အတွင်းကျကျပူးပေါင်းခြင်း
Vol. 26 Ch. 382
လောကဝတ်စကားတစ်ချို့ပြောပြီးနောက် လုယန် မှော်လက်စွပ်တစ်ခု ကျောက်ရိုးကိုပေးသည်။
"အထဲမှာ မီးစေပုလင်း ၂၀၀ နဲ့ အသားကင်ဖို ၂၀၀ ပါတယ်။ ခင်ဗျားတို့အတွက် အတော်ကြာကြာအသုံးခံမှာပါ"
ကျောက်ရိုး ဝိညာဉ်အာရုံဖြန့်၍ မှော်လက်စွပ်ထဲ စစ်ဆေးကြည့်ပြီးနောက် ဝမ်းသာသွားသည်။ ထိုပမာဏဆိုလျှင် ဆိုင်ခွဲများအတွက် ပြဿနာမရှိနိုင်တော့။
ထို့နောက် လုယန်ကို စာရင်းတစ်ခုနှင့် တစ်ခြားမှော်လက်စွပ်တစ်ခု ထုတ်ပေးသည်။
"ဒါက ပြီးခဲ့တဲ့လက ရောင်းရငွေနဲ့ ခင်ဗျားတို့ရဲ့ဝေစုပါ"
လုယန် စစ်ဆေးကြည့်သည်။ ဝိညာဉ်ကျောက် ၁၂၀၀၀၀ နီးပါးတွေ့ရသည်။
သာမန်ရွှေသန္ဓေကျင့်ကြံသူတစ်ယောက်၏ ပိုင်ဆိုင်မှုပမာဏနှင့် ညီမျှသည်။
လုယန်က ခပ်အေးအေးအမူအရာဖြင့် ထောင်ယော်ယဲ့ကို မှော်လက်စွပ်လှမ်းပေးသည်။
"ပြန်ရောက်ရင် ရတနာတိုက်ထဲပို့လိုက်ပါ"
ထောင်ယော်ယဲ့ စကားတစ်ခွန်းမှမပြောဘဲ အသံတိတ်လှမ်းယူသည်။ သို့သော် စိတ်ထဲတွင် ဗြောင်းဆန်နေသည်။
ဝိညာဉ်ကျောက် ၁၂၀၀၀၀။ ရွှေသန္ဓေအဆင့်တစ်ယောက်၏ တစ်သက်တာစုဆောင်းနိုင်သည့်ပမာဏ။ ထိုမျှများပြားသည့် ဝိညာဉ်ကျောက်ပမာဏကို သူတစ်ခါမှမမြင်ဖူး။ လုယန်က သိစိတ်အာရုံမှလှမ်းပြောသည်။ ထာဝရနတ်မယ်က ကာကွယ်ပေးထားသဖြင့် သူအသံလှိုင်းကို ကျောက်ရိုးမကြားနိုင်။
"ညီမထောင်ယော်၊ အမူအရာထိန်းပါ။ မင်းရဲ့ အိပ်မက်ရေပွက်ပုံရိပ်ယောင် မူပိုင်ခွင့်ကျလာရင် ဒီထက်အများကြီး ပိုရလာမှာ။
ပြီးတော့ တစ်ဘက်လူက စုစည်းခြင်းအဆင့်ဒုဂိုဏ်းချုပ်ဖြစ်နေလည်း မင်းမကြောက်နဲ့။ နောက်ဆို သူမင်းဆီမှာ အကူအညီတောင်းရမှာ။ ဘာပဲပြောပြော မင်းရဲ့အိပ်မက်ရေပွက်ပုံရိပ်က အရောင်းမြှင့်တင်ဖို့ ပြည့်စုံနေပြီလေ"
"ဘာကိုပြောတာလဲ"
ထောင်ယော်ယဲ့ နားမလည်။ လုယန် ပြုံးရုံသာပြုံးနေသည်။ ဆက်ရှင်းမပြ။
လုယန်အမူအရာက အရယ်အပြုံးကင်းမဲ့နသည်ကို ကျောက်ရိုးသတိထားမိသည်။ သူတို့ပေးသည့် ဝိညာဉ်ကျောက်ပမာဏက နည်းလွန်းသဖြင့် လုယန်မကျေနပ်ဟု ယူဆလိုက်သည်။
ဂိုဏ်းနှစ်ခုကြား သဘောထားကွဲလွဲမည်စိုးသဖြင့် သူအမြန်ရှင်းပြသည်။
"အခုမှ လုပ်ငန်းစလုပ်ခါစဆိုတော့ ကနဦးရင်းနှီးထားရတဲ့ငွေက အရမ်းများလို့ အမြတ်များများမရတာပါ။ ဂိုဏ်းသခင်လေး နားလည်ပေးပါ။ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်း ကျုပ်တို့အသားကင်ဆိုင်တွေ တိုက်နယ်တစ်ခုလုံးမှာ တည်ဆောက်နိုင်တော့မယ်ဆိုတာ ကျုပ်ယုံကြည်ပါတယ်။
ကျုပ်တို့လုပ်ငန်းက ကျုပ်တို့ဂိုဏ်းတွေအတွက် နေ့စဉ် ဝိညာဉ်ကျောက်သန်းချီပြီး ဝင်ငွေရလာမှာပါ"
ကျောက်ရိုး စကားသက်သက်ပြောနေခြင်းမဟုတ်။ ခိုင်မာသည့်စာရင်းဇယားပေါ် အခြေခံ၍ သုံးသပ်ခြင်းဖြစ်သည်။
လုယန် အရေးမစိုက်ဟန်ဖြင့် လက်ကာပြသည်။
"ဂိုဏ်းချုပ်ကျောက်ရိုး အထင်လွဲနေပြီ။ ကျုပ်တို့ရတဲ့ဝိညာဉ်ကျောက်ပမာဏကို မကျေနပ်လို့မဟုတ်ပါဘူး။
ကျုပ်တို့ဂိုဏ်းရဲ့ ရတနာတိုက်မှာ ရှေးဟောင်းရတနာတွေ၊ မသေမျိုးလက်နက်တွေ မသေမျိုးသစ်သီးတွေ မရေမတွက်နိုင်အောင်ရှိပါတယ်။
ဝိညာဉ်ကျောက်လိုချင်ရင် ပစ္စည်းနည်းနည်းလောက်ရောင်းလိုက်ရုံနဲ့ အများကြီးရပါတယ်။
ကျုပ်သတိပေးချင်တာက ကျုပ်တို့ပူးပေါင်းပြီးလုပ်နေတဲ့ ဒီအသားကင်ဆိုင်လုပ်ငန်းဟာ ကျုပ်တို့ဂိုဏ်းနှစ်ခုကြားက ရင်းနှီးမှုသင်္ကေတဆိုတာပါပဲ။
ဒါကို ဝိညာဉ်ကျောက်ရတဲ့လုပ်ငန်းလို့ သဘောမထားသင့်ပါဘူး။ ကျုပ်တို့ဂိုဏ်းတွေကြားက ရင်းနှီးမှုဟာ ဝိညာဉ်ကျောက်နဲ့ တိုင်းတာလို့မရဘူး"
သူတို့ပူးပေါင်းဆောင်ရွက်မှုသည် ဝိညာဉ်ကျောက်အလဲအလှယ်နှင့် အသားကင်ဆိုင်ခွဲဖွင့်ဖို့လောက်သာ သဘောထားလျှင် အပေါ်ယံဆန်နေလိမ့်မည်။ လုယန်လိုချင်သည်က ထိုထက်နက်ရှိုင်းသည့် ပူးပေါင်းမှုမျိုးဖြစ်သည်။
ကျောက်ရိုး အတော်ရှက်သွားသည်။ စုစည်းခြင်းအဆင့်ဖြစ်သော်လည်း သူ့အမြင်က ကျဉ်းမြောင်းနေသေးကြောင်း နားလည်လာသည်။
ရှေးဟောင်းခေတ်ကောင်းကင်ရုံးတော်ဂိုဏ်းသခင်လေး ပီသလှသည်။ လုသခင်လေးအမြင်က သူ့ထက်များစွာ သာလွန်နေသည်။
ထောင်ယော်ယဲ့ကို လုံလောက်အောင်ထုတ်ပြပြီးပြီဟုယူဆ၍ လုယန် ပြန်တော့မည်ပြင်နေစဉ် ကျောက်ရိုးက အမြန်လှမ်းခေါ်သည်။
"သခင်လေးလု၊ ပါရမီရှင်ထောင်ယော်၊ ခဏနေပါဦး"
ထောင်ယော်ယဲ့ ရင်ထိတ်သွားသည်။ အလိမ်ပေါ်ပြီဟု ထင်လိုက်သည်။
"ဘာကိစ္စရှိလဲ"
လုယန် နားမလည်နိုင်အောင်ဖြစ်သွားသည်။ ပေးစရာရှိသည့်အထောက်အပံ့များပေး၍ ဝိညာဉ်ကျောက်များလည်း ယူပြီးဖြစ်သည်။ တစ်ခြားဘာကိစ္စရှိသေးသနည်း။
တစ်ချိန်တည်းမှာပင် ထောင်ယော်ယဲ့ကို စိတ်ငြိမ်ငြိမ်ထားရန် သိစိတ်အာရုံမှ လှမ်းပြောလိုက်သည်။
"ရှေးခေတ်ကျင့်ကြံသူတွေနဲ့ပတ်သက်လို့ သခင်လေးလုအမြင်က ဘယ်လိုရှိလဲ"
ကျောက်ရိုးက ကောက်ကာငင်ကာမေးသည်။ လုယန်က ဝိညာဉ်ကျောက်ထက်ပိုအရေးပါသည့် ပူပေါင်းဆောင်ရွက်မှုကို ရည်ရွယ်ထားကြောင်း တွေးမိသောကြောင့်ဖြစ်သည်။
ထိုသို့ဆိုလျှင် သူတို့ဘက်မှ ပိုနက်နဲသည့်ပူးပေါင်းဆောင်ရွက်မှုမျိုးလုပ်သင်သည်။
"ရှေးခေတ်ကျင့်ကြံသူတွေလား"
လုယန် ခပ်ညှင်းညှင်းရယ်သည်။ သူ့မျက်လံးတွင် ဝင်ကြွားရိပ်သန်းနေသည်။ ရှေးခေတ်ကောင်းကင်ရုံးတော်ဂိုဏ်း ပါရမီရှင်တစ်ယောက်၏ ယုံကြည်ချက်ကိုပြသည်။ ရှေးခေတ်ကျင့်ကြံသူဟုခေတ်သည့်လူများကို အထင်အမြင်သေးသည့်အရိပ်လည်း လုံးဝမရှိ။
"ကျုပ်တို့ကောင်းကင်ရုံးတော်ဂိုဏ်းရှေ့မှာ ရှေးခေတ်ကျင့်ကြံသူပါလို့ ဘယ်သူကြွေးကြော်ရဲသလဲ"
ကျောက်ရိုး ချက်ချင်းသဘောပေါက်သွားသည်။ မဟာယုခေတ်ကျင့်ကြံသူ၊ မဟာချန်ခေတ်ကျင့်ကြံသူတို့သည် လုယန်အတွက် နောက်ပေါက်ရွှေကြာများထက်ပိုမည်မဟုတ်။
ရှေးကျသည့်နေရာတွင် ကောင်းကင်ရုံးတော်ဂိုဏ်းကို ဘယ်သူယှဉ်နိုင်မည်နည်း။
အခြေခံအင်းအားအရလည်း ကောင်းကင်မှကြယ်ကမ္ဘာများကို အုပ်စိုးခဲ့သည့် ကောင်းကင်ရုံးတော်ဂိုဏ်းကို ဘယ်သူယှဉ်နိုင်မည်နည်း။
အင်အားကို အလေးထားသည့် ရှေးဟောင်းခေတ်တွင် နာမည်ကျော်ရှေးမသေမျိုးလေးယောက်၊ ပုန်းကွယ်နေသည့် ထာဝရအရှင်နှင့် ပဲဝါအရှင်၊ စုစုပေါင်း မသေမျိုးခြောက်ယောက်ရှိသည်။ မဟာယုခေတ် မဟာချန်ခေတ်တွင် မသေမျိုးများရှိမရှိ သေချာမသိသေး။
ရယ်စရာကောင်းသည်။
လုယန်စကားကြောင့် ကျောက်ရိုးစိတ်သက်သာရာရသွားသည်။ ထို့နောက် ဒေါသထွက်နေသည့်လေသံဖြင့်
"ပြီးခဲ့တဲ့လဝက်က ချင်းကျိုးပွဲတော်မှာဖြစ်ခဲ့တဲ့ကိစ္စကို သခင်လေးကြားလိုက်သလား။ ရှေးဟောင်းကျင့်ကြံသူတွေ ရုတ်တရက်ပေါ်လာပြီး ပွဲတော်ကိုနှောက်ယှက်တယ်။ ပွဲတော်ရက်မဆုံးခင် ရပ်လိုက်ရတယ်လေ"
လုယန် ခေါင်းငြိမ့်သည်။
"နည်းနည်းတော့ ကြားမိပါတယ်"
"အမှန်အတိုင်းပြောရရင် အဲဒီ့ပွဲတော်မှာ ချင်းကျိုးနယ်ကလူတွေ အသားကင်ဆိုင်ကို ကြိုက်မကြိုက်စမ်းသပ်ဖို့ ကျုပ်က ယာယီဆိုင်ခွဲတစ်ခု ဖွင့်ထားတာပါ။
အကျိုးအကြောင်းသေချာမသိရသေးခင် မဟာယုကျင့်ကြံသူတွေက အားလုံးကိုဖျက်ဆီးလိုက်တယ်"
ပြောနေရင်းမှာပင် ကျောက်ရိုး ပို၍အခဲမကျေဖြစ်လာသည်။ သူ့လုပ်ငန်းကို ငြိမ်းငြိမ်းချမ်းချမ်းလုပ်နေခဲ့သည်။ ရှေးခေတ်ကျင့်ကြံသူများကို လုံးဝမနှောက်ယှက်ခဲ့။ သို့သော် သူတို့က ပြဿနာလာရှာသည်။
ချင်းကျိုးပွဲတော်ဘယ်လောက်အရေးကြီးကြောင်း သူတို့နားလည်ကြမည်မဟုတ်။ မဟာရှား၏ ပြည်နယ်ဆယ့်ခုနစ်ခုတွင် ချင်းကျိုးအင်အားသည် ထိပ်တန်းသုံးပြည်နယ် စာရင်းဝင်ဖြစ်သည်။
ချင်းကျိုးတွင် အသားကင်ဆိုင်ဖွင့်နိုင်လျှင် ဝင်ငွေသောက်သောက်လဲရနိုင်သည်။
အစက ချင်းကျိုးအင်အားသည် သာမန်အဆင့်အတန်းပင်မရှိ။ သို့သော် လွန်ခဲ့သည့် နှစ်နှစ်ထောင်က စွမ်းအားကြီးသည့် ချင်းကျိုးနယ်စားတစ်ယောက်ပေါ်လာခဲ့သည်။ တီထွင်ဆန်းသစ်သည့် အတွေးအခေါ်လည်းရှိသည်။ ဘယ်သူမှမတွေးမိသည့် ကိစ္စများကို မကြာခဏလုပ်သည်။ ချင်းကျိုးပွဲတော်သည် သူ့စိတ်ကူးဖြစ်သည်။
သူ့ဦးဆောင်မှုအောက်တွင် ချင်းကျိုးအင်အား လျင်မြန်စွာ ထိုးတက်လာပြီး ထိပ်တန်းသုံးပြည်နယ်စာရင်းဝင်ဖြစ်လာသည်။ အတိုးတက်ဆုံးအချိန်က နံပတ်တစ်နေရာသို့ပင် ရောက်ခဲ့သည်။
"ကျုပ်တို့ဂိုဏ်းနှစ်ခုပူးပေါင်းပြီး အသားကင်ဆိုင် ၁၅ ခုဖွင့်ထားတာပါ။ ဆိုင်တစ်ခုဆုံးရှုံးတာ သိပ်ပြဿနာမရှိပါဘူး။ ဒါပေမယ့် ဒီရှေးကျင့်ကြံသူတွေ တစ်ကြိမ်ဖျက်ဆီးနိုင်တယ်ဆိုရင် နောက်တစ်ကြိမ်လည်း လာဖျက်ဆီးနိုင်ပါတယ်"
မဟာယုကျင့်ကြံသူများဖျက်ဆီးခဲ့သည့် အသားကင်ဆိုင်သည် ကိုးငရဲဂိုဏ်းတစ်ခုတည်း ရင်းနှီးထားသည်မဟုတ်ဘဲ ကောင်းကင်ရုံးတော်ဂိုဏ်းနှင့်လည်း သက်ဆိုင်ကြောင်း ကျောက်ရိုးက သွယ်ဝိုက်သတိပေးနေခြင်းဖြစ်သည်။
ကောင်းကင်လျှပ်စီးဖြင့် သွေးကပ်ဆိုးကို ဒဏ်ရာရအောင်လုပ်ထားပြီးမှ စိတ်ရှိလက်ရှိဒေါသဖွင့်မထုတ်နိုင်ခဲ့။ ထို့ကြောင့် ကျောက်ရိုးက သူ့ဒေါသကို တစ်ခြားရှေးခေတ်ကျင့်ကြံသူများအပေါ် လမ်းကြောင်းပြောင်းရသည်။
အသားကင်ဆိုင်လုပ်ငန်းသည် သူ့အကြွေးကိစ္စနှင့် သက်ဆိုင်နေသည်။ သူပြန်မဆပ်နိုင်လျှင် ကောင်းကင်လျှပ်စီး ရိုက်ခတ်ခံရမည်။ ထိုရှေးဟောင်းကျင့်ကြသူများကို သူအလွန်နာကျည်းမုန်းတီးနေသည်။
ထိုရန်ကြွေးကို မရှင်း၍မရ။
လုယန် နားလည်သွားသည်။ ရှေးဟောင်းကျင့်ကြံသူများကို မကျေနပ်သဖြင့် ကျောက်ရိုးက ကောင်းကင်ရုံးတော်ဂိုဏ်း၏ အကူအညီကို တောင်းဆိုနေခြင်းဖြစ်သည်။
လုယန် ပျော်ပျော်ကြီးကူညီချင်ပါသည်။
ထို့ကြောင့် မပွင့်တပွင့်ပြုံး၍ ကျောက်ရိုးကို သူလှမ်းကြည့်သည်။
"အသားကင်ဆိုင်မှာ ပြီးခဲ့တစ်ခေါက်တွေ့တုန်းက ခင်ဗျားတို့ဂိုဏ်းအတွက် ကျုပ်ချပေးခဲ့တဲ့ အစီအစဉ်ကို မှတ်မိသေးလား"
ကျောက်ရိုးမှတ်ဉာဏ်က ထူးခြားပါသည်။
"ကိုးငရဲဂိုဏ်းဟာ အပြင်အင်အားအဖြစ် နတ်ဆိုးနယ်မြေနှင့်အရှေပင်လယ်ကို မဟာမိတ်ဖွဲ့ရမယ်။ အတွင်းအင်အားအဖြစ် နှလုံးမဲ့ဂိုဏ်းနဲ့ နေမင်းဂိုဏ်းကို မဟာမိတ်ဖွဲ့ထားရမယ်။ မဟာကပ်ရောက်လာချိန်မှာ ကျုပ်တို့ဂိုဏ်းနှစ်ခု အတူပူးပေါင်းလှုပ်ရှားနိုင်ရင် မသေမျိုးခရီးလမ်းတည်ဆောက်ပြီး ကိုးငရဲဂိုဏ်းရဲ့ ဂုဏ်သရေ ပြန်ရလာမယ်"
"အဲဒီ့အစီအစဉ်မှာ မဟာယုခေတ်၊ မဟာချန်ခေတ်ကျင့်ကြံသူတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ ကျုပ်ပြောခဲ့လို့လား"
ကျောက်ရိုးမျက်လုံးများ အရောင်လက်လာသည်။ မှန်သည်။ ထိုသို့မပြောခဲ့။
"ဒီလောကဟာ အရင်က ကျုပ်တို့ကောင်းကင်ရုံးတော်ပိုင်တာပါ။ ယင်ထန်တို့လိုလူတွေ ရှေးဟောင်းခတ်ကိုအုပ်ချုပ်တာတောင် ကျုပ်တို့သည်းမခံနိုင်ဘူးဆိုရင် မဟာချန်၊ မဟာယု ဒါမှမဟုတ်မဟာရှားက တိုက်နယ်ကိုအုပ်ချုပ်တာ ကျုပ်တို့ဘယ်လိုလို့ခွင့်ပြုနိုင်မှာလဲ"
ကျောက်ရိုး အပျော်ကြီးပျော်သွားသည်။ ကောင်းကင်ရုံးတော်ဂိုဏ်း၏ ရပ်တည်ချက်က သူထင်ထားသည်ထက်ပင် ပိုခိုင်မာနေသည်။
ထိုဂိုဏ်း၏ အားကောင်းသည့်နောက်ခံရှိလျှင် သောက်ရေးမပါသည့် ထိုရှေးခေတ်ကျင့်ကြံသူများ သေချာပေါက်ဒုက္ခရောက်လိမ့်မည်။
"ခင်ဗျားတို့ဂိုဏ်းက ကျုပ်တို့နဲ့ပူးပေါင်းပြီး ရှေးခေတ်ကျင့်ကြံသူတွေကို တိုက်ခိုက်ပေးဖို့ တောင်းဆိုပါရစေ"
ကျောက်ရိုး ထရပ်လာသည်။ သူ့မျက်လုံးများက မျှော်လင့်ချက်အရောင်တောက်နေသည်။ ကောင်းကင်ရုံးတော်ဂိုဏ်းနှင့် သဘောတူညီချက် ယူချင်သည်။ သူပြောသည့်စကားများက အရိုးခံစိတ်အတိုင်းသာဖြစ်သည်။
လုယန် ဖြေးညှင်းစွာထရပ်လာသည်။ သူ့နှုတ်ခမ်းတွင် ယုံကြည်ချက်အပြုံးမျိုးပေါ်နေသည်။ ကျောက်ရိုးနှင့် လက်ဆွဲနှုတ်ဆက်သည်။
"ဒါဆို ဝမ်းသာစရာပူးပေါင်းမှုပဲပေါ့"
***********************************