အောင်မြင်နိုင်မယ့် တခြားနည်းလမ်း
Vol. 121 Ch. 1579
“တာအိုရဖို့ လမ်းစဉ်က တာအိုသစ်ပင်၊ တာအိုပန်းပွင့် နဲ့ တာအိုသစ်သီး မလိုဘူးလား”
ချင်မူနှင့် ကောင်းကင်နတ်ဧကရီမှာ ကြောင်အကုန်ကြသည်။ သူတို့ဘ၀တစ်လျှောက်လုံးတွင် တာအိုရထားသူကို သိနိုင်သည့် အထင်ရှားဆုံးအရာမှာ မဟာတာအိုအား အန္တိမဟင်းလင်းပြင်တွင် တာအိုသစ်ပင်အဖြစ် ပြောင်းလဲ၍ တာအိုပန်းပွင့်များ ပွင့်လန်းစေကာ တာအိုသစ်သီးများ သီးစေခြင်းပင် မဟုတ်လော။
သို့ထိတိုင် ပင်လယ်အောက်ရှိ အမျိုးသမီးကတော့ တာအိုသစ်ပင်၊ ပန်းပွင့်နှင့် သစ်သီးလမ်းစဉ်က ရှေးကျလွန်းသည်ဟု ပြောခဲ့သဖြင့် သူတို့ သိထားသည်နှင့် ကိုက်ညီမှု ရှိမနေချေ။
ချင်မူ သိထားသလောက် မီလော့နန်းတော်အရှင်သခင်ပင်လျှင် တာအိုသစ်ပင်နှင့် တာအိုသစ်သီးကို ကျင့်ကြံထားပြီး သူ၏ တာအိုသစ်ပင်တွင် တာအိုသစ်သီး ဆယ့်ခြောက်လုံး သီးနေခဲ့သည်။
ကျောက်စိမ်းမြို့တော်ရှိ အခြားတာအိုသိုင်းပညာရှင်များတွင်လည်း တာအိုသစ်ပင်နှင့် သစ်သီးများ ရှိကြပြီး မီလော့နန်းတော်၏ သခင်လေး,လေးပင်လျှင် ပိုင်ဆိုင်ထားလေသည်။
ဤကမ္ဘာလောကတွင် တာအိုသစ်သီးနှင့် သစ်ပင်ကို မလိုအပ်သော လမ်းစဉ်တစ်ခု အမှန်တကယ် ရှိနေပါသည်လော။
ပင်လယ်အောက်ရှိ အမျိုးသမီးက ရှင်းပြ၏။ “မဟာတာအို တာအိုသစ်ပင်အဖြစ် ပြောင်းလဲသွားတာအပြင် တာအိုရနိုင်တဲ့ လမ်းစဉ်တွေ အများကြီး ရှိတယ်…. အမှန်အတိုင်း ပြောရရင် တာအိုသစ်ပင်အဖြစ် ပြောင်းလဲတာက လှည့်ကွက်တစ်ခုပဲ”
ချင်မူက ရိုကျိုးစွာ မေးလိုက်၏။ “ဘာလို့ အဲဒီလိုပြောရတာလဲ မမကြီးခင်ဗျာ…. ကျွန်တော်တို့ရဲ့ ဆရာ မီလော့နန်းတော်အရှင်သခင်မှာလည်း တာအိုသစ်ပင် ရှိနေတာ တွေ့ခဲ့ရပါတယ် …. ဘာဖြစ်လို့ အဲ့ဒါက လှည့်ကွက်တစ်ခု ဖြစ်ရတာလဲ”
“တာအိုသစ်ပင်က လောကသစ်ပင်လေ… ဒီကမ္ဘာလောကမှာ လောကသစ်ပင်တစ်ပင် ရှိနေပြီးပြီ…. နင်တို့ တာအိုသိုင်းပညာရှင်တစ်ယောက် ဖြစ်လာရင် တာအိုကို လောကသစ်ပင်အဖြစ် အသွင်ပြောင်းလိုက်တာ…. အဲ့ဒါက လောကသစ်ပင်ရဲ့ စွမ်းအားကို ငှားယူလိုက်တာပဲမလား”
အမျိုးသမီးက နှာခေါင်းရှုံ့လိုက်သည်။ “တစ်ဘ၀လုံး ကျင့်ကြံခဲ့ပြီး တာအို ရနိုင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ လောကသစ်ပင်ကို တုပပြီး နင်တို့ရဲ့ တာအိုက လောကသစ်ပင်လို အမြဲတမ်း စိမ်းစိုနေနိုင်မယ်လို့ မျှော်လင့်နေကြတာလေ…. အဲ့ဒါက စွမ်းအားငှားယူတာ မဟုတ်ရင် ဘာများလဲ …. ပိုပြီး ဆိုးတာက အတုအယောင်ဆိုတာ အတုအယောင်ပဲ ဖြစ်နေမှာပဲ”
သူမက လှောင်ပြောင်လိုက်သည်။ “လောကသစ်ပင်က စကြ၀ဠာသေခြင်းရှင်ခြင်းကပ်ဘေးကြီးကို ရှင်သန်ကျော်လွှားနိုင်ပေမယ့် နင်တို့ တုပထားတဲ့ လောကသစ်ပင်ကတော့ ကပ်ဘေးကို မကျော်လွှားနိုင်ဘူး… ရယ်စရာ မကောင်းဘူးလား”
သူမ၏စကားများက သင့်တင့်လျောက်ပတ်သဖြင့် ချင်မူလည်း ခေါင်းတဆတ်ဆတ် ညိတ်နေမိသည်။
ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့မှာမူ မဟာပျက်စီးခြင်းကပ်ဘေးကြီးအကြောင်း များများစားစား မသိကြသဖြင့် သိပ်နားမလည်ကြပေ။ သို့သော် ချင်မူကတော့ ကျောက်စိမ်းမြို့တော်ရှိ မရေမတွက်နိုင်သော တာအိုသိုင်းပညာရှင်များသည် ထိုမြို့၏ အကာအကွယ်ကို ငှားယူကာ အခြားစကြဝဠာသို့ ထွက်ပြေးလွတ်မြောက်နိုင်အောင် ကြိုးစားနေကြကြောင်း သိထားသည်။
လောကသစ်ပင်၏ အမြစ်များအောက်၌ပင် အတိတ်စကြ၀ဠာများမှ မရေမတွက်နိုင်သော အစွမ်းထက်သိုင်းပညာရှင်များကား အခြားစကြ၀ဠာတစ်ခုစီသို့ ခိုးဝင်နိုင်ရန် ချောင်းနေကြသည် မဟုတ်လော။
ထိုပုဂ္ဂိုလ်အများစုသည် တာအိုသစ်ပင်၊ တာအိုပန်းပွင့်နှင့် တာအိုသစ်သီးလမ်းစဉ်ကို ကျင့်ကြံထားကြ၏။
“သာမညအဆင့်က သာမညထက် ပိုလာမှာ မဟုတ်ဘူး”
အမျိုးသမီးက နှာခေါင်းရှုံ့လိုက်သည်။ “တာအိုသစ်ပင်နဲ့ တာအိုသစ်သီးကို ကျင့်ကြံခဲ့တဲ့ ဆရာတောင် သာမညလမ်းစဉ်အပေါ် ရောက်ခဲ့ရတာပဲ…. တာအိုသစ်ပင်ကို ကျင့်ကြံတာက သေခြင်းရှင်ခြင်းကပ်ဘေးကြီးကို မကျော်လွှားနိုင်တဲ့အတွက် ခိုးဝင်ရတဲ့ နည်းလမ်းတစ်ခုပဲ ရှိတယ်…. ဒုတိယမြောက်ဘဝမှာ ဒုတိယမြောက်တာအိုသစ်သီးကို ကျင့်ကြံနိုင်မှ သေခြင်းရှင်ခြင်းကပ်ဘေးကြီးကို ကျော်လွှားနိုင်မှာ…. ဒါပေမဲ့ နောက်ထပ်စကြ၀ဠာကို ဝင်ရောက်နိုင်ဖို့ကလည်း ခိုးဝင်ဖို့ပဲ ရှိတယ်…. တာအိုသစ်သီး ဆယ့်ခြောက်လုံးအထိ ကျင့်ကြံနိုင်ခဲ့တဲ့ ဆရာ့လို ပုဂ္ဂိုလ်တောင် ဘာလုပ်နိုင်ခဲ့လို့လဲ”
သူမက နှာခေါင်းရှုံ့လိုက်ပြန်သည်။ “သူလည်း ဝင်လာချင်ရင် ခိုးဝင်ရမှာပဲ မဟုတ်ဘူးလား… ဒါက တာအိုသစ်ပင်ကျင့်စဉ်စနစ်ရဲ့ စိတ်မကောင်းစရာ အချက်ပဲ’’
ချင်မူက တခဏ တွေးတောနေပြီးနောက် ရုတ်တရက် ထပြောသည်။ “မမကြီးနှစ်၊ အခုလေးတင် သေခြင်းရှင်ခြင်းကပ်ဘေးကြီးလို့ ပြောလိုက်တာနော်… မဟာပျက်စီးခြင်းကပ်ဘေးကြီး မဟုတ်ဘူးလား … ဘာလို့လဲဗျ”
အမျိုးသမီး၏အကြည့်က သူ၏မျက်နှာပေါ် ကျရောက်လာသည်။ “ခုနစ်က ဉာဏ်ကောင်းသေးသားပဲ” သူမက ချီးကျူးလိုက်သည်။ “ဒီလောက် အကြာကြီး ဂြိုဟ်မွှေနိုင်ခဲ့တာ အံ့ဩစရာ မရှိဘူး…. ဟုတ်တယ်… သေခြင်းရှင်ခြင်းကပ်ဘေးကြီးပဲ… မဟာပျက်စီးခြင်းကပ်ဘေးကြီး မဟုတ်ဘူး…. စကြ၀ဠာက မွေးဖွားလာခဲ့ပြီး ဖျက်ဆီးခံရတယ်… ပျက်စီးခြင်းက ကပ်ဘေးတစ်ခု ဖြစ်သလို မွေးဖွားခြင်းကလည်း ကပ်ဘေးတစ်ခုပဲ…. စကြ၀ဠာ ပျက်စီးပြီး သက်ရှိတွေအကုန်၊ ကြယ်တာရာအလုံးစုံအပြင် နေရာဟင်းလင်းပြင်အားလုံး ပျက်စီးခဲ့ရတယ်… ဒါက သေဆုံးခြင်းပဲ”
“စကြ၀ဠာ မွေးဖွားလာပြီး ကောင်းကင်နဲ့ မြေကြီး ဖန်ဆင်းခံခဲ့ရတယ်… အတိတ်တွေ၊ ပျက်စီးမှုတွေအားလုံးကို ဖျက်ဆီးခဲ့ပြီးတော့ ဖရိုဖရဲကနေ မွေးဖွားလာခဲ့တယ်… ဒါက ရှင်သန်ခြင်းပဲ… ဒါကြောင့် ငါက သေခြင်းရှင်ခြင်းကပ်ဘေးကြီးလို့ ခေါ်တာ…. တာအိုသိုင်းပညာရှင်တွေလို့ခေါ်တဲ့ ပုဂ္ဂိုလ်တွေက သေဆုံးပျက်စီးခြင်းကပ်ဘေးကို ကျော်လွှားကောင်း ကျော်လွှားနိုင်ပေမယ့် ရှင်ခြင်းကပ်ဘေးကြီးကိုတော့ ကျော်လွှားနိုင်ကြမှာ မဟုတ်ဘူး..”
“အဲ့ဒီတာအိုသိုင်းပညာရှင်တွေ ကျောက်စိမ်းမြို့တော်ကို ရခဲ့ပြီးတဲ့အချိန်မှာ အစီအစဉ် ဆွဲခဲ့ကြတယ်… အနာဂတ်စကြ၀ဠာကို မဝင်ရောက်နိုင်ခင် စွမ်းအင်နဲ့ ဒြပ်ထု လုံလုံလောက်လောက် အစားထိုးသွားတာကို စောင့်ဖို့ လိုတယ်... သူတို့တာအိုကြောင့်ပဲ သူတို့ရဲ့ ဝိညာဉ်နဲ့ အသွေးအသားတွေဟာ ပျက်စီးခြင်းကပ်ဘေးကြီးကို ကျော်လွှားနိုင်ကြတာ….. ဒါပေမဲ့ ရှင်ခြင်းကပ်ဘေးမှာတော့ ရှင်သန်နိုင်ကြမှာ မဟုတ်ဘူးလေ…. ဒါကြောင့် ဉာဏ်နီဉာဏ်နက်တွေနဲ့ အစီအစဉ်ချနေကြတာပဲ”
အမျိုးသမီးက အေးအေးလူလူ ရှင်းပြသည်။ “ဒါက လောကသစ်ပင်ရဲ့ စွမ်းအားကို ငှားယူတာရဲ့ ဆိုးကျိုးပေါ့… တာအိုရဖို့ ရှေးကျတဲ့ လမ်းစဉ်တစ်ခုလို့ပဲ ဆိုရတော့မယ်”
ချင်မူ့အကြည့်များ ဖျတ်ခနဲ တောက်ပသွားပြီး မေးခွန်း မေးရန် ပြင်လိုက်စဉ် သခင်မယွမ်မုက ရှေ့သို့ ခြေတစ်လှမ်းတက်ကာ ပြောလိုက်၏။ “ဒါဆိုရင် အစ်မတော်က တာအိုရနိုင်တဲ့ လမ်းစဉ်အစစ်အမှန်ကို သိသွားပြီးပြီမလား… မီလော့နန်းတော်အရှင်သခင် အစ်မတော်ကို ဒီနေရာမှာ ချုပ်နှောင်ခဲ့တာ အံ့သြစရာ မရှိတော့ဘူး… သူက အစ်မတော်ရဲ့ စွမ်းဆောင်ရည်တွေကို မနာလိုဖြစ်ပြီး ချုပ်နှောင်ခဲ့တာပဲ ဖြစ်ရမယ်နော်”
“ပါးစပ်ပိတ်ထားစမ်း”
အမျိုးသမီးက ဒေါသတကြီးဖြင့် ခက်ထန်စွာ အော်လိုက်သည်။ “ငါ့ဆရာကို ဝေဖန်ရဲတယ်ပေါ့…. နင်က အဆုံးသတ်မြို့ပျက်မျိုးနွယ်ဆိုရင်တောင်မှ ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး”
သခင်မယွမ်မုမှာ ကြက်သီးမွေးညှင်းများ ထသွားပြီး မမြှောက်ပင့်ရဲတော့ပေ။
အမျိုးသမီးက အေးစက်စွာ ပြော၏။ “နင်တို့ မီလော့နန်းတော်အရှင်သခင်အကြောင်း နားမလည်ပါဘူး… ငါ့ဆရာကို နားလည်ကြတာမဟုတ်ဘူး… သူ့ရဲ့ ဉာဏ်ပညာ ဘယ်လောက် ကျယ်ပြန့်လဲဆိုတာ နင်တို့ မသိကြဘူး… သူ ရပ်နေရင်တောင်မှ ရှိသမျှသူ အားလုံးက သူ့ကို လေးစားကြည်ညိုကြတယ်… ငါ သူ့အပေါ် မကျေနပ်တာ တချို့ရှိပြီး သူ ချုပ်နှောင်တာခံခဲ့ရပေမယ့် ငါ့နှလုံးသားထဲမှာ သူ့အပေါ် ဘယ်လိုအမုန်းတရားမှ မရှိဘူး”
သခင်မယွမ်မုက လျှာထုတ်ပြီး ဇက်ပုသွားရင်း ဘာမှမပြောရဲတော့ပေ။
ချင်မူမှာ ငေးကြောင်နေပြီး ရေရွတ်လိုက်မိသည်။ “ကျွန်တော်သာ သူနဲ့ တွေ့နိုင်မယ်ဆိုရင် သေရကျိုးနပ်ပါပြီ…”
“အားလုံး အဲ့အတိုင်း ပြောကြတာပဲ”
အမျိုးသမီးက ပြော၏။ “သူက မှားယွင်းတဲ့လမ်းစဉ်ကို လျှောက်လှမ်းခဲ့တယ်လို့ ငါ ထင်ပေမယ့် သူ့ကို လေးစားမိသေးတယ်”
ကောင်းကင်နတ်ဧကရီက ပြောသည်။ “ဒါဆိုရင် အစ်မတော် သိမြင်နားလည်ခဲ့တဲ့ တာအိုသစ်ပင် မလိုဘဲ တာအိုရနိုင်တဲ့လမ်းစဉ်က ဘာများလဲ”
အမျိုးသမီးက ပြုံးလိုက်ပြီး ပြော၏။ “နင်တို့ ကြိုးတွေ ဖြတ်ပြီး ငါ့ကို လွှတ်ပေးနိုင်တဲ့အခါကျ သင်ပေးမယ်… ငါ့ရဲ့ တာအိုလမ်းစဉ်က အဲ့ဒီလိုသာမာန်ပုဂ္ဂိုလ်တွေနဲ့ မတူဘူး… ငါ့လမ်းစဉ်က သေခြင်းရှင်ခြင်းကပ်ဘေးကြီးကို ကြောက်နေစရာ မလိုဘူး… စကြ၀ဠာပြောင်းလဲမှုတွေကို တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ဖြတ်သန်းသွားနိုင်တယ်…. နင်တို့ ငါ လွတ်အောင် ကူညီပေးရင် ပေါင်းစည်းနိုင်အောင် လုပ်ပေးမယ့်အပြင် တာအိုရနိုင်မယ့် လမ်းစဉ်ကိုလည်း သင်ပေးမယ်”
ကောင်းကင်နတ်ဧကရီက တစ်ယောက်တည်း တတွတ်တွတ် ရွတ်နေသည်။ သခင်မယွမ်မုမှာလည်း တုံ့ဆိုင်းနေ၏။
မီလော့နန်းတော်၏ သခင်လေးနှစ်သည် ကြင်နာသနားတတ်သည့် ပုဂ္ဂိုလ်တစ်ယောက် လုံးဝမဟုတ်ပေ။ သူမသည် သူတို့ ကြာပန်းပွင့်ပေါ် တက်၍ ကြိုးများကို ဖြတ်ပြီးနောက် မီလော့နန်းတော်ချိပ်တံဆိပ်ကို ဖျက်ဆီးပြီးလျှင် သူတို့အား သတ်ဖြတ်ပေလိမ့်မည်။
ချင်မူက မီလော့နန်းတော်၏ သခင်လေးခုနစ်ဖြစ်သည်ဟူသော သရုပ်မှန် ပေါ်သွားသည့်အခါမှသာ အသုံးဝင်နိုင်မည့် အချက်အလက်များကို ထုတ်ပြောခဲ့ခြင်းဖြစ်၏။
သို့သော် ၎င်းတို့က ချင်မူရော ကောင်းကင်နတ်ဧကရီအတွက်ပါ သိပ်အသုံးမဝင်ပေ။
သိသိသာသာပင် သူမသည် ဤအခြေအနေကို အခွင့်ကောင်းယူရန် ရည်ရွယ်ထား၏။
ချင်မူက တည်ကြည်သော မျက်နှာအမူအရာဖြင့် ပြောလိုက်၏။ “မမကြီး၊ ကျွန်တော့်ရဲ့ အမြွှာကြာပန်းပွင့်ကရော…”
အမျိုးသမီးက ပြောသည်။ “နင့်ကို ကြာပန်းပွင့် ပေးဖို့တော့ မဖြစ်နိုင်ဘူး… ကြာရွက်တော့ ပေးလို့ရတယ်…. ဖရိုဖရဲမြစ်ရဲ့ ကြာရွက်ကလည်း သေခြင်းရှင်ခြင်းကပ်ဘေးကြီးကို ကျော်ဖြတ်နိုင်တယ်…. ကပ်ဘေးဆယ့်ခြောက်စင်းမှာ အပျက်အစီးမရှိဘဲ ရှင်သန်နိုင်တယ်… နင့်မှာ ကြာရွက်တစ်ရွက် ရှိရင် နင့်စကြ၀ဠာ ပျက်စီးသွားပြီးရင် နောက်ထပ်စကြ၀ဠာတစ်ခုမှာ ရှင်သန်နိုင်လိမ့်မယ်လို့ အာမခံချက် ရှိပြီးသားပဲ”
ချင်မူ့ရင်မှာ တဒိန်းဒိန်း ခုန်နေသည်။ သူ သူ့ခြေထောက်အောက်ရှိ ကြာရွက်ကို ကြည့်ကာ ညည်းညူလိုက်၏။ “မမကြီးကလည်း ကြာရွက်က ဘယ်လောက်ပဲကောင်းတယ်ပြောပြော ကြာပန်းပွင့်မှ မဟုတ်တာ..”
အမျိုးသမီးမှာ မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲမှ ဒေါသထွက်လာမိသည်။ သို့သော် အတိတ်စကြ၀ဠာတုန်းက ချင်မူနှင့် တွေ့ဆုံခဲ့ဖူးသဖြင့် သူ၏အကျင့်စရိုက်ကို ကောင်းကောင်း သိ၏။ သူ လိုချင်သည့်အရာကို မပေးပါက ငါးမွှေထိုးလို လျှောက်မွှေမည့် သကောင့်သားပင် မဟုတ်လေလော။
“ခုနစ်၊ နင်နဲ့ ငါက မီလော့နန်းတော်ရဲ့ သခင်လေးတွေ ဖြစ်တဲ့အပြင် နင်က အငယ်ဆုံးလည်း ဟုတ်တယ်…. ဆိုတော့ အကြီးဖြစ်တဲ့ ငါကပဲ ရက်ရောလိုက်ပါမယ်”
သူမက တွေးကြည့်ပြီးနောက် ညှိနှိုင်းသည်။ “ဒီဖရိုဖရဲပင်လယ်ထဲမှာ ကြာပန်းပွင့်တွေ ရှိတော့ ကြာစေ့တွေလည်း ရှိတယ်… ငါ နင့်ကို ကြာစေ့တစ်စေ့ ပေးမယ်… အဲဒ့ါက သိပ်ကိုထူးကဲတာနော်…. နင်သာ အစွမ်းရှိရင် အမြွှာကြာပန်းပွင့်နှစ်ပွင့်တောင် စိုက်ပျိုးလို့ရနိုင်တယ်… ဘယ်လို သဘောရလဲ”
ချင်မူက ပုတ်သင်ညိုတစ်ကောင်လို ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
အမျိုးသမီးက ပင်လယ်အောက်သို့ ကူးခတ်ဝင်ရောက်ရင်း ပျောက်ကွယ်သွားသည်။
တစ်ခဏကြာသော် သူမ၏ ပုံရိပ် ပြန်လည်ပေါ်လာပြီး ကြာစေ့တစ်စေ့က ဖရိုဖရဲပင်လယ်ထဲမှ ဖြည်းဖြည်းချင်း မြောက်တက်လာ၏။ ၎င်းဆီမှ အလင်းရောင်တို့က အရပ်လေးမျက်နှာသို့ ထွန်းလင်းတောက်ပနေပြီး ထူးဆန်းသော တာအိုစည်းချက်တစ်ခုလည်း လွင့်ပျံလာသည်။
“ဒီကြာစေ့ကို ယူပြီးတာနဲ့ အမြွှာကြာပန်းပွင့်ပေါ် တက်ပြီး အနီရောင်ကြိုးကို ဖြတ်ပေးရမယ်” အမျိုးသမီးက ခက်ထန်စွာ ပြောသည်။
ချင်မူက တည်ကြည်လေးနက်စွာ ပြော၏။ “စိတ်ချပါ မမကြီးရဲ့.. ကျွန်တော့်ဂုဏ်သတင်းက သိပ်မကောင်းပေမဲ့ ကျွန်တော်ဆိုတဲ့ ချင်မူဟာ ရိုးသားဖြောင့်မတ်မှုကို အားပေးတဲ့သူပါ… အကြွေးစာချုပ်တောင် ရေးပေးလို့ရတယ်နော်”
ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့၏ မျက်နှာအမူအရာများက ထူးဆန်းနေကြသည်။
“ဘာအကြွေးစာချုပ်မှ မလိုဘူး”
အမျိုးသမီးက မှင်သေသေ ပြော၏။ “ငါ့ကြာစေ့ကို ယူပြီး ထွက်ပြေးဖို့ ကြိုးစားရင် နင့်ကို စိစိညက်ညက် ကြေအောင် ထုပစ်မယ် … တခြားသခင်လေးတွေက အခု နင့်ကို မသတ်နိုင်ဘူးဆိုပေမယ့် ငါကတော့ နင့်ကို ဒီပင်လယ်ထဲ နှစ်ပြီး နင့်အနာဂတ်ရော အတိတ်ပါ ပျောက်ကွယ်သွားအောင် လုပ်လို့ရတယ်… နင်ဆိုတဲ့ ချင်မူ ဘယ်တုန်းကမှ မရှိခဲ့သလိုပေါ့”
ချင်မူမှာ ကြက်သီးများ တဖြန်းဖြန်း ထသွားပြီး ကြာစေ့ကို အလျင်အမြန် ယူလိုက်သည်။ သူက တခဏတုံ့ဆိုင်းနေပြီးနောက် ခေါင်းကုတ်လိုက်၏။ “ဒါဆို…. ဟို… ကြာရွက်ကရောဟင်..”
“တောက်...”
အမျိုးသမီးက ဒေါသတကြီး တောက်ခေါက်တော့သည်။ “ဒီလောက်အကျိုးအမြတ်တွေ ရနေပြီးတာတောင် ထပ်လိုချင်သေးတာလားဟဲ့”
ချင်မူက အထစ်ထစ် အငေါ့ငေါ့ ပြောသည်။ “မမကြီးကလည်းဗျာ... ဟို.. လူဆိုတာ... အဲ လူ့သဘာဝဆိုတာကလေ... များများရလေ ပိုလိုချင်လေလေ မဟုတ်လားလို့… ဒါ့အပြင် ကြာရွက်က ကောင်းပေမယ့် ကြာစေ့နဲ့တော့ မယှဥ်နိုင်ပါဘူး…. မမကြီးက ကြာစေ့တောင် ပေးလိုက်သေးတာပဲဟာ.. ဒီကြာရွက်လေးကျမှ ကပ်စေးနည်းနေမလို့လား ခင်ဗျာ..”
ပင်လယ်အောက်ရှိ အမျိုးသမီးက မျက်နှာသုန်မှုန်စွာဖြင့် သူ့အား စိုက်ကြည့်နေသည်။
တခဏကြာသော် သူမက မှင်သေသေ ပြော၏။ “နင့်ကို ကြာရွက်ပေးမယ်… ဒါပေမဲ့ ကြိုးဖြတ်ပြီးတဲ့အထိ စောင့်”
ချင်မူမှာ စိတ်အေးသက်သာစွာဖြင့် သက်ပြင်းချလိုက်မိသည်။
ကောင်းကင်နတ်ဧကရီတို့ညီအစ်မမှာ အလွန်တရာ အားကျစွာဖြင့် ပြိုင်တူထပြော၏။ “အစ်မတော်၊ ဒီအပျက်မကို သန့်စင်ပြီး အဆုံးသတ်မြို့ပျက် နတ်ဘုရားမ ဖြစ်လာအောင် သင်ပေးလို့ရမလား”
ချင်မူ့နှလုံးသားမှာ တင်းကြပ်သွားသည်။ အမျိုးသမီးက ပြောသည်။ “နင်တို့က ငါ့ရဲ့အဆုံးသတ်မြို့ပျက်မျိုးနွယ်ဆိုတော့ ကောင်းကောင်းဆက်ဆံပေးမှာပါ…. အခု နင်တို့က နှစ်ယောက်ရှိနေတာလို့ ထင်နေပေမယ့် တကယ်တော့ တစ်ယောက်တည်းပဲ… နင်တို့တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ၊ အဖြစ်အပျက်တွေ မတူလို့သာ နှစ်ယောက်လို့ ထင်နေတာ… တကယ်တော့ ပေါင်းစည်းစရာတောင် မလိုဘူး… ကိုယ့်ကိုကိုယ် နိုးထလိုက်ရုံပဲ”
ကောင်းကင်ဧကရီနှင့် သခင်မယွမ်မုမှာ ကြောင်အသွားသည်။
“နင်တို့နှစ်ယောက်ကို တခြားတစ်ယောက်က အတင်းအကြပ် ပေါင်းစည်းခိုင်းခဲ့တာ... နင်တို့ကို ပေါင်းစည်းစေခဲ့တဲ့သူက အားနည်းပြီး နင်တို့ရဲ့အနှစ်သာရကို လုံးဝသဘောမပေါက်ဘူး”
အမျိုးသမီးကပြော၏။ “အဆုံးသတ်မြို့ပျက်နတ်ဘုရားမဆိုတာ အစကနေအဆုံးအထိ တစ်ယောက်တည်းပဲ… ဒါပေမဲ့ သူက နင်တို့ကို နှစ်ယောက်လို သဘောထားပြီး ပေါင်းစည်းခဲ့တယ်… 人 လူသားဆိုတဲ့ စာလုံးကို မြင်ယောင်ကြည့်လိုက်... အဲ့စာလုံးဟာ နင်တို့ရဲ့ အခြေခံလိုပဲ... စုတ်ချက်နှစ်ခုက နင်တို့အသိစိတ်နှစ်ခုကို ကိုယ်စားပြုတယ်... နင်တို့ဟာ တကယ်တော့ စိတ်နှစ်ခွကွဲနေတဲ့ နတ်ဘုရားမတစ်ပါးပေါ့လေ.... နင်တို့ရဲအခြေခံကို နှိုးထလိုက်တာနဲ့ ... တစ်ယောက်တည်းပြန်ဖြစ်သွားလိမ့်မယ်”
ချင်မူက မျက်မှောင်ကြုတ်၍ ကောင်းကင်နတ်ဧကရီနှင့် သခင်ယွမ်မုကို လှမ်းကြည့်လိုက်သည်။
ကောင်းကင်နတ်ဧကရီနှင့် သခင်ယွမ်မုကလည်း မျက်မှောင်ကြုတ်၍ သူ့ကို ကြည့်နေကြ၏။
အမျိုးသမီးက ဆက်ပြောသည်။ “တစ်ချိန်တည်းမှာပဲ အဆုံးသတ်မြို့ပျက်နတ်ဘုရားမရဲ့ အသိစိတ်အလျဉ်က အားကောင်းသထက် အားကောင်းလာလိမ့်မယ်… နင်တို့ရဲ့ အသိစိတ်အလျဉ်တွေကတော့ အားနည်းသွားလိမ့်မယ်… နောက်ဆုံးမှာတော့ အဆုံးသတ်မြို့ပျက်နတ်ဘုရားမတစ်ယောက်ပဲ ကျန်ခဲ့လိမ့်မယ်…. နင်တို့ရဲ့အသိစိတ်အလျဉ်ကတော့ သေးငယ်သွားပြီး တဖြည်းဖြည်း အရေးပါတော့မှာ မဟုတ်ဘူး… အဆုံးသတ်မြို့ပျက်နတ်ဘုရားမကို မနှောင့်ယှက်နိုင်တော့ဘူး… ငါ့မှာ အသူရာချောက်နက်ကြေးမုံလို့ ခေါ်တဲ့ ကျင့်စဉ်တစ်ခု ရှိတယ်…. နင်တို့နှစ်ယောက်ပူးပေါင်းပြီး ဒီကြေးမုံကို သန့်စင်ပြီး ကိုယ့်ကိုကိုယ်ပေါ် ပြန်တောက်ပစေလိုက်ရင် မူလခန္ဓာကို နိုးထနိုင်လိမ့်မယ်”
သူမ၏အသိစိတ်အလျဉ်က လှိုင်းထသွားပြီး အသူရာချောက်နက်ကြေးမုံကျင့်စဉ်အား ကောင်းကင်နတ်ဧကရီနှင့် သခင်ယွမ်မုထံ လွှဲပြောင်းပေးလိုက်သည်။
ကောင်းကင်နတ်ဧကရီနှင့် သခင်ယွမ်မုမှာ ခန္ဓာကိုယ်တစ်ခုတည်း ဖြစ်ပြီး သူမ သင်ကြားပေးသည်ကို လက်ခံရရှိသော်လည်း အဆုံးသတ်ကြေးမုံကို အသက်မသွင်းကြပေ။
သူတို့က ကောက်ကျစ်စဥ်းလဲသော အကြံအစည်များဖြင့် ဟိုဟိုသည်သည်ကြည့်နေကြ၏။
ချင်မူက စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်မိသည်။ မီလော့နန်းတော်၏ သခင်လေးနှစ်သည် စွမ်းအားကြီးသော်လည်း စိတ်သဘောသဘာဝအား နားမလည်ပေ။
ကောင်းကင်နတ်ဧကရီနှင့် သခင်ယွမ်မုတို့သည် မာနကြီးပြီး မောက်မာကြ၏။ သူတို့နှစ်ယောက်သည် ကိုယ်ကျိုးကိုသာ ကြည့်တတ်ကြသည့်အလျောက် တစ်ယောက်ကိုတစ်ယောက် သည်းမခံနိုင်ကြပေ။ တစ်ယောက်ကိုတစ်ယောက် ဝါးမြိုပြီး ကိုယ့်ကိုကိုယ် ကာကွယ်ကာ အင်အားကြီးမားသော ပုဂ္ဂိုလ် ဖြစ်လာရန်သာ ဆန္ဒရှိကြသည်။
သို့သော် မီလော့နန်းတော်၏ သခင်လေးနှစ်က သူတို့နှစ်ယောက်၏ မူလခန္ဓာကိုယ်ဖြစ်သည့် အဆုံးသတ်မြို့ပျက်နတ်ဘုရားမ နိုးထစေပြီး သူတို့အား အခွံသက်သက်၊ အရေးမပါသော ဖြစ်တည်မှုများ ဖြစ်လာစေရန် ရည်ရွယ်ခဲ့သည်။ ဤသို့သော ရလဒ်မျိုးက သေသွားရသည်ထက်ပင် ပို၍ဆိုးရွား၏။
ထိုမျှသာမက သူတို့နှစ်ယောက်သည် အတူတကွယှဉ်တွဲ မနေနိုင်ကြသော ပုဂ္ဂိုလ်များပင် မဟုတ်ပါလော။ အဆုံးသတ်မြို့ပျက် နတ်ဘုရားမ နိုးထလာပါက ခန္ဓာကိုယ်တစ်ခုထဲတွင် အတူတကွ နေထိုင်ကြရမည်ဖြစ်ရာ သဘောတူလိမ့်မည်မဟုတ်ပေ။
“သူတို့ ငါ့ကို လှမ်းကြည့်လိုက်တာက ငါ့ရဲ့ ဘဝပြန်ဝင်စားခြင်းလမ်းစဉ်နဲ့ သူတို့ရဲ့ပြဿနာကို ဖြေရှင်းချင်သေးတဲ့ အဓိပ္ပာယ်ပဲ…” ချင်မူက ခပ်ယဲ့ယဲ့ပြုံးကာ ရေရွတ်လိုက်၏။
“နင်တို့တွေ အကျိုးအမြတ် ရသွားပြီလေ…. ဘာစောင့်နေကြတာလဲ” အမျိုးသမီးက ရုတ်တရက် မေးလိုက်သည်။
ချင်မူ၊ ကောင်းကင်နတ်ဧကရီနှင့် သခင်ယွမ်မုတို့က တစ်ယောက်ကို တစ်ယောက်ကြည့်လိုက် ပြီး ချက်ချင်းဆိုသလို အမြွှာကြာပန်းပွင့်များအပေါ် ခုန်တက်သွားကြတော့၏။