားကင်ဆိုင်ပိတ်ချိန်တွင် နောက်လိုက်များက ခန်းမနှင့်ဆိုင်နောက်ဖေးကို သန့်ရှင်းရေးလုပ်ကြသည်။ ကျောက်ရိုးက စားပွဲတစ်လုံးတွင်ထိုင်ပြီး ပြီးခဲ့သည့်လအတွင်း ဆိုင်လုပ်ငန်းလည်ပတ်ရာတွင် သူရခဲ့သည့်အတွေ့အကြုံများကို ချရေးနေသည်။
"ဂိုဏ်းချုပ်၊ ကောင်းကင်ရုံးတော်ဂိုဏ်းကလူတွေ ရောက်လာပါပြီ"
ဟော်ဟွာရှန်း ရိုရိုသေသေ သတင်းလာပို့သည်။ သူသည်ပင်မဆိုင်၏တာဝန်ခံဖြစ်သည်။ ဒုဂိုဏ်းချုပ်ကျောက်ရိး၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ဖို့ တာဝန်ယူထားရသည်။
သစ်သားတံဆိပ်မှ မက်ဆေ့ပို့ပြီးနောက် သုံးရက်ကြာခဲ့ပြီဖြစ်သည်။ ထိုသုံးရက်အတွင်း ကျောက်ရိုး ဘယ်ကိုမှမသွားပဲ ဆိုင်တွင်ထိုင်စောင့်နေသည်။
"ဒုဂိုဏ်းချုပ်ကျောက်ရိုး၊ မတွေ့တာကြာပြီနော်"
လုယန်နှင့် ထောင်ယော်ယဲ့ တံခါးကိုတွန်းဖွင့်၍ ဝင်လာသည်။
"ခင်ဗျားတို့ဂိုဏ်းရဲ့လုပ်ငန်းက အတော်အဆင်ပြေနေပုံပဲ။ အသားကင်ဖိုနဲ့ မီးစေ့တွေ ထပ်လိုနေပြီပေါ့"
"ဪ...ဒါက ကံကောင်းသွားလို့ပါ"
ကျောက်ရိုး မယုတ်မလွန် ပြန်ပြောသည်။ ပေါ့ပေါ့ဆဆ မလုပ်ရဲ။ သူ့ရှေ့မှလူသည် ကောင်းကင်ရုံးတော်ဂိုဏ်း၏ သခင်လေး။ ပဲဝါအရှင်၏ တပည့်ရင်းဖြစ်သည်။ ထိုလူမျိုးကို သွားထိ၍မရ။
"ပြီးတော့ သူက..."
ကျောက်ရိုး ထောင်ယော်ယဲ့ကိုကြည့်၍ တွေးရခက်နေသည်။
"သူလည်း ကျုပ်တို့ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ အဖွဲ့ဝင်ပါ။ ထောင်ယော်ယဲ့တဲ့။ သူ့ပါရမီက အရမ်းထူးခြားလို့ ကျုပ်ဆရာရော ဂိုဏ်းချုပ်ပါ သူ့ကိုချီးကျူးကြပါတယ်"
ကျောက်ရိုး လေးလေးစားစားဦးညွှတ်လိုက်သည်။
"ဒါဆို ကောင်းကင်ပါရမီရှင်ထောင်ယော်ပေါ့"
အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း ထောင်ယော်ယဲ့စိတ်ထဲတွင် ကျိတ်၍အံဩနေသည်။
ကိုးငရဲဂိုဏ်းနှင့် အကိုလုသွားတွေ့မည်မှန်း သူသိခဲ့ရသည်။ သို့သော် လုယန်က ဂိုဏ်းအကြီးအကဲများနှင့် ချက်ချင်းတွေ့ဆုံပြီး တန်းတူရည်တူလို ဆက်ဆံနိုင်မည်ဟု သူထင်မထား"
အကိုလုပုံမှန်လှုပ်ရှားလေ့ရှိသည်က ထိုလူမှုအသိုင်းအဝိုင်းမျိုးလားမသိ။
တာအိုလမ်းစဉ်ဂိုဏ်းထဲတွင် အကြီးအကဲများနှင့် သူစကားပြောသည်။ အပြင်လောကတွင် ဂိုဏ်းချုပ်များနှင့် သူတွေ့ဆုံသည်။ အားလုံးက စုစည်းခြင်းအဆင့်များဖြစ်သည်။
လုယန် ကျောက်ရိုးနှင့် ပုံမှန်အတိုင်းစကားပြောနေသည်။ တစ်ဘက်က (ဒု)ဂိုဏ်းချုပ်ရာထူးဖြစ်သော်လည်း သူလုံးဝမျက်နှာမပျက်။
*************************************