← Chapters

သွေးနံ့

Vol. 26 Ch. 383

သွေးနံ့

Vol. 26 Ch. 383

"မဟာယုကျင့်ကြံသူတွေနဲ့ ပတ်သက်နိုင်တဲ့ သဲလွန်စတစ်ခု ကျုပ်သိထားပါတယ်"

‌ကျောက်ရိုးကပြောသည်။ ထိုကျင့်ကြံသူများကို သူတို့ရင်ဆိုင်ဖြေရှင်းနိုင်မည်ဟု ပိုယုံကြည့်လာသည်။ ကောင်းကင်ရုံးတော်ဂိုဏ်းနှင့် ပိုလေးနက်သည့် ပူးပေါင်းဆောင်ရွက်မှုမျိုး သူဆက်လုပ်ချင်သည်။

"ဪ...ပြောပါဦး"

လုယန် သူ့ထိုင်ခုံတွင် သက်တောင့်သက်သာ ပြန်မှီ၍ထိုင်လိုက်သည်။

"မဟာယုကျင့်ကြံသူတွေ မဟာရှာနိုင်ငံကိုလက်မခံနိုင်တာ အကြောင်းရင်းနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ရှင်းတယ်။ မဟာရှားဖြစ်တည်မှုကို သူတို့အသိအမှတ်မပြုဘူး။ မဟာယုဩဇာကို ပြန်တည်ဆောက်ချင်တယ်။ ဒါကိုလည်း မဟာရှားက သည်းခံမှာမဟုတ်ဘူး။

ဒုတိယအကြောင်းရင်းက လမ်းမှန်ဂိုဏ်းနဲ့ နတ်ဆိုးဂိုဏ်းတွေကြားက ပဋိပက္ခကြောင့် စဖြစ်ခဲ့တာပါ။

သမိုင်းမှတ်တမ်းတွေအရ သွေးစတေးတဲ့ကိစ္စတွေဟာ မဟာယုခေတ်မှာ အလွန်ပေါများပါတယ်။ နိုင်ငံ့ဆရာနဲ့ ယုအင်ပါယာက စွမ်းအားမြင့်တဲ့လူတွေကို စည်းရုံးပြီး သူတို့အင်အား ခိုင်မာအောင်လုပ်ချင်တော့ ဒီလိုဓလေ့တွေကို တိတ်တဆိတ်ခွင့်ပြုပေးထားခဲ့တယ်။ ဥပမာ သွေးနတ်ဆိုးကိုကြည့်ပါ။ လူတွေအတွက် ကပ်ဆိုးကိုသူသယ်လာတယ်။ ဒါပေမယ့် မဟာယုက ဘာမှမလုပ်ဘူး။ အကြောင်းရင်းက အဲဒါပါပဲ။

မြို့တော်တစ်ချို့လောက်စတေးပြီး ကူးဖြတ်ခြင်းကျင့်ကြံသူတစ်ယောက် စည်းရုံးနိုင်ရင် အမြတ်ထွက်တယ်လို့ တွက်ကြတယ်"

မဟာယုလုပ်ရပ်များအကြောင်း ‌‌ကျောက်ရိုးက လှောင်ပြုံးပြုံး၍ပြောသည်။ သူတို့နတ်ဆိုးဂိုဏ်းလည်း လူသတ်ပါသည်။ သို့သော် ကိုးငရဲဘုံ၏ဖြစ်တည်မှုကို မြှင့်တင်ဖို့သာ ရည်ရွယ်သည်။ သွေးကပ်ဆိုးလို အပျော်သက်သက်လူသတ်ခြင်းမဟုတ်။

"ရှေးဟောင်းခေတ်မှာ မဟာယုနိုင်ငံသာ ဒါမျိုးလုပ်ရင် ကောင်းကင်ရုံးတော်ဂိုဏ်းက သူတို့ကိုအစကတည်းက ရှင်းလင်းသုတ်သင်ပစ်မှာပါ"

လုယန် အေးစက်စက်ပြောသည်။ ရှေးဟောင်းခေတ်မှာပင် ကျင့်ကြံသူများ သွေးစတေးကြသည့်အဖြစ်မျိုးက ရှားပါးလှသည်။ မသေမျိုးငါးယောက် ကောင်းကင်သို့တက်မလာမီက ရှေးဟောင်းခေတ် ပရမ်းပတာဖြစ်နေခဲ့သည်။ ထို့ကြောင့် သွေးစတေးမှုများ လုံးဝမကြားဖူးကြသည်တော့မဟုတ်။ သို့သော် မသေမျိုးများပေါ်လာပြီးနောက် ထိုကိစ္စမျိုးလုပ်သူသည် မသေမျိုးငါးယောက်ကို မလေးမစားလုပ်ခြင်းသာဖြစ်သည်။

ထာဝရနတ်မယ်၏သဘောထားကိုကြည့်လျှင် ထိုအချက်က ထင်ရှားနေသည်။

နတ်မယ်သည် ရိုးသားသည်။ သို့သော် အ,တော့မအ။ သွေးစတေးသည့်ကိစ္စမျိုးကို သူသည်းခံမည်မဟုတ်။

ထို့ကြောင့် သူနှင့်ရင်းနှီးသည့် တစ်ခြားမသေမျိုးလေးယောက်လည်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် လူသတ်သမားများမဖြစ်နိုင်။ ထိုသို့ဖြစ်ခဲ့လျှင် နတ်မယ်က သူတို့နှင့်မိတ်ဆွေဖွဲ့မည်မဟုတ်။

"သိပ်မကြာသေးခင်က ပြန်နိုးထလာတဲ့ မဟာယုကျင့်ကြံသူတွေက အားနည်းပါတယ်။ သူတို့စွမ်းအားပြန်ဖြည့်ဖို့ အမြန်ဆုံးနည်းလမ်းက သွေးစတေးတာ ဒါမှမဟုတ် သွေးစုပ်ယူတာပဲ။

ဒီနေ့ခေတ်မှာ မဟာရှားနိုင်ငံရဲ့ တင်းကြပ်တဲ့ထိန်းချုပ်မှုကြောင့် လူအစုလိုက်အပြုံလိုက် သွေးစတေးဖို့ဆိုတာ လွန်ခဲ့တဲ့ နှစ်တစ်သောင်းကလောက် မလွယ်တော့ပါဘူး။

ဒါပေမယ့် တစ်ချို့စည်းမျဉ်းစွမ်းအားတွေ လျှို့ဝှက်နည်းလမ်းတွေနဲ့ မဟာရှားမသိအောင် သွေးစတေးမှုတွေ သူတို့လုပ်နိုင်စွမ်းရှိပါတယ်"

ကျောက်ရိုးက ပြုံးရှင်းပြသည်။ ကိုးငရဲဂိုဏ်းအထောက်တောများ တိုက်နယ်တစ်ခုလုံး ဖြန့်ကျက်ထားသည်။ ခိုးကြောင်ခိုးဝှက်လှုပ်ရှားမှုများနှင့် ပတ်သက်လာလျှင် မဟာရှားရုံးတော်ထက် သူတို့ပိုသိသည်။

ပြီးခဲ့တဲ့သုံးလေးရက်ပိုင်းက သွေးစတေးမှုလို့ထင်ရတဲ့ သတင်းတစ်ခုရခဲ့တယ်။ နေမင်းဂိုဏ်းတို့ နှလုံးမဲ့ဂိုဏ်းတို့ လုပ်နည်းလုပ်ဟန်မျိုးမဟုတ်ဘူး။ ဒီတော့ ရှေးဟောင်းကျင့်ကြံသူတွေဖြစ်ဖို့များပါတယ််"

"သွေးစတေးမှုလို့ထင်တယ်ပေါ့"

"ဟုတ်ပါတယ်။ ထင်မြင်ချက်ပါ။ လုံးဝအသေအချာတော့ မပြောနိုင်သေးပါဘူး"

"အသေးစိတ်ပြောပါဦး"

"ကျုပ်တပည့်တစ်ယောက် လျန်ကျိုးနယ်က ဟွိုင်အန်းဆိုတဲ့ ရွာငယ်လေးဘေးက ဖြတ်သွားရင်း ထူးဆန်းနေတာတစ်ခု သတိထားမိတယ်တဲ့။

အဝေးကကြည့်တော ရွာက လုံးဝခြောက်ကပ်နေတယ်။ သက်ရှိအရိပ်အယောင်မတွေ့ဘူး။ သူ့ကျင့်စဉ်ပညာက သွေးနံ့ကိုအာရုံခံတဲ့နေရာမှာ ထက်မြက်ပါတယ်။ သွေးနံ့တစ်စွန်းတစ်စ အာရုံခံမိတယ်လို့ပြေတာတယ်။

ဒီလိုအဝေးကနေတောင် သွေးနံ့ရတယ်ဆိုရင် ရွာထဲမှာ သေကြေပျက်စီးမှုတွေ အများကြီးဖြစ်ခဲ့တဲ့သဘောပါ။

ရွာထဲမှာ စုစည်းခြင်းအဆင့်ကျင့်ကြံသူရဲ့ စည်းမျဉ်းတွေရှိနေမှာကိုကြောက်လို့ သူအနားကို မကပ်ရဲဘူး။ မူမမှန်မှန်း သိသိချင်း ကျုပ်ဆီသတင်းပို့ခဲ့ပါတယ်"

ထောင်ယော်ယဲ့ ရင်ထိတ်သွားသည်။ အခြေအနေက ခြောက်ခြားစရာကောင်းနေသည်။

လုယန် မျက်မှောင်ကျုံ့သွားသည်။

"တစ်ရွာလုံးခြောက်ကပ်နေတာကို နယ်ခံအာဏာပိုင်တွေကလည်း ဘာမှမစူးစမ်းဘူးပေါ့"

"ဒါကလည်း ထူးဆန်းနေတဲ့တစ်ချက်ပါ။ အာဏာပိုင်တွေက ဒီရွာကို လုံးဝလျစ်လျူရှုထားတာ။ ရွာရှိမှန်းတောင် သိကြပုံမရဘူး။ ရွာထဲကလူတွေပျောက်သွားတာ သိပ်မကြာသေးလို့ သူတို့သတင်းမရသေးတာလည်း ဖြစ်နိုင်ပါတယ်။

ကျုပ်အတွေးကတော့ ရှေးဟောင်းကျင့်ကြံသူတွေဟာ ရွာထဲမှာ သွေးစတေးမှုလုပ်ပြီး အပြင်လူတွေ မမြင်နိုင်အောင် ဒါမှမဟုတ် လမ်းမှန်ကျင့်ကြံသူတွေ မထောက်လှမ်းနိုင်အောင် နည်းလမ်းတစ်ချို့သုံးပြီး ကာကွယ်ထားတယ်လို့ ယူဆပါတယ်"

လုယန် စားပွဲပေါ်သို့ လက်ချောင်းဖြင့် စည်းချက်ကျကျခေါက်နေသည်။ အခြေအနေက တကယ်ထူးဆန်းသည်။ ‌ကျောက်ရိုး၏စကားက သိပ်မရေရာသော်လည်း ထိုကိစ္စ စုံစမ်းကြည့်ဖို့လိုသည်။

ကျောက်ရိုးလှည့်စားမည်ကို သူမစိုးရိမ်ပါ။ ကောင်းကင်ရုံးတော်ဂိုဏ်း၏ စွမ်းအားတစ်ချို့ကို ပြထားပြီးဖြစ်သည်။ ဂိုဏ်းသခင်လေးကို သူလိမ်ညာရဲမည်မဟုတ်။

"ဒါဆို သွားကြည့်ကြတာပေါ့"

လုယန်ထရပ်ရင်း ပြောသည်။ လျန်ကျိုးသို့သွားရန် ပြင်သည်။

လုယန်၏ မြန်ဆန်ပြတ်သားသည့် ဆုံးဖြတ်ချက်ကြောင့် ကျောက်ရိုး အံ့အားသင့်သွားသည်။ လုယန်ဂိုဏ်းသို့အရင်ပြန်ပြီးမှ ကောင်းကင်ဘုရင်တစ်ယောက်ကို အကာအကွယ်ခေါ်ပြီး လျန်ကျိူးသို့သွားစုံစမ်းလိမ့်မည်ဟု သူထင်ထားသည်။

ယခု ထိုကောင်းကင်ပါရမီရှင်နှစ်ယောက်က ရှေးဟောင်းကျင့်ကြံသူများ ရှိနိုင်သည့်နေရာသို့ သူတို့ဘာသာသွားဖို့ပြင်နေသည်။

ထူးခြားသည့် အသက်ကယ်ရတနာများ ရှိနေသလား သို့မဟုတ် သူတို့ကို ကာကွယ်ပေးသည့် ကောင်းကင်ဘုရင်တစ်ယောက် အနီးအနားတွင် ရှိနေသလားမသိ။ သို့သော် ကျောက်ရိုးဘာတစ်ခုမှ အာရုံမခံမိ။

"ဂိုဏ်းချုပ်ကျောက်ရိုး ကျုပ်တို့နဲ့ လိုက်ခဲ့မှာလား"

လုယန် မေးလိုက်သည်။

"လိုက်မှာပေါ့ဗျာ"

‌ကျောက်ရိုး ချက်ချင်းပြန်ဖြေသည်။ သူစပြောခဲ့သည့်ကိစ္စဖြစ်သည်။ လိုက်မသွားစရာမကြောင်းမရှိ။

သူ့လှေပျံက ယန်ကျန်းကောင်တီအပြင်ဘက်တွင် ရပ်ထားသည်။ သုံးယောက်သား လှေပေါ်တက်၍ ထွက်သွားသည်။

လုယန်ကို ‌‌ကျောက်ရိုး ထပ်ပြောချင်သည့်စကားများရှိသည်။ သို့သော် လုယန်က လှေပျံပေါ်တက်ပြီးနောက် ဘာကိုမှစိတ်မဝင်စားလေဟန်ဖြင့် မျက်လုံးမှိတ်၍ နားနေသည်။ ထို့ကြောင့် သူမနှောက်ယှက်တော့။

ထောင်ယော်ယဲ့လည်း ဘာမှမပြော။ လုယန်မျက်စိမှိတ်ထားခြင်းသည် အမြင့်ကြောက်၍ အပြင်ဘက်သို့မကြည့်ရဲသောကြောင့်ဖြစ်ကြောင်း သူသိနေသည်။

သုံးရက်ကြာပြီးနောက် လှေပျံက လျန်ကျိုးသို့ရောက်သည်။

တိုက်နယ်အနောက်ပိုင်းတွင် တည်ရှိသည့် လျန်ကျိုးပြည်နယ်သည် တောအုပ်နည်းပြီး မြက်ခင်းလွင်ပြင်များသာရှိသည်။ ဒေသရာသီဥတုက လွှမ်းမိုးထားသည်။ အနောက်ဘက်သို့ဆက်သွားလျှင် ရွှေဗုဒ္ဓနိုင်ငံရှိသည်။ ထိုနေရာတွင် ကျယ်ပြန့်သည့် ကန္တာရများ အဆုံးစမဲ့ဆန့်ထွက်တည်ရှိနေသဖြင့် အစိမ်းရောင်ကို မြင်ရဖိုခဲယဉ်းသည်။

"ဒီနေရာပဲ"

‌ကျောက်ရိုးက လှေပျံပေါ်မှ တည်နေရာကိုစစ်ဆေးသည်။ ထူးဆန်းသည့်ရွာငယ်က သူတို့အောက်တွင်ရှိကြောင်း သေချာသွားသဖြင့် သူခုန်ဆင်းလိုက်သည်။

လုယန်က အမြင့်ကြောက်သဖြင့် တိုက်ရိုက်ခုန်မဆင်းရဲ။ သို့သော် သူကြိုတင်ပြင်ဆင်ထားသည်။

"ညီမထောင်ယော်၊ ငါ့ကို မြေသားပေါ်ဆင်းရတယ်လို့ထင်အောင် ပုံရိပ်ယောင်တစ်ခုသုံးပေးပါ"

ထောင်ယော်ယဲ့ တခစ်ခစ်ရယ်၍ လုယန်ကို ပုံရိပ်ယောင်သွင်းပေးပြီး အတူခုန်ဆင်းကြသည်။

ရွှေသန္ဓေအဆင့်ရောက်ပြီဖြစ်၍ လွတ်လပ်စွာ ပျံသန်းနိုင်ကြသည်။

ရွာငယ်မှ တစ်မိုင်အကွာတွင် သူတို့ဆင်းလာသည်။

တစ်ယောက်ယောက် သတိထားမိမည်စိုး၍ ကျောက်ရိုးက ရွာကို ဝိညာဉ်အာရုံဖြင့် မစစ်ဆေး။

"စည်းမျဉ်းစွမ်းအား အကန့်အသတ်ရှိတဲ့ပုံ မပေါ်ပါဘူး"

ကျောက်ရိုး ရွာငယ်ကို လှည့်ပတ်ကြည့်သည်။ အတွေ့အကြုံများသူဖြစ်၍ ထိုကိစ္စမျိုးတွင် သူ့သုံးသပ်ချက် မှားခဲလှသည်.

"ဒါဆို ပိုလို့တောင် ထူးဆန်းနေပြီ။ ရွာသားတွေအားလုံး ဘယ်ရောက်သွားတာလဲ"

လုယန်နှင့် ထောင်ယော်ယဲ့လည်း တွေးမရဖြစ်နေသည်။ ထိုအခြေအနေက သဘာဝမကျ။

သုံးယောက်သား သတိထား၍ ဟွိုင်အန်းရွာထဲ ဝင်သွားသည်။ စည်းမျဉ်းစွမ်းအားထောင်ချောက်များ မှော်စက်ဝန်းအကာအကွယ်များ ဘာတစ်ခုမှမရှိ။

ကျောက်ရိုး လေထဲတွင် အနံ့ခံကြည့်သည်။ သူ့မျက်နှာ လေးနက်တည်ကြည်လာသည်။

"ဒီနေရာက သွေးနံ့က ကျုပ်ထင်ထားတာထက် အများကြီး ပိုပြင်းထန်နေတယ်"

"တစ်ခုခု အနံ့ရလို့လား"

ထောင်ယော်ယဲ့ လေထဲတွင် အနံ့ခံကြည့်သည်။ သို့သော် ဘာနံ့မှမရ။

ကျောက်ရိုးက ရှင်းပြသည်။

"ခင်ဗျားတို့နှစ်ယောက်က ကျုပ်နဲ့မတူဘူး။ ခင်ဗျားတို့ကျင့်ကြံတာက ကောင်းကင်ရုံးတော်ရဲ့ သမရိုးကျကျင့်စဉ်ပညာတွေပါ။ ကျုပ်တို့နတ်ဆိုးလမ်းစဉ်သဘားတွေက သွေးစတေးမှုနဲ့ပတ်သက်တဲ့ ပညာရပ်တွေကိုပဲ လေ့ကျင့်ကြတယ်။ ကျုပ်လိုနတ်ဆိုးကျင့်ကြံသူတွေပဲ ဒီနေရာမူမမှန်ဖြစ်နေတာကို အာရုံခံနိုင်တာ"

"သွေးနံ့က ပြင်းသလား"

လုယန် မေးလိုက်သည်။

"အရမ်းပြင်းတယ်။ တစ်ရွာလုံး အသတ်ခံရရင်တောင် သွေးဒီလောက်မများသင့်ဘူး။

ကြည့်ရတာ ရှေးဟောင်းယာဇ်ပလ္လင်တစ်ခု တည်ဆောက်ထားပြီး ကြီးကျယ်ခမ်းနားတဲ့ သွေးစတေးမှုလုပ်ဖို့ သေမျိုးတွေ ကျင့်ကြံသူတွေကို စုဆောင်းခဲ့ကြပုံပဲ"

**************************************

All Chapters