ဆန်းပြားလှပေသော
Vol. 121 Ch. 1576
ချင်မူ အမှောင်ထုထဲသို့ ကျဆင်းနေစဉ် တောက်ပသော အလင်းရောင်တစ်ခုသည် သူ၏မျက်စိရှေ့တွင် တဖြည်းဖြည်း ပေါ်လွင်လာ၏။ အလင်းရောင်မှာ ပိုပို၍ တောက်ပလာသဖြင့် သူ့မှာ စူးစမ်းလိုစိတ်များ ထွက်ပေါ်လာတော့သည်။
အပြင်မှကြည့်ပါက အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ကား အမှောင်ထုကြီးသာ မဟုတ်ပါလော။ မည်သည့်အလင်းရောင်မှ မရှိသင့်သော်လည်း ယခုတွင်မူ သူ အောက်သို့ ကျလေလေ၊ အလင်းရောင်က တောက်ပလေလေ ဖြစ်လာသည်။
အမှောင်ဆုံးနှင့် အလင်းဆုံး ဟူသည့် အစွန်းနှစ်ဖက်သည် တစ်နေရာတည်းတွင် ပေါ်မလာနိုင်သင့်သော်လည်း ယခုတွင်တော့ ပေါ်လာကြချေပြီ။
တစ်ချိန်တည်းမှာပင် ဤနေရာ၏ ဆွဲငင်အားကလည်း ပို၍ အားကောင်းလာသည်နှင့်အမျှ စွမ်းအင်ဒြပ်ထုတို့သည် တင်းတင်းကြပ်ကြပ် ဖိနှိပ်ခံလိုက်ရသည့်အတွက် အပူဓာတ်တို့ ပြင်းထန်စွာ ဖြစ်ပေါ်လာ၏။
အပူဓာတ်တို့ စုဝေးလာခြင်းက ချင်မူ၏ ခန္ဓာကိုယ်ထဲရှိ မဟာတာအိုသင်္ကေတများအား လှိုင်းတရိပ်ရိပ်ထကာ ပုံပျက်လာစေသည်။ သူ တည်ဆောက်ထားသော မဟာတာအိုများမှာ မီးဟုန်းဟုန်း ထတောက်တော့မည်အလားပင်။
လေပူ... တစ်နည်းအားဖြင့် မရဏလေပူ။
ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်သို့ ရောက်ခဲ့စဉ််တုန်းက မရဏလေအေးကို မြင်ခဲ့ဖူးသည်။
အေးစက်အထီးကျန်သော ထိုလေအေးသည် အန္တိမဟင်းလင်းပြင်မှ တိုက်ခတ်လိုက်ခြင်း ဖြစ်၏။ ၎င်း တိုက်ခတ်သွားသည့် နေရာတိုင်းရှိ မည်သည့်အရာမဆို အန္တိမဟင်းလင်းပြင်အဖြစ် ပြောင်းလဲသွားရသည်။ လူ့ခန္ဓာကိုယ်ကို ဖွဲ့တည်ထားသည့် ဒြပ်ထုများသည် အဆုံးမသတ်နိုင်အောင် ဝေးကွာကာ အလွန်တရာ ပါးလွှာလာ၏။ အပူရော စွမ်းအင်ပါ ရှိတော့မည် မဟုတ်ချေ။
လေအေး တိုက်ခတ်သွားသည်နှင့် အရာအားလုံး ပြာကျသွားပေလိမ့်မည်။ ဒြပ်ထုရော စွမ်းအင်ပါ ကျန်ရှိလိမ့်မည် မဟုတ်ပေ။ မည်မျှပင် အစွမ်းထက်ပါစေ တာအိုရထားသူမဟုတ်လျှင် သေကြရလိမ့်မည်။
မရဏလေပူကလည်း အလားသဏ္ဍာန်တူသော အရာပင်။
မရဏလေပူ တိုက်ခတ်သည့်အချိန်တွင် မဟာတာအိုကို ဖွဲ့တည်ပေးထားသည့် အခြေခံအကျဆုံး သင်္ကေတများ အရည်ပျော်ရလိမ့်မည်။ ထိုအခါ မဟာတာအိုသည် လုံးလုံးလျားလျား လွင့်ပြယ်၍ ဒြပ်ထုကို အရည်ပျော်စေသဖြင့် သန့်စင်သော စွမ်းအင်နှင့် ဖရိုဖရဲချီများအဖြစ် ပြောင်းလဲသွားစေ၏။
လေပူနှင့် လေအေး နှစ်မျိုးစလုံးကို ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်တွင် တွေ့ကြုံရနိုင်သည်။ ၎င်းက မဟာပျက်စီးခြင်းကပ်ဘေးတွင် ပေါ်ပေါက်လာခဲ့သည့် တုန်လှုပ်ဖွယ်ရာ ကပ်ဘေးအအန္တရာယ်ပင်။
ချင်မူအနေဖြင့် အဆုံးသတ်မြို့ပျက်၏ သေခြင်းရှင်ခြင်း၊ ဘ၀ပြန်၀င်စားခြင်းနှင့် ဖြစ်ပျက်ပျက်ခြင်းတို့အား သိမြင်နားလည်ခဲ့ပြီးဖြစ်သော်လည်း ယခုလိုအခြေအနေမျိုးကို တွေ့ကြုံရခြင်းက အလွန်တရာ အန္တရာယ်များပေသေးသည်။
“ထူးဆန်းလိုက်တာ… လေအေးဆိုတာ အတိတ်တုန်းက တာအိုသိုင်းပညာရှင်တွေ အန္တိမဟင်းလင်းပြင်မှာ မဟာတာအိုကို တံဆိပ်ခတ်နှိပ်ပြီး မဟာခြုံလွှမ်းကောင်းကင်ဘုံအဖြစ် အသွင်ပြောင်းစေခဲ့လို့ ထွက်ပေါ်လာခဲ့တာပဲ… ဒါပေမဲ့ လေပူက အဆုံးသတ်မြို့ပျက်မှာ ပေါ်လာနေတယ်... ဆိုတော့ကား အဆုံးသတ်မြို့ပျက်က အန္တိမဟင်းလင်းပြင်နဲ့ တန်းတူ ဆိုတဲ့ အဓိပ္ပာယ်လား”
မရဏလေပူသည် နှိုင်းယှဉ်၍ မရနိုင်အောင် ကြောက်မက်ဖွယ်ကောင်းလှသော်လည်း ချင်မူက အဆုံးသတ်မြို့ပျက်၏ သေခြင်းရှင်ခြင်းကို သိမြင်နားလည်ထားပြီး မဟုတ်လော။ တာအိုကျင့်စဉ်နှစ်ခုကို အတူတကွ ပေါင်းစည်း၍ ဘ၀ပြန်၀င်စားခြင်းတာအိုဖြင့်လည်း အားဖြည့်ပေးထား၏။ ထို့ကြောင့် ချင်မူကား စိတ်ရှိသလို သေနိုင်၊ ရှင်နိုင်ပေသည်။
သူ့ခန္ဓာကိုယ်ထဲရှိ မဟာတာအိုတို့က ဆက်လက် အက်ကွဲလာနေသည်။ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်၏ ဆွဲအားက သူ့အား ကျွမ်းထိုးမှောက်ခုံ လည်လျက် အရှိန်ပြင်းပြင်း ပြုတ်ကျနေစေသည်။ သူက ခန္ဓာကိုယ်အား ဟန်ချက်ထိန်းရန် အတတ်နိုင်ဆုံး ကြိုးစားနေသော်လည်း မလွယ်လှချေ။
ပို၍ တောက်ပလာသော အလင်းရောင်ထဲတွင် ကြီးမားလှသော အမြွှာကြာပန်းပွင့်နှစ်ပွင့်၏ အမြစ်များက သူ၏ခန္ဓာကိုယ်ဘေးမှ ဖြတ်သွားသည်။ ၎င်းတို့အပေါ်၌ ဆူးချွန်များ ပြည့်နှက်နေသည်။
‘ဒီအတိုင်း ဆက်ကျနေမယ်ဆိုရင် ဘယ်တော့မှ ပြီးမှာလဲ’
သူ ထိုသို့တွေးလိုက်မိသည့်အချိန်တွင် ရုတ်တရက် ပြိုင်ဘက်ကင်းစွာ ပြင်းထန်သော အဖျက်အဆီးအရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများက လျင်မြန်စွာ ပျက်စီးလွင့်ပျယ်လာပြီး သူ၏ရုပ်ခန္ဓာမှာ ညှိုးခြောက်လာ၏။
ချင်မူမှာ အံ့သြမှင်သက်သွားပြီး အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲသို့ ခုန်ချမိသည်အား အနည်းငယ် နောင်တရသွားမိသည်။
သို့သော် နောင်တရရန် နောက်ကျလွန်းသွားလေပြီ။
သူက အမြွှာကြာပန်းပွင့်နှစ်ပွင့်၏ အမြစ်များကို လှမ်းဆွဲရန် ကြိုးစားလိုက်သော်လည်း ဆူးချွန်များကြောင့် လက်တစ်ဖက်လုံး စုတ်ပြတ်သပ်သွားသည်။ သို့သော် အဆုံးသတ်မြို့ပျက်၏ ဆွဲအားကြောင့် အောက်သို့ ဆက်ကျနေဆဲပင်။
ကောင်းကင်နတ်ဧကရီတို့ ညီအစ်မနှစ်ယောက်ပင်လျှင် ဤနေရာသို့ တစ်ခါမှ မရောက်ဘူးလေရာ သူက ပထမဦးဆုံးဝင်ရောက်ဖူးသူ ဖြစ်လာတော့သည်။
ချင်မူ့နှလုံးသားထဲတွင် ကြောက်စိတ်တို့ ပေါက်ဖွားလာသည်။ ‘အဆုံးသတ်မြို့ပျက်မှာ အောက်ခြေ မရှိဘူးဆိုရင် ငါက ဒီလိုပဲ ထာဝရ ကျဆင်းနေရတော့မှာလား”
သူ ဤသို့ ကျဆင်းနေခဲ့သည်မှာ အချိန်မည်မျှကြာခဲ့ပြီမှန်း မသိသော်လည်း အဖျက်အဆီးအရှိန်အဝါကတော့ ပိုပို၍ အားကောင်းလာသလို၊ အလင်းရောင်တို့မှာလည်း ပိုပို၍တောက်ပလာသည်။
ရုတ်တရက် အလင်းရောင်သည် ဖြည်းဖြည်းချင်း မှေးမှိန်လာပြီး ပြုတ်ကျနေသည့်အချိန်မှာလည်း တဖြည်းဖြည်း လျော့ကျလာ၏။
ချင်မူ့နှလုံးသားမှာ လှုပ်ရှားသွားသည်။ ‘အဆုံးသတ်မြို့ပျက်ရေလှိုင်း ပေါက်ကွဲတော့မယ်’
အဆုံးသတ်မြို့ပျက်ထဲရှိ ဆွဲအားက ပိုပို၍ အားပျော့လာပြီး ပြုတ်ကျနေသည့်အမြန်နှုန်းကလည်း နှေးကွေးသထက် နှေးကွေးလာ၏။ ဤသည်မှာ ရှားပါးသော အခွင့်အရေးတစ်ရပ် ဖြစ်သဖြင့် ချင်မူက ချက်ချင်း ခုန်ဆင်းသွားသည်။
သူသည် ရေလှိုင်းနှင့်အတူ အဆုံးသတ်မြို့ပျက်ချောက်နက်ထဲမှ ထွက်ခွာသွားရန် မရွေးချယ်ပေ။ ထိုအစား ဤအခွင့်အရေးကို အသုံးချ၍ အဆုံးသတ်မြို့ပျက်၏ အနက်ရှိုင်းဆုံးနေရာထဲအထိ ဝင်ရောက်သွားသည်။
သူ၏အမြန်နှုန်းမှာ မြန်ဆန်လာသော်လည်း သူ၏အရှေ့ရှိ အလင်းရောင်ကတော့ တဖြည်းဖြည်း ဖျော့တော့လာ၏။ ထိုသို့ဖျော့တော့နေမှုထဲတွင် အလွန်တရာ စူးရှနေသောအလင်းရောင်တစ်ခုက ဓားရောင်အလား ကိန်းဝပ်နေသေးသည်။
ချင်မူက မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို ဖွင့်လိုက်သည့်အခါ စူးရှသော အလင်းရောင်ထဲ၌ ဆန်းဆန်းပြားပြား နေရာတစ်နေရာ ငုပ်လျှိုးနေသည်အား တွေ့လိုက်ရသည်။ ၎င်းက အလင်းရေကန်တစ်ခု ဖြစ်သော်ငြား အလွန်တရာ ကြီးမားနေ၏။
အမြွှာကြာပန်းပွင့်နှစ်ပွင့်က ရေကန်ထဲတွင် အမြစ်တွယ်ထားကြသည်။
ထိုအခိုက်အတန့်တွင် ရေလှိုင်းများ ပန်းထွက်လာသည်။
အဆုံးသတ်မြို့ပျက်ထဲတွင် နေရာယူနေခဲ့သည့် အလင်းရောင်တို့က စီးဆင်းထွက်ပေါ်လာတော့သည်။
ချင်မူက လှိုင်းများကို ဆန်တက်နေသော်လည်း အလင်းလှိုင်းတို့ စီးဖြာလာခြင်းက မရေမတွက်နိုင်သော ဓားသွားများ သူ့ကို ဖြတ်ပိုင်းနေသည့်အလား ခံစားရစေသည်။ သူ့တစ်ကိုယ်လုံး သွေးများစိုရွှဲနေပြီး သူ၏အမြန်နှုန်းကလည်း ပိုပို၍ နှေးကွေးလာတော့၏။
ချင်မူက အမြွှာကြာပန်းပွင့်နှစ်ပွင့်ကို တင်းကြပ်စွာ ဖက်၍ ဖြည်းဖြည်းချင်း ဆင်းနေသည်။ သူ၏ရုပ်ခန္ဓာမှာ အပိုင်းပိုင်း စုတ်ပြတ်သတ်နေပြီ ဖြစ်သော်လည်း သူ၏ကောင်းကင်နတ်သိုင်းကြောင့် ပြန်လည်သက်သာလာနေသည်။
ချင်မူမှာ မည်မျှအကွာအဝေးထိ တိုးလာခဲ့ပြီးမှန်း မသိတော့သလို၊ ဆက်လက် မတောင့်ခံနိုင်တော့ချေ။ သူ လက်လွှတ်၍ လှိုင်းများနှင့်အတူ မျှောချသွားတော့မည့်ဆဲဆဲတွင် မဟာစွမ်းအားတစ်ရပ်က ရုတ်တရက် သူ့ကို လွှမ်းခြုံပြီး အလင်းလှိုင်းများအား ခုခံပေးလိုက်သည်။
ချင်မူ ပြန်လှည့်ကြည့်လိုက်ရာ သူ့အနောက်ရှိ ကောင်းကင်နတ်ဧကရီကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီးသည် လက်လေးဖက်၊ ခြေထောက်လေးဖက်ကို ပိုင်ဆိုင်ထားပြီး သူ့နည်းတူ အမြွှာကြာပန်းပွင့်ကို ဖက်ကာ သူ့နောက်မှ တွားသွားလိုက်ပါလာခဲ့၏။
ချင်မူ့မှော်စွမ်းအင်သည် သူမအောက် များစွာနိမ့်ကျ၏။ သူ့အနေဖြင့် ဘဝပြန်ဝင်စားခြင်းလမ်းစဉ်၊ အဆုံးသတ်မြို့ပျက်လမ်းစဉ်တို့ကို သိမြင်နားလည်ခဲ့သော်လည်း သူ၏ခွန်အားမှာ ခန္ဓာကိုယ်တစ်ခုတည်းအဖြစ် ပေါင်းစည်းခဲ့သော အဆုံးသတ်မြို့ပျက်နတ်ဘုရားမအောက်တော့ နိမ့်ကျနေသေးသည်။
အဆုံးသတ်မြို့ပျက်နတ်ဘုရားမမှာ တာအိုသိုင်းပညာရှင်တစ်ဦးလည်း ဖြစ်သောကြောင့် သူ့ထက်များစွာ သန်မာပေသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်ဧကရီ၏ မျက်နှာက မျက်နှာနှစ်ဖက် ကွဲနေသည်။ သူမ၏မျက်နှာနှစ်ဖက်နှင့် မျက်လုံးလေးလုံးက ရေကန်ကို စိုက်ကြည့်နေကြ၏။
“ကောင်းကင်နတ်အရှင်မူ၊ နင်က ဒီလိုနေရာမျိုးကို ရှာတွေ့နိုင်ခဲ့တယ်ပေါ့… ပိုင်ရှင်ဖြစ်တဲ့ ငါတောင် အဆုံးသတ်မြို့ပျက်အောက်မှာ ဒီလိုရတနာနယ်မြေ ရှိနေတာ မသိခဲ့ဘူး… သိပ်ကို ထူးချွန်ပါပေတယ်” ကောင်းကင်နတ်ဧကရီ၏ အသံက ထွက်ပေါ်လာသည်။
“အချစ်ကလေး... တို့ ကာကွယ်ပေးမယ်နော် … အချစ်ကလေးက ရှေ့က သွား” သခင်မယွမ်မုက တခစ်ခစ်ရယ်ကာ ပြော၏။
ချင်မူက ဟွန့်ခနဲ နှာခေါင်းရှုံ့သည်။ ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့သည် အဆုံးသတ်မြို့ပျက်အောက်ရှိ အရာများမှာ အလွန်တရာ အန္တရာယ်များကြောင်း အာရုံခံမိကြသဖြင့် သူ့ကို အရှေ့မှ စေလွှတ်နေကြခြင်းပင်။ အန္တရာယ်တွေ့ကြုံရပါက ချင်မူသာ ဦးစွာသေဆုံးရပေလိမ့်မည်။
“ငါလည်း ဒီနေရာကို စူးစမ်းချင်ခဲ့တာပဲလေ… အဆုံးသတ်မြို့ပျက်နတ်ဘုရားမရဲ့ အကူအညီနဲ့ဆိုရင် အားစိုက်ထုတ်စရာ သိပ်မလိုလောက်ဘူး”
ဤသို့ဖြင့် ချင်မူသည် အောက်ဆက်ဆင်းသွားတော့၏။ အဆုံးသတ်မြို့ပျက်ရေလှိုင်းများ၏ ပြင်းအားက အင်မတန် အားကောင်းလာသည်နှင့်အမျှ အဆုံးသတ်မြို့ပျက် နတ်ဘုရားမပင်လျှင် ခံနိုင်ရည်မရှိတော့သောကြောင့် သူမ၏မှော်စွမ်းအင်နှင့် ခွန်အားအလုံးစုံ သုံးကာ လှိုင်းများအား ခုခံနေရသည်။
သူတို့နှစ်ယောက်သား ခက်ခက်ခဲခဲဖြင့် ဆက်သွားနေကြသည်။ အချိန်တစ်ခုကြာသည်အထိ ဆက်ဆင်းလာကြသော်လည်း ရေကန်သို့ ရောက်ရန် ဝေးကွာနေသေး၏။
အဆုံးသတ်မြို့ပျက်နတ်ဘုရားမမှာ ဆက်လက်တောင့်ခံနိုင်စွမ်းမရှိတော့သဖြင့် သူမ၏ခန္ဓာကိုယ်က လွင့်ပြယ်လာသည်။ သူမ၏ ကျင့်ကြံခြင်းအခြေခံမှာလည်း လျော့နည်းကျဆင်းလာသောကြောင့် သခင်မယွမ်မုက အော်ပြောလိုက်၏။ “ရပ်လိုက်… လှိုင်းတွေ ဖြတ်သွားပြီးမှ ဆက်သွားမယ်”
ချင်မူက ရပ်တန့်လိုက်သည်။ လှိုင်းများက ပိုပို၍ ပြင်းထန်အားကောင်းလာချေပြီ။ သူတို့နှစ်ယောက်က ကြာမြစ်များကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားကြပြီး လှိုင်းစွမ်းအားကို ခုခံနေကြသည်။
ချင်မူက လှိုင်းဂယက် ပျောက်ကွယ်သွားသည့်အချိန်ကို စိတ်ထဲမှ တွက်ချက်နေ၏။
ဤလှိုင်းသည် မဟာလှိုင်းဂယက်တစ်ခု ဖြစ်ပေလိမ့်မည်။ သူ ယခင်က ကြုံဖူးခဲ့သည်ထက် ပိုမိုကြာရှည်စွာ ဖြစ်ပွားနေ၏။ ၎င်း၏ စွမ်းအားမှာလည်း ပိုမိုကြီးမားသောကြောင့် မည်သည်က မဟာလှိုင်းဂယက်ကို ဖြစ်ပေါ်စေခဲ့သည်လဲ သူ မသိပေ။
နောက်ဆုံးတွင် လှိုင်းဂယက်စွမ်းအားက တဖြည်းဖြည်း လျော့ကျသွားသည်။
ချင်မူ့အကြည့်က တောက်ပသွားပြီး သူ အဆုံးသတ်မြို့ပျက်အောက်ရှိ ရေကန်ရှိရာသို့ ခပ်သွက်သွက် တွားသွား သွား၏။
“ကောင်းကင်နတ်အရှင်မူ၊ နင် မလွတ်နိုင်ဘူး”
ကောင်းကင်နတ်ဧကရီ၏အသံ ထွက်ပေါ်လာပြီး သူမ၏ခြေလက်များက ခြေထောက်ရှစ်ချောင်းပါရှိသော ပင့်ကူများကဲ့သို့ လှုပ်ရှားကာ သူ့အနောက်မှ လိုက်ဖမ်းတော့သည်။
ရေလှိုင်း ကျဆင်းလာသဖြင့် ချင်မူက စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်သည်။ သူက ကြာမြစ်အတိုင်း ဆက်ဆင်းလာသည့်အခါ ရေကန်မှာ သန့်စင်သောစွမ်းအင်တို့ဖြင့် ဖွဲ့တည်ထားသည်ကို တွေ့လိုက်ရ၏။ ပို၍နီးကပ်လာလေလေ အလင်းရောင်က ပို၍တောက်ပလာလေလေပင်။
သူ ၎င်းအရှေ့သို့ ရောက်သည့်အခါမှ ရေကန်သည် ထင်ထားသည်ထက် ကြီးမားလာသည်ကို မြင်လိုက်ရ၏။ ၎င်းက ရေကန်တစ်ကန်နှင့် မတူတော့ဘဲ ပင်လယ်တစ်စင်းအလားပင်။ သန့်စင်သော စွမ်းအင်တို့ဖြင့် ဖွဲ့တည်ထားသော ပင်လယ်တစ်စင်းဖြစ်၏။
ထိုမျှသာမက ယခင်က မမြင်ခဲ့ဖူးသော တစ်စုံတစ်ခုကိုလည်း မြင်လိုက်ရသည်။
သူက ကြားပန်းရွက်များထံ ရောက်သွား၏။
၎င်းတို့က ပင်လယ်ရေမျက်နှာပြင်အထက် ကြာပန်းပွင့်နှစ်ပွင့်ဘေးတွင် မြောလွင့်နေကြသည်။
ချင်မူက အမြစ်များအတိုင်း ဆက်လက်ပြေးဆင်းလာနေ၏။ ထိုအခိုက်အတန့်တွင် သူ၏ပတ်ပတ်လည်၌ မျက်စိကျိန်းမတတ် အလင်းရောင်တို့ ပြည့်နှက်သွားပြီး မရေမတွက်နိုင်သော ပုံရိပ်များက အလင်းရောင်ထဲတွင် တဖျတ်ဖျတ် ထွက်ပေါ်လာကြသည်။
ချင်မူမှာ ကြောင်အသွား၏။ သူက ထိုပုံရိပ်များကို အာရုံစိုက်၍ ကြည့်လိုက်ရာ စကြ၀ဠာတစ်ခုလုံးကို တွေ့မြင်လိုက်ရလေသည်။
သူ လှုပ်ရှားနေသည်နှင့်အမျှ စကြ၀ဠာတစ်ခုလုံးက နောက်ပြန်သွားနေကြ၏။
ဘိုးဘေးနန်းတော်ကို တွေ့မြင်ရပြီး ကောင်းကင်နတ်ဘုံသည် ဘိုးဘေးနန်းတော်၏ ကောင်းကင်ထက်မှ ထွက်ခွာ၍ ကမ္ဘာဦးဘုံကောင်းကင်ဆီသို့ ပြန်လည်ရောက်သွားသည်ကို တွေ့နေရသည်။ ပြန်လည်မွေးဖွားလာသော ကောင်းကင်နယ်စားမင်းနှင့် ကောင်းကင်နတ်အရှင်ဆယ်ပါးတို့ တိုက်ခိုက်နေကြသည် ရွှမ်တုတိုက်ပွဲကိုလည်း တွေ့မြင်နေရ၏။ နောက်ထပ်ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည့်အချိန်တွင် ကမ္ဘာဦးဘုံသည် ပြန်လည်ချိပ်ပိတ်ခံလိုက်ရသည်။
အချိန်များသည် နောက်ကြောင်းပြန်ရစ်ခံနေရသကဲ့သို့ နောက်ပြန်ဆုတ်သွားပြီး မဟာမြို့ပျက် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။ မကြာမီ ကောင်းကင်ဘုံ ၃၃ ဘုံဖြင့် ဖွဲ့တည်ထားသော ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော ကောင်းကင်စက်မှုလက်မှုပညာရှင်များသည် ကောင်းကင်နတ်ဘုံအား သွန်းလုပ်တည်ဆောက်နေကြ၏။
ချင်မူ ဆက်လျှောက်နေသည်။ ခိုင်ဧကရာဇ်ခေတ်နှစ်သောင်းက မူလ စတင်ခဲ့သောနေရာသို့ ပြန်လည်ရောက်သွားသည်။ ယွမ်တုက မည်းမှောင်ကာ ဟင်းလင်းပြင် ဖြစ်နေ၏။ ၎င်းက ချုံဧကရာဇ်ခေတ် အပျက်အစီးများပင်။
ထို့နောက် ခမ်းနားတင့်တယ်လှသော ချုံဧကရာဇ်ခေတ် ပြန်လည်ထွက်ပေါ်လာသည်။ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကောင်းကင်နတ်အရှင်လင်တို့က အမိကမ္ဘာမြေကို သတ်ကာ ကမ္ဘာဦးသစ်ပင်အား ခုတ်လှဲခဲ့ကြ၏။
ကမ္ဘာဦးသစ်ပင်က ပြိုလဲနေသောအခြေအနေမှ ပြန်လည်ထွက်ပေါ်လာသည်။ မြောက်ချုံဧကရာဇ်နှင့် တောင်ချုံဧကရာဇ်တို့က အချင်းချင်း တိုက်ခိုက်နေကြ၏။ နတ်ဘုရားတစ်ပိုင်းများက မြောက်အရပ်ကို အုပ်ချုပ်ကြပြီး လူသားတို့က တောင်အရပ်ကို အုပ်ချုပ်ကြသည်။ နှစ်သုံးသိန်းကြာ တည်တံ့ခဲ့သော ချုံဧကရာဇ်က ဖျတ်ခနဲ ကုန်ဆုံးသွား၏။
ရိုင်းစိုင်းကြမ်းတမ်းသော ချိမင်ခေတ် ပေါ်လွင်လာသည်။ မင်ဧကရာဇ်က ကောင်းကင်နတ်ဘုံများကို အုပ်ချုပ်၏။ ကပ်ဘေးကျလာသည့်အခါ ချိဧကရာဇ်က ဖရိုဖရဲနေရာဟင်းလင်းပြင်သို့ သွားရောက်ကာ စူးစမ်းရှာဖွေခဲ့သည်။ နောက်ဆုံး၌ ချိဧကရာဇ်သည် ယွမ်တုတွင် ကောင်းကင်နတ်အရှင်မူ၏ ရုပ်တုအား မြင်သွားပြီး တင်ပျဉ်ခွေထိုင်ကာ သိမြင်နားလည်ခဲ့၏။
ထို့နောက် နဂါးဟန်ခေတ်။ ကောင်းကင်နတ်ဘုံသုံးခု တစ်ခုကိုတစ်ခု တိုက်ခိုက်နေကြသည်။
အချိန်များက ပိုပို၍ လျင်မြန်စွာ နောက်ပြန်သွားနေကြသည်။ နဂါးဟန်ခေတ်သို့ ရောက်သည့်အချိန်တွင် အံ့သြဖွယ်မြင်ကွင်းများက ဖျတ်ခနဲ ဖြစ်ပျက်ပျောက်ကွယ်သွားကြ၏။ မကြာမီ နဂါးဟန်ကောင်းကင်နတ်ဘုံအား တည်ထောင်သည့် အချိန်သို့ ရောက်ရှိလာသည်။ ထို့နောက် သွေးသံချေးဇုန်တိုက်ပွဲ။ ရှုကျွင်းသည် မရေမတွက်နိုင်သော ဖန်ဆင်းရှင်များကို ဦးဆောင်ကာ ရှေးဟောင်းနတ်ဘုရားများနှင့် နတ်ဘုရားတစ်ပိုင်းများကို ရင်ဆိုင်တိုက်ခိုက်နေ၏။ သူတို့ကား ကြယ်တာရာကောင်းကင်ထက်တွင် ရှုံးနိမ့်သွားခဲ့ကြသည်။
ထို့နောက် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူက ကုန်းယွင်ကို သတ်ခဲ့သည်။ ကုန်းယွင်က မဟာဧကရာဇ်ကို အလစ်တိုက်ပြီး သူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ ထိုက်ချူကျောက်တုံးအား ဖျက်စီးကာ ဘိုးဘေးနန်းတော်ထဲတွင် တိုက်ခိုက်နေကြ၏။ ထို့နောက် မဟာဧကရာဇ်က ဘိုးဘေးနန်းတော်ထဲရှိ ဖန်ဆင်းရှင်များကို သတ်ဖြတ်နေသည်။
နှစ်ကုဋေပေါင်းများစွာ ကြာမြင့်ခဲ့သော အချိန်များက လျင်မြန်စွာ နောက်ပြန်ရစ်ကြပြီး မကြာမီ ဖန်ဆင်းရှင်များ ကျောက်တုံးတွင်းငါးတွင်းကို တူးဖော်နေကြသည့်အချိန်သို့ ရောက်သွား၏။ ထို့နောက် ပထမဦးဆုံးဖန်ဆင်းရှင် ပိုယန်က ပထမဦးဆုံးထိုက်ချူနတ်ကျောက်တုံးကို မြှောက်ကာ သူ၏ မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးသွင်းခဲ့သည်။
နောက်ဆုံးတွင် ချင်မူသည် မီးတောက်ကြီးတစ်ခုအား တွေ့မြင်လိုက်ရ၏။
ထိုက်ယီက လောကသစ်ပင်ကို မီးရှို့နေသည်။
တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်များက ကြယ်တာရာကောင်းကင်ကို လောင်ကျွမ်းနေစေ၏။
ထိုက်ယီ သစ်ပင်ခုတ်နေသည့် မြင်ကွင်းကို ချင်မူ တွေ့မြင်နေရပြီး သူ ရှေ့ဆက်သွားကြည့်သည့်အခါ ဘိုးဘေးနန်းတော်၌ မည်သည့်အသက်ဓာတ်မှမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေချေပြီ။
သူ နောက်ဆုံးတွင် ကြာမြစ်၏ အောက်ဆုံးသို့ ရောက်လာခဲ့သည်။ စကြ၀ဠာ ဆင့်ကဲပြောင်းလဲမှု၏ အသွင်ငါးရပ်ဖြစ်သော ထိုက်ကျိ၊ ထိုက်စု၊ ထိုက်ရှီ၊ ထိုက်ချူ၊ ထိုက်ယီတို့ကို တွေ့မြင်လိုက်ရသည်။
ဝုန်း…
ချင်မူက ကြာရွက်ပေါ်သို့ ဆင်းသက်လိုက်ပြီး သူ့ခြေထောက်အောက်ရှိ အလင်းရောင်မှာ ဆက်လက်ထွန်းတောက်မနေတော့ပေ။ ထိုအစား ၎င်းတို့က ဖရိုဖရဲဖြစ်နေကြ၏။
သူ ဟိုဟိုသည်သည် ကြည့်လိုက်ရာ ဧရာမကြာရွက်ကြီးများသည် ပင်လယ်ထဲ၌ မြောလွင့်နေကြသည်အား တွေ့လိုက်ရသည်။ ရှည်လျားလှသော ဆူးချွန်ကြီးများဖြင့် ပြိုင်ဘက်ကင်းစွာ ထူထဲကြီးမားသော ကြာမြစ်များက ပင်လယ်ထဲမှ ထွက်ပေါ်၍ အမှောင်ထုထဲတွင် မားမားမတ်မတ် ထောင်နေကြသည်။
ချင်မူမှာ ငေးကြောင်စွာဖြင့် ခေါင်းရမ်းလိုက်မိသည်။
“အချစ်ကလေး… ဆက်ပြေးဦးလေ”
ကောင်းကင်နတ်ဧကရီမှာလည်း ဧရာမကြာရွက်ကြီးပေါ်သို့ ဆင်းသက်လိုက်သည်။ သခင်မယွမ်မုက စိတ်လှုပ်တရှား ပြော၏။ “အခု ပြေးစရာ နေရာမရှိတော့ဘူးမလား… ဘဝပြန်ဝင်စားခြင်းလမ်းစဉ်ကို ပေးတော့…”
သူမ၏အသံမှာ တဖြည်းဖြည်း တိုးဝင်သွားပြီး သူမ၏ မျက်ဝန်းများက ဧရာမကြာမြစ်ကြီးများအား ငေးကြောင်စွာ မော့ကြည့်နေ၏။
စုစုပေါင်းကြာမြစ် ဆယ့်ခုနစ်ခု ရှိပြီး တစ်ခုချင်းစီက အမြွှာကြာပန်းပွင့်တစ်ပွင့်စီကို ကိုယ်စားပြုသည်။
အမြွှာကြာပန်းပွင့်တစ်ပွင့်စီက အဆုံးသတ်မြို့ပျက်အသူရာချောက်နက် တစ်ခုစီအား ကိုယ်စားပြုချေသည်။
တစ်နည်းဖြင့် ပြောရပါက ဤနေရာသည် အဆုံးသတ်မြို့ပျက် အသူရာချောက်နက် ဆယ့်ခုနစ်ခုဖြင့် ဆက်သွယ်နေခြင်းပင်။