အင်မော်တယ်လျှောက်လှမ်းခြင်းတံတား၏ နာကြည်းမှု
Vol. 86 Ch. 1199
အင်မော်တယ်လျှောက်လှမ်းခြင်းတံတား
တစ်ခေတ်တစ်ခါက ၎င်းသည် ရှေးမိစ္ဆာအင်မော်တယ်ဂိုဏ်းမှ တည်ဆောက်ခဲ့သည့် ကြယ်တာရာကောင်းကင်တွင် သွယ်တန်းနေသော ကြီးကျယ်ခမ်းနားတံတားတစ်စင်း ဖြစ်ခဲ့ပေ၏။ သို့သော်လည်း ... ကျီတျန်းမှ စတင်ခဲ့သော စစ်ပွဲကြောင့် ပျက်စီးသွားခဲ့သည်....
ကျီမျိုးနွယ်စု ရှေးမိစ္ဆာအင်မော်တယ်ဂိုဏ်းကို သစ္စာဖောက်ခဲ့သည့်အချိန်၌ စတင်ခဲ့သော အဆိုပါစစ်ပွဲကား သွေးချောင်းစီးစေခဲ့၏။ ထိုစစ်ပွဲအတွင်း ရှေးမိစ္ဆာအင်မော်တယ်ဂိုဏ်းမှာ အပြီးတိုင်ဖျက်စီးခံခဲ့ရပြီး သွေးမိစ္ဆာလည်း ဒဏ်ရာအပြင်းအထန် ရခဲ့သည်။ သူက သေလုဆဲဆဲ ကုန်ခမ်းသွားခဲ့သော အသက်စွမ်းအားလေးဖြင့် တောင်ကောင်းကင်ဂြိုဟ်သို့ ထွက်ပြေးလာခဲ့ကာ သူ၏အနုသုခမနတ်ခန္ဓာကို နှစ်ကိုယ်ခွဲ၍ ကိုယ်ပွားတစ်ကိုယ်ဖန်ဆင်းခြင်းဖြင့် အသက်ဆက်ခဲ့ရလေသည်။
ထိုစစ်ပွဲတွင် နှင်းမြေမိစ္ဆာဧကရာဇ်၏ခန္ဓာကိုယ်လည်း ဖျက်စီးခံခဲ့ရပြီး ဝိညာဉ်လည်း ပျက်ပြားခဲ့ရသည်။ သူ၏ဝိညာဉ်မှ သေးငယ်သောအစလေးသာ လွတ်မြောက်ခဲ့ကာ နောက်ပိုင်း လူပြန်ဝင်စားခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်စွာနှင့် ခြောက်သွေ့မီးတောက်မိစ္ဆာဧကရာဇ် မည်သို့မည်ဖုံသေသွားခဲ့သည် ဆိုသည့် အချက်အလက်များ မရှိပေ။ စစ်ပွဲပြီးသည့်အခါ သူ၏ကံကြမ္မာ မည်သို့အဆုံးသတ်သွားခဲ့သည်လဲ မည်သူမှ မသိကြပေ....
ဖန်မျိုးနွယ်စုက ကျီမျိုးနွယ်စုနှင့်ထိပ်တိုက်ရင်ဆိုင်ရင်း နဝမတောင်ပင်လယ်၏အချုပ်အခြာအာဏာအတွက် ပြိုင်ဆိုင်ခဲ့ကြသည်။ ရှေးမိစ္ဆာအင်မော်တယ်ဂိုဏ်း ပျက်စီးသွားခဲ့ပြီးနောက်တွင်ပင် စစ်ပွဲကား နှစ်ပေါင်းများစွာ ဆက်လက်ဖြစ်ပွားနေခဲ့လေသည်။
နောက်ဆုံးတော့ အဋ္ဌမတောင်ပင်လယ်ပါ စစ်ပွဲထဲ ဆွဲထည့်ခံခဲ့ရသည်။ တောင်ပင်လယ်နှစ်ခုသည် စစ်ပွဲတစ်ပွဲပြီးတစ်ပွဲ တိုက်ခိုက်ခဲ့ကြ၏။ အဆုံးသတ်တွင် ... ကျီတျန်းက အနိုင်ရရှိကာ နဝမတောင်ပင်လယ်၏ သခင်အသစ်ဖြစ်လာခဲ့သည်။
တောင်ပင်လယ်စစ်ပွဲ အဆုံးသတ်သွားပြီး ပြည်တွင်းစစ်လည်း နိဂုံးချုပ်သွားခဲ့သည် ....
ထိုထိုသောသမိုင်းကြောင်းသည် နဝမတောင်ပင်လယ်ကျင့်ကြံသူများအကြား ထင်ရှားပေ၏။ ထိုမျှသာမက အင်မော်တယ်လျှောက်လှမ်းခြင်းတံတား၏ အပျက်အစီးများက စစ်ပွဲ၏ရက်စက်မှု၊ ပြင်းထန်မှုအား သက်သေပြနေသည်။
မျက်မှောက်ခေတ်တွင် ထိုတံတားမှ ကျန်ရစ်ခဲ့သမျှမှာ အဆုံးမဲ့သော ကျောက်တုံးကျောက်ခဲအတန်းကြီးသာ ဖြစ်သည်။ ကျောက်တုံးများသည် တစ်ခဲနှင့်တစ်ခဲ ပူးကပ်တွယ်လျက်ရှိရာ အဝေးမှ ကြည့်ပါက တံတားတစ်စင်း၏ကောက်ကြောင်းအား မြင်ရလေသည်။
တံတားသည် နဝမတောင်ပင်လယ်သမိုင်းရာဇဝင်၏တစ်စိတ်တစ်ပိုင်းဖြစ်သည့်အပြင် ကျင့်ကြံသူများစွာ ကံကြမ္မာကောင်းလာရှာတတ်သည့် နေရာလည်း ဖြစ်သည်။ တချို့က အပျက်အစီးများထဲ ဝင်ရောက်သွားကာ ဘယ်တော့မှ ပြန်ပေါ်မလာတော့ပေ။ တချို့က သူတို့ရှာဖွေနေသော ကံကောင်းမှုကို ရရှိကြပြီး ထိုအခိုက်အတန့်မှစ၍ သူတို့ဘဝသည် တစ်ဆစ်ချိုး ပြောင်းလဲသွားတတ်၏။
မန်ဟိုမှာ စိတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူလေးအဖြစ်နှင့် ဤနေရာသို့ တစ်ခါ ရောက်လာခဲ့ဖူးသည်။ ဤနေရာတွင် ကျင်ရှန်းနှင့် သူ ဆုံတွေ့ခဲ့ပြီး ... ကျေးဇူးရှင်တစ်ဦးနှင့်လည်း တွေ့ခဲ့ရသည်။
ဟန်ရှန်း
သူသည် ရှေးမိစ္ဆာအင်မော်တယ်ဂိုဏ်း၏နှင်းမြေဧကရာဇ်မှ ဝင်စားသူ ... ဟန်ရှန်းဖြစ်၏။
ဟန်ရှန်း၏ဇနီးမှာ အင်မော်တယ်လျှောက်လှမ်းခြင်းတံတားအတွင်း၌ ထာဝရအကျဉ်းချခံထားရ၍ ဟန်ရှန်းသည် ဤနေရာသို့ လာဖို့၊ သူမကို ရှာဖို့၊ သူမကို နှိုးဖို့ မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ရန် ဆန္ဒရှိခဲ့လေသည်။ သူမကို မနှိုးနိုင်ခဲ့သည့်အခါ ... သူက သူမနှင့်အတူ ထာဝရနေသွားရန် လိုလားခဲ့သည်။
သူက သူ့ဓား၊ သူ့အရက်အိုးနှင့် သူ၏နှင်းမြေကြီးကို မန်ဟို့ဆီပေးကာ သူတို့အကြား၌ ကံဆက်ကြိုးကို ဖြစ်ပေါ်လာစေခဲ့သည်။ သူသည် မန်ဟို့ကို ကူညီ၍လည်း သူနှင့်သူ့ဇနီးအတွက် မျှော်လင့်ချက်အနည်းငယ် ဖန်တီးခဲ့၏။
ထိုအချိန်တုန်းက မန်ဟိုသည် သူ တာအိုကို ရရှိပါက ကျေးဇူးပြန်လာဆပ်မည်ဟု ကတိပေးခဲ့သည်။
မန်ဟိုက ကတိတည်သောလူစားမျိုးဖြစ်၍ သေချာပေါက် ပြန်လာလိမ့်မည်ဟု ဟန်ရှန်းသိသည်။ မန်ဟိုသာ ထိုကဲ့သို့လူစားမျိုးမဟုတ်လျှင်တော့.... သူ ဘာမှမတတ်နိုင်ပေ။ အနာဂတ်သည် မှန်းရခက်၏။ ထိုစဉ်က ဟန်ရှန်းသည် အဆုံးသတ်၌ မည်သို့ဖြစ်လာမည်လဲ မတွေးနိုင်ခဲ့ပေ။
ဟန်ရှန်းသာ အသိစိတ်ရှိနေခဲ့လျှင် မန်ဟို့ကတိအကြောင်း ရံဖန်ရံခါ တွေးမိလိမ့်မည်။ သို့မဟုတ် ... သူ မန်ဟို့ကို ကူညီပေးခဲ့မှုမှ လာသော မျှော်လင့်ချက်ကို မေ့လည်း မေ့သွားနိုင်သည်။
သို့သော် မန်ဟိုကား သူ့ကို ကူညီပေးခဲ့သူများကို ဘယ်တော့မှ မမေ့တတ်သလို၊ သူ ပေးခဲ့သည့် ကတိများကိုလည်း မမေ့တတ်ပေ။ ဂူယွိတင်းစန်းယွီကိုလည်း သူ မမေ့၊ ဟန်ရှန်းကိုလည်း မမေ့ပေ။ သူ ပေးခဲ့သော ကတိများသည် သူ့စိတ်ထဲ၌ ထာဝရတည်ရှိနေမည်သာဖြစ်၏။
“တာအိုကို ရယူပြီး ကတိတွေတည်ရမယ်” သူက ကြယ်တာရာကောင်းကင်သို့ ထိုးတက်သွားသော အလင်းတန်းအသွင်ပြောင်းရင်း ရေရွတ်လိုက်သည်။
“ငါ တာအိုကို အမှန်တကယ် မရရှိသေးပေမယ့်” သူက နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ “အစ်ကိုကြီးဟန်ရှန်းနဲ့ သူ့ဇနီးကို လွတ်မြောက်အောင် လုပ်ပေးဖို့ ကြိုးစားကြည့်နိုင်သေးတယ်...” သူ တံတားပျက်နယ်ထဲ ဝင်လိုက်သောအခါ သူ့နောက် စိတ်လှုပ်တရှားလိုက်နေခဲ့သော ကျင့်ကြံသူများ အတော်လေး တွေဝေကုန်ကြသည်။ မန်ဟို ဤနေရာသို့ ဘာကြောင့်လာသလဲ သူတို့ မခန်းမှန်းနိုင်ကြပေ။
“ကျီမျိုးနွယ်စုနဲ့များ တစ်ခုခုပတ်သက်နေမလား။ ဒီတံတားက ကျီတျန်းဖျက်စီးတာ ခံခဲ့ရတာဆိုတော့လေ” သူတို့ ခန့်မှန်းနေကြစဉ် မန်ဟိုက ရပ်တန့်ခြင်းမပြုဘဲ တံတားထဲ ဝင်ရောက်သွား၏။
အင်မော်တယ်လျှောက်လှမ်းခြင်းတံတားထဲတွင် သူတစ်ယောက်တည်းသာ ရှိခြင်းမဟုတ်ပေ။ နတ်မီးလျှံစမ်းသပ်ပွဲအမျိုးမျိုး ဆင်နွဲဖို့ တခြားဂြိုဟ်မှ ရောက်လာကြသော ကျင့်ကြံသူများလည်း ရှိသည်။ အထူးသဖြင့် စိတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူများ ဖြစ်ကြသည်။
ထိုနှစ်တွေတုန်းက သူ လာခဲ့သည့်အချိန်အတိုင်းပင်။
မန်ဟိုသည် အင်မော်တယ်လျှောက်လှမ်းခြင်းတံတားအား ဖွဲ့စည်းထားသော ကျောက်အစအနများးကို ဖြတ်၍ ပျံသန်းလာခဲ့ရင်း သူ ရောက်ခဲ့ဖူးသောနေရာများကို ကျော်လာခဲ့သည်။ သူက တိတ်ဆိတ်စွာ ပျံသန်းရင်း အတွင်းပိုင်းထဲ ရောက်လာ၏။
ကံကြမ္မာကောင်းရှာဖွေနေစဉ် တိုက်ခိုက်ယှဉ်ပြိုင်နေကြသော ၊ ပူးပေါင်းမိတ်ဖွဲ့နေကြသော ကျင့်ကြံသူများကို သူ မြင်နေရသည်။ သူသည် ရင်းနှီးသောနေရာများကို ဖြတ်ကျော်လာခဲ့ရင်း အတိတ်တုန်းက သူ၏အတွေ့အကြုံများကို ပြန်တွေးနေမိ၏။ သူက မြင်တွေ့နေရသည့် ကျင့်ကြံသူများနှင့် သွားမပတ်သက်သလို၊ သူတို့မှာလည်း သူ ဖြတ်သွားသည်ကိုပင် မမြင်ကြရပေ။ သူတို့သည် ရုန်းကန်တိုက်ခိုက်နေကြ၏။
သူက ယခင်တစ်ခေါက် လာခဲ့တုန်းက သူ မှတ်ထားသော လမ်းအတိုင်း သွားနေသည်။ ဤသို့ဖြင့် ဆက်သွားနေစဉ် မကြာခင် သူ သွားရောက်ခဲ့ဖူးသည့်နေရာများတွင် မည်သူမှမရှိတော့ကြောင်း သတိထားမိလိုက်သည်။ သူက ကံကြမ္မာကောင်းရှာဖို့ မရပ်ပေ။ သူ၏တစ်ခုတည်းသော ပန်းတိုင်က ...
ကျေးဇူးကြွေးပြန်ဆပ်ဖို့သာ။
မကြာမီ ကျောက်အစအနများဖြင့် ဖွဲ့စည်းထားသည့် မြေထုတစ်ခုသည် အရှေ့တွင် ပေါ်လာပြီး နှင်းမြေကြီးအရောင်က ထင်ရှားလာသည်။ နောက်ဆုံးတော့ မန်ဟိုကား ဟန်ရှန်း သူ့ဇနီးကို ရှာတွေ့သွားသည်ကို မြင်ခဲ့ရသည့် နေရာသို့ ရောက်လာခဲ့လေပြီ။
မတူညီကွဲပြားသည့်အရာမှာတော့ ... ဤတစ်ခေါက် သူ ပြန်လာသည့်အခါ မည်သည့်တံတားကျွန်ကိုမှ မမြင်ရတော့ခြင်းပင်။ အဆုံးမဲ့နှင်းမြေထုကိုသာ မြင်နေရသည်။ သို့သော် သူသည် ထိုမြေကြီး၏အလယ်တည့်တည့်တွင် ကျောက်ကမ်းပါးတစ်ခုကို မြင်လိုက်ရ၏။ ထိုကျောက်ကမ်းပါးအပေါ်တွင် ထိုင်နေသည်မှာတော့ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်။
အမျိုးသမီးသည် အမျိုးသား၏ပခုံးကို မှီထား၏။ သူမမျက်ဝန်းများက ပိတ်နေပြီး သူမမျက်နှာထက်တွင် ခပ်ရေးရေးအပြုံးလေးတစ်စအား မြင်ရနိုင်သည်။ သူမကား အလွန်သဘောကျနေသယောင် ရှိ၏။ အမျိုးသား၏လက်က သူမ၏လှပသောဆံနွယ်လေးများကို ပွတ်သပ်ပေးထားသည်။ သူလည်း ပြုံးရင်း သူမကို ငုံကြည့်လျက်ရှိသည်။
၎င်းသည် ရင်ထဲနွေးထွေးသွားရလောက်အောင် လှပသောမြင်ကွင်းလေးတစ်ခုဖြစ်ပြီး မြင်လိုက်ရသည့်မည်သူမဆို သူတို့တစ်ယောက်ကိုတစ်ယောက် မည်မျှဂရုစိုက်ကြောင်း တွေ့ရလိမ့်မည်။
သို့သော် သူတို့အား အဆုံးမဲ့နှင်းမြေထုဖြင့် ဝန်းရံထားသည်။ ကျောက်ကမ်းပါးပင်လျှင် နက်ပြာနေသောရေခဲတုံးကြီးသဖွယ် ဖြစ်နေသည်။
ရေခဲမှ မည်သည့်အအေးဓာတ်ကိုမှ ထုတ်လွှတ်မနေသည့်တိုင် ဤှနှစ်ယောက်ကို ထာဝရပိတ်လှောင်ထားပုံရသည်။
ကြည့်ရသရွေ့ သူ့ဇနီးသည်၏ စိတ်ဆန္ဒလည်း ထိုအထဲ၌ ပိတ်လှောင်ခံထားရဟန်တူသည်....
မန်ဟိုက တိတ်ဆိတ်စွာ လျှောက်သွားပြီး အမျိုးသားနှင့်အမျိုးသမီးကို ကြည့်ရင်း ကျောက်ကမ်းပါးဘေးတွင် ရပ်လိုက်သည်။ သူတို့၏ရင်းနှီးသောမျက်နှာများက သူ့စိတ်ထဲတွင် အမှတ်တရပေါင်းများစွာအား ဖြစ်ပေါ်လာစေ၏။
"အစ်ကိုကြီးဟန်ရှန်း" သူက ကြေကွဲမှုစွက်ဖက်နေသောအသံဖြင့် ပြောသည်။ သူ၏ကျင့်ကြံအဆင့်အရ တစ်ချက်ကလေးကြည့်ရုံနှင့် ဟန်ရှန်းသည် ဤနေရာတွင် သူ့ကိုယ်သူ တမင်သက်သက် ပိတ်လှောင်ထားခဲ့ခြင်းဖြစ်ကြောင်း သူ ပြောနိုင်၏။
ဝိညာဉ်မရှိဘဲ ဆက်ရှင်နေမည့်အစား သူက နှင်းမြေမိစ္ဆာဧကရာဇ်၏စွမ်းအားကို အသုံးပြုကာ သူနှင့် သူ့ဇနီးနှစ်ယောက်လုံးကို ပိတ်လှောင်ထားခဲ့လေသည်။ ထိုနေရာတွင် သူတို့သည် နိုးထလာမည့်နေ့ရက်ကို စောင့်စားရင်း တိတ်ဆိတ်စွာသာ ထိုင်နေကြလိမ့်မည်။
မန်ဟိုက ကျောက်ကမ်းပါးပေါ်တွင် ထိုင်နေသော အမျိူသားနှင့်အမျိုးသမီးကို ကြည့်ပြီး တိုးညင်းစွာ ပြောသည်။ "အင်မော်တယ်လျှောက်လှမ်းခြင်းတံတားရဲ့ နာကြည်းမှုကို မဖြေဖျောက်ပေးနိုင်သရွေ့ ငါ ဒီချိတ်စည်းကို ဖွင့်ပေးနိုင်ရင်တောင်မှ အစ်ကိုကြီးဟန်ရှန်းနဲ့ သူ့ဇနီးက ထွက်သွားလို့မရဘဲ ဒီနေရာမှာ တစ်နှစ်ပြီးတစ်နှစ် နေနေရလိမ့်မယ်
"အင်မော်တယ်လျှောက်လှမ်းခြင်းတံတားရဲ့ နာကြည်းမှုက ကျီမျိုးနွယ်စုကြောင့် ပေါက်ဖွားလာခဲ့တာ။ အဲ့ဒီဟာကို ဖြေဖျောက်ဖို့ဆိုရင် ကျီမျိုးနွယ်သွေးတွေကို စတေးဖို့ လိုလိမ့်မယ်။ ကံဆိုးစွာနဲ့ ငါ့မှာ အဲ့ဒီလိုလုပ်ဖို့ အစွမ်းအစမရှိသေးဘူး
"ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ အင်မော်တယ်လျှောက်လှမ်းခြင်းတံတားကို တုန်လှုပ်အောင်ပဲ လုပ်နိုင်တယ်။ အဲ့ဒါဆိုရင်တော့ သူ့ကို အစွဲကျွတ်အောင် လုပ်ကောင်းလုပ်လို့ရလိမ့်မယ်" သူက အသက်ပြင်းပြင်းရှုသွင်းပြီး ကျောက်ကမ်းပါး၏အောက်တွင် တင်ပျဉ်ခွေထိုင်ချလိုက်သည်။ သူသည် မျက်လုံးပိတ်၍ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ကာ လောကပါလအင်မော်တယ်တန်ခိုးကို ဆင့်ခေါ်လိုက်၏။ မိုးပြာရောင်အလင်းက အရပ်လေးမျက်နှာသို့ ချက်ချင်း ဖြာထွက်သွားသည်။
မျက်စိတစ်မှိတ်အတွင်း အလင်းရောင်သည် မီတာ ၃၀၀၀၀ ပတ်၀န်းကျင်သို့ ပျံ့နှံ့သွားရင်း မိုးပြာရောင်အလင်းကမ္ဘာတစ်ခုအား ဖန်တီးလိုက်တော့သည်။ တစ်ချိန်တည်းမှာပင် အင်မော်တယ်လျှောက်လှမ်းခြင်းတံတားသည် တုန်ရီစပြုလာ၏။ မန်ဟိုသည် စောစောကပြောခဲ့သည့်အတိုင်း သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို အသုံးပြုကာ အင်မော်တယ်လျှောက်လှမ်းခြင်းတံတားကို တုန်လှုပ်စေ၍ ၎င်း၏နာကျည်းမှုကို ဖယ်ရှားပေးမည်ဖြစ်သည်။
သူ၏ နတ်ဘုရားအာရုံ ပတ်၀န်းကျင်တစ်ခွင် ဖြာထွက်သွားသည့်အခါ သူ၏လက်များက လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ပြီးနောက် မြေကြီးပေါ်ဖိချလိုက်သည်။ ဝုန်းခနဲ မြည်သံကြီးက မန်ဟို့ကို ဗဟိုပြုလျက် အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်သွားပြီး တံတားတစ်ခုလုံးအား စိုးမိုးသွားသည်။
အင်မော်တယ်လျှောက်လှမ်းတံတားကို ဖွဲ့စည်းထားသည့် ကျောက်တုံးကျောက်ခဲအားလုံး တုန်ရီသွားပြီး မကြာမီ မိုးမြေပြိုကျသွားစေနိုင်သည့် အော်သံကြီးအား ကျောက်ခဲတစ်ခဲစီတိုင်းမှ ကြားလိုက်ရသည်။
အော်သံများက ဗြုန်းစားကြီး ပေါ်ထွက်လာခဲ့သဖြင့် နတ်မီးလျှံစမ်းသပ်ပွဲများဆင်နွဲနေကြသော ကျင့်ကြံသူအားလုံး အံ့ဩတုန်လှုပ်သွားကြပြီး မျက်နှာပျက်ကုန်ကြသည်။ ထို့နောက် ကျောက်ခဲများ၏အထဲမှ ဝိညာဉ်အရိပ်များ ထွက်လာကြ၏။
ဤဝိညာဥ်များက အင်မော်တယ်လျှောက်လှမ်းခြင်းတံတားဝိညာဉ်၏ အစိတ်အပိုင်းများ ဖြစ်ကြလေသည်။
၎င်းတို့က ကျောက်ခဲတစ်ခဲစီတိုင်းမှ ပျံထွက်လာပြီးနောက် တစ်ကောင်ထံသို့ တစ်ကောင် လျင်မြန်စွာ ပျံသန်းရင်း အင်မော်တယ်လျှောက်လှမ်းခြင်းတံတား၏ ဝိညာဉ်အစစ်ကို ဖော်ဆောင်လိုက်ကြသည်။
တံတားဝိညာဉ်သည် နာကျည်းမှု၊ မုန်းတီးမှုတို့ ပြည့်နှက်နေသည့် မယုံကြည်နိုင်ဖွယ်ဖိအားကြီးကို မန်ဟို့အပေါ် သက်ရောက်စေလိုက်ရင်း တံတား၏အပျက်အစီးများအပေါ်တွင် ပျံဝဲနေ၏။
မန်ဟို့မျက်လုံးများက ဖျတ်ခနဲ ပွင့်လာပြီး အင်မော်တယ်လျှောက်လှမ်းခြင်းတံတား၏ အမုန်းဝိညာဉ်ကို မော့ကြည့်လိုက်သည်။
"ဖြစ်ပြီး ပျက်ရတာ ဓမ္မတာပဲ" မန်ဟိုက ပြောသည်။ "အခုလိုလုပ်နေစရာ အကြောင်းအရင်းမရှိဘူး။ မင်းရဲ့ အမျက်ဒေါသကို အပြစ်မရှိတဲ့လူတွေအပေါ်မှာ ပုံမချနဲ့။ ဒီနှစ်ယောက်ကို ဒီနေရာကနေ ကျေးဇူးပြုပြီး ထွက်သွားခွင့်ပေးလိုက်ပါ" သူ့အသံက အင်မော်တယ်လျှောက်လှမ်းခြင်းတံတားတစ်လျှောက် ပဲ့တင်ထပ်လာရာ ကြားလိုက်ရသည့် ကျင့်ကြံသူများအား တအံ့တဩဖြင့် ဘေးဘီဝဲယာကြည့်လိုက်မိစေသည်။
သူတို့အမြင်အရ တန်ခိုးရှင်တစ်ဦးသည် တံတားကို အစွဲကျွတ်အောင် ချွတ်ဖို့ ကြယ်တာရာကောင်းကင်ထက်မှ ဆင်းသက်လာခဲ့သယောင် ထင်ရ၏။
သူတို့သာ အံ့သားသင့်သွားခြင်းမဟုတ်။ စောစောက မန်ဟို့နောက် လိုက်နေခဲ့သော ကျင့်ကြံသူများလည်း မျက်လုံးများ ပြူးကျယ်သွားကြပြီး အလွန်တရာအံ့ဩတုန်လှုပ်စွာဖြင့် ဘေးဘီဝဲယာကို ကြည့်လိုက်ကြသည်။
သူတို့သည် အင်မော်တယ်လျှောက်လှမ်းခြင်းတံတား၏ဝိညာဉ်ကို မြင်နေရပြီး ၎င်း ထုတ်လွှတ်နေသည့် အဆုံးမဲ့နာကြည်းမုန်းတီးမှုကိုလည်း ခံစားနေကြရသည်။ မန်ဟို ဘာကြောင့် ဤနေရာသို့ လာခဲ့သလဲ သူတို့အားလုံး သဘောပေါက်သွားလေပြီ။
"သူက သူ့ရဲ့အစွမ်းအစနဲ့ အင်မော်တယ်လျှောက်လှမ်းခြင်းတံတားရဲ့ နာကြည်းမှုကို ဖယ်ရှားဖို့ ကြိုးစားနေတာပဲ"
"ဒီတံတားရဲ့ နာကြည်းမှုက ထာ၀ရတိုင်တည်ရှိနေမှာ။ ဒီတံတားက ကျီမျိုးနွယ်စုကို မုန်းပြီး န၀မတောင်ပင်လယ်ကို နာကြည်းနေတယ်။ အဲ့ဒီနာကြည်းမှုကြောင့်ပဲ ပျက်စီးခဲ့ရတာတောင်မှ တံတားကောက်ကြောင်းအဖြစ် ဆက်လက်တည်ရှိနေတာ"
"ဒီမန်ဟိုက အစွမ်းထက်ကောင်းအစွမ်းထက်လောက်ပေမယ့် အင်မော်တယ်လျှောက်လှမ်းခြင်းတံတားရဲ့ နာကြည်းမှုကို ဘယ်လိုလုပ် အလွယ်တကူ ဖယ်ရှားပစ်နိုင်မှာတုန်း"
ဤအခိုက်အတန့်တွင် အဆုံးမဲ့နာကြည်းမုန်းတီးမှုကို ထုတ်လွှတ်နေသည့် အင်မော်တယ်လျှောက်လှမ်းခြင်းတံတား၏ ဝိညာဉ်က မန်ဟို့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေသော ဧရာမမျက်နှာကြီးအသွင် ပြောင်းသွားခဲ့လေပြီ။
"ခွင့်မပြုနိုင်ဘူး" ၎င်း၏အသံလှိုင်းကြီးက တုန်ခါလှိုင်းလုံးကြီးတစ်လုံးအသွင်ဖြင့် တံတားတစ်လျှောက် လိမ့်ထွက်ရင်း မန်ဟို့အား ရိုက်ခတ်လိုက်သည်။
"မင်းရဲ့ နာကျည်းမှုက ငါနဲ့ ဘာမှမဆိုင်ဘူး။ ငါ ဒီ လူနှစ်ယောက်ကို ခေါ်ဖို့ ဒီနေရာကို လာခဲ့တာ။ မင်း သဘောတူရင် အဆင်ပြေတယ်။ သဘောမတူရင်တော့ ဂရုမစိုက်ဘူး။ ငါ သူတို့ကို ခေါ်သွားဦးမှာပဲ" သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ကြယ်တာရာကောင်းကင်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါလာပြီး တံတားနောက်တစ်စင်း ပေါ်ပေါက်လာသည်။
ထိုတံတားသည် ပါရာဂွန်တစ်ဦး၏ တန်ခိုးတို့ဖြင့် ပြည့်၀နေ၏။ ဤသည်ကား မန်ဟို့၏ပါရာဂွန်မှော်သိုင်း .... သူ၏ ပါရာဂွန်တံတားမှတစ်ပါး အခြားမဟုတ်ပေ။
သူက အင်မော်တယ်လျှောက်လှမ်းခြင်းတံတားကို အစွဲချွတ်ဖို့ ပါရာဂွန်တံတားကို အသုံးပြုနေလေသည်။