← Chapters

အဖြစ်မှန်ထုတ်ပြောစေနိုင်သည့်အစားအသောက်

Vol. 26 Ch. 387

အဖြစ်မှန်ထုတ်ပြောစေနိုင်သည့်အစားအသောက်

Vol. 26 Ch. 387

"ထူးဆန်းတာပဲ...တစ်ခြားနတ်ဆိုးကျင့်ကြံသူတစ်ယောက် ဟွိုင်အန်းရွာမှာ ယာဇ်ပူဇော်ခဲ့တာများလား"

အားလုံး အဘိုးအိုဘေးတွင် ဝိုင်းအံလျက် တွေးရခက်နေကြသည်။ အဖြစ်အပျက်ကို နားမလည်နိုင်ကြ။

မဟာအကြီးအကဲက ချောင်းတစ်ချက်ဟန့်၍ လုယန်နှင့်ထောင်ယော်ယဲ့ထံ သိစိတ်အသံမှလှမ်းပြောသည်။

"ဟွိုင်အန်းရွာမှာဖြစ်ခဲ့တာတွေကို ငါနည်းနည်းတော့သိပါတယ်။ ထာဝရဂိုဏ်းချုပ်ပြောစကားအရ ဟွိုင်အန်းရွာမှာ သားသတ်ရုံတစ်ခုဆောက်ခဲ့တယ်တဲ့။ ရုပ်သေးတွေကို ရွားသားအဖြစ် ဟန်ဆောင်ထားခဲ့တာ"

အပြင်ပန်းတွင် တိုင်ပုဖန်သည် မစ်ရှင်ခန်းမနှင့် သတင်းအချက်အလက်များကို ဦးစီးနေသယောင်ရှိသည်။ သို့သော် အမှန်တကယ်ထိန်းချုပ်နေသူက မဟာအကြီးအကဲဖြစ်သည်။

ဂူသင်္ချုင်းများဆောက်လုပ်ရင်း အလုပ်များနေသော်လည်း အဆက်အသွယ်လုံးဝပြတ်သွားသည်တော့မဟုတ်။ မစ်ရှင်ခန်းမထဲမှ အဖြစ်အပျက်များ တိုင်ပုဖန်ရထားသည့်သတင်းများကို သူအကုန်သိသည်။ ထိုသတင်းများထဲတွင် ထာဝရဂိုဏ်းချုပ်၏ ဝန်ခံချက်လည်း ပါသည်။

လုယန် - "..."

ထောင်ယော်ယဲ့ - "..."

'အကြီးအကဲ၊ ဟွိုင်အန်းရွာက အဖြစ်အပျက်ကိုသိနေရဲ့သားနဲ့ အကျိုးမရှိဘဲ ကျုပ်တို့ဒီကိုလာရတာကို ဘာလို့မတားခဲ့တာလဲ'

အကြီးအကဲစိတ်ထဲ တွေးနေသည်။

'ငါဝင်ရမယ့် အကောင်းဆုံးဇာတ်ကွက်ကို စောင့်နေတာကွ။ မင်းတို့ ဟွိုင်အန်းကိုရောက်မလာရင် ငါကြွားလုံးထုတ်ခွင့် ဘယ်ရတော့မလဲ'

အမှန်တော့ လုယန်နှင့်ထောင်ယော်ယဲ့ကို ကျောက်ရိုးကတိုက်ခိုက်ပါစေဟု သူဆုတောင်းနေခဲ့သည်။ ထိုသို့ဖြစ်လာလျှင် အရေးကြီးဆုံးအချိန်တွင် သူရဲကောင်းဆန်ဆန်ဒိုင်ယာလော့တစ်ခုပြောပြီး သူဝင်ကယ်မည်။ သို့သော် သူကံမကောင်း။ ထိုသို့လုပ်ဖို့ အခွင့်အရေးမပေါ်ခဲ့။

ဤရှေးဟောင်းကျင့်ကြံသူကြောင့် သူနည်းနည်းမျက်နှာရခဲ့ခြင်းဖြစ်သည်။

"ကောင်းပြီလေ၊ ဒီအဘိုးအိုကိုဖမ်းမိသာ အမြတ်ပဲပေါ့။ ဒီခရီးစဉ် အချည်းအနှီးမဖြစ်ပါဘူး"

လုယန် ပြောလိုက်သည်။ ဟွိုင်အန်းတွင် ဆက်နေစရာအကြောင်းမရှိတော့။

"ဂိုဏ်းချုပ်ကျောက်ရိုး၊ ဒီကိစ္စမှာ ခင်ဗျားက အများကြီးကူညီပေးခဲ့တာပဲ။ ဒီလူကို ခင်ဗျားတာဝန်ယူလိုက်ပါလား"

ကျောက်ရိုး ကိုယ့်နားကိုယ် မယုံနိုင်အောင်ဖြစ်သွားသည်။ တကယ်ဖမ်းဆီးခဲ့သူက မြေအောက်ကောင်းကင်ဘုရင်ဖြစ်သည်။ ယခု သူ့ဆီ လက်လွှဲပေးနေသည်။

"ဒီ...ဒီလိုတော့ မဖြစ်သင့်ဘူးမဟုတ်လား"

လုယန် လက်နှစ်ဘက်နောက်ပစ်၍ ရယ်မောလိုက်သည်။

"ဘာလို့မဖြစ်သင့်ရမှာလဲ။ ကျုပ်တို့ဂိုဏ်းနှစ်ခုက ပူးပေါင်းဆောင်ရွက်နေတာပဲ။ ဒါကို ကျုပ်တို့ရဲ့စေတနာလို့ပဲ သဘောထားပါ။ နောက်ပြီး ခင်ဗျားတို့ကိုးငရဲဂိုဏ်းက ကျုပ်တို့ထက် သတင်းအချက်အလက်ပိုစုံတယ်။ သူ့ဆီကရလာမယ့် အချက်အလက်တွေက ကောင်းကင်ရုံးတော်ဂိုဏ်းထက် ခင်ဗျားတို့ဂိုဏ်းအတွက် ပိုပြီးအသုံးဝင်မှာပါ"

ကျောက်ရိုး ခေါင်းငြိမ့်လိုက်သည်။ ကိုးငရဲဂိုဏ်းတွင် တစ်ခြားရှေးဟောင်းကျင့်ကြံသူများအကြောင်း သတင်းရထားပြီးဖြစ်သည်။ ဤအဘိုးအိုထံမှ သတင်းထပ်ရလျှင် ရှေးဟောင်းကျင့်ကြံသူများ၏ လှုပ်ရှားမှုကို ပို၍ခြေရာခံနိုင်လာမည်။

ထိုသတင်းမျိုးက တကယ်အရေးကြီးသည်။ ရှေးဟောင်းကျင့်ကြံသူတို့ သိုဝှက်ထားသည့် ရတနာများအကြောင်း သတင်းရလာနိုင်သည်။ သူတို့ကိုးငရဲဂိုဏ်း၏ အထောက်အပံ့ရင်းမြစ်များ ပိုတိုးလာနိုင်သည်။

ကောင်းကင်ရုံးတော်ဂိုဏ်းက ရှေးဟောင်းကျင့်ကြံသူများကို သိပ်အရေးမစိုက်။ လုံးဝဂရုမစိုက်သည့်သဘောဖြစ်သည်။

ထိုဂိုဏ်းတွင် များပြားသည့် အထောက်အပံ့ရင်းမြစ်များ ရှိနေ၍သာ ဂရုမစိုက်ခြင်းဖြစ်မည်။

လုယန်၏လုပ်ရပ်က ကိုးငရဲဂိုဏ်းအပေါ် စေတနာထားကြောင်းပြသခြင်းဖြစ်မည်။ သို့မဟုတ် သူတို့စွမ်းအားကို သွယ်ဝိုက်၍ပြသခြင်းလည်းဖြစ်နိုင်သည်။

‌ကျောက်ရိုး လုယန်၏ ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်။ သို့သော် လုယန်၏ ဗျူဟာကျကျတွေးခေါ်နိုင်ပုံကို သူလေးစားမိသည်။ သက်တူရွယ်တူများထက် များစွာသာလွန်နေသည်။

အခြေအနေကို ချိန်ဆပြီးနောက် ကျောက်ရိုး လက်နှစ်ဘက်ဆုပ်၍ ကျေးဇူးတင်စကားပြောလိုက်သည်။

"ဒါဆိုရင်တော့ သခင်လေးကို ကျေးဇူးတင်ပါတယ်"

မဟာအကြီးအကဲက အုတ်ခဲနှင့်တူသည့်ပစ္စည်းကို သိမ်းလိုက်ပြီး အဘိုးအိုကို ကျောက်ရိုးထံ လွှဲပေးသည်။

"သောက်သုံးမကျတဲ့လူ။ ငါ့ခေါင်းအုံးကို လက်နက်အဖြစ်သုံးနေတယ်ပေါ့"

နတ်မယ် မကျေမနပ်ရေရွတ်လိုက်သည်။ သူသေချာမြင်လိုက်သည်။ မဟာအကြီးအကဲကိုင်ထားသည့်ပစ္စည်းက သူ့မသေမျိုးရတနာ ပဲဝါခေါင်းအုံးပင်ဖြစ်သည်။

ဂိုဏ်းထဲသို့ ကျုးကျော်ဝင်လာသည့် (ယခု အသားကင်ဆိုင်ကို ဦးစီးနေသည့်) သခင်ကောင်းနှင့်သခင်လျိုကို အနိုင်ယူပြီးနောက် တာအိုလမ်းစဉ်ဂိုဏ်းက သိမ်းယူသွားခြင်းဖြစ်သည်။ ထိုခေါင်းအုံးသည် လူများကို အိပ်ပျော်အောင်လုပ်နိုင်သည့် အစွမ်းမျိုးရှိသည်။

"နှုတ်ဆက်ပါတယ်"

ကျောက်ရိုး လှေပျံကို ပြန်ထုတ်သည်။ အဘိုးအို၏ကျင့်စဉ်စွမ်းအားကို ချိတ်ပိတ်၍ လှေပျံပေါ်ပစ်တင်ပြီး ပျံသန်းသွားသည်။

မဟာအကြီးအကဲက အင်္ကျီလက်ထဲမှာ စာလိပ်တစ်ခုထုတ်သည်။ တောင်တန်းနှင့်ရေတံခွန်များပါသည့် မင်ပန်းချီကားတစ်ခုဖြစ်သည်။ ပန်းချီကားက တိတ်ဆိတ်နေသော်လည်း လုယန်နှင့်ထောင်ယော်ယဲ့တို့ သေချာကြည့်လိုက်ချိန်တွင် ရေတံခွံစီးကျနေသံများ ကြားရသယောင်ရှိသည်။

အကြီးအကဲက ပြုံး၍ပြောသည်။

"ဒါက တောင်တန်းမြင့်နဲ့ရေစီးပန်းချီကားပါ။ ခရီးသွားတဲ့အချိန် ငါမကြာခဏသုံးတဲ့ မှော်ရတနာပေါ့။ အထဲမှာ ကမ္ဘာငယ်တစ်ခုပါတယ်။ အိတ်ဆောင်လေဟာနယ်လိုမျိုးပေါ့။ စတုတ္ထအကြီးအကဲကို ဆွဲခိုင်းထားတာ"

ထောင်ယော်ယဲ့ တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။ ထိုရတနာမျိုးနှင့် မရင်းနှီးသဖြင့် ဘယ်လိုသုံးရမည်ကို သူမသိ။

"ကျုပ်တို့ အထဲကို ခုန်ဝင်ရမှာလား"

စတုတ္ထအကြီးအကဲ၏ ပထမတပည့်ကျိဟုန်ဝမ် ထိုပညာရပ်မျိုးသုံးဖူးသည်ကို လုယန်ပြန်သတိရလာသည်။

"မှန်တာပေါ့"

မဟာအကြီးအကဲက ပြန်ပြောပြီးနောက် ပန်းချီကားထဲ ခုန်ဝင်သွားသည်။ လုယန်နှင့်ထောင်ယော်ယဲ့လည်း သူ့လိုလိုက်လုပ်ကြသည်။

အထဲရောက်သည်နှင့် ‌ရေတံခွန်စီးကျသံများ တကယ်ကြားလာရသည်။ ဘေးပတ်လည်ကို ကြည့်လိုက်သည်။ ရေတံခွန်တစ်ခုဘေးသို့ ရောက်နေကြာင်းတွ့လိုက်ရသည်။ ရေများက ကောင်းကင်မှကျဆင်းနေသည်။ ရေမှုန်များစွာ လေထဲသို့ ဖြန်းပက်နေသည်။

ဆောင့်ကြောင့်ထိုင်၍ ကမ်းစပ်မှ အပင်များကို လေ့လာကြည့်သည်။ သစ်ပင်များက စိမ်းစိုနေသည်။ သစ်ရွက်များပေါ်တွင် နှင်းစက်များ တောက်ပနေသည်။ တကယ့်အစစ်နှင့် ခွဲမရအောင်တူသည်။

ထိုမြင်ကွင်းသည် ပန်းချီကားတစ်ချပ်လား။ သို့မဟုတ် လျှို့ဝှက်ကမ္ဘာငယ်တစ်ခုလား မသိတော့။

"အင်း...ဒါက ပန်းချီတာအိုပဲ။ ဒီခေတ်မှာ ဒီပညာကျွမ်းကျင်တဲ့လူတွေ ရှိနေဦးမယ်လို့ မထင်ခဲ့ဘူး"

နတ်မယ် နည်းနည်းအံ့ဩနေသည်။ သမိုင်းတစ်လျှောက် သူတော်စင်များ စာပေပညာရှင်များသည် တာအိုမျိုးစုံလေ့လာလိုက်စားကြသည်။ ရှေးဟောင်းခေတ်တွင် အဆင့်မြင့်ကျင့်ကြံသူများက ပန်းချီတာအိုကို လေ့ကျင့်ကြသည်။

"ဒီအပင်တွေတောင်တန်းတွေက အတုလား အစစ်လား"

လုယန် မေးလိုက်သည်။

"အတုပါ။ ဒါပေမယ့် အစစ်နဲ့ အတော်နီးစပ်တယ်။ ဒီအပင်တွေထဲကို ဝိညာဉ်တစ်ခု ပေါင်းစပ်လိုက်မယ်ဆိုရင် အစစ်ဖြစ်လာမယ်။

ဒီလိုပညာအဆင့်အတန်းမျိုးက ငါတို့ခေတ်မှာတောင် အတော်ရှားတယ်"

နတ်မယ်က ရှင်းပြသည်။

"ခင်ဗျား ပန်းချီတာအိုကို နားလည်သလား"

လုယန် မေးလိုက်သည်။

နတ်မယ်က စိတ်မဝင်စားဟန်ဖြင့် လက်ယမ်းပြသည်။

"ဒါက အသေးအဖွဲပညာလေးပါ။ ဟန်ဆောင်ပန်ဆောင်စာပေသမားတွေပဲ ဒါမျိုးကိုလေ့လာကြတာ။ ငါတော့စိတ်မဝင်စားဘူး"

မဟာအကြီးအကဲက ကိစ္စတစ်ခု တွေးမိလာဟန်ဖြင့် နောက်လှည့်ပြီးမေးသည်။

"ပန်းချီတာအိုဆိုလို့ ပြောရဦးမယ်။ တစ်ခါတုန်းက ရှေးဟောင်းခေတ်က မသေမျိုးနှစ်ယောက်အကြောင်း မှတ်တမ်းတစ်ခုဖတ်ဖူးတယ်။ တစ်ယောက်က နတ်ဆိုးမသေမျိုး၊ နောက်တစ်ယောက်က သစ်သားမသေမျိုးတဲ့။ နတ်ဆိုးမသေမျိုးက သစ်သားမသေမျိုးရဲ့ ပန်းချီကားထဲမှာ ပိတ်လှောင်ခံရတယ်။ အဲဒီ့ကိစ္စကြောင့် သူတို့နှစ်ယောက် တိုက်ကြခိုက်ကြတယ်။

သူတို့တိုက်ပွဲက ပြင်းထန်လွန်းလို့ စကြာဝဠာတစ်ခုလုံး တုန်ခါသွားတယ်တဲ့။ နဂါးနဲ့ဖီးနစ်ဘိုးဘေးသာ ဝင်မတားရင် ကြယ်ကမ္ဘာတွေ ဘယ်လောက်ပျက်စီးခဲ့မယ်မသိဘူးတဲ့။ ဒီအဖြစ်အပျက်ကို အမျိုးမျိုးဖော်ပြထားတဲ့ ရှေးမှတ်တမ်းတွေ အများကြီးရှိတယ်။

လုယန်..မင်းက ရှေးဟောင်းသမိုင်းကို ကျွမ်းကျင်တယ်။ ဒီအကြောင်း မင်းကြားဖူးလား"

လုယန် ခေါင်းခါသည်။ သူလည်း ယခုမှကြားဖူးခြင်းဖြစ်သည်။

နတ်ဆိုးမသေမျိုး၊ သစ်သားမသေမျိုး။

ချီလင်မသေမျိုးနှင့် အချိန်မသေမျိုးကို ရည်ညွှန်းခြင်းဖြစ်မည်။

သူ့မနောမယရွှေလက်ညှိုးကို အသုံးချဖို့ အချိန်ရောက်လာသည်။

"နတ်မယ်၊ ဒီဇာတ်လမ်းကို ခင်ဗျားကြားဖူးလား"

နတ်မယ် ခဏစဉ်းစားနေပြီးနောက် မှတ်မိသွားဟန်ရှိသည်။

"အား...ငါမှတ်မိပြီ။ တစ်နေ့မှာ အချိန်မသေမျိုး ငါ့အစားအသောက်ကို လာစားရင်း ဖြစ်ရပ်မှန်တစ်ခု အမှတ်မထင်ထုတ်ပြောတယ်။ အဲဒါ ဒီဇာတ်လမ်းပဲ။

နင်မေးတဲ့လူမှန်သွားပြီ။ တစ်ခြားလူတွေကိုမေးရင် သိကြမှာမဟုတ်ဘူး"

"...နေပါဦး၊ အချိန်မသေမျိုးက ဘာလို့ခင်ဗျားကျွေးတာစားပြီးမှ အဖြစ်မှန်ကို ထုတ်ပြောတာလဲ"

နတ်မယ်မျက်နှာ ကြောင်တက်တကဖြစ်သွားသည်။ ဘာကြောင့် ထိုမေးခွန်းမျိုး လုယန်မေးသည်ကို သူနားမလည်။

"အဲဒါဘာထူးဆန်းလို့လဲ။ လူတွေက စားသောက်ပြီးရင် အိပ်ချင်လာတယ်မဟုတ်လား။ ယင်ထန်မသေမျိုးနဲ့အချိန်မသေမျိုးဆို ငါ့အစားအသောက်တွေ မကြာခဏလာစားတယ်။ စားပြီးတာနဲ့ စားပွဲပေါ်ခေါင်းတင်ပြီး အိပ်ပျော်သွားကြတာပဲ။

သူတို့ပါးစပ်က တိုးတိုးတွတ်တွတ်နဲ့ ကယောင်ကတမ်းတွေပြောတယ်။ အဲဒီအချိန်မျိုးမှာ တစ်ခုခုမေးရင် အသေးစိတ်ကအစ သူတို့ထုတ်ပြောတယ်။ ရယ်စရာတော့ကောင်းသား...သူတို့နိုးလာတဲ့အချိန်ကျရင် သူတို့ဘာတွေပြောခဲ့တယ်ဆိုတာ မမှတ်မိကြတော့ဘူးလေ"

"ဆက်ပြောပါဦး"

လုယန် တိုက်တွန်းလိုက်သည်။

"ပန်းချီတာအိုကိုသင်ဖို့ ငါဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ဘူး။ ဒါပေမယ့် အချိန်မသေမျိုးကတော့ အတော်လေးစိတ်ဝင်စားတယ်။ ကျွမ်းလည်းကျွမ်းကျင်တယ်။

တစ်ခါတစ်လေ သူ့ပန်းချီတွေကို ငါတောင် အတုအစစ်မခွဲနိုင်ဘူး။ ဘာပဲပြောပြောသူက လောကသစ်ပင်လူဝင်စားပဲလေ။

သစ်ပင်ဝိညာဉ်အားလုံးရဲ့ထိပ်ဆုံးမှာ ရပ်နေတဲ့လူ။ ဒီတော့ စက္ကူနဲ့ဆေးပန်းချီတွေမှာ ဗီဇဆက်စပ်မှုမျိုးရှိတာပေါ့"

************************************

All Chapters