← Chapters

စကြာဝဠာလက်ဝါးပညာ

Vol. 26 Ch. 390

စကြာဝဠာလက်ဝါးပညာ

Vol. 26 Ch. 390

"ငါမြင်သလောက်တော့ မင်းမှာ လေဟာနယ်ပညာတွေအတွက် ထူးခြားတဲ့ပါရမီရှိတယ်။ စဉ်းစားကြည့်ပါ။ 'ခြေတစ်လှမ်းမိုင်ချီ" ပညာရပ်မျိုးဟာ မင်းရဲ့လက်ရှိကျင့်စဉ်အဆင့်နဲ့ သင်နိုင်တဲ့ပညာမဟုတ်ဘူး။ ဒါပေမယ့် မင်းကသင်နိုင်ခဲ့တယ်လေ"

လုယန်၏ လေဟာနယ်မှော်ပညာပါရမီကို နတ်မယ်အတော်သဘောကျသည်။

ရှေးဟောင်းခေတ်တွင် ထာဝရနတ်မယ်၏ ချီးကျူးခြင်းခံရဖို့ဆိုသည်မှာ အခွင့်အရေးတစ်သောင်းထက် ပို၍အဖိုးတန်သည်ဟု သတ်မှတ်ကြသည်။ လူတစ်ယောက်ကို အောင်မြင်ကျော်ကြားအောင် တွန်းပို့နိုင်စွမ်းရှိသည်။

သို့သော် လုယန်က ထိုအချက်ကိုနားမလည်။ သူ့အမြင်အရ နတ်မယ်ကသူ့ကို အခက်အခဲများသာထပ်ပေးသည်ဟု ယူဆသည်။

ရှေးဟောင်းခေတ်ကဆိုလျှင် ထိုကောင်းချီးမျိုးကို အသိအမှတ်မပြုသည့် သူ့လိုလူကို 'ကျေးဇူးကန်း'သူဟု ကင်ပွန်းတပ်ကြပေလိမ့်မည်။

"အင်း..ဟုတ်ပါပြီ။ စမ်းကြည့်မယ်လေ"

ပုံမှန်လေ့ကျင့်မှုမှ ခဏနားရင်း အတွေ့အကြုံယူရန် လုယန်ဆုံးဖြတ်လိုက်သည်။

"နင်ဒီပညာကို အပြည့်အဝကျွမ်းကျင်ဖို့တော့ ငါမမျှော်လင့်ပါဘူး။ အခြေခံစည်းမျဉ်းလောက်သိရင်ကို တစ်ခြားလေဟာနယ်ပညာတွေအသုံးချနိုင်စွမ်းကို အများကြီးတိုးတက်စေမှာပါ။ မှော်ပညာအသက်သွင်းနိုင်တဲ့ အမြန်နှုန်းလည်း အများကြီးတိုးတက်လာလိမ့်မယ်"

စကြာဝဠာလက်ဝါးပညာသည် လုယန်အတွက် ခက်ခဲဦးမည်ကို နတ်မယ်သိသည်။ သို့သော် မည်သို့ဖြစ်စေ သူသင်ပေးချင်သည်။

သူသင်ပေးချင်လျှင် ဘယ်သူမှတားနိုင်မည်မဟုတ်။

လုယန် ဓားစွမ်းအင်ကျောက်တုံးပေါ်မှ ဂျွမ်းသုံးပတ်ပစ်၍ ခုန်ဆင်းသည်။ မြေပေါ်သို့ ဟန်မပျက်ကျလာသည်။

နတ်မယ်ကသူ့ကို သိစိတ်နယ်မြေထဲသို့ ဆွဲခေါ်သည်။ ခဏစဉ်းစားပြီးနောက် သူ့ဝတ်စုံကို ရိုးရာစာပေသမားဝတ်စုံသို့ ပြောင်းလိုက်သည်။ ရှေးဟောင်းခေတ်မှ ဆရာတစ်ယောက်နှ်င့ တူလာသည်။ ဝတ်စုံပြောင်းလိုက်သဖြင့် ပညာရှင်အသွင် ပို၍ပေါက်လာသည်။

"ဟား...အခုမှ ခံစားချက်မှန်သွားတယ်။ နင့်ကိုမသင်ခင် ငါတစ်ကြိမ်သရုပ်ပြပေးမယ်"

နတ်မယ် မပွင့်တပွင့်ပြုံး၍ ပြောသည်။

လုယန် စကားပြန်မပြောနိုင်မီ အခန်းလေးခန်း ဧည့်ခန်းနှစ်ခန်းပါသည့် သိစိတ်နယ်မြေက အဆုံးစမဲ့အနက်ရောင်လေဟာနယ်အဖြစ် ပြောင်းလဲသွားသည်။ ကြယ်ပေါင်းများစွာ သူ့ရှေ့တွင်ပေါ်လာသည်။ အကွာအဝေးနှင့်ယှဉ်လျှင် သူတို့အလင်းရောင်က မှိန်းလွန်းသည်။ ကျယ်ပြန့်သည့်လေဟာနယ်တွင် ပြန့်ကျဲတည်ရှိနေသည်။

နတ်မဘ်က လုယန်ရှေ့တွင်ရပ်လျက် သူ့လက်ဝါးလေးကိုမြှောက်ပြီး အားအပြည့်ဖြင့် အောက်သို့ဖိချသည်။

လုယန် မျက်လုံးမှေးစင်းလျက် သူ့ဦးခေါင်းထက်မှ အနက်ရောင်လေဟာနယ်ကို ထိုးဖောက်ကြည့်ရန် ကြိုးစားသည်။ သို့သော် လေဟာနယ်က ကျယ်ပြန့်လွန်းသဖြင့် နားလည်ဖို့ ခက်ခဲသည်။ သူ့ဦးခေါင်းပေါ်တွင် တစ်စုံတစ်ခု ရှိနေသည်ကို ခံစားမိသည်။

"ဟာ"

ရုတ်တရက် ခေါင်းပေါ်မှကြယ်များ ပျောက်သွားသည်။ တစ်စုံတစ်ခုက သူ့မြင်ကွင်းကို ပိတ်ဆို့လိုက်သလိုပင်ဖြစ်သည်။

ကြီးမားသည့်လက်တစ်ဘက် အမှောင်ထုထဲမှ ထွက်ပေါ်လာသည်။ မြင်ကွင်းတစ်ခုလုံး ပြည့်နက်နေသည်။ လက်ဝါးပြင်မှလွဲ၍ တစ်ခြားဘာမှမမြင်ရ။ အရာအားလုံးက သေးငယ်နေသည်။

လက်ဝါးပြင်မှ အရေးအကြောင်းများက ထင်ရှားသည်။ နူးညံ့သည့် လက်ဗွေပုံစံများက ကြယ်တာယာလမ်းကြောင်းများကို ကိုယ်စားပြုသည်။ လက်ဝါးပြင်ထဲမှကြယ်များက သဲမှုန်များနှင့်တူသည်။

ကူးဖြတ်ခြင်းအဆင့်၏ စွမ်းအင်ဖိအားနှင့် တောင်ဖြိုစွမ်းအားကို လုယန်မြင်ဖူးပါသည်။ သို့သော် ထိုလက်ဝါးနှင့် ဘယ်လိုမှယှဉ်၍မရ။ အတိတ်က သူတွေ့ကြုံခဲ့သည့်အရာအားလုံးက အသေးအဖွဲသာဖြစ်သည်။ နှိုင်းယှဉ်စရာစွမ်းအားအစစ်အမှန် မရှိ။

စိတ်ဖိအား၊ မွန်းကြပ်ခြင်း၊ စိတ်အားငယ်မှု...။ ထိုစိတ်ခံစားချက်များ သူ့ရင်ထဲတွင် အလိုလိုဖြစ်ပေါ်လာသည်။ ပလိပ်ကပ်ရောဂါလို တဖြေးဖြေးတိုးပွားလာသည်။

"သေချာကြည့်ထား။ ဒါ စကြာဝဠာလက်ဝါးပဲ"

လက်ဝါးရိပ်ကြီး အောက်သို့ဆင်းလာသည်။ လုယန်၏မြင်ကွင်းတစ်ခုလုံး အမှောင်ကျသွားသည်။ သိစိတ်အာရုံလည်း မှေးမှိန်ပျောက်ကွယ်သွားသည်။

ပြန်သတိရလာချိန်တွင် နတ်မယ်က သူ့ကိုအပေါ်စီးမှ မိုး၍ကြည့်နေသည်ကို မြင်ရသည်။ ခန္ဓာကိုယ်အထက်ပိုင်းက သူ့ခန္ဓာကိုယ်ပေါ် ကန့်လန့်ဖျတ်ရှိနေသည်။ မျက်လုံးဝိုင်းများကို တဖျတ်ဖျတ်ခတ်၍ စိတ်ဝင်စားဟန်ဖြင့် သူ့ကိုလေ့လာနေသည်။

"နင်လန့်အောင်လုပ်မိသွားလား"

"မဟုတ်ဘူး၊ ခင်ဗျားကျုပ်ကို သတ်လိုက်တာ"

လုယန် ခပ်တိုးတိုးရေရွတ်သည်။

"အိုး..ဟုတ်ပါပြီ။ ဒါဆို ဘယ်လိုလဲ။ စကြာဝဠာလက်ဝါးစွမ်းအားကို ခံစားမိလား"

လုယန် ကြောက်စိတ်မပြေသေး။ ယခုချိန်မှစ၍ နတ်မယ်ကို ရိုရိုသေသေဆက်ဆံမှ ပိုအဆင်ပြေမည်ဟု သူတွေးမိသည်။

"နတ်မယ်၊ ကျုပ်ရဲ့သိစိတ်နယ်မြေကို ခင်ဗျားချဲ့ပေးနိုင်လား"

သူ့သိစိတ်နယ်မြေ ကျဉ်းလွန်းသဖြင့် လှုပ်ရရှားရမလွတ်လပ်ဟု နတ်မယ် အရင်ကညည်းညူဖူးသည်။

ယခု နတ်မယ် တင်ပါးပေါ်လက်တင်၍ ဝင့်ကြွားသည့်လေသံဖြင့်ပြောသည်။

"ခဏတော့ ချဲ့ပေးနိုင်တယ်။ အရင်ကဆိုရင် ငါဒီလိုမလုပ်နိုင်ဘူး။ ဒါပေမယ့် အခုနာက်ပိုင်း ငါအများကြီးအိပ်ထားတော့ ငါ့စွမ်းအားတစ်ချို့ ပြန်ရလာတယ်။

လူတွေပြောကြတဲ့စကားရှိတယ်။ 'ပန်းတစ်ပွင့်ထဲမှာ ကမ္ဘာတစ်ခုတည်တယ်။ သစ်တစ်ပင်ထဲမှာ မြန်ဆန်တဲ့ဘဝတစ်ခုတည်တယ်။ မြက်တစ်ပင်ထဲမှာ ဉာဏ်အလင်းတည်တယ်။ သစ်ရွက်တစ်ရွက်ထဲမှာ ဗုဒ္ဓတည်တယ်။ သဲတစ်ပွင့်ထဲမှာ နတ်ဘုံတစ်ခုတည်တယ်။ မြေတစ်လက်မထဲမှာ တော်ဝင်မြေတည်တယ်။ အပြုံးတစ်ခုထဲမှာ လောကဆက်စပ်မှုတည်တယ်။ အတွေးတစ်ချက်ထဲမှာ ငြိမ်းချမ်းတိတ်ဆိတ်မှုတည်တယ်'တဲ့"

(**ဗုဒ္ဓအယူအဆများဖြစ်သည်။ နာမ်ရုပ်ဆင်ခြင်နည်းနှင့် ယှဉ်တွေးကြည့်နိုင်ပါသည်။ 'ဖြစ်ပျက်မှု'စက်ဝန်းတို့သည် အလွန်သေးငယ်သည့်အရာများထဲမှာပင် ရှိသည်ကို ဆိုလိုသည်)

"စကြာဝဠာလက်ဝါးပညာက ဒီစိတ်ကူးကနေ ဆင်းသက်လာတာ။ လက်ဝါးထဲမှာ လောကတစ်ခုတည်တယ်။ ရိုးရိုးလောကမဟုတ်ဘူး။ အဆုံးအဆမရှိကျယ်ပြန့်တဲ့ လောကတစ်ခုပေါ့"

လုယန် နည်းနည်းနားလည်လာသည်။ ဗုဒ္ဓဝါဒသည် လေဟာနယ်နှင့်ပတ်သက်သည့် ကျင့်စဉ်ပညာများတွင် ထူးကဲသာလွန်ကြောင်း ကြားဖူးသည်။ ထိုအတွေးအခေါ်ကို အခြေခံထားခြင်းဖြစ်မည်။

"စကြာဝဠာလက်ဝါးပညာလေ့လာချင်ရင် ပထမဆုံးအဆင့်က စိတ်ကူးပုံဖော်တာပဲ။ ကိုယ့်ကိုယ်ကို ကျယ်ပြန်တဲ့လောကတစ်ခုအဖြစ် မြင်ယောင်ကြည့်ပါ။

တစ်ချိန်တည်းမှာပဲ အစစ်အမှန်လောကကိုလည်း အာရုံပြုရမယ်။ လောကရဲ့အရာအားလုံး စိတ်ထဲမှာပေါ်လာရမယ်။ စိတ်အာရုံထဲမှာ လောကအစစ်တစ်ခုကို တည်ဆောက်ရမယ်။

အတွင်းအပြအာရုံခံစားမှုနှစ်ခုကိုပေါင်းစပ်၊ လေဟာနယ်ကိုပြောင်းပြန်လှန်၊ အနန္တလောကကိုဖမ်းဆုပ်။ အနန္တလောကအကြီးနဲ့အသေး ပူးတွဲတည်ရှိနေတာ။ ဒီစကားလုံးတွေရဲ့အဓိပ္ပါယ်ကို နင်နားလည်ရင် စကြာဝဠာလက်ဝါးစွမ်းအားကိုထုတ်ဖို့ နင်အသင့်ဖြစ်ပြီလို့ ပြောလို့ရတယ်"

စကြာဝဠာလက်ဝါးပညာသဘောတရားများကို နတ်မယ် အသေးစိတ်ရှင်းပြသည်။ ရှင်းလင်းချက်များ ပို၍နက်နဲလာလျှင် အစိတ်အပိုင်းများခွဲ၍ ရှင်းပြသည်။ ရှုထောင့်စုံမှ အဓိပ္ပါယ်ဖော်ပြသည်။ လုယန်နားလည်စေရန် အကောင်းဆုံးကြိုးစားကူညီပေးသည်။

"ကဲ...ရှင်းပြတာလုံလောက်ပြီ။ သွားပြီးစမ်းကြည့်ပါ"

နတ်မယ် ခြေထောက်ကိုမြှောက်၍ လုယန်ကို သိစိတ်နယ်မြေမှ ကန်ထုတ်လိုက်သည်။

အပြင်လောကတွင် လုယန် စိတ်အတွေးများစုစည်း၍ နတ်မယ်သင်ပြသည်အချက်အလက်များကို ပြန်သုံးသပ်သည်။

'အတွင်းအပြင်ပေါင်းစပ်ရမယ်တဲ့။ ဒါက လောကအစစ်ကို ငါ့စိတ်ကူးနဲ့ ပေါင်းစပ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ..အနန္တသဘောဟာ လေဟာနယ်ပညာတွေရဲ့ အနှစ်သာရပဲ။ ကြီးခြင်းငယ်ခြင်းဆိုတာ အပြန်အလှန််ပြောင်းလဲနေတဲ့သဘောပဲ..."

(**အကြီးအသေးအပြန်အလှန်ဆက်စပ်မှုသီအိုရီ - လူ့ခန္ဓာကိုယ်ထဲတွင် အဏုဇီဝပိုးများရှိသည်။ ထိုပိုးကောင်များအတွက် လူ့ခန္ဓာကိုယ်သည် စကြာဝဠာဖြစ်သည်။ လူသားများအတွက် လက်ရှိနေထိုင်ရာကမ္ဘာသည် ကျယ်ပြန့်သည့် စကြာဝဠာတစ်ခု၏ အစိတ်အအပိုင်းလေးဖြစ်သည်။...သို့ဆိုလျှင် လူသားတို့သိကြသည့် စကြာဝဠာဆိုသည်မှာလည်း အလွန်တရာကြီးမားသည့် သတ္တဝါကြီးတစ်ကောင်၏ ခန္ဓာကိုယ်ဖြစ်နိုင်သည်။...ထို့ကြောင့် ကြီးခြင်းငယ်ခြင်းသည့် ရှုမြင်သူ၏ ထိုးဖောက်မြင်နိုင်သည့်အတိုင်းအတာနှင့် သတ်မှတ်ချက်ပေါ်သာ မူတည်သည်)

လုယန် လက်ကိုဆန့်ထုတ်လိုက်သည်။ လက်ဝါးမှအရေးအကြောင်းများကို လေ့လာသည်။ လက်ဖဝါးပြင်မှအရေးအကြောင်းများသည် ကြယ်တာရာလမ်းကြောင်းများနှင့် တကယ်ထပ်တူကျနေနိုင်သလားမသိ။

မျက်လုံးတွင် ဝိညာဉ်စွမ်းအားပေါင်းစပ်၍ မြင်နိုင်စွမ်း မြှင့်တင်လိုက်သည်။ အရေပြား၏ အတွင်းသားအလွှာများ၊ အလွန်သေးငယ်သည့်ဆဲလ်များထိ မြင်အောင်ကြည့်သည်။

ဆဲလ်များဖွဲ့စည်းတည်ဆောက်ပုံတိုင်းက ခန္ဓာကိုယ်နှင့် သဏ္ဌာန်တူသည်။ သက်ရှိပုံစံတစ်မျိုးလားမသိ။ သူ့လက်ထဲတွင် ဆဲလ်ပေါင်းမရေမတွက်နိုင်အောင်ရှိလျှင် အသက်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိနေသည့်သဘောဖြစ်မည်။

"ဒါဆို ပန်းတစ်ပွင့်ထဲမှာ လောကတစ်ခုတည်တယ်ဆိုတာ ဒီသဘောကိုဆိုလိုတာဖြစ်မယ်"

လုယန် မျက်မှောင်ကျုံ့၍ စဉ်းစားသုံးသပ်နေသည်။ သိထားသည့်ဗဟုသုတများများကို နတ်မယ်သင်ပေးသည့် သဘောတရားများနှင့် ပေါင်းစပ်ကြည့်သည်။ စကြာဝဠာလက်ဝါးပညာ၏အခြေခံဖြစ်သည့် ဗုဒ္ဓဒဿနာကို သူတဖြေးဖြေးနားလည်လာသည်။

"စကြာဝဠာဆိုတာ လောကတစ်ခုလို့ နတ်မယ်က လက်တွေ့ပြပြီးပြီ။ စကြာဝဠာလက်ဝါးပညာဆိုတာ လက်ဝါးထဲမှာ လောကတစ်ခုဖန်တီးတာပဲ - တိုက်ခိုက်ဖို့ရော ခုခံဖို့ပါ သုံးလို့ရတဲ့ အဓိပဓိလေဟာနယ်ပညာပဲ"

လုယန် လက်ဝါးကို မှောက်လိုက်လှန်လိုက်လုပ်ရင်း သူ့ဘာသာရေရွတ်နေသည်။ သူ့အတွေးများ ပိုရှင်းလင်းလာသည်။ အရုဏ်ချိန် ပထမဆုံးအလင်း မြူကြားမှထိုးခွဲလာသလိုပင်ဖြစ်သည်။ ဒဏ္ဍာရီနတ်စွမ်းအားပညာ၏နောက်ကွယ်မှ လျှို့ဝှက်ချက်များကို နားလည်လာသည်။

"ဪ..ဒါက ဒီလိုကိုး"

သူထရပ်၍ သူ့ဝတ်စုံမှဖုန်မှုန့်များ ခါထုတ်လိုက်သည်။ ယုံကြည်ချက်အပြုံးတစ်ခု သူ့မျက်နှာတွင်ပေါ်လာသည်။

"နားလည်ပြီ"

လုယန် လက်လျှော့လိုက်ပြီဟုထင်သဖြင့် နတ်မယ် သိစိတ်အာရုံမှထွက်လာပြီး နှစ်သိမ့်သည်။

"ကိစ္စမရှိပါဘူး။ ဒီပညာသဘောကို နားမလည်သေးရင်လည်း နင့်ကျင့်စဉ်စွမ်းအားတိုးတက်လာတဲ့အခါ သင်ယူနိုင်လာမှာပါ။

..အဲ..ဘာရယ်..ဘယ်လိုပြောလိုက်တယ်။ ဒီပညာကိုနားလည်ပြီလို့ ပြောလိုက်တာလား"

လုယန်ကို နတ်မယ် တအံ့တဩစိုက်ကြည့်နေသည်။

"စကြာဝဠာလက်ဝါးပညာသုံးနိုင်ဖို့ ဝိညာဉ်စွမ်းအင်ပမာဏ အများကြီးလိုတယ်။ ကျုပ်စွမ်းအင်က မလုံလောက်တော့ အကြာကြီးထိန်းထားနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ကျုပ်ရဲ့ပြိုင်ဘက်ကင်းသန္ဓေကြောင့် ဝိညာဉ်စွမ်းအင်သိုလှောင်တဲ့ပမာဏက ကျုပ်နဲ့အဆင့်တူတွေထက် ငါးဆကနေ ဆယ်ဆလောက်ထိပိုသာပါတယ်။ ဒီလက်ဝါးပညာကို ခဏတော့သုံးနိုင်လောက်တယ်"

သူမျက်လုံးမှိတ်လိုက်သည်။ လောကတစ်ခုကို စတင်ပုံကြမ်းဖော်ချိန်တွင် သူ့ခန္ဓာကိုယ်က မီးဖိုတစ်ခုလို ဖြစ်လာသည်။ လူအများစုက သူ့လိုလုပ်နိုင်မည်မဟုတ်။ သူ့အတိတ်ဘဝက စကြာဝဠာနှင့်ပတ်သက်သည့် ဗဟုသုတများ၊ နတ်မယ်သရုပ်ပြခဲ့သည့် သဘောတရားများနှင့် တစ်ခြားအကြောင်းအရာများ အတူပေါင်းစပ်ဆင်ခြင်နိုင်သဖြင့် စကြာဝဠာလက်ဝါးပညာကို သူသင်ယူနိုင်ခြင်းဖြစ်သ်ည။

လက်ကိုဆန့်ထုတ်သည်။ လက်ဝါးကိုဖြန့်သည်။ ဝိညာည်စွမ်းအင်ကို အရှိန်အဟုန်ဖြင့် တွန်းပို့၍ အော်ဟစ်လိုက်သည်။

"စကြာဝဠာလက်ဝါး"

နတ်မယ် စိတ်ဝင်တစားကြည့်နေသည်။ သူအံ့ဩသွားသည်။ လုယန်လက်ဝါးထဲတွင် လေဟာနယ်လေးတစ်ခု ပေါ်လာသည်။ ထိုလေဟာနယ်ထဲတွင် ကြယ်များ လည်ပတ်နေသည်။ စကြာဝဠာပုံစံငယ်လေးတစ်ခုနှင့်တူသည်။

"သူတကယ်တတတ်သွားတာပဲ။...အဲ..မဟုတ်သေးဘူး၊ သူ့လက်ဝါးထဲက လေဟာနယ် ဘာလို့ဒီလောက်သေးနေတာလဲ။ တစ်မိုင်နှစ်မိုင်လောက်ပဲကျယ်။ ကြယ်ပွင့်တွေကလည်း တကယ့်သေးသေးမွှားမွှားလေးတွေပါလား"

"ဘယ်လိုလဲ။ ဒီပညာကို ကျုပ်တတ်သွားတာလား"

လုယန်က ဂုဏ်ယူဝင့်ကြွားသည့်အကြည့်ဖြင့် နတ်မယ်ကိုကြည့်သည်။

နတ်မယ်မျက်နှာ ကြောင်တက်တက်ဖြစ်နေသည်။

သူ့ပညာကို စကြာဝဠာလက်ဝါးဟုခေါ်လျှင် လုယန်ယခုထုတ်ပြသည့်ပညာကို ဘယ်လိုခေါ်ရမည်နည်း။

ရွာလက်ဝါး..???

******************************

All Chapters