ပိုယန်၏ အလောင်း
Vol. 121 Ch. 1577
ချင်မူနှင့် အဆုံးသတ်မြို့ပျက် နတ်ဘုရားမမှာ ကြာရွက်အပေါ်တွင် ရပ်နေကြရင်း ပြောစရာစကား ရှာမတွေ့တော့ဘဲ အံ့ဩမှင်သက်နေမိကြသည်။
ကြာရွက်များသည် ဗြောင်းဆန်နေသော ဤပင်လယ်ထက်၌ မျောနေကြ၏။ အမြွှာကြာပန်းပွင့်နှစ်ပွင့်က အမှောင်ထု၏ အနက်ပိုင်းထဲ၌ တည်ရှိလျက် ကမ္ဘာခေတ်ဦး စကြဝဠာများနှင့် ဆက်သွယ်နေသည်။ တစ်ချက်တစ်ချက် အလင်းတန်းများ လင်းလက်တောက်ပလာတတ်၏။
ဤနေရာသို့ ကိုယ်တိုင်ရောက်ဖူးမှသာလျှင် ဤနေရာ၏ ထူးခြားဆန်းကြယ်မှုကို ခံစားနားလည်နိုင်ပေမည်။ ထို့မှသာ ကမ္ဘာလောကကြီး၏ ဆန်းကြယ်နက်နဲသော သဘောတရားတို့အား စုပ်သပ်မဆုံး ဖြစ်ပေကြလိမ့်မည်။
“ဒါဆို ငါတို့က ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်ထက်တောင် ပိုစောပြီး မွေးလာခဲ့တာပဲ…. ထိုက်ငါးပါးထက်တောင် ပိုစောကောင်း စောနိုင်သေးတယ်နော်…”
ရုတ်တရက် သခင်မယွမ်မုက ရေရွတ်လိုက်သည်။ “အစ်မတော်၊ နင် အဲ့ဒီနှာဘူးကောင် ထိုက်ချူကို လက်ထပ်ခဲ့တာက တကယ် တစ်ပန်းရှုံးခဲ့တာပဲ”
ကောင်းကင်နတ်ဧကရီသည် နှာမှုတ်လိုက်၏။ “ငါက တစ်ပန်းရှုံးတယ်ဆိုတော့ နင်ကရော ဘာထူးလို့လဲ… သူ့အနား အရှက်မရှိ ကပ်ခဲ့တာပဲဟာ”
သခင်မယွမ်မုက တခစ်ခစ် ရယ်လိုက်သည်။
ချင်မူ့အကြည့်များက ဂနာမငြိမ်၊ တောင်ကြည့်မြောက်ကြည့် ကြည့်ကာ သမင်လေးတစ်ကောင်လို စပ်စုနေသည်။ နောက်ဆုံးတွင်တော့ သူ၏ အကြည့်သည် အရိုးစုတစ်စုအပေါ်သို့ ကျရောက်သွား၏။
၎င်းက အခြားကြာရွက်တစ်ရွက်ပေါ်တွင် တင်နေသည့် ဧရာမအရိုးစုကြီးတစ်ခုပင်။ အရိုးစုမှာ တောင်တစ်လုံးအရွယ်တမျှ ကြီးမားသော်လည်း ကြာရွက်နှင့်ယှဉ်လျှင်တော့ များစွာသေးငယ်နေသည်။
အရိုးစု၏ နဖူးတွင် တောက်ပနေသေးသော ထိုက်ချူနတ်ကျောက်တုံးတစ်ခုက နေရာယူထားသည်။ ၎င်းမှာ အဆုံးသတ်မြို့ပျက်ကြောင့် မပျက်စီးသေးပေ။
“ဖန်ဆင်းရှင်… ပိုယန်များလား...”
သူက ဆတ်ခနဲ ခုန်၍ အရိုးစုဘေးသို့ ဆင်းချလိုက်သည်။
ကောင်းကင်နတ်ဧကရီကလည်း ဆင်းသက်လာပြီး အရိုးစုကို အကဲခတ်လိုက်၏။ “နတ်ဘုရင်ပိုယန်ကို ငါ ဒီထဲ ပစ်ချခဲ့တာလေ…” သူမက ချီးကျူးလိုက်သည်။ “မသေဘဲ ဒီနေရာအထိတောင် သွားနိုင်မယ် ထင်မထားခဲ့ဘူး….ရှေးခေတ်ရဲ့ နံပါတ်တစ် နတ်ဘုရင် ပီသပါပေတယ်… သူ့စွမ်းဆောင်ရည်က အခုထိ အားနည်းမသွားသေးဘူးပဲ….”
ချင်မူက နတ်ဘုရင်ပိုယန်ဘေးသို့ လျှောက်သွားကာ အသေးစိတ် စူးစမ်းအကဲခတ်လိုက်သည်။ ပထမဦးဆုံးဖန်ဆင်းရှင် ဖြစ်သည့်အလျောက် နတ်ဘုရင်ပိုယန်၏ ဘဝဇာတ်ကြောင်းသည် ဒဏ္ဍာရီတစ်ပုဒ်အလား ကျော်ကြား၏။
သူသည် ထိုက်ချူနတ်ကျော်တုံးအား တူးဖော်၍ ၎င်း၏ လျှို့ဝှက်ချက်များကို သိရှိခဲ့သည့် ပထမဦးဆုံးပုဂ္ဂိုလ် မဟုတ်ပါလော။
ထိုခေတ်တုန်းက ဖန်ဆင်းရှင်များမှာ ဖန်ဆင်းရှင်များပင် မဟုတ်သေးဘဲ ကမ္ဘာဦးခေတ်၏ လူရိုင်းဘီလူးကြီးများအဆင့်သာ ရှိကြသေး၏။ သူတို့သည် မွေးဖွားကတည်းက သန်မာပြီး ဉာဏ်ရည်မြင့်သည့် မျိုးနွယ် ဖြစ်သည့်တိုင် ကမ္ဘာဦးသားရဲများနှင့် ရင်ဆိုင်ရသည့်အခါတွင်တော့ အားနည်းခဲ့ကြသည်။
များပြား၍ စွမ်းအားကြီးမားလှသော သားရဲကြီးများက သူတို့အား ထိုခေတ်တွင် ရှင်သန်နိုင်ရန် ခက်ခဲစေခဲ့သည်။ ပိုယန်သည် ထိုက်ချူနတ်ကျောက်တုံး၏ လျှို့ဝှက်ချက်ကို သိရှိခဲ့ပြီးနောက် ကိုယ်ကျိုးမဖက်ဘဲ အခြားသူများကို ပြန်လည်သင်ကြားပေးကာ သားရဲများကို ထိန်းချုပ်ပြီး ရှေးဟောင်းနတ်ဘုရားကိုပင် ဖန်တီးနိုင်မည့် စွမ်းအားကို ရရှိစေခဲ့သည်။
ထိုအရိုင်းခေတ်တွင် အသိစိတ်အလျဉ် ပိုင်ဆိုင်သော လူနေမှုအဖွဲ့အစည်းတစ်ခု တည်ထောင်နိုင်ရန် မလွယ်ကူခဲ့ပေ။ ရှေးဟောင်းနတ်ဘုရင်ပိုယန်၏ တစ်ကိုယ်ကောင်းမဆန်ဘဲ အကျိုးသယ်ပိုးမှုကြောင့်သာ ပေါ်ထွန်းလာခဲ့ခြင်းဟု ဆိုရပေမည်။
“အဲဒီအဘိုးကြီးက တော်တော်မာတာ… သူ့ကို သတ်ဖို့ တော်တော်လေး ဒုက္ခခံခဲ့ရတယ်”
သခင်မယွမ်မုက ပိုယန်၏ အလောင်းကို ကြည့်နေ၏။ “မဟာဧကရာဇ်ကို ရှင်းလင်းဖို့က လွယ်တယ်…. ခဲအိုကို ကုန်းယွင်နဲ့ အိပ်ခိုင်းလိုက်ရုံပဲ.... ကုန်းယွင်က မဟာဧကရာဇ်ကို သစ္စာဖောက်ပြီး သူ့မျက်ခုံးနှစ်ဖက်ကြားက ထိုက်ချူနတ်ကျောက်တုံးကို ယူပေးခဲ့တယ်… ဒါပေမဲ့ ဒီအဘိုးကြီးကတော့ တော်တော်ကို ခက်တာ… သိုင်းပညာရှင်တစ်ဦး ဖြစ်တဲ့အပြင် သူ့ရဲ့အသိစိတ်အလျဉ်ကလည်း စွမ်းအားကြီးတယ်… ငါတို့ရဲ့ အကြံအစည်တွေအကုန်လုံး ထွင်းဖောက်မြင်နေနိုင်ခဲ့တာလေ… ငါတို့သာ မပူးပေါင်းခဲ့ရင် တခြားရှေးဟောင်းနတ်ဘုရားတွေ သူ့ကို ရှင်းလင်းဖယ်ရှားနိုင်မှာ မဟုတ်ဘူး”
ကောင်းကင်နတ်ဧကရီကလည်း ထိုအချိန်ကာလကို ပြန်လည်အမှတ်ရမိသွားသဖြင့် သက်ပြင်းချလိုက်သည်။ “အဲဒါက ငါတို့ညီအစ်မနှစ်ယောက် အတူတိုက်ခိုက်ခဲ့တဲ့ နောက်ဆုံးအကြိမ်ပဲ… ငါတို့သက်တမ်းတလျှောက် အခမ်းအနားဆုံးတိုက်ပွဲဆိုလည်း ဟုတ်တယ်”
သခင်မယွမ်မုမှာလည်း အလားတူ ခံစားရလေသည်။ ထိုအချိန်ကာလတုန်းနှင့် နှိုင်းယှဉ်ပါက သူတို့ညီအစ်မနှစ်ယောက် မည်မျှမသင့်မြတ်ခဲ့သည်ကို ပြန်တွေးမိလျှင် ခံစားချက်များစွာဖြင့် ဆို့နင့်လာမိသည်။
သို့သော် ဖြစ်ပြီးသည့် အရာများကို ပြန်လည်ပြင်ဆင်၍ မရတော့ပေ။ သူတို့ညီအစ်မနှစ်ယောက်သည် အတိတ်တုန်းက အခြေအနေသို့ ဘယ်တော့မှ ပြန်လည်ရောက်နိုင်မည်မဟုတ်။
“အစ်မတော်၊ ငါတို့ ဒီတိုင်း အချိန်ဖြုန်းနေလို့ မဖြစ်ဘူး… နင် ငါ့ကို မသန့်စင်နိုင်ဘူးဆိုရင် ငါလည်း နင့်ကို မသန့်စင်နိုင်ဘူး”
သခင်မယွမ်မုက အကြံပေးသည်။ “ဒီလိုလုပ်… ဒီခန္ဓာကိုယ်ကို နင်က တစ်ရက်ထိန်းချုပ်… ငါက နောက်တစ်ရက် ထိန်းချုပ်မယ်… တစ်လှည့်စီပေါ့… ငါတို့ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ကြသရွေ့ ကောင်းခဲ့တဲ့ကိစ္စတွေကို ပြန်ပြီး မှတ်မိလာမှာပဲ… အမုန်းတရားတွေ တဖြည်းဖြည်း ပျောက်ကွယ်လာပြီးတော့ ညီအစ်မသံယောဇဉ် ပြန်ပေါ်လာလိမ့်မယ်…. ဘယ်သူသိမလဲ… ဟိုးအတိတ်တုန်းက အခြေအနေတောင် ပြန်ရောက်သွားနိုင်မလား ဆိုတာ … ဘယ်လိုလဲ”
ကောင်းကင်နတ်ဧကရီမှာလည်း ရင်ထဲ ထိသွားပုံပေါ်ပြီး သက်ပြင်းချလိုက်သည်။ “ငါလည်း အဲ့လိုတွေးမိတယ်… နင်နဲ့ ငါ သေတဲ့အထိ တိုက်ခိုက်နေလို့ မဖြစ်ဘူး… ငါတို့နှစ်ယောက်သာ တည့်သွားရင် ဘယ်သူက ငါတို့ကို စိန်ခေါ်ရဲမှာတဲ့လဲ…. ညီမတော်က အဲ့လိုတွေးတယ်ဆိုမှတော့ အဲ့ဒီလို လုပ်ကြတာပေါ့”
သခင်မယွမ်မုက မျက်တောင်ခတ်လိုက်ပြီး သူမ၏အသိစိတ်အလျဉ်ကို ချင်မူ့ထံ ပို့လွှတ်လိုက်၏။ “အချစ်လေး၊ အဘွားကြီး အိပ်ပျော်သွားတဲ့အထိ စောင့်ဦး… ပြီးရင် ဘဝပြန်ဝင်စားခြင်းလမ်းစဉ်ကို ငါ့ကိုပေး… ဒီဟာမကို သေတဲ့အထိ သန့်စင်ပစ်မယ်”
ချင်မူ့အသိစိတ်အလျဉ်က အနည်းငယ် လှိုင်းထသွားသည်။ “စိတ်မပူပါနဲ့ သခင်မ… ကျွန်တော် ဖြေရှင်းလိုက်ပါမယ်”
ရုတ်တရက် ကောင်းကင်နတ်ဧကရီ၏ အသိစိတ်အလျဉ်ကလည်း ပျံ့လွင့်လာ၏။ “အပျက်မက စိတ်မှန်တာ မဟုတ်ဘူး… အရူးတစ်ယောက် အသက်ရှင်သင့်လား… ယုတ္တိကျကျတွေးတတ်တဲ့သူက အသက်ရှင်သင့်လား…ကောင်းကင်နတ်အရှင်မူ ဆုံးဖြတ်သင့်တယ်”
ချင်မူ့အသိစိတ်အလျဉ်က အနည်းငယ် လှိုင်းထသွားသည်။ “စိတ်မပူပါနဲ့ အရှင်မ… ကျွန်တော် ဖြေရှင်းလိုက်ပ့ါမယ်”
သူက ဇဝေဇဝါဖြစ်နေသော မျက်နှာဖြင့် ပိုယန်၏ ဦးခေါင်းခွံကို ကြည့်လိုက်သည်။ ထို့နောက် ပိုယန်၏ မျက်တွင်းပေါက်များ မျက်နှာမူနေသည့်နေရာဘက်သို့ ကြည့်ကာ တအံ့တဩ ရေရွတ်လိုက်သည်။ “ပိုယန်က မသေခင် တစ်ခုခုကို ကြည့်နေခဲ့တာများလား”
ကောင်းကင်နတ်ဧကရီကလည်း ပိုယန်၏ ဧရာမဦးခေါင်းခွံကြီးအနား လာရောက်၍ သူ မသေခင် ကြည့်နေခဲ့သောနေရာသို့ ကြည့်လိုက်သည်။ မြင်ရသမျှမှာ ဖရိုဖရဲဖြစ်နေသော မြူခိုးများအကြားမှ ထောင်မတ်နေသော ကြာမြစ်ကြီးများသာ ဖြစ်သည်။
ချင်မူက သူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို ဖွင့်ကာ လှမ်းကြည့်လိုက်သည်။ သူ၏ရင်မှာ ဒိန်းခနဲ ခုန်သွားတော့၏။
ပိုယန် မသေခင် တွေ့မြင်ခဲ့ရသောအရာကို တွေ့မြင်လိုက်ရလေပြီ။
အမြွှာကြာပန်းပွင့်နှစ်ပွင့်၏ အောက်တွင် အလွန်တရာ ထူထဲသော တာအိုသံကြိုးကြီးများက ယခင်စကြ၀ဠာဟောင်း၏ အဆုံးသတ်မြို့ပျက်အသူရာချောက်နက် အ၀င်မှ ဤနေရာအထိ တွဲလောင်းကျနေသည်။
သံကြိုးများက ဤဖရိုဖရဲပင်လယ်ထဲသို့ နစ်မြုပ်သွားပြီး အမြွှာကြာပန်းပွင့်၏ ကြာမြစ်များနှင့် ဆက်သွယ်နေသယောင်ပင်။
ရုတ်တရက် သံကြိုးများသည် ပြင်းထန်စွာ တုန်ခါလာကာ ပတ်ပတ်လည်ရှိ ဖရိုဖရဲမြူခိုးများကို လွင့်ပြယ်သွားစေ၏။ ဖရိုဖရဲပင်လယ်ထဲတွင် ငုပ်လျှိုးနေသည့် ဧရာမကောင်းဆိုးဝါးကြီးတစ်ကောင်က ပြင်းထန်လှသော လေပြင်းများနှင့် ဧရာမလှိုင်းဂယက်ကြီးများကို ထွက်ပေါ်နေစေသည့်အလားပင်။
ဖရိုဖရဲပင်လယ်အထက် ကောင်းကင်တွင် မရဏလေပူက ဝေါခနဲ ပြင်းပြင်းထန်ထန် တိုက်ခတ်သွားသဖြင့် ဧရာမလှိုင်းလုံးကြီးများ မြောက်တက်သွားသည်။ ယင်းလှိုင်းလုံးကြီးများသည် ဖရိုဖရဲပင်လယ်ထဲရှိ ကြာရွက်များကို ကောင်းကင်ထက်သို့ ပင့်တက်ပေးလိုက်၏။
ချင်မူနှင့် ကောင်းကင်နတ်ဧကရီမှာ ကြာရွက်များပေါ်တွင် ရပ်နေရင်း ချက်ချင်း တုန်ခါလာသည်ကို ခံစားလိုက်ရပြီး လွင့်ထွက်မတတ် ယိုင်သွားကြတော့သည်။
သူတို့နှစ်ယောက်လုံး ကပျာကယာ ဟန်ချက်ထိန်းလိုက်ကြသည့်အချိန်တွင် ဖရိုဖရဲချီများ ပြန့်ကားထွက်လာသည်။ ဖရိုဖရဲမြစ်ထဲသို့ ထိုးစိုက်လျက် နေရာယူထားသော အမြွှာကြာမြစ်၏ အောက်မှ စုတ်ဖွားဖွားဦးခေါင်းကြီးတစ်ခု မြောက်တက်လာချေပြီ။ အဖြူရောင်ဆံပင်များက ဖရိုဖရဲပင်လယ်ထက်တွင် ငွေမျှင်များအလား မြောလွင့်နေကြသည်။
ငွေရောင်ဆံပင်တို့က အသက်ရှိနေကြသည့်အလား ပင်လယ်ထဲတွင် ကူးခတ်သွားရင်း တာအိုသံကြိုးများကို ဖြတ်တောက်ရန် ကြိုးစားနေကြ၏။
တာအိုသံကြိုးများပေါ်တွင် သေးငယ်မှုန်မွှားသော တာအိုအမှတ်အသားများက မရေမတွက်နိုင်အောင် ထွက်ပေါ်လာပြီး အဆက်မပြတ် တုန်ခါသွားကြသည်။ တာအိုသံက ဖရိုဖရဲပင်လယ်၏ အရပ်လေးမျက်နှာမှ ပျံ့လွင်လာလေသည်။ ပြိုင်ဘက်ကင်းအောင် စွမ်းအားကြီး၍ ခမ်းနားလှသော ဖြစ်တည်မှုတစ်ခုက အထွတ်အထိပ်မဟာတာအိုကို ရွတ်ဖတ်နေသည့်အလားပင်။
ဝုန်း….
ဧရာမဦးခေါင်းကြီးသည် ဖရိုဖရဲပင်လယ်ထဲမှ ဖြည်းဖြည်းချင်း မြောက်တက်လာ၏။ ရှုပ်ထွေးနေသော ဆံပင်များက လေထဲတွင် မြောလွင့်ကာ တာအိုသံကြိုး၏ ဖိနှိပ်မှုကို ခုခံရန် ကြိုးစားနေသည်။ သို့သော် တာအိုသံကြိုးက ၎င်း၏ မျက်နှာ၊ နှာခေါင်း၊ ပါးစပ်နှင့် နားရွက်များကို ဖောက်ထွက်သွားပြီးနောက် ၎င်းအား ချုပ်နှောင်ထားလိုက်သည်။
၎င်းကာ အမျိုးသမီးတစ်ဦး ဖြစ်လေသည်။ သူမ၏ပုံပန်းသွင်ပြင်မှာ နတ်ဘုရင်ပိုယန်ထက် သေးငယ်မနေချေ။ သူမသည် ဖရိုဖရဲပင်လယ်ထဲတွင် မြှုပ်နှံခံခဲ့ရသည်မှာ အချိန်ကြာမြင့်လွန်းခဲ့ပြီ ဖြစ်သဖြင့် သူမ၏မျက်နှာပုံစံ ပျက်ယွင်းနေသည့်တိုင်အောင် တိုက်စားခံထားရဟန်တူသည်။
အမျိုးသမီးက ကြာရွက်တစ်ရွက်ကို ဆွဲယူကာ တာအိုသံကြိုး၏ ဖိနှိပ်မှုကို ခုခံလိုက်သည်။ သူမက ကြာရွက်အပေါ် တက်လိုက်ကာ အသက်တစ်ရှိုက် ရှူသွင်းလိုက်သည်။
ချင်မူနှင့် ကောင်းကင်နတ်ဧကရီမှာတော့ ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။
အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲတွင် နစ်မြုပ်နေခဲ့သူ တစ်ဦး ရှိပြီး ထိုပုဂ္ဂိုလ်မှာလည်း အသက်ရှင်နေသေးသည်။
ထိုမျှသာမက ဤအမျိုးသမီးသည် ကမ္ဘာခေတ်ဦးစကြ၀ဠာ၏ တာအိုသိုင်းပညာရှင်တစ်ဦး ဖြစ်ပေလိမ့်မည်။ သူမသည် စကြ၀ဠာ ဖျက်ဆီးခံရ၍ စကြ၀ဠာအသစ် ထွက်ပေါ်သည့်တိုင်အောင် ချုပ်ခံထားရသော်လည်း အသက်ရှင်နိုင်ခဲ့သေး၏။ မည်မျှအံ့ဖွယ်ကောင်းလှသနည်း။
'တာအိုသံကြိုး မှာ ဖွဲ့တည်ထားတဲ့ တာအိုအမှတ်အသားတွေက မီလော့နန်းတော်ရဲ့ တာအိုအမှတ်အသားတွေပဲ’
ချင်မူမှာ ရင်တဒိန်းဒိန်း ခုန်စွာဖြင့် ကောင်းကင်တွင် ပြည့်နှက်နေသော တာအိုအမှတ်အသားများဆီသို့ မော့ကြည့်လိုက်သည်။ ထိုအမှတ်အသားများကို ကမ္ဘာဦးဖရိုဖရဲသင်္ကေတများဖြင့် ဖွဲ့တည်ထားလေ၏။
‘တစ်နည်းဆိုရရင် ဒီအမျိုးသမီးကို အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲမှာ မြှုပ်ထားခဲ့တဲ့သူက မီလော့နန်းတော်အရှင်သခင်ပဲ… မသေမှာ စိုးလို့ မှော်စွမ်းအင်ပမာဏအများကြီး သုံးပြီး ဖျက်ဆီးနိုင်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီမှာ ချုပ်ထားတာ”
သူ့မှာ အတော်လေး အံ့အားသင့်နေမိသည်။ ‘ဒါဆို ဒီအမျိုးသမီးက ဘယ်သူများလဲ… ဘာလို့ မီလော့နန်းတော်အရှင်သခင်တောင် မသတ်နိုင်တာလဲ… ဖိနှိပ်ရုံက လွဲပြီး တခြားရွေးချယ်စရာ မရှိခဲ့ဘူးလား’
အမျိုးသမီး အသက်ကို လု၍ ရှူနေရစဉ် တာအိုသံကြိုးက နောက်တစ်ကြိမ် ဆွဲလိုက်ပြန်သည်။ သူမက အေးစက်စွာ ရယ်လိုက်၏။ ထို့နောက် လက်ဆန့်တန်း၍ အမြွှာကြာပန်းပွင့်၏ ကြာမြစ်များကို ဆုပ်ကိုင်ဆွဲချရင်း တာအိုသံကြိုးများကို ခုခံရန် ကြိုးစားနေသည်။
သူမ၏ တာအိုသိုင်းများနှင့် ကောင်းကင်နတ်သိုင်းများမှာ အလွန်တရာ အစွမ်းထက်ပေသည်။ သူမသည် အဆုံးသတ်မြို့ပျက်မဟာတာအိုကို ပိုင်ဆိုင်ထားသော်လည်း ကောင်းကင်နတ်ဧကရီတို့ ညီအစ်မထက်ပင် နားလည်ရန် ပို၍ခက်ခဲသည်။
အမြွှာကြာပန်းပွင့်နှစ်ပွင့်မှာ သူမလက်ထဲသို့ ဆွဲယူခံလိုက်ရပြီး အသက်သွင်းခံလိုက်ရသည်။ ၎င်းတို့၏စွမ်းအားက တရှိန်ထိုး မြင့်တက်သွားရင်း အရာအားလုံးကို ဝါးမြိုနေသောကြောင့် ဖရိုဖရဲပင်လယ်တစ်ခုလုံးကို လှိုင်းထန်သွားစေ၏။
“ကမ္ဘာခေတ်ဦးစကြ၀ဠာရဲ့ အဆုံးသတ်မြို့ပျက်နတ်ဘုရားမပဲ…”
ချင်မူ အံ့ဩမှင်သက်နေသည့်အချိန် ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုက ပြိုင်တူရေရွတ်လိုက်ကြသည်။ “ကမ္ဘာခေတ်ဦးစကြ၀ဠာက ငါတို့ပဲ”
“မဟုတ်ဘူး… သူက ငါတို့ထက် ပြီးပြည့်စုံတယ်”
“ပြီးပြည်စုံစွာ ပေါင်းစည်းသွားခဲ့တာပဲ”
အမျိုးသမီးနှစ်ဦးမှာ ပျော်ရွှင်ဝမ်းမြောက်နေကြသည်။ သိသိသာသာပင် ဤနေရာတွင် ချုပ်နှောင်ဖိနှိပ်ခံထားရသည့် အမျိုးသမီးမှာ အလွန်တရာ စွမ်းအားကြီးပေသည်။ သူမသည် အဆုံးသတ်မြို့ပျက် ညီအစ်မနှစ်ယောက် ပေါင်းစည်းသည့်ပြဿနာကို ဖြေရှင်းနိုင်ခဲ့သည့်အပြင် ထိုနည်းလမ်းက ချင်မူ့ဘဝပြန်ဝင်စားခြင်းလမ်းစဉ်ထက် ပိုမိုသေချာ၏။
ချင်မူ့နှလုံးသားမှာ ပေါက်ကွဲတော့မည့်အလား ခုန်နေ၏။ ဤအမျိုးသမီးသည် သူ့ထက်ပို၍ အားကိုးစရာကောင်းနေမှန်း ချက်ချင်း တွေးမိသွားသည်။ သူမသာ ကောင်းကင်နတ်ဧကရီတို့ ညီအစ်မ၏ ပြဿနာကို ဖြေရှင်းပေးနိုင်ပါက သူ့အသက်အား ချမ်းသာပေးပါဦးမည်လော။
အမျိုးသမီးက အမြွှာကြာပန်းပွင့်နှစ်ပွင့်ကို လွှဲရမ်းလျက် တာအိုသံကြိုးများအား ခုခံနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။ သို့သော် မကြာမီ သိပ်မတိုက်ခိုက်နိုင်တော့သဖြင့် အရေးနိမ့်နေသော အခြေအနေသို့ ရောက်လာ၏။
မီလော့နန်းတော်အရှင်သခင်မှာ သေဆုံးသွားပြီဖြစ်သော်လည်း သူ ချန်ထားခဲ့သည့် တာအိုသံကြိုးများကတော့ အထွတ်အထိပ်စွမ်းအားကို ပိုင်ဆိုင်နေကြသေးသည်။ မီလော့နန်းတော်၏ တာအိုအမှတ်အသားများမှာ နားလည်၍ မရနိုင်သလို အဆုံးသတ်မြို့ပျက်ပင်လျှင် ၎င်းတို့ကို ဝါးမြိုသန့်စင်နိုင်ခြင်း မရှိပေ။
ရုတ်တရက် အမျိုးသမီးက အဆုံးသတ်မြို့ပျက် တာအိုဘာသာစကားဖြင့် လှမ်းအော်လိုက်၏။ “ဒီတိုင်းကြည့်နေတော့မှာလား… လာကူညီကြလေ…”
ကောင်းကင်နတ်ဧကရီမှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ချင်မူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသဖြင့် သူ့လက်ဖဝါးများမှာ ချွေးစေးတို့ဖြင့် စေးကပ်နေတော့သည်။
ဝှစ်….
အမျိုးသမီးက ဖရိုဖရဲပင်လယ်ကို လှိုင်းထန်သွားစေပြီး ကြာရွက်တစ်ရွက်အား သူတို့ဘက်သို့ မြောလာစေသည်။ သူမက အော်ဟစ်လိုက်၏။ “ဒီကြာရွက်ပေါ် တက်ပြီး မြန်မြန်လာခဲ့ကြ”
ချင်မူမှာ တွန့်ဆုတ်နေသော်လည်း ကောင်းကင်နတ်ဧကရီကတော့ ကြာရွက်အပေါ် ခုန်တက်သွားပြီ ဖြစ်သည်။
သူလည်း အံတင်းတင်းကြိတ်ကာ ကြာရွက်ပေါ် ခုန်တတ်လိုက်၏။
မီလော့နန်းတော်အရှင်သခင်တွင် ကမ္ဘာခေတ်ဦး အဆုံးသတ်မြို့ပျက် နတ်ဘုရားမကို ချုပ်နှောင်ခဲ့ရသည့် အကြောင်းအရင်း ရှိပေလိမ့်မည်။ ကောင်းကင်နတ်ဧကရီသာ ဤအမျိုးသမီးကို လွှတ်ပေးလိုက်ပါက ထာဝရငြိမ်းချမ်းရေးအင်ပါယာအပြင် စကြ၀ဠာတစ်ခုလုံး ဒုက္ခရောက်ပေလိမ့်မည်။
မည်သို့ဆိုစေ ကောင်းကင်နတ်ဧကရီ ထိုသို့ မလုပ်နိုင်အောင် သူ တားဆီးရမည်။
ကြာရွက်က မြောသွားရင်း အမျိုးသမီးဘေးသို့ ရောက်သွားခဲ့ချေပြီ။ လေထဲတွင် ပျံဝဲနေသော အဖြူရောင်ဆံပင်များက သူတို့နှစ်ယောက်ကို ရစ်ပတ်လိုက်၏။ နောက်တစ်ခဏတွင် ချင်မူနှင့် ကောင်းကင်နတ်ဧကရီတို့မှာ အမျိုးသမီး၏ ခြေထောက်နားသို့ ရောက်သွားကြသည်။
အမျိုးသမီးအနေဖြင့် တာအိုသံကြိုးကို ခုခံရန်မှာ ပိုပို၍ ခက်ခဲလာသည်။ ရုတ်တရက် မရေမတွက်နိုင်သော တာအိုအမှတ်အသားများက သူမ၏ ခန္ဓာကိုယ်ပေါ်သို့ အလိုလို တံဆိပ်ခတ်နှိပ်ကာ သူမ၏ကောင်းကင်နတ်သိုင်းများကို ချုပ်နှောင်လိုက်၏။ အမျိုးသမီးမှာ အမြွှာကြာပန်းပွင့်နှစ်ပွင့်ကို လက်လွှတ်လိုက်ရပြီး ဖရိုဖရဲပင်လယ်ထဲသို့ ဆွဲချခံလိုက်ရသည်။
ကောင်းကင်နတ်ဧကရီမှာ အတော်လေး စိတ်ပျက်သွားမိသည်။ သခင်မယွမ်မုက ကြာရွက်ပေါ်တွင် ၀မ်းလျားမှောက်၍ ခေါင်းပြူကာ လှမ်းအော်လိုက်သည်။ “အစ်မတော်၊ ကျွန်မတို့ အစ်မတော်ကို ဘယ်လိုကယ်ရမလဲ”
ချင်မူ့မျက်လုံးများက ဝင်းခနဲ တောက်ပသွားပြီး သူမ၏ လည်ပင်းကို ဖြတ်ကာ ဖရိုဖရဲပင်လယ်ထဲသို့ ခေါင်းပြတ်ကျသွားစေရန် ဓားအား လှမ်းဆုပ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်ဧကရီ၏ မျက်နှာက သခင်မယွမ်မု၏ ဦးခေါင်းအနောက်တွင် ပေါ်လာပြီး သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။
ချင်မူက စပ်ဖြဲဖြဲ ပြုံးပြလိုက်ပြီး ကပ်ဘေးဓားကို ကိုင်ထားသည့်လက်အား ဖြည်းဖြည်းချင်း ဖြေလျော့လိုက်၏။
ဖရိုဖရဲပင်လယ်ပြင်ထက်ရှိ ဧရာမကြာရွက်ကြီးအောက်မှ အမျိုးသမီး၏ ဖြူလျော့လျော့မျက်နှာက ပေါ်လာပြီး တာအိုစကားသံများ ပျံ့လွင့်လာသည်။ “ငါက မီလော့နန်းတော်ရဲ့ သခင်လေးနှစ် … မီလော့နန်းတော်က အနန္တခန်းမကို အုပ်ချုပ်တဲ့သူပဲ… ငါက ဒီနေရာမှာ ချုပ်နှောင်ခံထားရတာ… နင်တို့အားလုံး ဒီကြာပန်းပွင့်ပေါ် တက်ပြီး လိုက်လာခဲ့ကြ… အဆုံးသတ်မြို့ပျက် အသူရာချောက်နက် အ၀င်၀ဆီ ရောက်ရင် အနီရောင်ကြိုးတွေ တွဲလောင်းကျနေတာကို မြင်ရလိမ့်မယ်… အဲဒါ့တွေကို ဖြတ်လိုက်ရင် ငါ လွတ်မြောက်နိုင်ပြီ… မီလော့နန်းတော်အရှင်သခင်က အဲ့ဒီအနီရောင်ကြိုးတွေ သုံးပြီး ငါ့ကို ဖမ်းချုပ်ထားခဲ့တာ”
ချင်မူက ပြုံးလိုက်၏။ “မီလော့နန်းတော်ရဲ့ သခင်လေးအကုန်လုံးက ယောက်ျားတွေ မဟုတ်ဘူးလား… ခင်ဗျားက မိန်းမ ဖြစ်ပြီး ဘာလို့ သခင်လေးလို့ ခေါ်ရမှာလဲ”
အမျိုးသမီး၏မျက်နှာပေါ်တွင် ဝဲကျနေသော အဖြူရောင်ဆံနွယ်များ လေနှင့်အတူ တလွင့်လွင့် လှုပ်ခတ်နေသည်။ တာအိုစကားသံများ ထွက်ပေါ်လာ၏။ “မိန်းမတစ်ယောက်ရဲ့ အဆင့်အတန်းဆိုတာ မြင့်မြတ်တယ်… သခင်လေးလို့ ခေါ် ရုံတင် မဟုတ်ဘူး သခင်ကြီးလို့ ခေါ်ရင်တောင် ဘာမှမဖြစ်ဘူး…. နေစမ်းပါဦး… နင့်ကို ရင်းနှီးနေသလိုပဲ…”