စပ်စုလိုစိတ်သည် ရူးကြောင်ကြောင် သမင်လေးကို သတ်နိုင်၏
Vol. 121 Ch. 1580
ဖရိုဖရဲပင်လယ်အောက်ရှိ အမျိုးသမီးက ချင်မူနှင့် ကောင်းကင်နတ်ဧကရီတို့ တွယ်တက်သွားသည်ကို မော့ကြည့်နေသည်။ သူတို့နှစ်ယောက်သည် သူမထံမှ ပိုပို၍ ဝေးကွာသွားနေပြီး ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာ၏ အဆုံးသတ်မြို့ပျက် အသူရာချောက်ထက်ထဲသို့ ဖြည်းဖြည်းချင်း ၀င်ရောက်နေကြ၏။
“နောက်ဆုံးတော့ လွတ်မြောက်ဖို့ အချိန်ကျပြီ ဆရာ”
သူမက ခပ်ဖွဖွ ရေရွတ်လိုက်သည်။ “ကျွန်မက ကိစ္စတွေကို အစွန်းရောက်တဲ့စိတ်နဲ့ ကိုင်တွယ်တတ်လို့ ကျွန်မကို ဆရာ ဒီနေရာမှာ ဖိနှိပ်ထားခဲ့တာမလား…. ဒါပေမဲ့ နောက်ဆုံးမှာ ခုနစ်က လာကယ်ပေးလိမ့်မယ်လို့တော့ ဆရာ ဘယ်ထင်ထားခဲ့မလဲ…. ခစ်ခစ်…”
သူမ၏ နူးညံ့ပျော့ပျောင်းနေသော ရယ်သံ ထွက်လာသည်။ “ဆရာက အိုနေပြီပဲလေ … ဆရာ့ တာအိုနှလုံးသား ပျက်စီးယိုယွင်းလာတာကို ကျွန်မ ခံစားနေရတယ်…. ဆရာ့လို ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ တာအိုနှလုံးသား အိုမင်းလာပြီဆို သေဖို့ မဝေးတော့ဘူး…. တာအိုနှလုံးသား သေသွားတဲ့အချိန်က ဆရာ သေမယ့် အခိုက်အတန့်ပဲ… ဆရာ၊ ကျွန်မ ဆရာ့အတွက် ငိုကြွေးပူဆွေးမိမှာဆိုပေမယ့် ကျွန်မ လွတ်မြောက်သွားတဲ့အတွက်လည်း ရယ်နေမှာပဲ...”
“ကျွန်မနည်းလမ်းတွေက ရက်စက်လွန်းတယ် ပြောခဲ့တယ်…. ဆရာကတော့ သိပ်ကိုကြင်နာတတ်ပြီး အားလုံးကို ကယ်ချင်ခဲ့ပေမယ့် အမြဲတမ်း ရှုံးနိမ့်ခဲ့တာပဲမလား… ကျွန်မလို့ ပုဂ္ဂိုလ်တစ်ယောက်ပဲ ဆရာ မလုပ်နိုင်ခဲ့တာတွေကို အောင်မြင်ကောင်း အောင်မြင်နိုင်မှာ”
သူမ၏ မျက်ဝန်းများက ချင်မူနှင့် ကောင်းကင်နတ်ဧကရီတို့အား လိုက်လံကြည့်ရှုနေသည်။ သူတို့မှာ အမှောင်ထုထဲသို့ တစတစ ဝင်ရောက်သွားကြပြီး နောက်ဆုံးတော့ မမြင်ရတော့ပေ။
“ခုနစ်နဲ့ အဆုံးသတ်မြို့ပျက်နတ်ဘုရားမ ဒီတစ်ကြိမ် ကျွန်မကို မကယ်နိုင်ရင်တောင် နောက်နည်းလမ်းတစ်ခု ရှိသေးတယ်”
သူမက ခပ်ဖွဖွ ရယ်လိုက်သည်။ “ကျွန်မမှာ နည်းလမ်းတွေအများကြီး ရှိမှန်း ဆရာ သိပါတယ်…. ကျွန်မက ရက်စက်လွန်းတာကြောင့် ကျွန်မရဲ့ လုပ်ရပ်တွေက သဟဇာတဖြစ်နေတဲ့ ကောင်းကင်နဲ့ မြေကြီးအတွက် အနှောင့်အယှက် ဖြစ်လာမယ်လို့ ဆရာ ပြောခဲ့တယ်မလား… အဟက်… အဆုံးသတ်မြို့ပျက်နတ်ဘုရားမ ကျွန်မရဲ့ အသူရာချောက်နက်ကျင့်စဉ်ကို ကျင့်ကြံနိုင်သရွေ့ ကျွန်မ မလွတ်နိုင်တော့ရော ဘာအရေးလဲ”
ပင်လယ်အောက်ရှိ သူမမျက်နှာမှာ အလွန်တရာ ပျော်ရွှင်နေပုံပင်။ “ကျွန်မ ပြန်အသက်ရှင်လာဦးမှာပဲလေ…. အဆုံးသတ်မြို့ပျက်နတ်ဘုရားမ နိုးထလာရင် နိုးထလာမယ့်သူက ကျွန်မဆိုတာ ရှင် သိပါတယ်…”
အမြွှာကြာပန်းပွင့်နှစ်ပွင့်၏ အမြစ်များတွင် ချင်မူနှင့် ကောင်းကင်နတ်ဧကရီတို့သည် အလျင်အမြန် တွယ်တက်နေကြ၏။ ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာ၏ သမိုင်းကြောင်းတစ်ခုလုံးက သူတို့၏ ပတ်ပတ်လည်တွင် မီးအိမ်ပမာ တဖျတ်ဖျတ် ထွန်းလင်းလျက် သမိုင်းကြောင်းအား ပြန်လည်ဖော်ပြနေသည်။
ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာ တည်ရှိခဲ့သည့်အချိန်မှာ အခြားစကြ၀ဠာများထက် တိုတောင်းသည်။ ဤစကြ၀ဠာ မွေးဖွားလာသည့်အချိန်တွင် ခိုးဝင်လာခဲ့သော တာအိုသိုင်းပညာရှင်များစွာ ရှိသည့်အတွက် ဤစကြ၀ဠာ၏ ဒြပ်ထုနှင့် စွမ်းအင်အား အစားထိုးနေရာယူခဲ့သည်။
ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာမှာ ချင်မူနှင့် ကောင်းကင်နတ်ဧကရီ ထင်ထားသည်ထက်ပင် ပို၍ သေးငယ်သည်။ စကြ၀ဠာ ဖွဲ့တည်လာခြင်း၊ တည်ရှိနေခြင်းနှင့် ပျက်စီးသွားခြင်းတို့မှာလည်း သူတို့ထင်ထားသည်ထက် များစွာ လျင်မြန်နေ၏။
တာအိုသိုင်းပညာရှင်များစွာ ဤနေရာသို့ ခိုးဝင်လာကြသည့်အတွက် ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာ၏ ဒြပ်ထုနှင့် စွမ်းအင်တို့မှာ ဆယ့်ငါးစင်းမြောက် စကြ၀ဠာဖြင့် အစားထိုးခံခဲ့ရသောကြောင့် အလွန်တရာ သေးငယ်နေခြင်းဖြစ်သည်။
ဤသို့သေးငယ်သော စကြ၀ဠာတစ်ခုအနေဖြင့် များပြားလှသော တာအိုသိုင်းပညာရှင်များကို လက်ခံထားရလေရာ ပျက်စီးသည့်နှုန်းအား အလွန်တရာ မြန်ဆန်လာစေတော့သည်။
နောက်ဆုံးတွင် ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာ လုံးဝ ပြိုကျပြီး အရာအားလုံး ဗလာကျင်းသွားရန် နှစ်ပေါင်းသန်းခြောက်ရာသာ ကြာခဲ့သည်။
“နှစ်ပေါင်းသန်းခြောက်ရာ…”
ချင်မူ့မျက်လုံးထောင့်များ တွန့်သွားသည်။ သူတို့၏စကြ၀ဠာမှာ ဆယ့်ခုနစ်စင်းမြောက် စကြ၀ဠာ ဖြစ်ပြီး ဆယ့်ခုနစ်စင်းမြောက် စကြ၀ဠာ၌ နှစ်ပေါင်းခြောက်ကုဋေ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ ၎င်းက ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာ၏ သက်တမ်းထက် ဆယ်ဆပိုများ၏။
သို့ထိတိုင် လက်ရှိစကြဝဠာမှာ ရှင်သန်နေထိုင်နေသည့် အဆင့်တွင်သာ ရှိသေးပြီး ထိုအဆင့်အထိ မရောက်သေးပေ။ ဆယ့်ခုနစ်စင်းမြောက် လက်ရှိစကြဝဠာတွင် တာအိုသိုင်းပညာရှင်အရေအတွက် တိုးပွားလာလျှင်မူ စကြ၀ဠာသည် ဆက်လက်ကြီးထွားကျယ်ပြန့်ခြင်း မပြုနိုင်တော့ဘဲ ထိုအဆင့်သို့ ရောက်သွားနိုင်ပေလိမ့်မည်။
“အဲ့ဒီကမ္ဘာခေတ်ဦး တာအိုသိုင်းပညာရှင်တွေသာ ခိုးဝင်လာနိုင်ရင် ငါတို့ရဲ့ စကြ၀ဠာ အပြည့်အဝ အရွယ်မရောက်ခင်မှာပဲ ပျက်စီးသွားနိုင်တယ်”
ချင်မူက တက်နေခြင်းအား ရပ်လိုက်ပြီး အတွေးနက်နေသည်။
“အချစ်လေး”
ကောင်းကင်နတ်ဧကရီကလည်း ရပ်တန့်သွား၏။ သခင်မယွမ်မုက အသံကို နှိမ့်ကာ လှမ်းပြောသည်။ “နင့်အစီအစဉ်က ဘာလဲ”
ချင်မူက မျက်ဝန်းများ တောက်ပသွားပြီး မေးလိုက်၏။ “ခင်ဗျားတို့နှစ်ယောက်က အသူရာချောက်နက်ကြေးမုံကို ရထားတာပဲလေ… ရူးနေတာကနေ လွတ်အောင် ဘာလို့ မကျင့်ကြံတာလဲ”
ကောင်းကင်နတ်ဧကရီက မှင်သေသေ ဖြေသည်။ “အကြောင်းပြချက်ကို ကောင်းကင်နတ်အရှင်မူ သိပါတယ်”
သခင်မယွမ်မုက ပြုံးလျက် ပြော၏။ “ငါတို့တွေ တစ်ဘ၀လုံး တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ခဲ့ကြပြီး ရှင်းလင်းဖယ်ရှားချင်ပေမယ့် အချင်းချင်း ပျက်စီးစေဖို့ကိုတော့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး… ဒါ့အပြင် အသူရာချောက်နက်ကြေးမုံကို ကျင့်ကြံလိုက်ရင် ငါနဲ့ ငါ့အစ်မဖြစ်တဲ့ အပျက်မက ဒီအဆုံးသတ်မြို့ပျက်နတ်ဘုရားမဆိုတဲ့ ပုဂ္ဂိုလ်ဆီမှာ အညံ့ခံရုံက လွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး… ငါတို့ဘဝတွေက သေရတာထက် ပိုဆိုးသွားလိမ့်မယ်…. ဆိုတော့ ကျင့်ကြံဖို့က မဖြစ်နိုင်ဘူး”
ကောင်းကင်နတ်ဧကရီက ပြော၏။ “နှိုင်းယှဉ်လိုက်ရင် ကောင်းကင်နတ်အရှင်မူရဲ့ ဘဝပြန်ဝင်စားခြင်းလမ်းစဉ်က မျှတတယ်လို့ ပြောရမယ်… နင် ငါတို့ကို ဘဝပြန်ဝင်စားခြင်းလမ်းစဉ် သင်ပေးမယ်ဆိုရင် ကိုယ့်စွမ်းဆောင်ရည်ကို အားကိုးလို့ရတယ်…. သူ့ကို ငါကပဲ သန့်စင်မလား သူကပဲ ငါ့ကိုသန့်စင်မလား… အားလုံးက ငါတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပဲ”
ချင်မူက ပြုံးလိုက်သည်။ “ဆိုတော့ ခင်ဗျားတို့နှစ်ယောက် အသူရာချောက်နက်ကြေးမုံကျင့်စဉ်ကို ကျင့်ကြံဖို့ အစီအစဉ်မရှိဘူးဆိုရင် ကျွန်တော့်ကို လွှဲပြောင်းပေးလို့ရတယ်နော်… ကျွန်တော် ခင်ဗျားတို့ကို ဘဝပြန်ဝင်စားခြင်းလမ်းစဉ် သင်ပေးမယ်”
ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့က တခဏစဉ်းစားနေကြပြီးနောက် သူတို့ရရှိခဲ့သော အသူရာချောက်နက်ကြေးမုံလမ်းစဉ်အား သူ့ထံ လွှဲပြောင်းပေးလိုက်သည်။
“ဒီကျင့်စဉ်နှစ်ခုက မတူဘူး”
ချင်မူက ရှင်းလင်းအကဲခတ်ကြည့်လိုက်ပြီး ဖော်ပြ၍မရနိုင်အောင် အံ့အားသင့်သွားသည်။ သူက စဉ်းစားတွေးသောလျက်ပြော၏။ “ထူးဆန်းလိုက်တာ… သူ ကောင်းကင်နတ်ဧကရီနဲ့ သခင်မယွမ်မုကို လွှဲပြောင်းပေးခဲ့တဲ့ ကျင့်စဉ်တွေက တူနေရမှာလေ… ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်က ပုဂ္ဂိုလ်နှစ်ယောက် ဖြစ်နေသလို ထင်ရပေမယ့် အဆုံးသတ်မြိုပျက်နတ်ဘုရားမရဲ့ မတူညီတဲ့ စိတ်နှစ်ခုပဲ …. ဒါကြောင့် ကျင့်စဉ်တစ်ခုတည်းက နှစ်ယောက်စလုံးအပေါ် တက်ရောက်နိုင်တယ်… ဒါပေမဲ့ သူက နှစ်မျိုးခွဲထားခဲ့တယ်… အဓိပ္ပာယ်မရှိဘူး..”
သူက အသူရာချောက်နက်ကြေးမုံကျင့်စဉ်အား အသေအချာ ဖတ်ကြည့်နေသည်။ လက်ရှိတွင် အဆုံးသတ်မြို့ပျက်လမ်းစဉ်အပေါ် သူ၏ သိမြင်နားလည်ထားမှုမှာ ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုအောက် နိမ့်ကျမနေပေ။ အချို့နေရာများတွင် သူတို့နှစ်ယောက်ထက်ပင်လျှင် သာလွန်နေသေး၏။
ထို့ကြောင့် သူသည် သခင်လေးနှစ်၏ အသူရာချောက်နက်ကြေးမုံကို အလျင်အမြန် လေ့လာနေသည်။ ၎င်းတွင် ငုပ်လျှိုးနေသော အသေးစိတ်အချက်အလက်များကိုလည်း အသေးစိတ်နားလည်နိုင်၏။
သူ သိမြင်နားလည်ရန် ကြိုးစားလေလေ မျက်ခုံးများ တွန့်ချိုးလာလေလေဖြစ်ပြီး အသူရာချောက်နက်ကြေးမုံထဲ၌ မကောင်းသောအကြံအစည်တစ်ခု ကိန်းဝပ်နေသလို ခံစားလာရသည်။
ချင်မူနှင့် ကောင်းကင်နတ်ဧကရီတို့ညီအစ်မမှာ ရန်သူများဖြစ်သော်လည်း သူတို့၏ ဖျက်စီးထိခိုက်နိုင်စွမ်းက မီလော့နန်းတော် သခင်လေးနှစ်အောက် သိသိသာသာ လျော့နည်း၏။
ထိုမျှသာမက လက်ရှိအခြေအနေတွင် ချင်မူအနေဖြင့် သူတို့နှစ်ယောက်နှင့် ပူးပေါင်းရမည်ဖြစ်သည်။
“ဒီ အသူရာချောက်နက်ကြေးမုံ ကောင်းကင်နတ်သိုင်းထဲမှာ တစ္ဆေတစ်ကောင် ရှိနေနိုင်တယ်”
ချင်မူက ရုတ်တရက် ထပြော၏။ “ခင်ဗျားတို့နှစ်ယောက် ကျွန်တော့်ကို ကာကွယ်ပေးထား… ကျွန်တော် အသူရာချောက်နက်ကြေးမုံကို အသက်သွင်းကြည့်မယ်”
ချင်မူက အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်သွားပြီး ချင်မူပိစိလေးများ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြသည်။ သူတို့က မာဟာ မာဟာဟု အော်ဟစ်နေကြရင်း အကြိတ်အနယ် ဆွေးနွေးနေကြ၏။
ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုက သူ ဘေးကင်းစေရန် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်၏ စွမ်းအားကို ခုခံကာကွယ်ပေးထားကြသည်။ သူတို့က ရင်တုန်စိတ်လှုပ်ရှားစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြလေသည်။
သူတို့နှင့် ချင်မူမှာ ကမ္ဘာ့ရန်သူများ ဖြစ်သည့်တိုင် ယခုတွင် ချင်မူ့ကို ထိခိုက်စေလိုစိတ် မရှိပေ။ ချင်မူကလည်း သူတို့ကို စိတ်ချပြီး မည်သည့်အကာအကွယ်မှ မပြုဘဲ အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်သွားပြီး သူတို့အား ကာကွယ်စေခဲ့သည်။
ယခုအချိန်သည် ချင်မူ့ကို သတ်လိုပါက အားစိုက်ထုတ်စရာ မလိုသည့် အခွင့်အရေးကောင်းဟု ဆိုရမည်။ သို့သော် ချင်မူ့ကို ကာကွယ်ပေးရုံမှလွဲပြီး ရွေးချယ်စရာ မရှိချေ။
အိပ်မက်ထဲတွင် ချင်မူက အဆုံးသတ်မြို့ပျက်လမ်းစဉ်ကို အကြိမ်ပေါင်းများစွာ အသက်သွင်းနေ၏။ ချင်မူ ဤသို့အသက်သွင်းနေခြင်းကို အပိုင်းသုံးပိုင်း ခွဲနိုင်သည်။ တစ်ပိုင်းက သခင်မယွမ်မုကဲ့သို့ ဖျက်ဆီးခြင်းတာအိုအား ကျင့်ကြံခြင်း ဖြစ်သည်။ နောက်တစ်ခုက ကောင်းကင်နတ်ဧကရီကဲ့သို့ ဖန်ဆင်းခြင်းတာအိုအား ကျင့်ကြံခြင်းဖြစ်၏။ နောက်ဆုံးတစ်ခုကတော့ ချင်မူ သိမြင်နားလည်ထားသည့် ဘဝပြန်ဝင်စားခြင်းတာအိုပင်။
အချိန်အတော်ကြာပြီးနောက် ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့မှာ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်၏ စွမ်းအားကို တောင့်မခံနိုင်တော့ပေ။ ထိုစဉ်မှာပဲ ပြောင်းလဲမှုတစ်ခု ထွက်ပေါ်လာသည်။
အိပ်မက်ထဲတွင် ချင်မူပိစိလေးများက ပေါင်းစည်းသွားကြပြီး မျက်နှာနှစ်ဖက်ဖြင့် ချင်မူပိစိလေး ဖြစ်လာကြ၏။ သူတို့၏ပုံစံများက ထူးဆန်းနေပြီး ကောင်းကင်နတ်ဧကရီ၏ လက်ရှိအခြေအနေနှင့်ပင် ဆင်တူလေသည်။
ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့မှာ တအံ့တဩ စုတ်သတ်လိုက်မိကြ၏။
ကျန်ချင်မူပိစိလေးများက ဘဝပြန်ဝင်စားခြင်းတာအိုကို အသက်သွင်းကာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည့် ချင်မူပိစိလေးကို ကာကွယ်ပေးနေကြသည်။
ထိုချင်မူပိစိလေးက အသူရာချောက်နက်ကြေးမုံကျင့်စဉ်အား အသက်သွင်းလိုက်သည့်အခါ အသူရောချောက်နက် အသွင်သဏ္ဌာန် ရှိသည့် တောက်ပသော ကြေးမုံများက ကျန်ချင်မူလေးများ၏ အရှေ့တွင် ပေါ်လာကြသည်။
ဤသည်မှာ အသူရာချောက်နက်ကြေးမုံအတိုင်း ဖန်တီးထားသော အသူရာချောက်နက်ကြေးမုံ ဖြစ်လေသည်။
အိမ်မက်ထဲတွင် ချင်မူပိစိလေးများက ကြေးမုံအား ကြည့်နေကြသည်။ သူတို့၏ အကြည့်များ ကြေးမုံထဲသို့ ရောက်သွားသည့်အချိန်တွင် သူတို့မှာ မလှုပ်ရှားနိုင်တော့ပေ။
ကြေးမုံထဲရှိ ပြိုင်ဘက်ကင်းအောင် လှပသော တစ်စုံတစ်ခုက သူတို့၏အာရုံကို ဖမ်းစားထားသည့်အလားပင်။
ထိုအခိုက်အတန့်တွင် ကြေးမုံက ရုတ်တရက် ထွန်းလင်းတောက်ပလာပြီး ထူးဆန်းသော အလင်းတန်းများက ထိုချင်မူပိစိလေးများ၏ မျက်လုံးများထဲသို့ ဝင်ရောက်ကာ တောက်ပသွားကြ၏။
ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုမှာ ဤမြင်ကွင်းအား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကြသည်။ ထိုချင်မူပိစိလေးများ၏ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံတို့ ပြောင်းလဲလာသည်ကို တွေ့မြင်နေရ၏။ သူတို့သည် အစက ယောက်ျားများ ဖြစ်ကြသော်လည်း သူတို့၏ အသားအရေတို့က တဖြည်းဖြည်း ၀င်းလက်တောက်ပြောင်လာသည်။ သူတို့၏ရင်အုံများက ဖောင်းကြွလာပြီး လည်စေ့များ ပျောက်ကွယ်ကာ ခါးများ သေးသွယ်လာကြ၏။
အချိန်တခဏအတွင်း ချင်မူပိစိလေးများမှာ အမျိုးသမီးများ ဖြစ်သွားကြချေပြီ။
ထိုမျှသာမက သူတို့၏ရုပ်ရည်သွင်ပြင်များလည်း ပြောင်းလဲလာကြ၏။ သူတို့သည် ဖရိုဖရဲပင်လယ်အောက်ရှိ မီလော့နန်းတော် သခင်လေးနှစ်နှင့် တစ်ထေရာတည်း တူလာကြသည်။
ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့မှာ ကြက်သီးမွှေးညှင်းများ ထလာကြ၏။
အမျိုးသမီးများသည် တစ်စုံတစ်ခု လွဲမှားနေသည်ကို အာရုံခံမိသွားကြသည်အလား ချင်မူ့အိပ်မက်ထဲမှ ချက်ချင်း လွတ်မြောက်နိုင်အောင် ကြိုးစားကြတော့သည်။ ထိုအခိုက်အတန့်တွင် ဘဝပြန်ဝင်စားခြင်းတာအိုကို အသက်သွင်းခဲ့သည့် ကျန်ရှိသော ချင်မူပိစိလေးတို့က ဘဝပြန်ဝင်စားခြင်း ကောင်းကင်နတ်သိုင်းများအား ထုတ်လွှတ်ကာ ထိုအမျိုးသမီးများအား ချုပ်နှောင်ထားလိုက်၏။
အမျိုးသမီးများက ရုတ်တရက် နှစ်ခြိုက်စွာ အိပ်မောကျနေသော ချင်မူ့အား ပြိုင်တူလှည့်ကြည့်လာကြသည်။ သူတို့က သံပြိုင် အော်လိုက်ကြသည်။ “ခုနစ်၊ နင်က အရာရာမှာ ထူးချွန်ပေမယ့် စပ်စုလွန်းတယ်”
မျက်စိတစ်မှိတ်အတွင်း အမျိုးသမီးများမှာ ကြေးမုံကို ကြည့်နေခဲ့သော ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားကြသည်။ မည်သူကမှ အိပ်မက်ကမ္ဘာထဲမှ ထွက်မသွားနိုင်ခဲ့ကြပေ။
အိမ်မက်အလွှာပေါင်းများစွာ အက်ကွဲသွားကြပြီး ချင်မူပိစိလေးများ ပျောက်ကွယ်သွားကြသည်။ ချင်မူက အိပ်မက်ထဲမှ နိုးထလာ၏။
သခင်မယွမ်မုက စူးရှစွာ ထအော်သဖြင့် ကောင်းကင်နတ်ဧကရီက မာန်မဲလိုက်သည်။ “မအော်နဲ့…. နင် မသေသေးဘူး”
“ငါတို့ အသူရာချောက်နက်ကြေးမုံကျင့်စဉ်ကိုသာ ကျင့်ကြံလိုက်ရင် သေသွားမှာလေ”
သခင်မယွမ်မုမှာ ဂနာမငြိမ် ဖြစ်နေတော့သည်။ “ဒါ့အပြင် အဲံဒီမိန်းမက အောက်က ဖရိုဖရဲပင်လယ်မှာ စောင့်နေတာ… ငါတို့ ပြန်ဆင်းသွားရင်လည်း သေမှာပဲ… ပြီးတော့ တာအိုသံကြိုးကို တိုက်ခိုက်ခဲ့တုန်းက အမြွှာကြာပန်းပွင်နှစ်ပွင့်ကို လက်နက်အဖြစ် သုံးခဲ့သေးတာ… ငါတို့တော့ သေချာပေါက် သေပြီပဲ”
ကောင်းကင်နတ်ဧကရီမှာလည်း စိတ်ရှုပ်ထွေးလာပြီး ခြေမကိုင်လက်မကိုင်မိ ဖြစ်လာသည်။ သူမက ရေရွတ်လိုက်၏။ “အသွားမတော် တစ်လှမ်းတဲ့…. ကောင်းကင်နတ်အရှင်မူ၊ နင်က တော်တော်စပ်စုတာပဲ”
အောက်ရှိ ဖရိုဖရဲပင်လယ်မှ လှိုင်းများ ထန်လာပြီး အမြွှာကြာပန်းပွင့်နှစ်ပွင့်သည် ပြင်းထန်စွာ တုန်ခါလာ၏။ သိသိသာသာပင် ထိုအမျိုးသမီးသည် မုန်တိုင်းများ ထန်စေ၍ တာအိုသံကြိုးအား တိုက်ခိုက်နေလေပြီ။
အမြွှာကြာပန်းပွင့်နှစ်ပွင့်ကား ဧရာမစွမ်းအားကြီးတစ်ရပ်ဖြင့် ဆွဲချခံနေရသည်။ အမျိုးသမီးက သူတို့အား ဖရိုဖရဲပင်လယ်ဆီသို့ ဆွဲချရန် ကြိုးစားနေချေပြီ။
ရုတ်တရက် ချင်မူက အော်ဟစ်လိုက်သည်။ “ဆက်တက်ကြ”
ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့က ချက်ချင်း ပူးပေါင်းကာ ဆက်တက်နေကြသည်။ သို့သော် အမျိုးသမီးက အလွန်တရာ စွမ်းအားကြီးမားသည့်အပြင် သူတို့အားလုံး ပူးပေါင်းထားသည်ထက် ပိုပိုသန်မာ၏။ သူတို့ အင်အားအကုန် ထုတ်၍ ဆက်တက်နေလျှင်တောင်မှ အမြွှာကြာပန်းပွင့်နှစ်ပွင့်က ဖရိုဖရဲပင်လယ်ဆီသို့ ဆွဲချခံနေရသေးသည်။
ချင်မူ့ကြောင့် သူမ၏အကြံအစည် ပေါ်သွားခဲ့ပြီဖြစ်ရာ သူမသည် အလွန်အမင်း ဒေါသထွက်နေ၏။ ဟန်ဆောင် ချိုသာပြမနေတော့ဘဲ သူတို့အား တိုက်ရိုက်သတ်ဖြတ်ပေတော့မည်။
ကောင်းကင်နတ်ဧကရီနှင့် သခင်ယွမ်မုတို့မှာ ဆက်လက်တောင့်မခံနိုင်တော့သဖြင့် အမြွှာကြာပန်းပွင့်နှစ်ပွင့်ဆီမှ ခုန်ထွက်လိုက်သည်။ ချင်မူကလည်း အံတင်းတင်းကြိတ်၍ ခုန်လိုက်၏။ သူတို့သုံးဦးက အဆုံးသတ်မြို့ပျက်၏ ပြင်းထန်လှသော ဆွဲအားကို ဆန်တက်နေကြသည်။
သို့သော် အဆုံးသတ်မြို့ပျက်ဆွဲအား ပိုပို၍ အားကောင်းလာနေသည်နှင့်အမျှ သူတို့သုံးယောက်အား ရောက်နေသည့်နေရာတွင် ချုပ်နှောင်ကာ ရှေ့သို့ဆက်တက်ရန် ခက်ခဲနေစေ၏။
သူတို့အောက်တွင် အဖြူရောင်အလင်းတန်းများက ကခုန်နေကြသည်။ ၎င်းတို့က သခင်လေးနှစ်၏ အဖြူရောင်ဆံနွယ်များဖြစ်ပြီး သူတို့နှင့် နီးကပ်သထက်နီးကပ်လာလေ၏။
ချင်မူက ကျယ်လောင်စွာ အော်ဟစ်၍ ကျင့်စဉ်စွမ်းအင်အား နှိုးထကာ မီလော့နန်းတော်အရှင်သခင် ထားရစ်ခဲ့သည့် တာအိုသံကြိုးအား အသက်သွင်းလိုက်သည်။ တာအိုသံကြိုးက အသက်ဝင်လာပြီး သခင်လေးနှစ်ကို ချုပ်နှောင်လိုက်၏။
ဂျုန်း
အဖြူရောင်အလင်းတန်းတစ်တန်းက ဖြတ်သန်းသွားပြီး ချင်မူ့ရင်ဘတ်အား ထုတ်ချင်းဖောက်ထွက်သွားသည်။ ချင်မူမှာ သွေးများ ပန်းထွက်လာပြီး ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့က ခုန်ဝင်၍ ကောင်းကင်နတ်သိုင်းများကို အသက်သွင်းရင်း အဖြူရောင်ဆံနွယ်အား နှစ်ပိုင်းဖြတ်၍ ချင်မူ့ကို ကယ်တင်လိုက်သည်။
သွေးတို့က ချင်မူ့နှုတ်ခမ်းထောင့်မှ စီးကျလာပြီး ချင်မူမှာ ဒဏ်ရာများကို ချုပ်ထားလိုက်သည်။ သူက ကျင့်စဉ်စွမ်းအင်ကို စုစည်း၍ အခြားတာအိုသံကြိုးများကို အသက်သွင်းနေပြီး အမျိုးသမီးအား အသေအကြေ တိုက်ခိုက်နေ၏။
သို့သော် အမျိုးသမီး၏စွမ်းဆောင်ရည်များမှာ မြင့်မားလွန်းပေသည်။ ချင်မူအနေဖြင့် တာအိုသံကြိုးများ၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို အသက်သွင်းနိုင်လျှင်တောင်မှ သူမကို လုံးဝဖိနှိပ်ထားနိုင်မည်မဟုတ်ပေ။ ပို၍များပြားသော အဖြူရောင်ဆံနွယ်များက ပျံတက်လာကြ၏။
ချင်မူသာ ရှုံးနိမ့်သွားပါက သူတို့အားလုံး သေချာပေါက်သေဆုံးမည်ကို ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့ ကောင်းကောင်းသိထားကြသည်။ ထို့ကြောင့် သူတို့က အဖြူရောင်ဆံနွယ်များကို အားကုန်ခုခံကာကွယ်နေကြတော့သည်။
အောက်တွင် အမျိုးသမီးက အမြွှာကြာပန်းပွင့်နှစ်ပွင့်ကို ဆုပ်ကိုင်လွှဲရမ်းရင်း တာအိုသံကြိုးများ၏ ဖိနှိပ်မှုကို ကာကွယ်နေသည်။ သူမက ရွှီးခနဲ လေချွန်သံတစ်ချက် ထုတ်လွှတ်လိုက်ရာ သူတို့သုံးယောက်လုံး မူးဝေသွားကြ၏။ သွေးတို့က သူတို့၏ မျက်လုံး၊ နား၊ ပါးစပ်နှင့် နှာခေါင်းတို့မှ စီးကျလာကြသည်။
‘ငါ ဒီတစ်ကြိမ် မလွတ်နိုင်တော့ဘူး ထင်ပါတယ်’ ချင်မူ့စိတ်အစဉ်မှာ ရှုပ်ထွေးမူးဝေနေပြီး တွေးလိုက်မိ၏။
ရုတ်တရက် အဆုံးသတ်မြို့ပျက်ရေးလှိုင်းများ ပေါက်ကွဲထွက်ပေါ်လာပြီး သူတို့၏ခန္ဓာကိုယ်များကို မြှောက်တင်ကာ အဆုံးသတ်မြို့ပျက်ကောင်းကင်ဆီသို့ တွန်းပို့လိုက်သည်။
သူတို့သုံးယောက်လုံးမှာ အံ့သြဝမ်းသာသွားကြလေသည်။ အဆုံးသတ်မြို့ပျက်လှိုင်းများသည် အချိန်ကိုက် ပေါက်ကွဲထွက်ပေါ်လာကြကာ သူတို့၏အသက်ကို ကယ်တင်ပေးခဲ့ချေပြီ။
သူတို့၏ခန္ဓာကိုယ်များက လှိုင်းများနှင့်အတူ မြန်မြန်ဆန်ဆန် မြောပါသွားပြီး အမျိုးသမီး၏ အဖြူရောင်ဆံနွယ်များကို ခါချနိုင်သွား၏။
“ဟားဟား… ကံကောင်းရင် မိုးကောင်းကင်တောင် ကြည့်မနေနိုင်ဘူးတဲ့” သခင်မယွမ်မုက စိတ်လှုပ်တရှား ရယ်မောလိုက်သည်။
ထိုစကားများ သူမနှုတ်မှ ထွက်ခွာသွားသည်နှင့် ဤစကြ၀ဠာ၏ နှစ်သန်းပေါင်းခြောက်ရာမှာ အဆုံးသတ်မြို့ပျက်လှိုင်းများထဲတွင် ချက်ချင်း ပျောက်ကွယ်သွား၏။ သူတို့ မော့ကြည့်လိုက်သည့်အခါ ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာ ဖျက်ဆီးခံနေရသည်ကို တွေ့မြင်လိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းသော အဆုံးမဲ့ စွမ်းအင်တို့က စုစည်းကာ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ဆီသို့ ပြေးဝင်လာနေသည်။
ထိုအခိုက်အတန့်မှာပင် သူတို့သည် မဟာပျက်စီးခြင်းကပ်ဘေးကြီး၏ အထွတ်ထိပ်စွမ်းအားတို့ကို ခံစားလိုက်ရပြီး မဟာတာအိုတို့က အလျင်အမြန် ပုံပျက်လွင့်ပြယ်လာတော့သည်။
သူတို့သုံးယောက်မှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြက်သီးတဖြန်းဖြန်း ထသွားကြ၏။ ချင်မူက လက်ဆန့်တန်း၍ တာအိုသံကြိုးတစ်ကြိုးကို လှမ်းဆွဲလိုက်သည်။ ထို့နောက် အားဖြင့် လွှဲရမ်းလိုက်ပြီး ကောင်းကင်နတ်ဧကရီ၏ခန္ဓာကိုယ်အား ရစ်ပတ်ချည်နှောင်သွားစေ၏။
လှိုင်းများက တဝုန်းဝုန်း မြည်ဟီးလာပြီး တာအိုသံကြိုးမှာ တင်းကြပ်ဖြောင့်တန်းသွားကာ ကောင်းကင်နတ်ဧကရီအား သေစေနိုင်သည်အထိ ချုပ်နှောင်ထားတော့သည်။