ဝိညာဉ်တစ်သောင်းအလံ
Vol. 26 Ch. 384
သိပ်သည်းပြင်းထန်သည့်သွေးနံ့ကြောင့် ကျောက်ရိုး စိုးရိမ်လာသည်။ ဤနေရာတွင် ရှေးခေတ်စုစည်းခြင်းအဆင့် တစ်ယောက်မကရှိနေမည်ကို သူစိပူနေသည်။
ထိုထက်ကံဆိုးလျှင် ကူးဖြတ်ခြင်းအဆင့်တစ်ယောက်နှင့် ကြုံရနိုင်သည်။
လုယန်ကို အတူခေါ်လာခဲ့သဖြင့် နည်းနည်းကံကောင်းသည်ဟု ခံစားရသည်။ သူတို့ အန္တရာယ်ကြုံလျှင် ကောင်းကင်ရုံးတော်ဂိုဏ်းက သူတို့ဂိုဏ်းသခင်လေးကို ဤနေရာတွင် သေအောင်ပစ်ထားမည်မထင်။
"နတ်ဆိုးသွေးစတေးတဲ့ကိစ္စတွေ ကျုပ်သိပ်မသိဘူး။ ဒီရွာထဲက အခြေအနေကို ခင်ဗျားပဲ စစ်ဆေးပေးပါ"
လုယန် အလေးအနက်လေသံဖြင့်ပြောသည်။ သူတကယ်လည်း နားမလည်။
ကျောက်ရိုး မငြင်းပါ။ ရွာအစွန်ဆုံးမှအိမ်ဆီ လျှောက်သွားပြီး တံခါးကိုတွန်းဖွင့်လိုက်သည်။ အိမ်ထဲတွင် လူတစ်ယောက်မှ မတွေ့။ ပန်ကန်လုံးများ ထမင်းစားတူများက စားပွဲပေါ်တွင် အသင့်ရှိနေသည်။ အိမ်ရှင်က စားသောက်ခါနီးတွင် ရုတ်တရက် တစ်စုံတစ်ခုဖြစ်ပြီး အစရှာမရအောင် ပျောက်သွားသည့်ပုံစံဖြစ်နေသည်။ ရုန်းကန်ခုခံထားသည့် လက္ခဏာမျိုး လုံးဝမရှိ။
နောက်ထပ် အိမ်လေးငါးလုံး တံခါးဖွင့်ကြည့်သည်။ မြင်ရသည့်မြင်ကွင်းက အတူတူဖြစ်သည်။ သက်ရှိများနေထိုင်ခဲ့သည်မှာ ထင်ရှားသည်။ ဤနေရာတွင် လူများ နေထိုင်ခဲ့သည်။ သို့သော် ဘာမှန်းမသိသည့် အကြောင်းတစ်ခုကြောင့် အားလုံးပျောက်ကွယ်သွားသည်။
အချိန်ကိုရပ်တန့်သွားပြီး ရွာသားများကို တစ်ယောက်ချင်း အားလုံးရွှေ့ပြောင်းပြီးမှ အချိန်ပြန်လည်ပတ်လာသလို ဖြစ်နေသည်။
ထောင်ယော်ယဲ့ ကျောရိုးထဲမှစိမ့်တက်လာသည်။ ကလေးဘဝက ညဘက်စောင်ခြုံအောက်တွင် သရဲဇာတ်လမ်းများ ဖတ်ခဲ့သည့်အဖြစ်ကို သူပြန်သတိရလာသည်။
လုယန်အင်္ကျီလက်ကို သူဆွဲကိုင်သည်။ ပိုစိတ်ချရသလို ခံစားလိုက်ရသည်။
"ဂိုဏ်းချုပ်ကျောက်ရိုး၊ ဒီမှာဘာတွေဖြစ်ခဲ့တယ်ဆိုတာ ခင်ဗျားခန့်မှန်းနိုင်လား"
"ကျုပ်သိသလောက်တော့ ဒီလိုဖြစ်နိုင်တဲ့ နည်းလမ်းနှစ်မျိုးရှိတယ်။ လေဟာနယ်ကန့်သတ်တာ ဒါမှမဟုတ် အချိန်ရပ်တန့်တာ။
လေဟာနယ်ကန့်သတ်တာဆိုရင်တော့ ဖြေရှင်းလို့ရနိုင်ပါတယ်။ လေဟာနယ်ပညရပ်ကျွမ်းကျင်တဲ့ စုစည်းခြင်းကျင့်ကြံသူတစ်ယောက် ဖြေရှင်းနိုင်တယ်။ ဒါပေမယ့် အချိန်ရပ်တန့်တာဆိုရင်တော့ ပြဿနာပဲ။ အချိန်ကိုရပ်တန့်နိုင်တဲ့လူဆိုတာ အနည်းဆုံး ကူးဖြတ်ခြင်းအဆင့်ရှိတယ်။
ကျုပ်မှတ်မိသလောက်တော့ ဘယ်သူမှ အချိန်ကို မရပ်နိုင်သေးဘူး။ ကူးဖြတ်ခြင်းဆင့်ကလူတွေတောင် ရပ်တန့်နိုင်ခြေရှိတယ်လို့ပဲပြောတာ"
လုယန် ခေါင်းငြိမ့်သည်။
"အချိန်မသေမျိုးက ဒါမျိုးလုပ်နိုင်တယ်"
"အချိန်မသေမျိုး.."
ကျောက်ရိုး အံ့အားသင့်သွားသည်။ ထိုမသေမျိုးအကြောင်း သူတစ်ခါမှမကြားဖူး။
လုယန် နောက်တစ်ကြိမ်ခေါင်းငြိမ့်သည်။
"အချိန်မသေမျိုးက အချိန်အရိယဖလကို ကျွမ်းကျင်ခဲ့တဲ့လူပါ။ ရှေးဟောင်းခေတ်အတွင်း အချိန်ကိုနားလည်နိုင်စွမ်းမှာ သူကပြိုင်ဘက်ကင်းပဲ"
"အဲလိုအဖြစ်မျိုးတောင် ရှိတယ်ပေါ့"
ကျောက်ရိုးတအံ့တဩ ရေရွတ်သည်။ အချိန်တာအိုသည် အလွန်လျှို့ဝှက်နက်နည်းသည်။ နားလည်ရခက်သည်။ အခြေခံအဆင့်တတ်ကျွမ်းသူပင် ရှားပါးလှသည်။
ရှေးဟောင်းခေတ်တွင် အချိန်အရိယဖလပိုင်ဆိုင်သည့် မသေမျိုးတစ်ယောက်ရှိခဲ့မည်ဟု သူထင်မထား။ ထိုစွမ်းရည်မျိုးထုတ်သုံးလျှင် အတော်ကြောက်စရာကောင်းပေလိမ့်မည်။
ထောင်ယော်ယဲ့လည်း စိတ်ဝင်စားသွားသည်။ ဘာကြောင့်အကိုလုက မသေမျိုးများအကြောင်း ရုတ်တရက် ပြောနေသည်မသိ။
ကျောက်ရိုးအံ့ဩအမူအရာကို အကဲခတ်ရသလောက် သူလည်း ထိုအဖြစ်မျိုး လုံးဝကြားဖူးပုံမပေါ်။
အကိုလု ထိုအကြောင်းများ ဘယ်ကနေ သိလာသနည်း။
သူနှင့်အကိုလုကြား ကွာဟချက်က ထိုမျှကြီးမားနေသလား။
ကျောက်ရိုးအမူအရာ တဖြေးဖြေးပုံမှန်ပြန်ဖြစ်လာသည်။ မျက်တောင်တဖျတ်ဖျတ်ခတ်၍ လုယန်ကိုမေးသည်။
"နေပါဦး၊ ခုနက သခင်လေး ဘာပြောလိုက်တာလဲ။ ကျုပ်အတွေးတစ်ချက် လွတ်သွားသလိုပဲ"
"ဘာမှမပြောပါဘူး"
လုယန် ပြန်ဖြေလိုက်သည်။ စုစည်းခြင်းနောက်ဆုံးဆင့်ဖြစ်သည့် ကျောက်ရိုးပင် မသေမျိုးတစ်ယောက်၏ မှတ်ဉာဏ်ဖျက်စွမ်းအားကို မခုခံနိုင်သည်ကို တွေ့ရသဖြင့် အံ့ဩမိသည်။
"တရားခံက အချိန်ကိုထိန်းချုပ်နိုင်တဲ့ ကူးဖြတ်ခြင်းအဆင့််တစ်ယောက် မဟုတ်လောက်ဘူး။ လေဟာနယ်ထိန်းချုပ်ပညာကျွမ်းကျင်တဲ့ စုစည်းခြင်းအဆင့်ကျင့်ကြံသူလို့ပဲ ကျုပ်ယူဆတယ်"
ရွာထဲသို့စဝင်ကတည်းက လုယန်မျက်မှောင်ကျုံ့နေခဲ့သည်။ လူပေါင်းများစွာ ထူးထူးဆန်းဆန်း သေသွားသည်။ လူသတ်သမားသည် အတော်ကြောက်စရာကောင်းသူ ဖြစ်ပေလိမ့်မည်။
ရှားနန်းတော် မျက်စိရှေ့တွင် ဘယ်သူမှသတိမထားမိအောင် သတ်ဖြတ်သွားသည်။
ဟွိုင်အန်းရွာ ထိုအဖြစ်မျိုးကြုံခဲ့သည်ဆိုလျှင် တစ်ခြားရွာများရော ဘယ်လိုအခြေအနေရှိမည်မသိ။ လူဘယ်လောက်အသတ်ခံခဲ့ရသည်မသိ။
ကျောက်ရိုး ဆောင့်ကြောင့်ထိုင်၍ မြေကြီးလက်တစ်ဆုပ်ယူပြီး ညင်သာစွာပွတ်ချေလိုက်သည်။ အညိုရောင်သန်းနေသည့်မြေကြီးက အနီရောင်ပြောင်းသွားသည်။
လုယန်နှင့်ထောင်ယော်ယဲ့ နားမလည်ဟန်ဖြင့် လှမ်းကြည့်နေသည်။ ကျောက်ရိုး ရှင်းပြသည်။
"ဒီနေရာမှာသေခဲ့တဲ့လူတွေ များလွန်းလို့ မြေကြီးကတောင် သူတို့သွေးနံ့ကို စုပ်ယူထားတယ်။ ဒါပေမယ့် ဒါကိုကြည့်ပြီး တစ်ခုတော့ သေချာပါတယ်"
"ဘာလဲ"
"ဒီနေရာမှာ သွေးနံ့တွေ အများကြီးဖုံးလွှမ်းနေတယ်။ ဒါပေမယ့် ပြင်းထန်သင့်သလောက် မပြင်းထန်ဘူး။ တစ်ယောက်ယောက်က သွေးစွမ်းအင်တွေ တစ်နေရာရာကို ရွှေ့ပြောင်းခဲ့တာဖြစ်ရမယ်"
"သွေးစွမ်းအင်ကို ဝိညာဉ်တစ်သောင်းအလံလုပ်ဖို့ သုံးလို့ရတယ်မဟုတ်လား။ စွမ်းအားမြင့်နတ်ဆိုးလက်နက်လေ"
နတ်ဆိုးကျင့်စဉ်ပညာတစ်ခုကို လုယန်ပြန်သတိရလာသည်။
"ဟုတ်ပါတယ်။ ဝိညာဉ်ဆင့်ခေါ်အလံ၊ ဝိညာဉ်လမ်းညွှန်အလံ ဒါမှမဟုတ် ဝိညာဉ်တစ်သောင်းအလံပေါ့။ အားလုံးက သွေးစွမ်းအင်နဲ့ နာကျည်းဒေါသလိုအပ်ပါတယ်"
ကျောက်ရိုး သူ့ကိုယ်သူ ယုံကြည်မှုရှိပုံရသည်။ မြေကြီးကို အမှုန့်ကြိတ်၍ လေထဲသို့ ပစ်မြှောက်ပြီးနောက် လက်တစ်ဘက်ဖြင့် အနက်ရောင်တံဆိပ်တစ်ခုဖန်တီး၍ အနက်ရောင်အမှတ်အသားတစ်ခု ပုံဖော်လိုက်သည်။
မြေမှုများကို အနက်ရောင်အမှတ်အသားက စုပ်ယူပြီး လေထဲတွင် ပိုးချည်မျှင်ကဲ့သို့ အဝေးတစ်နေရာဆီ လွင့်မျောသွားသည်။
"သွားစို့၊ အဲဒီ့နောက်ကို လိုက်မယ်။ သွေးစွမ်းအင်ကို ဒီနေရာမှာတင်ချက်ချင်းသန့်စင်တယ်ဆိုင်တော့ ခြေရာခံဖို့ခက်မှာ။ ဒါပေမယ့်အခု နေရာရွှေ့ပြီးမှ သန့်စင်တာဆိုတော့ သွေးစွမ်းအင်ဦးတည်ရာကိုလိုက်ပြီး သန့်စင်တဲ့နေရာအစစ်ကို ရှာလို့ရတယ်"
ကျောက်ရိုးက လုယန်နှင့်ထောင်ယော်ယဲ့လက်ကိုဆွဲ၍ မိုင်သုံးလေးရာအကွာအဝေးသို့ အသက်တစ်ရှူစာအတွင်း ပျံသန်းရောက်ရှိသွားသည်။ တောင်တန်းထူထပ်သည့် နေရာတစ်ခုတွင် ဆင်းကြသည်။
"လမ်းကြောင်းက ဒီနေရာမှာဆုံးသွားတာ"
မလှမ်းမကမ်းမှနေရာတစ်ခုကို ကျောက်ရိုး လက်ညှိုးထိုးပြသည်။ သုံးယောက်သား အကြည့်ချင်းဖလှယ်၍ ခေါင်းငြိမ့်လိုက်ကြသည်။ အသက်ရှူနှုန်းထိန်းချုပ်၍ သတိဖြင့် ရှေ့ဆက်တိုးသွားသည်။
ရုတ်တရက် ကျောက်ရိုးနှင့်လုယန်တို့ ခြေလှမ်းရပ်လိုက်သည်။ လုယန်က ထောင်ယော်ယဲ့ကို ရှေ့ဆက်မသွားနိုင်အောင် လှမ်းဆွဲထားသည်။
ထောင်ယော်ယဲ့ ရှေ့သို့လှမ်းကြည့်သည်။ သစ်ပင်များက စိမ်းစိုနေသည်။ ပန်းရနံ့များကြားမှ ငှက်အော်သံကို ကြားနေရာသည်။ ဘာမှထူးထူးခြားခြားမရှိ။
ကျောက်ရိုး လုယန်ကို တအံ့တဩကြည့်လိုက်သည်။ လုယန်သူ့ကို ချက်ချင်းအာရုံခံနိုင်မည်ဟု ထင်မထား။
"ခင်ဗျားလည်း သတိထားမိတယ်ပေါ့။ ရှေ့တစ်လှမ်းတိုးလိုက်တာနဲ့ မှော်စက်ဝန်းတစ်ခုထဲကို ကျုပ်တို့ရောက်သွားမှာ"
လုယန်ခေါင်းငြိမ့်သည်။
"ရှေးဟောင်းခေတ်မှာ ဒါကို သရဲနံရံမှော်စက်ဝန်းလို့ ခေါ်ကြတယ်။ အထဲဝင်မိတဲ့လူမှန်သမျှ အရပ်မျက်နှာကို အာရုံမခံနိုင်တော့ဘူး။ စိတ်အာရုံရှုပ်ထွေးပြီး သေတဲ့အထိ ပိတ်မိသွားကြတယ်"
"ဒီနေ့ခေတ်လည်း ဒါကို သရဲနံရံမှော်စက်ဝန်းလို့ပဲ ခေါ်ကြပါတယ်"
"ဒီလိုမှော်စက်ဝန်းတစ်ခု တည်ဆောက်ထားတယ်ဆိုတော့ အပြင်လူတွေကို ဝင်မလာစေချင်တဲ့သဘောပဲ။ လျှို့ဝှက်ချက်တစ်ခုရှိတာ သေချာနေပြီ။
ဒါတင်မကသေးဘူး။ သရဲနံရံမှော်စက်ဝန်းထဲမှာ တ်စခြားမှော်စက်ဝန်းတွေကိုလည်း ဖုံးကွယ်ထားနိုင်တယ်။ အပြင်ကနေ အာရုံမခံနိုင်အောင် စည်းခြားထားလို့ရတယ်။ အထဲမှာရှိတဲ့လူတွေလည်း အပြင်ဘက်ကိုအာရုံမခံနိုင်ဘူး"
"တစ်ယောက်ယောက် အထဲမှာ ကျင့်ကြံနေတာဖြစ်မယ်။ အပြင်လောကအနှောက်အယှက် မခံချင်လို့ဖြစ်လိမ့်မယ်"
"ကျုပ် သွေးနံ့နည်းနည်းရတယ်။ ဒီမှော်စက်ဝန်းထဲကနေ စိမ့်ထွက်လာတာ။
မှော်စက်ဝန်းပုံစံအရတော့ ကူးဖြတ်ခြင်းအဆင့်တစ်ယောက် တည်ဆောက်ထားတာ မဖြစ်နိုင်ဘူး"
"အဲဒီ့အဆင့်မဟုတ်မှန်းသိရတာ ကောင်းတာပေါ့"
သူတို့နှစ်ယောက် မှော်စက်ဝန်းကို လေ့လာကြသည်။ တောင်တန်းများကြားတွင် သွေးစွမ်းအင်သန့်စင်ဖို့ အပြင်လူများမနှောက်ယှက်နိုင်အောင် စုစည်းခြင်းအဆင့်တစ်ယောက် တည်ဆောက်ထားသည့် မှော်စက်ဝန်းတစ်ခုဟု ကောက်ချက်ချကြသည်။
ထိုလူသည် ဟွိုင်အန်းရွာ အစုအပြုံလိုက်သတ်ဖြတ်မှုနှင့် ပတ်သက်နေနိုင်သည်။
ထောင်ယော်ယဲ့ သူတို့နောက်မှ အသံတိတ်လိုက်လာသည်။ လုယန်ထက် နည်းနည်းနိမ့်ကျနေသလို ခံစားရသည်။
ဘာကြောင့်ထိုကိစ္စမျိုးကို အကိုလုက စုစည်းခြင်းအဆင့်တစ်ယောက်နှင့်တန်းတူ ပြောဆိုဆွေးနွေးနိုင်သည်မသိ။
အခြေတည်အဆင့် ရွှေသန္ဓေအဆင့်မစ်ရှင်များအတွင်း ပါရမီရှင်ကျင့်ကြံသူများနှင့် ထောင်ယော်ယဲ့ ကြုံတွေ့ဖူးပါသည်။ ထိုလူများက အရာအားလုံးနီးပါးသိနေသကဲ့သို့ ယုံကြည်ချက်အပြည့်ဖြင့် ပြောကြသည်။ သို့သော် ဝိညာဉ်ပြောင်းအဆင့်တစ်ယောက်နှင့် ရင်ဆိုင်တွေ့ချိန်တွင် သူတို့တုံ့ဆိုင်းသွားကြသည်။ ဂဏာမငြိမဖြစ်လာကြသည်။ အကယ်၍ လေဟာနယ်အဆင့် စုစည်းခြင်းအဆင့်များနှင့်တွေ့လျှင် ထိုလူများ စကားပင်ကောင်းကောင်းမပြောနိုင်တော့။ လုယန်နှင့်ယှဉ်လျှင် ထိုပါရမီရှင်တို့သည် များစွာနိမ့်ကျနေသေးသည်။
ကျောက်ရိုး တဟဲဟဲရယ်လိုက်သည်။ တစ်ခြားလူတစ်ယောက်ကျင့်ကြံနေသည်ကို နှောက်ယှက်ရမည်ဖြစ်၍ သူပျော်နေသည်။ အထဲမှ ရှေးဟောင်းစုစည်းခြင်းကျင့်ကြံသူ ချီဖောက်ပြန်၍ဒုက္ခရောက်ပါစေဟု ဆုတောင်းနေသည်။
အနားရှစ်ခုပါသည့် တူတစ်လက်ကို သူ့မှော်လက်စွပ်ထဲမှ ဆွဲထုတ်၍ လေထဲသို့ မြှောက်လိုက်သည်။ တူက တောင်ကုန်းငယ်တစ်ခုစာခန့် ကြီးမားလာသည်။ တူ၏အစွန်းအနားတိုင်းက အေးစိမ့်သည့်အလင်းများ ဖြာထွက်နေသည်။
ကြီးမားသည့်အနားရှစ်ခုတူက ဥက္ကာခဲ့တစ်ခုကဲ့သို့ အရှိန်ပြင်းစွာ ကျဆင်းလာသည်။
"ဖျောင်း"
တစ်စုံတစ်ခုကို ထိရိုက်မိ၍ အက်ကွဲသံမျိုးပေါ်လာသည်။
ကျောက်ရိုးက လက်နှစ်ဘက်ကိုပွတ်၍ အောက်သို့ခပ်ပြင်းပြင်းဖိချသည်။ တူထဲသို့ စွမ်းအားထပ်ဖြည့်သည်။ အသစ်ရလာသည့်စွမ်းအားဖြင့် အနားရှစ်ခုတူက ကိုယ်ပျောက်မှော်စက်ဝန်းကို ရီုက်ခွဲသည်။
"ဖျောင်း..ဖျောင်း..ဖျောင်း"
အကာအကွယ် ကြေမွပျက်စီးသွားသည်။ ပြင်းထန်သည့်သွေးနံ့ ထိုးထွက်လာပြီး လေထုထဲပြည့်နက်သွားသည်။
ထောင်ယော်ယဲ့ သူ့ရေမှမြင်ကွင်းကိုကြည့်၍ မျက်လုံးပြူးသွားသည်။ ငှက်အော်သံနှင့် စိမ်းစိုသည့်သစ်ပင်များ ပျောက်သွားသည်။
သစ်ပင်များ ညှိုးခြောက်နေသည်။ သွေးချောင်းများ စီးဆင်းနေသည်။ မြေပြင်က အနီရောင်စွမ်းထင်းနေသည်။ သရဲရိပ်များ လူးလွန့်လှုပ်ရှား၍ လေပြင်းများ တိုက်ခတ်နေသည်။ ထိုမြင်ကွင်းများအလယ်တွင် အသားအရေရှုံ့တွန့်နေသည့် အဘိုးအိုတစ်ယောက် ထိုင်နေသည်။ သူ့ဘေးတွင် စုတ်ပြဲနေသည့် သွေးနီအလံတစ်ခု ထောင်ထားသည်။
"မင်းကဘယ်သူလဲကွ"
အဘိုးအို ရုတ်တရက်မျက်လုံးပွင့်လာသည်။ လုယန်နှင့် ထောင်ယော်ယဲ့ကို လုံးဝအရေးမစိုက်။ ကျောက်ရိုးကိုသာ အံတင်းတင်းကြိတ်၍ စိုက်ကြည့်နေသည်။
သူ့မှော်စက်ဝန်းသည် တွေ့နိုင်စရာမရှိ။ သွေးစွမ်းအင်ယိုစိမ့်သည့် ချို့ယွင်းချက်လေးတစ်ခုသာရှိသည်။ ထိုဟာကွက်ကိုလည်း ဝါရင့်နတ်ဆိုးကျင့်ကြံသူတစ်ယောက်သာ အာရုံခံနိုင်မည်။
ဘာရန်ငြှိုးရန်စမှမရှိသည့် ထိုကျင့်ကြံသူမျိုးက ဘာကြောင့် သူ့မှော်စက်ဝန်းကျု ဖျက်ဆီးသနည်း။
"ငါကမင်းအဘိုးလေ"
ကျောက်ရိုး အော်ဟစ်ရယ်မောလျက် လက်ထဲသို့ အနားရှစ်ခုတူကို ဆင့်ခေါ်ပြီး အဘိုးအိုဆီ လွှဲယမ်းလိုက်သည်။
အဘိုးအိုကလည်း အလံကိုဖမ်းဆွဲပြီး ရှောင်တိမ်းရင်း မန္တာန်တစ်ခု ခပ်တိုးတိုးရေရွတ်သည်။
ကျောက်ရိုး အရေးမစိုက်။ တစ်ခြားလက်တစ်ဘက်တွင်ကိုင်ထားသည့် အရိုးဓားကောက်ကို အဘိုးအိုထံ ပစ်လွှတ်လိုက်သည်။ မှော်စက်ဝန်းပျက်စီး၍ ဖြစ်လာသည့် တန်ပြန်သက်ရောက်မှုကြောင့် အဘိုးအို အတော်အားနည်းသွားမည်မှန်း သူသိသည်။
အားနည်းသည့်အချိန်တွင် ဖိနှိပ်ဖို့ အကောင်းဆုံးဖြစ်သည်။
"မင်းစွမ်းအား ဒါအကုန်ဘဲလားကွ။ ရှေးဟောင်းကျင့်ကြံသူတွေကို မင်းသိက္ခာချနေတာပဲ။
ဝိညာဉ်တစ်သောင်းအလံကို အခုမှသန့်စင်နေတုန်း။ ဒီလိုပစ္စည်းတွေနဲ့ ငါကစားခဲ့တာ နှစ်ထောင်ချီကြာပြီကွ။
သေလိုက်စမ်း၊ မင်းအဘိုးကို လာနှုတ်ဆက်စမ်း"
ကျောက်ရိုး စွမ်းအားကုန် ထုတ်သုံးသည်။ အဘိုးအို နောက်သို့ဆက်တိုက်ဆုတ်နေရသည်။ ကောင်းကောင်းပြန်မတိုက်ခိုက်နိုင်။
ဘုန်း။
အနားရှစ်ခုတူနှင့် အရိုးဓားကောက် ပြိုင်တူရိုက်ခတ်သွားသဖြင့် အဘိုးအို တောင်နံရံထဲသို့ နစ်ဝင်သွားသည်။
"လေးစားစရာပဲ။ ဒီနေ့ခေတ်ကောင်လေးတွေက အတော်အထင်ကြီးလောက်ပါတယ်"
အဘိုးအို ချိုင့်ခွက်ထဲမှ ထွက်လာသည်။ ဒေါသထွက်သော်လည်း အံတင်းတင်းကြိတ်၍ပြုံးနေသည်။ သူ့သွေးနီအလံက ယခု အရောင်တောက်နေသည်။
ကျောက်ရိုး စုပ်တစ်ချက်သပ်လိုက်သည်။
"ကျုပ်ပေါ့ဆသွားတယ်"
"ဘာကိုပေါ့ဆတယ်ပြောတာလဲ"
ထောင်ယော်ယဲ့ကမေးသည်။
ကျောက်ရိုးက အဘိုးအိုကို လက်ညှိုးထိုးပြပြီး မြေပြင်ပေါ်တံတွေးတစ်ချက်ထွေးသည်။
"တိုက်ခိုက်ရတာပျော်နေတော့ သတိမထားလိုက်မိဘူး။ ကျုပ်ဒီကောင်ကို တိုက်ခိုက်နေတဲ့အချိန်မှာ ဒီကောင်က ဝိညာဉ်တစ်သောင်းအလံကို သန့်စင်နေတုန်းပဲ။ အခု အပြည့်အဝ သန့်စင်ပြီးပြီဆိုတော့ ရင်ဆိုင်ရတာ အများကြီး ပိုခက်ခဲတော့မှာ"
အဘိုးအိုမျက်နှာက တင်းမာလွန်းသဖြင့် ပေါက်ကွဲမတတ်ဖြစ်နေသည်။ အံကြိတ်၍ပြောသည့် သူ့စကားလုံးများက ကြားရသူတိုင်း ခြောက်ခြားလောက်သည်။
"သွေးစွမ်းအင်တွအများကြီး အမှတ်မထင်ငါတွေ့ခဲ့တယ်။ ဝိညာဉ်တစ်သောင်းအလံသန့်စင်ဖို့ ကွက်တိပဲပေါ့။ ဒီနေ့ မင်းတို့နောက်မျိုးဆက်လေးတွေ ငါ့စွမ်းအားကို လက်တွေ့မြင်ရမယ်ကွ။
ဝိညာဉ်တစ်သောင်းအလံ၊... နိုးထကြစမ်း"
အေးစိမ့်သည့်လေပြင်းတစ်ချက် အဘိုးအိုဆီ တိုက်ခတ်လာသည်။ မရေမတွက်နိုင်သည့် သရဲရိပ်များ သူ့နောက်တွင်ပေါ်လာသည်။ ကြီးမားသည့်သရဲရိပ်များက တစ်သောင်းပင်မကလောက်။
အဘိုးအိုအော်ဟစ်ရယ်မောနေသည်။ ဝိညာဉ်တစ်သောင်းအလံကို အပြည့်အဝသန့်စင်ထားသဖြင့် သရဲရိပ်များလည်း ပိုထင်ရှားလာသည်။
လုယန် ထိုသရဲများ၏အသွင်သဏ္ဌာန် သတိထားမိလိုက်သည်။
ဝက်များ...နွားများ...သိုးများ...
"ဟာ"
လေးယောက်လုံး မင်သက်မိသွားသည်။
*********************************