← Chapters

ကြယ်ကိုးလုံးတန်းခြင်း

Vol. 26 Ch. 389

ကြယ်ကိုးလုံးတန်းခြင်း

Vol. 26 Ch. 389

လုယန် ကောင်းကင်ဂိတ်တောင်ထိပ်သို့ ပြန်ရောက်ပြီးနောက် ဓားစွမ်းအင်ပြည့်နေသည့် ကျောက်တုံးကြီးပေါ် တင်ပျဉ်ခွေထိုင်၍ ပါးစပ်ဟပြီး ဝိညာဉ်စွမ်းအင်များစုပ်ယူသည်။ ကျင့်ကြံမှုကို အာရုံစိုက်ထားသည်။

အဆုံးစမဲ့ဝိညာဉ်စွမ်းအင်စီးကြောင်းတစ်ခု သူ့ကိုယ်ထဲသို့ စီးဝင်လာသည်။ နှလုံးသဘာဝဉာဏ်အလင်းကျင့်စဉ်ကြောင့် ထိုစွမ်းအင်စီးကြောင်းက သန့်စင်သည့်ဝိညာဉ်စွမ်းအားဖြင့် အသွင်ပြောင်းပြီး သူ့ကိုယ်ထဲတွင် ထိုးထွက်လာသည်။

လက်နှစ်ချောင်းကိ ဖြေးညှင်းစွာ ဆန့်ထုတ်လိုက်သည်။ သုံးလက်မရှည်သည့် အပြာရောင်ဓားရိပ်တစ်ခု သူ့လက်ချောင်းထိပ်တွင်ပေါ်လာသည်။

"သွားတော့"

လက်ကိုဆတ်ခနဲလှုပ်ရှားလိုက်သည်နှင့် ဓားရိပ်က ရှေ့သို့ပျံသန်းသွားပြီး သစ်ပင်သုံးပင်ကို ထုတ်ချင်းပေါက်သွားသည်။ လေးခုမြောက်သစ်ပင်ထဲသို့ လက်မဝက်ခန့်စိုက်ဝင်သည်။ ထို့နောက် ပျောက်ကွယ်သွားသည်။

ထိုသစ်ပင်များသည် သာမန်သစ်ပင်မဟုတ်။ ကောင်းကင်ဂိတ်တောင်ထိပ်တွင် ဝစီပိတ် အထူးတလည်စိုက်ပျိုးထားသည့် နဂါးခွေသစ်ပင်များဖြစ်သည်။ အမြစ်များက ရစ်ခွေနေသည့်နဂါးများကဲ့သို့ ထူထဲသည်။ သစ်ခေါက်များက နဂါးကြေးခွံနှင့်တူသည်။

ထိုသစ်ပင်အကြောင်း ဒဏ္ဍာရီရှိသည်။ နတ်ဆိုးနယ်မြေမှ စစ်ပွဲကြီးတစ်ခုအတွင်း နဂါးစစ်များစွာ ကျဆုံးခဲ့သည်။ သူတို့သွေးများကြောင့် အနီးအနားမှရေကန်တစ်ခု အနီရောင်လွှမ်းသွားသည်။ ကန်စပ်တွင်ပေါက်နေသည့် သစ်ပင်များလည်း နဂါးစစ်သွေးစွမ်းအင်ကြောင့် သန္ဓေပြောင်းပြီး နဂါးစွမ်းအားရလာသည်ဟုဆိုသည်။

ထိုသို့ဖြင့် နဂါးခွေသစ်ပင်မွေးဖွားလာသည်။

ထိုသစ်ပင်များသည် အလွန်တရာတန်ဖိုးကြီးသည်။ ဂိုဏ်းငယ်များတွင် အလှဆင်ဖို့အတွက် သစ်ပင်တစ်ပင်နှစ်ပင်သာ ဝယ်နိုင်ကြသည်။ သို့သော် ကောင်းကင်ဂိတ်တောင်ထိပ်တွင် တောအုပ်ငယ်တစ်ခုစာရှိသည်။

လုယန် မျက်လုံးဖွင့်၍ သစ်ပင်သုံးပင်၏ အခေါင်းပေါက်များကိုဖြတ်၍ ကြည့်သည်။ လေးခုမြောက်သစ်ပင်တွင် လက်မဝက်ခန့် ထိုဖောက်ထားသည်ကိုမြင်ရသဖြင့် အတော်ပျော်သွားသည်။

အရင်က သစ်ပင်သုံးပင်ထိုးဖောက်ပြီး သူ့စွမ်းအင်ဓားရိပ် အားနည်းသွားသည်။ လေးခုမြောက်သစ်ပင်၏အခေါက်ကိုပင် ခြစ်ရာထင်အောင်မလုပ်နိုင်။

"ငါလေ့ကျင့်ခဲ့ရတဲ့ အကျိုးကျေးဇူးပဲဖြစ်မယ်"

လုယန်တွေးသည်။ ဓားစွမ်းအင်အသုံးချမှု ပိုကျွမ်းကျင်လာသလို ခံစားရသည်။ သူ့လက်ချောင်းထိပ်တွင် မြွေတစ်ကောင်လိုရစ်ခွေနေသည့် သုံးလက်မအပြာရောင်ဓားရိပ်က လျင်မြန်သည်။ တိကျသည်။

ထိုဓားရိပ်ကို နားကလော်ဖို့ပင် သုံးလို့ရလောက်သည်ဟု ဟာသတွေးမိသည်။

"ဆိုတးာပဲ။ ငါနဲ့အဆင့်တူထဲမှာ ငါနဲ့ဓားစွမ်းအားယှဉ်နိုင်တဲ့လူမရှိဘူး။ တစ်ယောက်ယောက်နဲ့ ပညာပြိုင်ပြီး တိုက်ခိုက်ရရင် သိပ်ကောင်းမှာပဲ"

လုယန် ဝမ်းနည်းပက်လက်ခေါင်းခါသည်။

အဆင့်တူချင်းတွင် တစ်ခြားလူများနှင့် ဓားရေးမယှဉ်ဖူးပါ။ သို့သော် ပြိုင်ဘက်ကင်းသန္ဓေလွှမ်းမိုးမှုကြောင့် သက်တူရွယ်တူများကြားတွင် ထိပ်ဆုံးဓားသမားဟု သူယုံကြည်နေသည်။

နတ်မယ် သဘောကျဟန်ဖြင့် အသာခေါင်းငြိမ့်လိုက်သည်။ ထိုစိတ်ဓာတ်သည် ပြိုင်ဘက်ကင်းစိတ်ဓာတ်ပင်ဖြစ်သည်။

သူ့အတိတ်တစ်ချိန်ကပုံစံကို လုယန်ထံတွင် ပြန်မြင်နေရသည်။ လုယန်သည် နောင်တစ်ချိန် အောင်မြင်မှုကြီးစွာ ရလာလိမ့်မည်။

"ဒါနဲ့ နတ်မယ်၊ ခင်ဗျားနဲ့တစ်ခြားမသေမျိုးတွေ ဗုဒ္ဓဝါဒကို ဖန်တီးခဲ့တာဆိုတော့ ဗုဒ္ဓနိုင်ငံလက်ဝါးပညာအကြောင်းသိလား"

"ဘာပညာရယ်"

"ဒီလောက်နာမည်ကြီးတဲ့ပညာကိုတောင် မကြားဖူးဘူးလား။ ဒီကျင့်စဉ်ပညာဟာ ဗုဒ္ဓရဲ့ အဓိပဓိလေဟာနယ်ပညာလို့ ပြောကြတယ်။ ကောင်းကင်မျက်လုံးတို့ ကောင်းကင်နားတို့လို နတ်စွမ်းရည်ပညာခြောက်မျိုးထက်တောင် ပိုသာတယ်။

ဗုဒ္ဓနိုင်ငံလက်ဝါးပညာက ကျယ်ပြန့်တဲ့လေဟာနယ်စွမ်းအားနဲ့ နိုင်ငံကြီးတစ်ခုကို လက်ဝါးနဲ့ထိန်းချုပ်နိုင်တယ်။ နတ်စွမ်းအားတွေ အမြန်နှုန်းတွေ ဘယ်လောက်အားကောင်းကောင်း လက်ဝါးထဲမှာ ပိတ်မိသွားတာနဲ့ မလွတ်တော့ဘူး။ လက်ဝါးတစ်ချက်ရိုက်တာနဲ့ တစ်နိုင်ငံလုံးပျက်စီးတယ်။ ယှဉ်လို့မရဘူး။ တားဆီးမရဘူး။

အနောက်ပိုင်းရွှေဗုဒ္ဓနိုင်ငံဟာ တကယ်တော့ ဗုဒ္ဓနိုင်ငံလက်ဝါးစွမ်းအားကို ပြထားတာလို့ တစ်ချို့ကပြောကြတယ်"

နတ်မယ် ခဏစဉ်းစားနေသည်။

"ဗုဒ္ဓနိုင်ငံလက်ဝါးတော့ မကြားဖူးဘူး။ နောက်မျိုးဆက်တွေတီထွင်တဲ့ပညာဖြစ်မယ်။ ဒါမမဟုတ် ငါတို့ခေတ်က ပညာရပ်တစ်ခုကို နာမည်ပြောင်းလိုက်တာဖြစ်မယ်။

ဥပမာပြောရရင် စကြာဝဠာလက်ဝါးလို့ခေါ်တဲ့ ပညာတစ်မျိုးတော့ ငါသိတယ်။ လက်ဝါးထဲမှာ မိုးမြေကိုထိန်းထားတယ်။ ကောင်းကင်ကကြယ်တွေဟာ လက်ဝါးထဲက ကစားစရာအရုပ်သက်သက်ပဲ။ နေနဲ့လက ယင်နဲ့ယန်အစက်ကလေးနှစ်စက်လိုပေါ့။ ဘာမှမပြောပလောက်ဘူး။

စကြာဝဠာလက်ဝါးပညာကို နောက်ပိုင်းမျိုးဆက်တွေက ဗုဒ္ဓနိုင်ငံလက်ဝါးလို့ ခေါ်တာဖြစ်မှာပါ။ အဲလိုပဲ နာမည်ပြောင်းတတ်ကြတယ်လေ။

အမည်မသိစွမ်းအားရှင်တစ်ယောက် ကြယ်ကမ္ဘာတွေကို တိုက်နယ်အဖြစ်သန့်စင်ခဲ့တယ်ဆိုတဲ့ ဒဏ္ဍာရီတွေတောင် ရှိတာပဲ။ ဒါလည်း အဲဒီ့ပညာပဲဖြစ်ဖို့များတယ်"

စကြာဝဠာလက်ဝါးဖြင့် ကြယ်ကမ္ဘာများထိန်းချုပ်နိုင်သူအကြောင်း တွေးမိပြီး လုယန်တုန်လှုပ်သွားည်။ ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို လိုသလိုထိန်းချုပ်နိုင်ဖို့ဆိုလျှင် ကြောက်စရာကောင်းသည့် အဓိပဓိစွမ်းအားမျိုးရှိရမည်။

မသေမျိုးများ၏စွမ်းအား၊ သဘာဝအန္တရာယ်စွမ်းအားများသည် ဘာမှမပြောပလောက်တော့။

"ကြယ်တွေဟာ သီးခြားလမ်းကြောင်းတစ်ခုအတိုင်း လည်ပတ်တယ်ဆိုတာ နင်သိလား။ ...ဪ..ဟုတ်သားပဲ။ နင်က အာကာသထဲကို တစ်ခါမှမရောက်ဖူးသေးတော့ ကြယ်တွေဘယ်လိုရွေ့လျားသလဲ မြင်ဖူးမှာမဟုတ်ဘူး"

သူ့လေသံက ဝင့်ကြွားရိပ်အနည်းငယ်သန်းသည်။

"ငါအရင်က စကြာဝဠာကိုဖြတ်ပြီး ခရီးထွက်ဖူးတယ်။ ဂြိုလ်ငယ်တွေ ဂြိုလ်ကြီးတွေကိုလည်ပတ်တာ မြင်ခဲ့ရတယ်။ သေးတဲ့ကြယ်တွေက ကြီးတဲ့ကြယ်တွေကို လည်ပတ်နေတယ်။ ဒါဟာ ကောင်းကင်ကြယ်တာရာတွေရဲ့ သဘာဝနိယာမလားလို့ တွေးတယ်။

ကြီးမြတ်တဲ့ ငါထာဝရနတ်မယ် စောင့်ကြည့်လေ့လာတယ်၊ ပုံတွေဆွဲတယ်၊ တွက်ချက်တယ်။ နောက်ဆုံးကျတော့..."

"ကြယ်တာယာတွေလှုပ်ရှားတဲ့ နိယာမသဘောတွေကို ခန်းမှန်းမိသွားတယ်ပေါ့"

လုယန် စကားဖြတ်ပြောလိုက်သည်။ နတ်မယ် တကယ်ဦးနှောက်သုံးခဲ့သည့်အချိန်များလည်း ရှိခဲ့သည်ဟု ယူဆသည်။

"နောက်ဆုံးမှာ ကိုးဆမသေမျိုးက ငါ့ကိုပြောတယ်။ ကြယ်တာရာလည်ပတ်မှုနိယာမတွေကို ဟိုအရင်ကတည်းက တစ်ခြားတစ်ယောက် တွက်ချက်နားလည်ထားပြီးသားပါတဲ့"

လုယန် "..."

သဘာဝကျပါသည်။ အာကာသထဲသွားဖို့ မသေမျိုးဖြစ်စရာမလို။ စုစည်းခြင်းအဆင့် ကူးဖြတ်ခြင်းအဆင့်လောက်ရောက်လျှင် အာကာသသို့ သွားနိုင်သည်။ တကယ်စိတ်ဝင်စားလျှင် ကြယ်ကမ္ဘာများဘေးတွင် လေးငါးဆယ်နှစ်ထိုင်နေပြီး အလွယ်တကူစောင့်ကြည့်လေ့လာနိုင်သည်။

အချိန်မှော်ပညာတတ်ကျွမ်းသူများဆိုလျှင် နာရီဝက်အတွင်း တွက်ချက်နားလည်နိုင်လောက်သည်။

"အဲဒီတုန်းက ကြယ်တာယာတွေသုံးပြီး ဗေဒင်ဟောတဲ့ပညာ ခေတ်စားခဲ့တယ်။ နာမည်ကျော်နက္ခတ်ဗေဒင်ဆရာတစ်ယောက်က ကြယ်စုတစ်ခုကို လက်ညှိုးထိုးပြီးပြောတယ်။ ကြယ်ကိုးလုံးတစ်တန်းတည်းကျရင် အဲဒီအာကာသနယ်မြေက ကြယ်ကမ္ဘာတွေ ကပ်ဆိုက်မယ်။ အင်ပါယာတွေပြိုလဲမယ်တဲ့။

ကြယ်တွေရဲ့လှုပ်ရှားမှုကို အခြေခံပြီးတွက်ချက်ထားတာက နောက်သုံးနှစ်ကြာရင် ကြယ်ကိုးလုံး တစ်တန်းတည်းကျမှာ။

အဲဒီ့နက္ခတ်တာရာပညာရှင်နာမည်က ရှီစန်းတဲ့။ တော်ဝင်ရှီမျိုးနွယ်ကပါ။ နာမည်ကြီးပဲ။ သူ့ခန့်မှန်းချက်တစ်ဝက်လောက်က တကယ်တိကျတယ်။

ဘယ်လိုဖြစ်လာလဲသိလား။ တစ်ချို့ကျင့်ကြံသူတွေက ကံကြမ္မာကို ယုံတယ်။ တစ်ချို့က မယုံဘူး။ အဲဒီ့ကပ်ဆိုးဟောကိန်းနဲ့ပတ်သက်လို့ အကြီးအကျယ်ငြင်းခုန်ပွဲကြီး စကြတယ်။

ကံကြမ္မာကို ယုံကြည်တဲ့လူတွေက ရှီစန်းပြောတာကိုယုံတယ်။ အဲဒီကြယ်စုထဲမှာ နေကြတဲ့လူတွေ မြန်မြန်ပြောင်းရွှေ့သင့်တယ်လို့ အကြံပြုတယ်။ သူတို့ပြောင်းရွှေနေထိုင်လို့ရတယ် တစ်ခြားကြယ်ကမ္ဘာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အတော်လေးတော့ အားစိုက်ရမယ်ပေါ့လေ။

ကံကြမ္မာကို မယုံကြည်တဲ့လူတွေကျတော့ သန်းထောင်သောင်းချီတဲ့လူတွေကီု ဟောကိန်းတစ်ခုလောက်နဲ့ ပြောင်းရွှေ့တာက မဖြစ်သင့်ဘူးလို့ ယူဆတယ်။ ပြောင်းရွှေ့ရင်းနဲ့တောင် လူတွေအများကြီးသေကြမယ်။ ကြယ်ကမ္ဘာသစ်မှာ စပြီးအခြေချဖို့ဆိုရင် မျိုးရိုးအဆက်ဆက်ကြိုးစားဦးမှာတဲ့"

"ဒါဆို ခင်ဗျားကရောနတ်မယ်။ ကံကြမ္မာကို ယုံတဲ့ဘက်ကလား မယုံတဲ့ဘက်ကလား"

"ငါအဖြစ်အပျက်အားလုံးကို နားထောင်ပြီးတော့ ကြယ်ကိုးလုံးထဲက လူမနေတဲ့ကြယ်တစ်လုံးကို ရိုက်ခွဲလိုက်တယ်လေ။ အဲတော့ ကြယ်ကိုးလုံး ဘယ်တော့မှ တစ်တန်းတည်းမကျနိုင်တော့ဘူးပေါ့"

လုယန်ကျိတ်၍ ချီးကျူးမိသည်။ နတ်မယ်သည် တကယ်လေးစားစရာကောင်းလှသည်။

"အဲဒီ့ပထမကြယ်ပျက်စီးသွားတော့ ကြယ်သန္ဓေထဲမှာဝှက်ထားတဲ့ မှော်စက်ဝန်းတစ်ခုတွေ့တယ်။

ငါစိတ်ဝင်စားတာနဲ့ ကျန်တဲ့ကြယ်ရှစ်လုံးကိုလည်း စစ်ဆေးကြည့်တယ်။ သေချာတာပေါ့...ကြယ်ကမ္ဘာတိုင်းရဲ့သန္ဓေမှာ အမျိုးစားတူမှော်စက်ဝန်းတွေရှိနေတယ်လေ။

ငါ့အထင်တော့ ကြယ်ကိုးလုံးတန်းတဲ့အချိန်ကျရင် မှော်စက်ဝန်းတွေ အချင်းချင်းတွန်းကန်ပြီး ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်လာမယ့်သဘောပဲ"

"ဒီကိစ္စက တမင်ကြံစည်ထားတာလား"

နတ်မယ် နှာခေါင်းရှုံ့သည်။

"ဟုတ်တယ်၊ ရှီစန်းလေ။ အဲဒီ့ခွေးသူတောင်းစားက ကြိုတင်အစီအစဉ်ချပြီး နက္ခတ်ဟောကိန်းနဲ့ လူတွေဂဏာမငြိမ်ဖြစ်အောင်လုပ်တယ်။ အဲလိုနဲ့ သူကြီးပွားနေတာပဲ။ သူဟောကိန်းထုတ်ခဲ့တဲ့ ကပ်ဆိုးအားလုံးက သူလျှို့ဝှက်စီစဉ်ထားတာတွေချည်းပဲ။

ငါဒေါသထွက်လွန်းလို့ ရှီစန်းကိုသတ်လိုက်တယ်။ သူတို့ရှီမျိုးနွယ်လာတောင်းပန်ပြီး လျော်ကြေးပေးတာတောင် ငါလက်မခံခဲ့ဘူး။ သူ့ကို အပြတ်ရှင်းတယ်။

ငါကူးဖြတ်ခြင်းအဆင့်တက်တဲ့အချိန်မှာ ရှီမျိုးနွယ်က လာနှောက်ယှက်ကြသေးတယ်။ ဒါပေမယ့် သူတို့မအောင်မြင်ပါဘူး။

ဘာမှလည်း မပြောပလောက်ဘူး။ ရှေးဟောင်းခေတ်မှာ ငါ့ပါရမီက ပြိုင်ဘက်ကင်းပဲလေ။ သူတို့နှောက်ယှက်ပေမယ့် ငါကူးဖြတ်ခြင်းအဆင့်ကို ရောက်ခဲ့တာပါပဲ"

လုယန် အံ့ဩသွားပြီး လက်ခုပ်တီးလိုက်သည်။

ရှေးဟောင်းခေတ်မှ အကြံအစည်များက တကယ်ခန့်မှန်းမရအောင် ဆန်းကြယ်သည်။ ကြယ်စုတစ်ခုလုံးကိုသုံး၍ လှည့်စားဖို့ကြံသည်။ ထိုကပ်ဆိုးကြောင့် လူပေါင်းဘယ်လောက် ဒုက္ခရောက်ခဲ့မည်မသိ။

ရှေးဟောင်းခေတ်အကြံစည်များ ကြောက်စရာကောင်းပုံကို ပြန်စဉ်းစားနေစဉ် နတ်မယ်၏စကားသံပေါ်လာသည်။

"ဒါနဲ့...စကြာဝဠာလက်ဝါးပညာကိုသင်ချင်လား။ ဒီပညာကို ငါတတ်ပါတယ်"

"စကြာဝဠာလက်ဝါးလား...ကျုပ်ကိုလား..."

လုယန် သေးငယ်သည့်သူ့လက်ကလေးကို တစ်ချက်ငုံ့ကြည့်သည်။ နတ်မယ်သူ့ကို အထင်ကြီးလွန်းနေပုံရသည်။

************************************

All Chapters