← Chapters

မသေမျိုးနှစ်ယောက်ကြားကတိုက်ပွဲ

Vol. 26 Ch. 388

မသေမျိုးနှစ်ယောက်ကြားကတိုက်ပွဲ

Vol. 26 Ch. 388

"ပန်းချီဆရာတစ်ယောက်အတွက် အရေးကြီးဆုံးပစ္စည်းနှစ်မျိုးရှိတယ်။ မသေမျိုးစက္ကူနှင့် မသေမျိုးစုတ်တံပေါ့။ အဲဒီတုန်းက အချိန်မသေမျိုးက မသေမျိုးဖြစ်ပြီးပြီ။

ဒါပေမယ့် မသေမျိုးတစ်ယောက်နဲ့သင့်တော်တဲ့ စုတ်တံကိုရှာဖို့ကျတော့ မဖြစ်နိုင်သလောက်ပဲ။

ယင်ထန်တောင် သင့်တော်တဲ့ကုန်ကြမ်းပစ္စည်းမရှိဘဲ မသေမျိုးစုတ်တံကို လုပ်မပေးနိုင်ဘူး။ ကုန်ကြမ်းကလည်း ဘာမှမရှိဘူး။

မသေမျိုးစက္ကူအတွက်ကတော့ ပြဿနာမရှိပါဘူး။ သူခန္ဓာကိုယ်က သစ်ခေါက်ကိုသုံးပြီး စက္ကူဖြစ်အောင်လုပ်လိုက်ရုံပဲ။

စုတ်တံအတွက် အနီးစပ်ဆုံးသင့်တော်တဲ့ကုန်ကြမ်းက ငါတို့ရဲ့ဆံပင်တွေပေါ့။ ဒါပေမယ့် ငါတို့က လူတွေလေ။ ငါတို့ဆံပင်နဲ့ မသေမျိုးစုတ်တံလုပ်တာကျတော့ ဘယ်သင့်တော်မလဲ။

ဒီတော့ အချိန်မသေမျိုးက ချီလင်မသေမျိုးကို ပစ်မှတ်ထားတယ်။

ချီလင်မသေမျိုးရဲ့ အမြီးမှာ စုတ်တံလုပ်ဖို့တကယ်သင့်တော်တဲ့ အမွှေးဘုတ်သိုက်လေးရှိတယ်လေ။

ပထမဆုံး အချိန်မသေမျိုးက မသေမျိုးတစ်ဝက်အဆင့်စုတ်တံတစ်ချောင်းနဲ့ သားရဲတစ်ရာပန်းချီကားကိုဆွဲတယ်။ ဒီပန်းချီထဲမှာ သားရဲမ လှလှလေးတွေပါတယ်။ ဘယ်သားရဲမှ မလွန်ဆန်နိုင်တဲ့ အလှပိုင်ရှင်တွေပေါ့။

ပြီးတော့ ပန်းချီကားကိုပြဖို့ ချီလင်မသေမျိုးကို ဖိတ်ခေါ်တယ်။ ချီလင်မသေမျိုး ပန်းချီကားကို စွဲလန်းသွားတဲ့အချိန်မှာ အချိန်မသေမျိုးက ပန်းချီကားထဲဝင်ပြီး ကိုယ်တိုင်တွေ့ကြုံခံစားကြည့်ဖို့ အကြံပေးတယ်။

ချီလင်ကလည်း အပျော်လွန်နေတော့ ဘာမှသံသယမဖြစ်ဘူး။ အချိန်မသေမျိုးကို တကယ်ညီအကိုအစစ်ပဲလို ချီးကျူးပြီး ပန်းချီကားထဲ ချက်ချင်းဝင်သွားတယ်။

ချီလင်အာရုံလွင့်နေတဲ့အချိန်မှာ အချိန်မသေမျိုးက ပန်းချီကားထဲခိုးဝင်ပြီး သူ့အမြီးဖျားက အမွှေးအားလုံးကို ရိတ်လိုက်တယ်။

သူခိုးတဲ့ကိစ္စကို ဖုံးဖိဖို့ အချိန်စွမ်းအားနဲ့ ချီလင်ရဲ့အမြီးကအမွှေးတွေ မြန်မြန်ပြန်ပေါက်အောင် လုပ်တော့မယ့်အချိန်မှာ ချီလင်က အဖြစ်အပျက်ကိုသိသွားတယ်။

ဒေါသအကြီးအကျယ်ထွက်ပြီး အချိန်မသေမျိုးကို တိုက်ခိုက်တယ်။ သူတို့နှစ်ယောက်လုံး မသေမျိုးပညာစွမ်းတွေ အကုန်ထုတ်သုံးတယ်။ တိုက်ပွဲက ပြင်းထန်လွန်းတော့ ချီလင်ရဲ့ နဂါးနဲ့ဖီးနစ်မိန်းမနှစ်ယောက်က အာရုံခံမိသွားပြီး အပြေးတစ်ပိုင်းလာကြည့်ကြတယ်။

ဒါပေမယ့် ပန်းချီကားထဲက သားရဲမတွေရဲ့အလှကို သာယာမိလို့ အချိန်မသေမျိုးလှည့်စားတာ ခံလိုက်ရတာလို့တော့ ချီလင်က ဝန်မခံရဲဘူးလေ။ ဒီတော့ သူသတိလွတ်နေတဲ့အချိန်မှာ အချိန်မသေမျိုးက သူ့ကို ပန်းချီကားထဲ ပိတ်လှောင်ခဲ့တာပါလို့ ပြောတယ်။

အချိန်မသေမျိုးက တောင်းပန်တယ်။ သူ့ပန်းချီစွမ်းရည်အဆင့်အတန်းကို သိချင်လို့ ချီလင်ကို စမ်းသပ်လိုက်တာပါလို့‌ပြောတယ်။

ချီလင်ကလည်း မိန်းမနှစ်ယောက်ရှေ့မှာဆိုတော့ သူ့ကိုခွင့်လွှတ်သယောင် ဟန်ဆောင်တယ်။ အချိန်မသေမျိုးရဲ့ လေးစားတတ်တဲ့စိတ်ဓာတ်ကို ချီးကျူးတယ်။

အဲဒါပြီးတော့ အချိန်မသေမျိုးက နစ်နာကြေးအဖြစ် အဖိုးတန်လက်ဆောင်တစ်ခုပေးပါ့မယ်လို ကတိပေးတယ်။

ချီလင်က သဘောထားကြီးတဲ့လေသံနဲ့ 'ငါတို့က ညီအကိုတွေပါကွာ။ လောကဝတ်တွေမလိုပါဘူး'တဲ့။

အချိန်မသေမျိုးကလည်း လက်ဆောင်ပေးမှ သူစိတ်ဖြေသာမှာလို့ အတင်းပြောတယ်။

နဂါးမနဲ့ ဖီးနစ်မကလည်း ချီလင်ပိတ်မိခဲ့တာ ဘယ်လိုပန်းချီကားမျိုးလဲဆိုတာ သိချင်လာတယ်။ အဲဒီ့ပန်းချီကားကို ကြည့်ချင်တယ်လို့ပြောကြတယ်။ ဒါပေမယ့် ချီလင်နဲ့အချိန်မသေမျိုးနှစ်ယောက်လုံးက အတိုင်အဖောက်ညီညီနဲ့ ပန်းချီးကားက သူတို့တိုက်ခိုက်ကြတဲ့အချိန်မှာ ပျက်စီးသွားတယ်လို့ ပြောလိုက်တယ်။

နဂါးနဲ့ဖီးနစ်ကလည်း ဘာမှသိပ်မစဉ်းစားတော့ဘဲ သူတို့ပြောတာယုံသွားတယ်။ ပန်းချီကားဆုံးရှုံးသွားတဲ့အတွက် စိတ်မကောင်းကြောင်းပြောကြတယ်။

နောက်ပိုင်းမှာ ချီလင်မသေမျိုးက သားရဲတစ်ရာပန်းချီကားကို ချီလင်မသေမျိုးဆီ လက်ဆောင်ပေးလိုက်တယ်။ အဲလိုနဲ့ သူတို့နှစ်ယောက် ပြန်ရင်းနှီးလာတယ်။ ညီအကိုရင်းတွေလိုဖြစ်လာတယ်"

လုယန် - "..."

တကယ်ကောင်းသည့် မိတ်ဆွေဖွဲ့နည်းဖြစ်သည်။

လုယန် အတွေးနစ်နေသည်ကိုကြည့်၍ ဇာတ်လမ်းအကြောင်း ပြန်စဉ်းစားနေခြင်းဖြစ်မည်ဟု အကြီးအကဲယူဆလိုက်သည်။ သူထပ်ပြောသည်။

"ပြီးတော့ ရှေးဟောင်းမှတ်တမ်းတွေမှာ နောက်တစ်ခုပြောထားသေးတယ်။ သစ်သားမသေမျိုးက သားရဲတစ်ရာပန်းချီကားကိုဆွဲပြီး ချီလင်မသေမျိုးကို ပိတ်လှောင်တယ်။ ပြီးတော့ ပန်းချီကားထဲက သားရဲတွေကို တိုက်ခိုက်ခိုင်းတယ်တဲ့။ အဲဒီ့အဖြစ်အပျက်မျိုး မင်းမှတ်မိလား"

လုယန်တွေးသည်။ ထိုရှေးဟောင်းမှတ်တမ်းများ ဘယ်ကရသနည်း။ ဇာတ်လမ်းက မတရားသဖြင့်ချဲ့ကားထားခြင်းဖြစ်သည်။

ရှေးဟောင်းခေတ်မှ အဖြစ်မှန်ကို သူ့စိတ်ထဲသိမ်းထားခြင်းက အကောင်းဆုံးဖြစ်မည်ဟု သူတွေးမိသည်။ ထိုဇာတ်လမ်းအမှန်ထုတ်ပြောလိုက်၍ နဂါးနှင့်ဖီးနစ် ပါရမီရှင်နှစ်ယောက်သိသွားလျှင် ချီလင်မသေမျိုးကို ရိုက်ကြလိမ့်မည်။

ထိုမှတစ်ဆင့် ချီလင်က သတင်းဇစ်မြစ်ကို ခြေရာခံ၍လိုက်လာလျှင် သူ့ဆီရောက်လာမည်။ သူ့ကိုယ်ပိုင်အသက်လေး အန္တရာယ်ကြုံရမည်။

စဉ်းစားမရသည့်ပုံစံဖြင့် သူခေါင်းခါလိုက်သည်။

"ကျုပ်တစ်ခါမှ မကြားဖူးဘူး"

"ဟုတ်ပါပြီလေ"

မဟာအကြီးအကဲ လုယန်ကို သံသယမဖြစ်။ လုယန်သည် အသက်ငယ်သေးသည်။ အရားအားလုံးကို သိနိုင်မည်မဟုတ်။

စကားပြောနေရင်းမှာပင် မဟာအကြီးအကဲက ပန်းချီကားကိုထိန်းချုပ်၍ လုယန်နှင့်ထောင်ယော်ယဲ့ကို ဂိုဏ်းသို့ပြန်ပို့ပေးသည်။ ထို့နောက် တစ်နေရာသို့ သူပျောက်ကွယ်သွာားသည်။

"ညီနှစ်၊ အိပ်မနေနဲ့တော့။ ငါခုနက ဘာလုပ်ခဲ့လဲမင်းသိလား"

ဆေးစိုက်ခြင်းတံခါးဝတွင် တရေးတမောအိပ်နေသည့် လောင်ပါးကို မဟာအကြီးအကဲ လှုပ်နှိုးသည်။

မဟာအကြီးအကဲဖြစ်ကြောင်း သိသွားသည်နှင့် လောင်ပါးက အရေးမစိုက်ဘဲ တစ်ဘက်သို့စောင်းလှည့်၍ ပြန်အိပ်ရန် ကြိုးစားသည်။

သို့သော် မဟာအကြီးအကဲက အလွတ်မပေး။

"ခုနကပဲ မြေအောက်ကောင်းကင်ဘုရင်ဆိုတဲ့နာမည်သုံးပြီး နတ်ဆိုးဂိုဏ်းဒုဂိုဏ်းချုပ်နဲ့ ငါတွေ့ခဲ့တယ်"

"ဘာ"

လောင်ပါး ချက်ချင်းမျက်လုံးပြူးသွားပြီး ထထိုင်သည်။

"ဘာတွေဖြစ်ခဲ့တာလဲ ပြောပါဦး"

"လုယန်က ကိုးငရဲဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်နဲ့ သွားတွေ့တယ်။ သူ့လုံခြုံရေးအတွက်စိတ်ပူလို့ ငါ့ကို အတူလိုက်ခဲ့ပြီး ကာကွယ်ပေးဖို့ တောင်းဆိုတယ်။ လုယန်က ငါတို့ဂိုဏ်းရဲ့ အထူးချွန်ဆုံးတပည့်လေ။

ငါဘယ်လိုငြင်းနိုင်မှာလဲ။ ဒီတော့ အရိပ်ထဲမှာပုန်းပြီး သူ့ကိုစောင့်ရှောက်ပေးခဲ့တယ်။

လုယန်သွားတွေ့တဲ့ ဒုဂိုဏ်းချုပ်နာမည်က ကျောက်ရိုးတဲ့။ ငါ့ထောက်ပံ့မှုရှိနေတော့ လုယန်က တည်တည်ငြိမ်ငြိမ်ပါပဲ။ သက်တောင့်သက်သာနဲ့ ဟိုကောင်ရှိန်အောင် စကားပြောတယ်။

ရှေးဟောင်းကျင့်ကြံသူတစ်ယောက်တွေ့တယ်လို့ ‌ကျောက်ရိုးကပြောတယ်။ လုယန်ကို အတူလိုက်စုံစမ်းပေးဖို့ ဖိတ်ခေါ်တယ်။ ငါလည်းရှိနေတာပဲလေ။ လုယန် မသွားရဲစရာမှမရှိတာ။ သူက ချက်ချင်းလက်ခံလိုက်တယ်။

ဟုတ်တယ်ကွ။ သတင်းက တိကျတယ်။ ရှေးဟောင်းကျင့်ကြံသူတစ်ယောက် အဲဒီ့နေရာမှာ တကယ်ရှိတယ်။ အတော်ဆိုးဝါးတဲ့ သွေးစတေးနည်းသုံးပြီး ဝိညာဉ်တစ်သောင်းအလံကို သန့်စင်နေတာ။

အလံသန့်စင်တာ ပြီးသွားတော့ သားရဲတစ်သောင်း လေထဲမှာပြည့်နက်သွားတယ်။ ကောင်းကင်တစ်ခုလုံးတုန်ခါနေတာပဲ။ နားကွဲမတတ်အောဟစ်သံတွေ ကြောက်စရာကောင်းတဲ့လေပြင်းတွေ မုန်တိုင်းထန်နေတယ်။ လုယန်တောင် ကြောက်ပြီး ကြက်သေသေနေတယ်။

ဒီလိုမြင်ကွင်းမျိုး သူတစ်ခါမှမမြင်ဖူးသေးပဲကိုး"

လောင်ပါးခေါင်းငြိမ့်သည်။ စုစည်းခြင်းအဆင့် ဝိညာဉ်တစ်သောင်းအလံ အပြည့်အဝသန့်စင်ပြီးလျှင် ထိုမြင်ကွင်းမျိုးပေါ်လာသည်။ အဆင့်တူများပင် ရင်ဆိုင်ဖို့ခက်သည်။ လုယန်ကြောက်လန့်သည့်အဖြစ်က အံ့ဩစရာမရှိ။

ဤဝိညာဉ်အလံက သားရဲဝိညာဉ်အလံမျိုးဖြစ်သည်။ သားရဲဝိညာဉ်တို့သည် လူသားဝိညာဉ်ထက် ပို၍ကြမ်းတမ်းရက်စက်ကြသည်။ ကျင့်စဉ်နည်းနည်းသာနိမ့်သည့် ကျင့်ကြံသူများပင် သားရဲအော်သံကြားရုံဖြင့် ရူးသွပ်သွားနိုင်သည်။

"ကျောက်ရိုးနဲ့ ရှေးဟောင်းကျင့်ကြံသူ အပြင်းအထန်တိုက်ခိုက်ကြတယ်။ ပြိုင်ဘက်က စွမ်းအားကြီးနေတော့ ငါဝင်ပါရတာပေါ့။ ကောင်းကင်ရတနာတစ်ခုကိုင်ပြီး ဝိညာဉ်တစ်သောင်းကိုအရေးမစိုက်ဘဲ ရှေးဟောင်းကျင့်ကြံသူကို တစ်ချက်တည်းတိုက်ခိုက်ပြီး ငါအနိုင်တိုက်ခဲ့တယ်။

ရှေးဟောင်းကျင့်ကြံသူက ငါကျင့်စဉ်အဆင့်မြင့်မှန်းသိတော့ ကြောက်သွားတယ်။ ဒါပေမယ့် အရှုံးမပေးသေးဘူး။ ငါ့ကိုဘယ်သူလဲလို့မေးတယ်။ ငါသူ့ကို ခြေထောက်နဲ့နင်းထားပြီး တစ်လောကလုံးကို အထင်မကြီးတဲ့အကြည့်မျိုးနဲ့ ငါ့နာမည်ကို ကြေညာလိုက်တယ်။

"ငါဟာ ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ ကာကွယ်သူ၊ မြေအောက်ကောင်းကင်ဘုရင်ပဲ"လို့လေ"

လောင်ပါးမျက်လုံးများ လေးစားအားကျမှုကြောင့် အရောင်တောက်လာသည်။ ထိုမျှဇာတ်ရှိန်မြင့်သည့်အချိန်မျိုးတွင် သူလည်း ထိုနေရာတွင် ရှိနေခဲ့လျှင် ဘယ်လောက်ကောင်းမည်နည်း။

မဟာအကြီးအကဲစိတ်ထဲ တွေးနေသည်။

'ငါက တာအိုလမ်းစဉ်ဂိုဏ်းရဲ့ သတင်းအချက်အလက်တွေကို စီမံနေတဲ့လူဆိုတော့ လုယန်အစီအစဉ်တွကို မင်းတို့ထက်အရင်သိတာပေါ့ကွာ'

"ကဲ၊ ငါလုပ်စရာတွေရှိသေးလို့ သွားတော့မယ်"

မဟာအကြီးအကဲ အမြန်ထွက်သွားသည်။ လောင်ပါး အားကျရင်းကျန်ရစ်ခဲ့သည်။

....

"ညီသုံး၊ လယ်ထွန်မနေနဲ့တော့။ ခုနက ငါဘာလုပ်ခဲ့လဲသိလား"

"ညီ'လေး'၊ စာဖတ်မနေနဲ့တော့။ ခုနက ငါဘာလုပ်ခဲ့လဲသိလား"

....

လုယန်နှင့် နှုတ်ဆက်ခွဲခွာပြီးနောက် ခရီးစဉ်တစ်လျှောက်ကြုံခဲ့ရသည့် အဖြစ်အပျက်များကို ‌ထောင်ယော်ယဲ့ ပြန်စဉ်းစားနေသည်။ ခမ်းနားသည့်မြင်ကွင်းများစွာ သူမြင်ခဲ့ရသည်။

သူ့လိုအပ်ချက်များ အားနည်းချက်များကို ပိုသတိထားမိလာသည်။

"အကိုလုကို အမီလိုက်နိုင်ဖို့ ငါအများကြီးကြိုးစားရဦးမယ့်ပုံပဲ။

အကိုလုက စုစည်းခြင်းအဆင့် ကျင့်ကြံသူတွေနဲ့ ပုံမှန်အတိုင်း စကားပြောနိုင်တယ်။ ရှေးဟောင်းခေတ်ဗဟုသုတတွေ ကျင့်စဉ်ပညာတွေကို လွယ်လွယ်ကူကူ ကိုးကားပြီးပြောနိုင်တယ်။ သူဘယ်လိုများ လေ့လာခဲ့တာလဲ။

ငါလည်းသူ့လို ဗဟုသုတကျယ်ပြန့်ပြီး တည်ငြိမ်တဲ့ဟန်ပန်မျိုး ဖြစ်ချင်တယ်။ အကိုလုက ရှေးဟောင်းခေတ်သမိုင်းကို ထူးထူးခြားခြားကျွမ်းကျင်နှံ့စပ်ပြီး အကြီးအကဲတွေထက်တောင်သာတယ်လို့ ငါကြားဖူးတယ်။

ဒီလိုဆိုရင် ငါလည်း ရှေးဟောင်းခေတ်သမိုင်းကို စလေ့လာရမှာပဲ"

ထိုစဉ် ရုတ်တရက် ပြင်းထန်သည့်ဖိအားတစ်ခု သူခံစားလိုက်ရသည်။ ပြင်းထန်လွန်းသဖြင့် အသက်ရှူပင်မဝတော့။

နောက်လှည့်ကြည့်လိုက်သည်။ သူ့ဆရာက သူ့ကိုပြုံး၍ကြည့်နေပြီး သိစိတ်အာရုံမှလှမ်းပြောသည်။

"အပြင်ကနေ အခုမှပြန်ရောက်တာလား။ မင်းရဲ့ငှက်မသေမျိုးခန္ဓာကျင့်ကြံမှုအခြေအနေက ဘယ်လိုလဲ"

ထောင်ယော်ယဲ့နဖူးတွင် ချွေးစေးများထွက်လာသည်။ အကိုလုနှင့်အပြင်သွားဖို့ စိတ်လှုပ်ရှားနေသဖြင့် ငှက်မသေမျိုးခန္ဓာကျင့်ကြံဖို့ကိစ္စ သူလုံးဝမေ့သွားသည်။

*******************************************

All Chapters