ဘဝပြန်ဝင်စားမှု၏ တိတ်ဆိတ်ခြင်းသဘော
Vol. 121 Ch. 1578
အမျိုးသမီး၏ ရင်းနှီးနေသည်ဟူသော စကားကြောင့် ချင်မူ ရင်ထဲ ဖိုးသိုးဖပ်သပ် ဖြစ်သွားသည်။ ပင်လယ်အောက်ရှိ အမျိုးသမီးမျက်နှာက သူ့အား စူးစူးစိုက်စိုက် ကြည့်နေချေသည်။ “နင့်ရုပ်ကလေ... ငါ့ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ တော်တော်ကို တူတာ”
ချင်မူသည် ငါးခူပြုံးလေး ပြုံးပြလိုက်၏။ ရုတ်တရက် သူ၏ ကောင်းကင်ရတနာနယ်ပယ်က ပြန့်ကားထွက်လာပြီး ကောင်းကင်နတ်ဘုံတစ်ဘုံ ဖြစ်တည်လာသည်။ သူ၏မူလဝိညာဉ်က ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရင်း ကျောက်စိမ်းမြို့တော်ထက်တွင် ရပ်ကာ ဘ၀ပြန်၀င်စားခြင်းတာအိုကို အသက်သွင်းလိုက်၏။
“ဘဝပြန်ဝင်စားမှု၏ တိတ်ဆိတ်ခြင်းသဘော... အဆင်းသဏ္ဍာန်မဲ့ခြင်းနှင့် အမည်နာမ, ကင်းခြင်းတရား”
ဤသည်မှာ ချင်မူ၏ တာအိုကျင့်စဉ်စနစ် ၃၁ ဘုံမြောက် ကောင်းကင်နတ်သိုင်း ဖြစ်ကာ ကျောက်စိမ်းမြို့တော် ပြန်လည်တည်ဆောက်ပေးသည်။ ပလ္လင်ခန်းမ ၅၈ ဆောင်က မပြီးပြည့်စုံသော ကျောက်စိမ်းမြို့တော်တစ်ခုကို တည်ဆောက်ထားချေသည်။
သူ၏ ကျောက်စိမ်းမြို့တော်အဆင့်မှာ မပြီးပြည့်စုံသေးသောကြောင့် ပလ္လင်ခန်းမ ၇၂ ဆောင်ကို ဖွဲ့တည်ပြီးမှ ၀င်ရောက်ရန် ရည်ရွယ်ထားခဲ့၏။ သို့သော် မီလော့နန်းတော်၏ သခင်လေးနှစ်က သူ့ကို မှတ်မိသွားသဖြင့် ကျောက်စိမ်းမြို့တော်အဆင့်သို့ ဆောလျင်စွာ ၀င်ရောက်ခဲ့ရသည်။
သူ၏ သိုင်းအဆင့် ထောင်တက်သွားသည့်အတွက် ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့က ချက်ချင်း သတိထားမိသွားကြသည်။
အမျိုးသမီးနှစ်ယောက်က သူ တိုက်ခိုက်ရန် ကောင်းကင်သို့ ခုန်တက်သွားသည်နှင့် သူ့အား ခုန်အုပ်ရန် သဘောတူထားကြပြီးချေပြီ။
ဤမိန်းမနှစ်ယောက်ကား တစ်ယောက်နှင့်တစ်ယောက် မတည့်ဘဲ သတ်မည်တကဲကဲ ကြိမ်းဝါးကာ ရုပ်ခန္ဓာကို အပိုင်သိမ်းလိုကြသော်လည်း ရန်သူက ချင်မူသာ ဆိုပါက ဘုံရန်သူကို တိုက်ခိုက်နိုင်ရန် မဆိုင်းမတွ ပူးပေါင်းတတ်ကြ၏။
သို့သော် ထိုအခိုက်အတန့်တွင် ချင်မူမှာ ကောင်းကင်နတ်သိုင်းအား အသက်သွင်းပြီးဖြစ်၏။
ဘ၀ပြန်၀င်စားခြင်းသည် ဆိတ်ငြိမ်ပြီး အဆင်းသဏ္ဍာန်ကင်းမဲ့သည်။ ချင်မူသည် ဘ၀ပြန်၀င်စားခြင်း မဟာတာအိုနှင့် အဆုံးသတ်မြို့ပျက် မဟာတာအိုကို သိမြင်နားလည်ခဲ့တုန်းက တာအိုကျင့်စဉ်စနစ်၏ ၃၁ ဘုံမြောက် ကောင်းကင်ဘုံကို သိမြင်နားလည်နိုင်ခဲ့၏။
သူ့အနောက်တွင် ဧရာမ အလင်းလှည်းဘီးကြီးတစ်ခု ထွက်ပေါ်လာပြီး တဝှီးဝှီး လှည့်ပတ်နေသည်။
တခဏကြာသည်အထိ အချိန်နှင့် နေရာဟင်းလင်းပြင်တို့မှာ ဖရိုဖရဲဖြစ်သွားးကြသည်။ နှိုင်းယှဉ်မရနိုင်အောင် သိပ်သည်းအားကောင်းသော တာအိုအလင်းရောင်တို့က ဖရိုဖရဲပင်လယ်အထက် ကောင်းကင်တွင် ဖြာထွက်သွားပြီး တာအိုသံများ ထစ်ချုန်းလာစေသည်။ ချင်မူ့နောက်ရှိ အလင်းလှည်းဘီးကို ဗဟိုပြု၍ မျက်စိကျိန်းမတတ် တောက်ပနေသော တာအိုအလင်းရောင်တို့ ပေါက်ကွဲထွက်လာကာ အရာအားလုံးအပေါ် လွှမ်းခြုံသွားချေပြီ။
မျက်စိကျိန်းမတတ် တောက်ပနေသော အလင်းရောင် ထွက်ပေါ်လာပြီးနောက် တိတ်ဆိတ်ငြိမ်သက်သွား၏။
“အစ်မတော်၊ ကျွန်မတို့ ရှင့်ကို ဘယ်လိုကယ်ရမလဲ” သခင်မယွမ်မုက ကြာပန်းပေါ်တွင် ၀မ်းလျားမှောက်ကာ ဖရိုဖရဲမြစ်ထဲသို့ လှမ်းအော်ပြောလိုက်သည်။
ကောင်းကင်နတ်ဧကရီမှာ ငေးကြောင်သွားပြီး ရုတ်တရက် သတိ၀င်လာ၏။ သူမက ခေါင်းမော့၍ ချင်မူ့ကို အေးစက်စွာ ကြည့်လိုက်သည်။
ချင်မူက ကပ်ဘေးဓားရိုးအား ဖြည်းဖြည်း ဖြေလျော့ရင်း နူးညံ့ကြင်နာစွာ ပြုံးပြသည်။ သို့သော် သူ့မျက်နှာပေါ်ရှိ မုတ်ဆိတ်တိုတိုနှံ့နှံ့များကြောင့် သူ၏အပြုံးသည် ကောက်ကျစ်စဉ်းလဲနေပြီး ကြောက်စရာပင် ကောင်းနေတော့သည်။
ချင်မူသည် ကိုးပေ အရပ်ရှိပြီး တောင့်တင်းကြံ့ခိုင်သော ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားလေရာ အလွန်တရာ အင်အားကြီးမားသည့် ပုံပေါက်နေ၏။
ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့အနေဖြင့် သူ၏ ဤအသွင်သဏ္ဍာန်ကို မမှတ်မိဘဲမနေ။ သူသည် ကောင်းကင်နတ်ဘုံသို့ ရောက်လာခဲ့စဉ်တုန်းက သူ၏ရာထူးကို အားကိုး၍ လျှောက်မွှေခဲ့၏။ ထိုစဉ်အခါက မုတ်ဆိတ်ကြီးချင်ငမွှေ ဟု ပင် နာမည်ကြီးခဲ့သေးသည်။
သူ့မျက်နှာပေါ်ရှိ ထိုတိုတိုနှံ့နှံ့ မုတ်ဆိတ်မှာ အလွန်တရာ မှတ်မိလွယ်သည့်အပြင် တော်တော်နှင့် မေ့မရသော အရာလည်း ဖြစ်သည်။
ဤသကောင့်သားသည် ရိုးသားဖြောင့်မတ်သော အသွင်နှင့် ပြုံးနေတတ်လည်း ကောင်းကင်နတ်အရှင်ဆယ်ပါးအကြား တည်ဆောက်ထားသည့် မဟာမိတ်ဆက်ဆံရေးကို ဝင်ခလောက်ဆန်ခဲ့၏။ ကောင်းကင်နတ်အရှင်ဆယ်ပါး မသေမချင်း ရပ်တန့်မည်မဟုတ်သည့် ရန်သူတော်တစ်ဦးဆိုလည်း မမှားပါချေ။
ထိုအခိုက်အတန့်တွင် ဖြူဖျောဖျော့ မျက်နှာကြီးက ကြာရွက်အောက်ရှိ ပင်လယ်ထဲမှ ထွက်လာသည်။ သူမ၏ အဖြူရောင်ဆံနွယ်တို့က ဖရိုဖရဲပင်လယ်မျက်နှာပြင်ကို ဖုံးအုပ်ထားပြီး အမျိုးသမီးက ခပ်တိုးတိုး ပြောသည်။ “ငါက မီလော့နန်းတော်ရဲ့ အနန္တခန်းမကို ထိန်းချုပ်တဲ့ သခင်လေးနှစ်ပဲ…. နင်တို့ ဒီကြာရွက်ပေါ် တက်ရင်…”
မီလော့နန်းတော်၏ သခင်လေးနှစ်က ထိုသို့ပြောနေရင်း ရုတ်တရက် ရပ်လိုက်ကာ ချင်မူ့အား အေးစက်စွာ ကြည့်လိုက်သည်။ သူမက နှာခေါင်းရှုံ့ကာ ဆက်ပြော၏။ “နင်ပဲကိုး ... ခုနစ်… နင် စောစောက ငါနဲ့ သူတို့အပေါ် တစ်ခုခု လုပ်ခဲ့တာပဲ”
ချင်မူက လက်ချောင်းများ ဖြန့်ကာ မုတ်ဆိတ်ကို ပွတ်လိုက်သည်။ သူက အလွန်တရာ အံ့ဩမှင်သက်နေဟန်ဖြင့် ကျယ်လောင်စွာ မေးလိုက်သည်။ “မမကြီးက ဘာလို့ အဲ့လိုပြောရတာလဲ… ဟုတ်သား…. မီလော့နန်းတော်ရဲ့ သခင်လေးတွေက ယောက်ျားတွေ မဟုတ်ဘူးလား..”
“တိတ်စမ်း”
ပင်လယ်အောက်ရှိ အမျိုးသမီးက နှာခေါင်းရှုံ့လိုက်ရင်း ပြောသည်။ “ခုနစ်၊ ငါ နင့်ရဲ့ ကောင်းကင်နတ်သိုင်းတွေကို နားမလည်ဘဲ နေမလားဟယ် …. နင် တစ်လောကလုံးမှာ ဂြိုဟ်မွှေခဲ့တာကို ငါကိုယ်တိုင် တွေ့ခဲ့ရတာလေ …. အသက်ငယ်ငယ်လေးနဲ့ ဒီလိုကောင်းကင်နတ်သိုင်းမျိုး တတ်ထားမယ်တော့ ထင်မထားခဲ့တာ အမှန်… အဆုံးသတ်မြို့ပျက်ရဲ့ တာအိုသိုင်းပညာရှင်တွေကိုတောင် လှည့်စားပြီး မှတ်ဉာဏ်တွေ ပြုပြင်ထားသေးတာပဲဟာ … နင် ပတ်မွှေနိုင်တာ အံ့သြစရာမရှိပါဘူး”
ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့မှာ အံ့အားသင့်သွားကြသည်။ သခင်မယွမ်မုက ပြုံး၏။ “အစ်မတော်၊ ရှင်တော့ သူ့ကို မသိဘူးထင်တယ် … သူက ကောင်းကင်နတ်အရှင်မူလေ…. သိပ်ကို နာမည်ကြီးတဲ့ လူယုတ်မာပေါ့..”
ပင်လယ်အောက်ရှိ အမျိုးသမီးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး စူးရှသော အသံဖြင့် မေးသည်။ “သူ့မျက်နှာကို ကြည့်လိုက်ဦး… အဲဒီရုပ်က သူလား”
ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့က သူ့ကို ကြည့်လိုက်ကြသည်။ ချင်မူသည် မြင့်မြတ်တည်ကြည်သော အရှိန်အဝါကို ပိုင်ဆိုင်ထားသည့်အပြင် မုတ်ဆိတ်မွှေးတို့ဖြင့် ယောက်ျားဆန်နေ၏။
သူ့အသားရေက ကြည်လင်ချောမွတ်နေပြီး သူ၏ ကြွက်သားများက ထင်ရှားဖုထစ်နေကြသည်။ သူသည် သူတို့ ရင်းနှီးသော ကောင်းကင်နတ်အရှင်မူပင် မဟုတ်ပါလော။
“ဟုတ်တယ်... သူက ကောင်းကင်နတ်အရှင်မူလေ…”
သခင်မယွမ်မုက ပြုံးလိုက်သည်။ “ကျွန်မ ဒီကောင်စုတ်နဲ့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တိုက်ခိုက်ဖူးတယ်… ဒီမျက်နှာကို ဘယ်လိုလုပ် မေ့မှာလဲ…. ဒီလိုယောက်ျားမျိုးက ကျွန်မအကြိုက်ပဲဟာ”
ကောင်းကင်နတ်ဧကရီက မှင်သေသေ ပြောသည်။ “ကောင်းကင်နတ်အရှင်မူက ရုပ်ချောပေမယ့် ကျွန်မကတော့ သူ့လို ရုပ်မျိုးကို မကြိုက်ဘူး…. နံစော်နေတဲ့ကောင်.. ရွံဖို့ ကောင်းတယ်’
ပင်လယ်အောက်ရှိ အမျိုးသမီးမှာ ဒေါသထွက်လွန်းသဖြင့် ရယ်နေရုံသာ တတ်နိုင်တော့သည်။ “နင်တို့မှတ်ဉာဏ်တွေကို သူ့ရဲ့ ဘ၀ပြန်၀င်စားခြင်း ကောင်းကင်နတ်သိုင်းနဲ့ ပြုပြင်ထားတာတောင် မသိကြဘူးလား…. နင်တို့သာ အဆုံးသတ်မြို့ပျက် နတ်ဘုရားမတွေဆိုတာကို ငါတို့အဆုံးသတ်မြို့ပျက်က ပုဂ္ဂိုလ်တွေသာ ကြားရင်တော့ အရှက်ရစရာပဲ”
ချင်မူက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် တိတ်ဆိတ်စွာ နောက်ဆုတ်လိုက်သည်။
ဤမီလော့နန်းတော် သခင်လေးနှစ်၏ စွမ်းအားမှာ သူ ထင်ထားသည်ထက်ပင် သာလွန်နေ၏။ သူ၏ ဘ၀ပြန်၀င်စားခြင်းကောင်းကင်နတ်သိုင်း အသက်မ၀င်ခင် ဖြစ်ပျက်ခဲ့သည့် အရာများကို မှတ်မိနေသေးသဖြင့် သူ့အား အငိုက်ဖမ်းနိုင်ခဲ့သည်။
“ခုနစ်၊ နင့်ဘာသာ ကောင်းကင်နတ်သိုင်းကို ဖျက်မလား… ငါ ဖျက်ရမလား…” ပင်လယ်အောက်ရှိ အမျိုးသမီး အေးစက်စွာ မေးလိုက်၏။
ချင်နူက အားတင်းပြုံးလျက် ပြောသည်။ “မမကြီးနှစ်၊ ဘာတွေ ပြောနေတာလဲဗျ…. ကျွန်တော်တော့ နားကို မလည်…”
ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့မှာ မျက်လုံးကလေး ကလယ်ကလယ်ဖြင့် သူတို့နှစ်ယောက်အား နားမလည်နိုင်စွာ ကြည့်နေကြလေသည်။
ဝုန်း..
မရေမတွက်နိုင်သော အလင်းတန်းတို့က အဆုံးသတ်မြို့ပျက် ဖရိုဖရဲပင်လယ်ထဲမှ တဟုန်ထိုး ထွက်ပေါ်လာသည်။ အလင်းတန်းများက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး အချိန်နှင့် နေရာဟင်းလင်းပြင်ကို ပုံပျက်ကာ ပင်လယ်ရေပြင်အား လှိုင်းထပုံပျက်လာစေ၏။
နောက်တစ်ခဏတွင် လှိုင်းအားလုံး တည်ငြိမ်သွားကြသည်။ ချင်မူသည် ကြာရွက်ပေါ်၌ ရပ်နေသော်လည်း မုတ်ဆိတ်ကြီးချင်ငမွှေ မဟုတ်တော့ပေ။ ထိုအစား မူလအသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွား၏။ သခင်မယွမ်မုနှင့် ကောင်းကင်နတ်ဧကရီတို့သည်လည်း စောစောက အဖြစ်အပျက်ကို ချက်ချင်း သတိရသွားပြီး တုန်လှုပ်ခြောက်ခြားသွားကြသည်။ သူတို့က ကြောက်ရွံ့တုန်လှုပ်စွာဖြင့် သူ့အား ကြည့်နေကြတော့သည်။
“ဒီကောင်ကို အရှင်ထားလို့မဖြစ်ဘူး” သခင်မယွမ်မုက စူးရှစွာ အော်လိုက်သည်။
ကောင်းကင်နတ်ဧကရီက အေးစက်စွာ ပြော၏။ “ငါ အဲ့ဒါကို ပြောနေတာ ကြာပြီ… ဒါပေမဲ့ နင်က ငါ့ကို ဆန့်ကျင်ပြီး သူ့ကို အကြိမ်ကြိမ် ကာကွယ်ပေးနေခဲ့တာလေ”
သူတို့မှာ ဖြစ်ပျက်ခဲ့သည့် အရာအားလုံး မှတ်မိသွားကြသည်။ ပင်လယ်အောက်ရှိ အမျိုးသမီး ချင်မူ့အား မြင်ဖူးသည်ဟု ပြောခဲ့သည်မှစ၍ ချင်မူ ဘ၀ပြန်၀င်းစားခြင်း ကောင်းကင်နတ်သိုင်းအား အသက်သွင်းကာ ပုံစံပြောင်း၍ သူတို့မှတ်ဉာဏ်များကို ပြုပြင်ခဲ့သည့်အထိ အဆုံး ... အရာအားလုံး နောက်တစ်ကြိမ် ဖြစ်ပျက်သွားခဲ့သည်ကိုပါ မှတ်မိသွားကြသည်။ ပင်လယ်အောက်ရှိ အမျိုးသမီးကြောင့် ချင်မူ၏ အလိမ်ပေါ်သွားခဲ၏။ ဤအရာအားလုံးမှာ ချင်မူ့ကောင်းကင်နတ်သိုင်းကြောင့် ဖြစ်ပွားခဲ့ခြင်းပင်။
ဤသို့ကောင်းကင်နတ်သိုင်းမျိုးက အလွန်တရာ အန္တရာယ်များပေ၏။
ချင်မူက သူ့မျက်နှာကို ဒေါသတကြီး ထိတွေ့ကြည့်လိုက်သော်လည်း မည်သည့်မုတ်ဆိတ်မှ မရှိတော့ပေ။
“ခုနစ်၊ တော်ပြီ… ငါ နင်နဲ့ မတိုက်ခိုက်ချင်ဘူး”
ပင်လယ်အောက်ရှိ ဧရာမ အမျိုးသမီးမျက်နှာကြီးက မှင်သေသေ ပြောသည်။ “နင့်ကို သတ်ချင်ရင် ငါ့လက် တစ်ချက်လေး ခါလိုက်ရုံနဲ့ သတ်လို့ရတယ်… ဒါပေမဲ့ နင့်ကို သတ်လို့ ဘာအကျိုးမှ မရှိဘူး… ဆန့်ကျင်ဘက်အနေနဲ့ ငါ လွတ်မြောက်ဖို့တော့ နင့်ခွန်အားကို လိုတယ်”
ချင်မူက စိတ်အေးအေးထားလိုက်ပြီး မျက်ဝန်းများ ဖျတ်ခနဲ တောက်ပသွားသည်။ သူက ပြုံးလျက် မေးလိုက်လေသည်။ “မမကြီးနှစ်၊ ဘာပြောချင်တာလဲဗျ”
“မပြီးပြည့်စုံသေးတဲ့ အဆုံးသတ်မြို့ပျက် နတ်ဘုရားမတစ်ယောက်တည်းနဲ့ အနီရောင်ကြိုးကို ဖြတ်တောက်လိုက်ရင် ငါ သေဘေးကနေ မလွတ်နိုင်မှာ စိုးရိမ်မိတယ်…. မီလော့နန်းတော်အရှင်သခင် ထားခဲ့တဲ့ ကောင်းကင်နတ်သိုင်းတွေ သတ်တာ ခံရလို့ကတော့ အသက်ရှင်လျက် ပြန်လာနိုင်မှာမဟုတ်ဘူး..”
ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့မှာ ၎င်းကို ကြားလျှင် ကြက်သီးတဖြန်းဖြန်း ထသွားမိကြ၏။
သူတို့သည် မီလော့နန်းတော်၏ သခင်လေးနှစ်၌ မကောင်းသော အကြံအစည်များ ရှိလိမ့်မည်ဟု ခန့်မှန်းထားမိပြီး ဖြစ်သော်လည်း သူမကိုယ်တိုင် ပြောသည်ကို ကြားရသည့်အခါတွင်တော့ ကြောက်ရွံ့မှုကို ခံစားလိုက်ကြရသည်။
ပင်လယ်အောက်ရှိ အမျိုးသမီးမျက်နှာက ဆက်ပြော၏။ “မီလော့နန်းတော်ရဲ့ သခင်လေးခုနစ်ပါးဟာ ကမ္ဘာဦးဖရိုဖရဲသင်္ကေတတွေကို သိမြင်နားလည်ခြင်းကနေတစ်ဆင့် အစွမ်းအစတွေ ရခဲ့ကြတာ… ငါတို့ခုနစ်ယောက်က မီလော့နန်းတော်အရှင်သခင်ရဲ့ တပည့်တွေဆိုလည်း ဟုတ်တယ်… ငါတို့က သူ့ကို ဆရာလို့ခေါ်ခဲ့ကြပေမယ့် သူကတော့ ငါတို့ကို ဘယ်တော့မှ အသိအမှတ် မပြုခဲ့ဘူး… ငါတို့ သင်္ကေတတွေကနေ သိမြင်ခဲ့တဲ့အရာတွေက မတူသလို အောင်မြင်မှုတွေကလည်း ကွဲပြားတယ်…. ဒါပေမဲ့ သူ့ဆက်ခံသူတွေ ဖြစ်တဲ့အလျောက် သူ့တာအိုသံကြိုးကို ကောင်းကောင်းနားလည်ကြတယ်”
ချင်မူ့နှလုံးသားမှာ အနည်းငယ် လှုပ်ရှားသွားကြသည်။ မီလော့နန်းတော်၏ သခင်လေးခုနစ်ယောက်လုံးက မီလော့နန်းတော်အရှင်သခင်၏ ဆက်ခံသူများတဲ့လော။
သူတို့လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများကို မီလော့နန်းတော်အရှင်သခင် ဖန်တီးခဲ့သည့် သင်္ကေတမှ ရရှိခဲ့ခြင်းလား။
ချင်မူ့အနေဖြင့် သူ့ကိုယ်သူ ပြောနိုင်ရန် ခက်ခဲသော်လည်း သခင်လေးလေးကို တွေ့ခဲ့ဖူ၏။ သူသည် စကြ၀ဠာပျက်စီးခြင်း ကပ်ဘေးကြီးကို ဖယ်ရှားနိုင်ခဲ့သူ မဟုတ်သည့်တိုင် ပြိုင်ဘက်ကင်းအောင် စွမ်းအားကြီး၏။ ထိုသို့ဆိုလျှင် မီလော့နန်းတော်အရှင်သခင်သည် အသက်ရှိစဉ်အခါက မည်မျှစွမ်းအားကြီးခဲ့ပါသနည်း။
ပင်လယ်အောက်ရှိ အမျိုးသမီး၏ ဆံနွယ်များက မြောလွင့်နေပြီး သူမမျက်နှာသည် ကြာရွက်များ အောက်တွင် ကူးခတ်လှုပ်ရှားနေ၏။ သူမမျက်နှာအောက်ရှိ ခန္ဓာကိုယ်ကိုတော့ မမြင်ရချေ။ “ခုနစ်၊ အခုလေးတင် နင့်ရဲ့ ကောင်းကင်နတ်သိုင်းမှာ သူ့သင်္ကေတအရိပ်တွေကို တွေ့လိုက်ရတယ်… အဲ့ဒါက နင် သူနဲ့ တွေ့ပြီး သူ့ဆီက အမွေရခဲ့ပြီးတဲ့ အဓိပ္ပာယ်ပဲ…. ဆိုတော့ သူ့အနီရောင်ကြိုးကို ထိတွေ့လိုက်ရင်တောင် နင်က အသက်ရှင်လျက် ပြန်လာနိုင်ချေရှိတယ်… ဒါကြောင့် နင်နဲ့ အဆုံးသတ်မြို့ပျက်နတ်ဘုရားမနှစ်ယောက်လုံး အတူသွားပြီး အဲ့ဒီကြိုးတွေကို ဖြတ်တောက်ပစ်သင့်တယ်”
ချင်မူက ခေါင်းမော့ကြည့်လိုက်သည်။ မီလော့နန်းတော်၏ ကြီးမားထူထံသော သံကြိုးကြီးများက အမှောင်ထုထဲတွင် တွဲလောင်းကျနေကြ၏။ အမှောင်ထုက လှည့်ပတ်ပုံပျက်နေပြီး အရာအားလုံးကို ဖျက်ဆီးနေသည်။
“မမကြီးနှစ်၊ ဆရာက မမကြီးကို ချုပ်ထားတာလို့ ပြောခဲ့တယ်နော်…. ဘာလို့ ချုပ်ထားခဲ့တာလဲ”
သူက ရုတ်တရက် မေးလိုက်သည်။ “မီလော့နန်းတော်အရှင်သခင်က တစ်လောကလုံးမှာ အစွမ်းထက်ဆုံးပုဂ္ဂိုလ်လို့ ပြောလို့ရတယ်…. ဆိုတော့ မမကြီးကို ဖိနှိပ်ထားတာ အကြောင်းအရင်းတစ်ခုခု ရှိလို့ နေမှာ”
ဖရိုဖရဲပင်လယ်အောက်ရှိ မျက်နှာကြီးက ဝုန်းခနဲ ထွက်လာသည်။ အမျိုးသမီး၏ ဦးခေါင်းက ပင်လယ်မျက်နှာပြင်ထက်သို့ မြောက်တက်လာပြီး သူမဆံနွယ်များက လေထဲတွင် ပျံဝဲနေကြတော့သည်။
မီလော့နန်းတော် တာအိုသံကြိုးများက သူမမျက်နှာအား ဖောက်ထွက်၍ ချုပ်နှောင်လိုက်ကြသည်။ တာအိုသံကြိုးများက စွမ်းအားများ ထုတ်လွှတ်ကာ သူမ၏ စွမ်းဆောင်ရည်တို့ကို ကန့်သတ်ထားလိုက်ပြန်၏။
သို့သော် သူမသည် ပြိုင်ဘက်ကင်းသော စွမ်းအားတို့ကို ထုတ်လွှတ်နိုင်နေသေးသည်။
အမြွှာကြာပန်းပွင့်နှစ်ပွင့်အား လက်နက်အဖြစ် အသုံးပြုခဲ့စဉ်က ဤအချက်ကို သက်သေပြခဲ့ပြီးဖြစ်၏။
သူမသာ ချင်မူ့ကို သတ်ချင်ပါက အားစိုက်စရာပင် မလိုချေ။
ချင်မူက ခေါင်းမော့၍ သူမအား စေ့စေ့ကြည့်နေ၏။ သူ့အကြည့်က တစ်ချက်လေးမှ ယိုင်နဲ့မသွားသလို ကြောက်ရွံ့နေသည့် အရိပ်အယောင် တစ်စိုးတစ်စိမှ မရှိပေ။
“ကောင်စုတ်လေးက သတ္တိရှိသားပဲ…” သခင်မယွမ်မုက ညည်းညူလိုက်သကဲ့သို့ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ကောင်းကင်နတ်ဧကရီ နှာမှုတ်လိုက်သည်။ “နင်က ဘယ်လိုနေရမလဲ တော်တော်မသိတာပဲ”
အမျိုးသမီး၏ အဖြူရောင်ဆံနွယ်တို့က ချင်မူ့ပတ်ပတ်လည်တွင် လေနှင့်အတူ မြောလွင့်နေပြီး တာအိုသံကြိုးများမှ တာအိုသင်္ကေတများ ပေါက်ကွဲထွက်လာပြီး သူမကို ချုပ်နှောင်လိုက်ပြန်သည်။ ၎င်းတို့က ဆက်လက်တံဆိပ်ခတ်နှိပ်နေပြီး သူမအား မိုးကြိုးပစ်ခံရသကဲ့သို့ တဆတ်ဆတ် တုန်ရီနေစေ၏။ သို့သော် အဖြူရောင်ဆံနွယ်တို့က တည်ငြိမ်နေကြဆဲဖြစ်သည်။
တခဏကြာသော် အမျိုးသမီး၏ မျက်၀န်းများထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒတို့က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး သူမက ဖရိုဖရဲပင်လယ်ထဲသို့ ပြန်လည်နစ်မြုပ်သွားသည်။ “သူက ရူးနေတာလေ” သူမက မှင်သေသေ ပြောလိုက်၏။ “စိတ်ရှိတာမှန်သမျှ လျှောက်လုပ်နေတာ… ငါ့ကို ဘာကြောင့်ဖိနှိပ်ချင်တာလဲ ဘယ်လိုလုပ်သိမှာလဲ… ခုနစ်၊ နင်က တော်တော်စပ်စုလွန်းတယ်… နင် မမေးသင့်တဲ့ ကိစ္စတွေဆိုတာ ရှိတယ်… အနာဂတ်ကျရင် သိရမှာပဲဟာ ဘာလို့ အလောကြီးနေတာလဲ”
သူမက စကားလမ်းကြောင်းလွှဲလိုက်သည်။ “အဆုံးသတ်မြို့ပျက်နတ်ဘုရားမ၊ နင် ခုနစ်နဲ့ သွားပြီး အနီရောင်ကြိုးကို ဖြတ်တောက်ပေးနိုင်ရင် ငါ နင့်ရဲ့ပြဿနာကို ဖြေရှင်းပေးနိုင်တယ်… နင်က အသုံးမဝင်ဘူး.. ကိုယ့်ကိုကိုယ် ဒီလိုအခြေအနေအထိ ရောက်အောင် ဘယ်လိုများ ဖြစ်ခဲ့ရတာလဲ… အဆုံးသတ်မြို့ပျက်မျိုးဆက် မျက်နှာကို အိုးမည်းသုတ်လိုက်တာပဲ…. ဒါပေမဲ့ နင်တို့နှစ်ယောက် ပြီးပြည့်စုံစွာ ပေါင်းစည်းသွားသရွေ့ တစ်လောကလုံးမှာ စွမ်းအားအကြီးဆုံးပုဂ္ဂိုလ် ဖြစ်လာလိမ့်မယ်… နင်တို့ကို ဘယ်သူမှ အနိုင်ယူလို့ မရနိုင်ဘူး”
ယွမ်မုနှင့် ကောင်းကင်နတ်ဧကရီမှာ စိတ်လှုပ်ရှားသွားကြသည်။
သူတို့ ဤအခြေအနေအထိ ရောက်ရှိခဲ့ရခြင်းမှာ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် မဆင်မခြင် ပြုမူပြီး အတင်းအကြပ် ပေါင်းစည်းစေခဲ့ခြင်းကြောင့် ဖြစ်၏။
သို့သော် မီလော့နန်းတော်၏ သခင်လေးနှစ်သာ သူတို့၏ ပြဿနာကို ဖြေရှင်းပေးနိုင်မည်ဆိုလျှင် တစ်လောကလုံးရှိ စွမ်းအားကို သူတို့ ပိုင်ဆိုင်နိုင်ပေလိမ့်မည်။
ချင်မူက ခပ်မဲ့မဲ့ ပြုံးသည်။ “မမကြီးနှစ်၊ ခင်ဗျားက ကတိတွေတော့ ပေးပေမယ့် မျက်ဝါးထင်ထင် အကျိုးအမြတ်တွေ ရသေးတာမဟုတ်ဘူး… ခင်ဗျားအတွက်ပဲ ကျွန်တော်တို့ကို တက်သွားခိုင်းတာ… ကျွန်တော်တို့ အသက်ရှင်လျက် ပြန်လာနိုင်၊ မလာနိုင်က ခင်ဗျားအပြောပဲ ရှိတာလေ… ကျွန်တော်တို့ကိုလိမ်နေတာဆိုရင် ဘယ်လိုလုပ်မလဲ”
“ပါးစပ်ပိတ်ထားစမ်း သူခိုးကောင်”
ကောင်းကင်နတ်ဧကရီက အော်ဟစ်လိုက်သည်။ “သူခိုးကောင်မူ၊ နင်ကများ အစ်မတော်ကို အဲဒီလို ပြောရဲတယ်ပေါ့”
သူမက လှည့်၍ ပင်လယ်အောက်ရှိအမျိုးသမီးကို ဦးညွှတ်အရိုအသေပေးလိုက်၏၊ “အစ်မတော်၊ သူ့ကို ဗွေမယူပါနဲ့… ကောင်းကင်နတ်အရှင်မူက တည့်တိုးပြောတတ်တဲ့သူမလို့ပါ… သူ့ရဲ့စကားတွေက နားဝင်မချိုပေမယ့် အကျိုးအကြောင်း သင့်ပါတယ်…. ကျွန်မတို့ ညီအစ်မနှစ်ယောက်လည်း သူ့လိုပဲ ထင်မိပါတယ်”
သခင်မယွမ်မုက လှမ်းကြည့်လာပြီး ပြုံးလျက် ပြောသည်။ “အစ်မတော်က လိမ်ညာပြီး ကျွန်မတို့ သေသွားအောင် လွှတ်လိုက်တာဆိုရင်ရော… မလိမ်ဘူးလို့ အာမ,မခံနိုင်ဘူးလေ…. အစ်မတော်၊ ကျွန်မတို့ရဲ့ ပြဿနာကို အရင်ဖြေရှင်းပေးနိုင်အောင် သင်ပေးပါ…. ပြီးရင် အစ်မတော် လွတ်မြောက်နိုင်အောင် ကူညီပေးပါမယ်”
ကောင်းကင်နတ်ဧကရီက ဝင်ပြောသည်။ “ကျွန်မတို့ မဟာကောင်းကင်နတ်ဘုံအထိ ကျင့်ကြံပြီးပြီဆိုပေမယ့် တာအိုက မပြည့်စုံသေးဘူး…. အစ်မတော်အနေနဲ့ တာအိုသစ်ပင်၊ တာအိုပန်းပွင့်နဲ့ တာအိုသစ်သီးတွေ ဘယ်လိုရအောင် ကျင့်ကြံရမလဲ သင်ပေးနိုင်ဖို့လည်း မျှော်လင့်ပါတယ်”
ယွမ်မုက ဆက်ပြောသည်။ “အစ်မတော်သာ သင်ကြားပေးမယ်ဆိုရင် ကျွန်မတို့ညီအစ်မနှစ်ယောက်အနေနဲ့ သိပ်ကိုကျေးဇူးတင်မိမှာပါ… မီးပင်လယ်ပဲ ဖြတ်ရ ဖြတ်ရ တုံ့ဆိုင်းနေမှာ မဟုတ်ပါဘူး”
ချင်မူမှာ မည်သည်မှပင် ၀င်မပြောနိုင်ပေ။ ညီအစ်မနှစ်ယောက်က ပြောချင်သမျှ အကုန်ထုတ်ပြောလိုက်၏။ သူက တအံ့တဩ ကြည့်နေပြီး စိတ်ထဲမှ ချီးကျူးနေမိသည်။ “ကောင်းကင်နတ်ဧကရီတို့ညီအစ်မနှစ်ယောက်က ထင်ထားတဲ့အတိုင်း တကယ်ကို မလွယ်တာပဲ”
သူက တွေးနေပြီးနောက် ဝင်ပြောသည်။ “မမကြီးနှစ် သူတို့လည်း တောင်းဆိုမှုတွေ ရှိတယ်နော်… ကျွန်တော်တို့ကလည်း မောင်နှမတွေဆိုပေမယ့် တောင်းဆိုချင်တာရှိသေးတယ်.. ကျွန်တော် ကြာပန်းပွင့်တစ်ပွင့် လိုချင်တယ်…”
ပင်လယ်အောက်ရှိ အမျိုးသမီးက သူတို့ကို အေးစက်စွာ စိုက်ကြည့်နေပြီး အချိန်ကြာသည်အထိ မည်သည့်စကားမှ မပြောပေ။
ကောင်းကင်နတ်ဧကရီတို့ညီအစ်မနှစ်ယောက်နှင့် ချင်မူမှာ စိုးရိမ်လာမိပြီး စိတ်ထဲမှတွေးနေကြသည်။ ‘ငါတို့တောင်းဆိုတာ များသွားပြီလား မသိဘူး’
သူတို့က လျှော့၍ တောင်းဆိုတော့မည်အချိန်တွင် ပင်လယ်အောက်ရှိ အမျိုးသမီးဆီမှ အသံထွက်လာသည်။ “နင်တို့က ခေတ်နောက်ကျနေတုန်းပေါ့… အဟက်… တာအိုရဖို့ တာအိုသစ်ပင်တွေ၊ ပန်းပွင့်တွေ၊ သစ်သီးတွေ လိုတယ်လို့ ဘယ်သူကများ ပြောလိုက်တာလဲ”