← Chapters

ကြိုးနီနီ

Vol. 121 Ch. 1581

ကြိုးနီနီ

Vol. 121 Ch. 1581

ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့သည် ခန္ဓာကိုယ်တစ်ခုတည်းတွင် ရှိနေကြသောကြောင့် တာအိုသံကြိုးဖြင့် တင်းကြပ်စွာ ချည်နှောင်ခံထားရသည့်အခါ သံကြိုးမှ ထွက်ပေါ်လာနေသည့် စွမ်းအားကြီးသော လှိုင်းဂယက်များက သူတို့၏ ခန္ဓာကိုယ်ကို နှစ်ခြမ်းကွဲထွက်လုမတတ် ရိုက်ခတ်နေ၏။

သို့သော် ချင်မူက သူတို့ကို ကယ်တင်နေခြင်းဖြစ်ကြောင်း နှစ်ယောက်လုံး သိထားကြသည်။ တာအိုသံကြိုးသာ သူတို့ကို ချုပ်နှောင်မထားလျှင် ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာ၏ ကပ်ဘေးထဲသို့ ကျရောက်၍ ပြာကျသွားပေလိမ့်မည်။

လှိုင်းများက ပိုပို၍ ပြင်းထန်လာပြီး သူတို့၏ခန္ဓာကိုယ်များကို တိုက်စားနေကြသည်။ ချင်မူနှင့် ကောင်းကင်နတ်ဧကရီတို့၏ ခန္ဓာကိုယ်များမှာ စုတ်ပြဲပေါက်ထွက်လာကြသည်။

သူတို့သည် တစ်လောကလုံးတွင် စွမ်းအားကြီးမားဆုံးပုဂ္ဂိုလ်များဟု ပြောနိုင်ပေသည်။ တစ်လောကလုံးတွင် သူတို့နှင့် ယှဉ်ပြိုင်နိုင်သူ လက်တစ်ဆုပ်စာသာ ရှိသော်လည်း ထိုသို့ဖြစ်တည်မှုများပင်လျှင် ဤစွမ်းအားကို ခုခံနိုင်ရန် ခက်ခဲနေ၏။

“အနီရောင်ကြိုး”

ရုတ်တရက် သခင်မယွမ်မုက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “မြန်မြန် မော့ကြည့်လိုက်… အနီရောင်ကြိုးဟ”

ကောင်းကင်နတ်ဧကရီနှင့် ချင်မူမှာ ကြောင်အသွားကြ၏။ သူတို့က ခက်ခက်ခဲခဲ မော့ကြည့်လိုက်ကြသည့်အခါ အမှန်တကယ်ပင် တာအိုသံကြိုးအဆုံးတွင် အနီရောင်ကြိုးတချို့ ချည်နှောင်ထားသည်ကို တွေ့လိုက်ရ၏။

ထိုအနီရောင်ကြိုးများမှာ နှိုင်းယှဉ်၍မရနိုင်အောင် သေးသွယ်နေပြီး သာမန်သာ ထင်ရသည်။ သို့သော် ၎င်းတို့မှာ တာအိုသံကြိုးတွင် ချည်နှောင်ခံထားရပြီး မီလော့နန်းတော်၏ သခင်လေးနှစ်ကဲ့သို့ ပုဂ္ဂိုလ်မျိုးကိုသာမက အဆုံးသတ်မြို့ပျက် အသူရာချောက်နက်၏ စွမ်းအားအပြင် ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာ၏ ပျက်စီးခြင်းကိုလည်း တောင့်ခံနိုင်ပေသည်။

ပို၍ပင် ထူးဆန်းသည်က အနီရောင်ကြိုး၏ ပတ်ဝန်းကျင်မှာ တည်ငြိမ်နေပြီး မည်သည့်အန္တရာယ်မှ ရှိပုံမပေါ်ပေ။ စကြ၀ဠာပျက်စီးခြင်းကပ်ဘေးကြီးနှင့် အဆုံးသတ်မြို့ပျက်၏ စွမ်းအားကို မမြင်ရနိုင်သော အားတစ်ရပ်က ဖိနှိပ်ထားသည့်အလားပင်။

“စကြ၀ဠာပျက်စီးခြင်းကပ်ဘေးကြီးကြောင့် ဖြစ်ပေါ်လာတဲ့ လှိုင်းကယက်တွေက အားကောင်းလွန်းတယ်”

ကောင်းကင်နတ်ဧကရီက အောက်ရှိ ချင်မူ့ထံသို့ အသံကုန်အော်ဟစ်လိုက်သည်။ “ငါတို့ ဒီလှိုင်းတွေ ကြားထဲမှာ ကြာကြာ တောင့်ခံနိုင်မှာမဟုတ်ဘူး…. ဘေးကင်းအောင် အနီရောင်ကြိုးတွေဆီ သွားမှ ဖြစ်မယ်”

ချင်မူလည်း ခန္ဓာကိုယ်ကို ခက်ခဲအားတင်းစွာဖြင့် ချက်ချင်း လှုပ်ရှားကာ သူတို့ထံ ရွေ့လာသည်။

သူ၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်တို့မှာ ကြောက်မက်ဖွယ် လှိုင်းဂယက်များ၏ တိုက်စားခြင်း ခံနေရသည့်အပြင် မည်သည့်ကောင်းကင်နတ်သိုင်းမှ ဤလှိုင်းထဲတွင် အသုံးမဝင်ပေ။ လှိုင်းသည် ပြင်းထန်လွန်းသည့်အလျောက် သူ၏ရုပ်ခန္ဓာမှ အသွေးနှင့် အသားတို့ ပြတ်ထွက်ကုန်ကာ ချက်ချင်း လှိုင်းဂယက်ထဲ လွင့်ပါသွားကြသည်။ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်လျှင်တောင်မှ လွင့်မြောသွားသော အသွေးအသားတို့ကို ပြန်လည်ရယူနိုင်မည် မဟုတ်ပေ။

ပို၍ပင် ဆိုးသေးသည်က လှိုင်းဂယက်သည် သူ၏ရုပ်ခန္ဓာကို စုတ်ပြဲစေသည့်အပြင် အသွေးနှင့် အသားတို့မှာ လှိုင်း၏ စွမ်းအားကြောင့် စွမ်းအင်အဖြစ် ပြောင်းလဲခံနေရခြင်းပင်။

ကောင်းကင်နတ်အရှင်လင်၏ ဒြပ်ထုစွမ်းအင်ချေဖျက်ခြင်းဖြင့် သာဆိုပါက ရုပ်ခန္ဓာကို ထိန်းသိမ်းထားနိုင်ရန် လွယ်ကူပေလိမ့်မည်။ သို့သော် သူမမှာ နှစ်လေးသောင်းကျော် သိမြင်နားလည်ထားခဲ့သော ထိုသဘောတရားအား ချင်မူ့ထံ လွှဲပြောင်းပေးရန် အချိန်မရလိုက်ပေ။ ချင်မူမှာ ကောင်းကင်နတ်အရှင်ဟောင်၏ ဖမ်းဆီးခြင်းခံခဲ့ရသည် မဟုတ်လော။

ဤအခိုက်အတန့်တွင် ချင်မူက ဖန်ဆင်းခြင်းတာအိုအား အသုံးပြု၍ ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းအား အသက်သွင်းကာ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်တို့ကို ပြန်လည်ကုသရန်သာ တတ်စွမ်းနိုင်လေသည်။

သူ၏ ဖန်ဆင်းခြင်းတာအိုမှာ အလွန်တရာ စွမ်းအားကြီးသော်လည်း ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းသည် မှော်စွမ်းအင်နှင့် ကျင့်စဉ်စွမ်းအင်တို့ကို များစွာအသုံးပြု၏။ လှိုင်းက သူ၏သိုင်းအခြေခံအား အနှေးနှင့်အမြန် ဖျက်ဆီးပစ်ကာ သူ့အသက်ကို နှုတ်ယူသွားလိမ့်မည်။

ဘဝပြန်ဝင်စားခြင်းကောင်းကင်နတ်သိုင်းကို အသက်သွင်းနိုင်သော်လည်း အချိန်ကြာကြာ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

အဆုံးသတ်မြို့ပျက် အသူရာချောက်နက်သည် သူ့ကို သတ်ဖြတ်နိုင်သော နေရာအချို့ထဲမှ တစ်ခုဖြစ်၏။

နောက်ဆုံးတွင် ချင်မူမှာ ကောင်းကင်နတ်ဧကရီတို့ ညီအစ်မဘေးသို့ ရောက်ရှိလာပြီး တာအိုသံကြိုးအား ခက်ခဲစွာ ခါရမ်းလိုက်သည်။ ကောင်းကင်နတ်ဧကရီ၏ ခန္ဓာကိုယ်သည် ချက်ချင်း လွတ်မြောက်သွားပြီး အပေါ်သို့ မြောက်တက်သွား၏။

ချင်မူက လက်လှမ်းပေးလိုက်ရာ ကောင်းကင်နတ်ဧကရီက သူ၏လက်ကို ချက်ချင်း ဖမ်းဆုပ်လိုက်သည်။ သူမက အနည်းငယ် ယိမ်းယိုင်သွားသော်လည်း တာအိုသံကြိုးအနား ရွှေ့သွားကာ ခြေချိတ်ထားလိုက်၏။

သူတို့နှစ်ယောက်သား တာအိုသံကြိုးအတိုင်း တက်နေကြပြီး ရုပ်ခန္ဓာများနှင့် မူလဝိညာဉ်တို့မှာ အက်ကွဲသည်အထိ တိုက်စားခံနေရလေသည်။

လှိုင်းများ၏ ပြင်းအားမှာ သူတို့၏ စကြ၀ဠာရှိ အဆုံးသတ်မြို့ပျက်လှိုင်းများထက် အဆပေါင်းများစွာ ပြင်းထန်၏။ ချင်မူ မကာကွယ်နိုင်သလို ကောင်းကင်နတ်ဧကရီလည်း လုပ်ဆောင်နိုင်စွမ်း မရှိပေ။ ကံကောင်းစွာဖြင့် သူတို့၏ ကျင့်ကြံအခြေခံများက ခိုင်မာကြံ့ခိုင်သောကြောင့် အချိန်တစ်ခဏတော့ တောင့်ခံနိုင်ပေလိမ့်မည်။

သူတို့မှာ တာအိုသံကြိုးပေါ်တွင် တွယ်ကပ်နေကြသည့် ပုရွတ်ဆိတ်လေးနှစ်ကောင်အလား ခက်ခက်ခဲခဲ ဖက်တက်နေကြသည်။ ရုတ်တရက် သူတို့၏ နှလုံးသားထဲတွင် စူးရှလှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။ သူတို့ ငုံ့ကြည့်လိုက်သည်အချိန်တွင် အဖြူရောင်ဆံနွယ်တစ်ခု သူတို့၏ ရင်ဘတ်အား ဖောက်ထွက်နေသည်ကို တွေ့လိုက်ရသည်။

အဖြူရောင်ဆံနွယ်ကား တာအိုသံကြိုးအား ရစ်ပတ်လျက် အပေါ်သို့ တက်လိုက်လာချေပြီ။ အံ့ဩဖွယ်ကောင်းစွာဖြင့် ၎င်းမှာ မီလော့နန်းတော် သခင်လေးနှစ်၏ အဖြူရောင်ဆံနွယ် ဖြစ်နေသည်။

ချင်မူက လက်ဆန့်တန်းပြီး ကောင်းကင်နတ်ဧကရီ၏ ခြေကျင်းဝတ်ကို ဆုပ်ကိုင်ကာ ဖြစ်ညှစ်လိုက်၏။

ကောင်းကင်နတ်ဧကရီ၏ နောက်စေ့တွင် သခင်ယွမ်မု၏ မျက်နှာ ပေါ်လာသည်။ သူမ ငုံ့ကြည့်လိုက်ရာ ချင်မူ အခြေအနေမဟန်သည်ကို မြင်သွားသည်။

ကောင်းကင်နတ်ဧကရီက သံကြိုးတွင် ခြေချိတ်၍ တွဲလောင်းခိုကာ ဆံနွယ်ကို ဖြတ်တောက်လိုက်သည်။ ထို့နောက် ချင်မူ့ကို သယ်ပိုးလိုက်ရင်း သူမအပေါ်မှ တက်စေ၏။

သူမ၏ စွမ်းဆောင်ရည်များသည် ပိုမိုအားကောင်းသောကြောင့် သခင်လေးနှစ်၏ ဆံနွယ် အနောက်မှ တိုက်ခိုက်လာခြင်းကို ခုခံနိုင်သည်။

သူတို့နှစ်ယောက် ဆက်၍ တွယ်တက်နေကြ၏။ ရုတ်တရက် အဖြူရောင်ဆံနွယ်များက ကောင်းကင်နတ်ဧကရီ၏ ခြေထောက်ကို ရစ်ပတ်လိုက်ရာ သခင်မယွမ်မုက ချင်မူ့ခြေထောက်အား ချက်ချင်း လှမ်းဆွဲလိုက်သည်။

ချင်မူ ပြန်လှည့်ကြည့်လိုက်သည့်အခါ ကောင်းကင်နတ်ဧကရီ၏ အခြေအနေကို တွေ့မြင်လိုက်ရသဖြင့် ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်လာသည်။

သူက ကောင်းကင်နတ်ဧကရီ၏ ကျောပေါ်တွင် လှဲကပ်ကာ ကပ်ဘေးဓားကို ထုတ်လိုက်သည်။ ထို့နောက် ရှိသမျှ ခွန်အားအားလုံး သုံး၍ ဓားရောင်များ ဖြန့်ကျက်ကာ အဖြူရောင်ဆံနွယ်များအား နှစ်ပိုင်းဖြတ်လိုက်သည်။

သခင်မယွမ်မုက သူ့ကို မုန်းတီးရွံရှာစွာ ကြည့်နေပြီး ကောင်းကင်နတ်ဧကရီ၏ ခန္ဓာကိုယ်ကတော့ တောင့်တင်းနေ၏။ သူမမှာ ရင်တုန်စိတ်လှုပ်ရှားနေပြီး နေရခက်နေကြောင်း သိသာပေသည်။

ချင်မူက အားကုန်သုံး၍ ကောင်းကင်နတ်ဧကရီ၏ ခန္ဓာကိုယ်မှ ခွာကာ အပေါ်သို့ပြန်တက်သွား၏။

ဤသို့ဖြင့် လမ်းတလျှောက်လုံး တစ်ယောက်ကိုတစ်ယောက် ကူညီလာခဲ့ကြပြီး အချိန်တစ်ခုကြာပြီးနောက် အနီရောင်ကြိုးဆီသို့ ရောက်လာကြချေပြီ။

တာအိုသံကြိုးခြောက်ကြိုးနှင့် ချည်နှောင်ထားသည့် အနီရောင်ကြိုးခြောက်ကြိုး ရှိနေသည်။ ၎င်းတို့က ရစ်ပတ်ထုံးဖွဲ့နေကြပြီး ထူးဆန်းသော အမှတ်အသားတစ်ခုကို ဖော်ဆောင်ထားကြ၏။

သူတို့က အနီရောင်ကြိုးအတိုင်း ဆက်လက်တက်လာကြသည်။ အမှတ်အသားကို ဖွဲ့တည်ထားသည့် အနီရောင်ကြိုးတို့၏ နေရာတွင် တည်ငြိမ်နေသည်။ ထိုနေရာမှာ ဆယ်ကိုက်ခန့်သာ ရှိပြီး မကျယ်ဝန်းလှချေ။

ထိုစဉ် အခြားနေရာရှိ လှိုင်းဂယက်များကတော့ ပြိုင်ဘက်ကင်းသော ပြင်းအားတို့ဖြင့် တ၀ုန်းဝုန်း လိမ့်ထွက်ဖြာဆင်းနေကြသည်။

သူတို့၏ ဦးခေါင်းထက်တွင် စကြ၀ဠာတစ်ခုလုံးကို ဖျက်ဆီးနိုင်သည့် ကပ်ဘေးတစ်ခု ဖြစ်ပွားနေ၏။ ၎င်းသည် သူတို့အား အချိန်မရွေး ဖျက်စီးပစ်နိုင်သည့်အလား ကြောက်စရာကောင်းလှသောကြောင့် ဝိညာဉ်ကိုပင် တုန်လှုပ်‌ချောက်ချားမိစေသည်။

ချင်မူမှာ အနီရောင်ကြိုးပေါ်တွင် လှဲ၍ အသက်ပြင်းစွာ ရှူနေရသည်။ အချိန်အတော်ကြာသည်အထိ အနားယူနေခဲ့သော်လည်း မသက်သာလာပေ။ ကောင်းကင်နတ်ဧကရီတို့ ညီအစ်မမှာလည်း ဘယ်သူမှ ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်ကြဘဲ အသက်လုရှူနေရသည်။

အဖြူရောင်ဆံနွယ်တို့က သူတို့အနောက်မှ အနီရောင်ကြိုးများအတိုင်း လိုက်ပါလာသည်။ ၎င်းတို့သည် ကြိုးကို ထိတွေ့မိသည့်အခါတွင် လျှပ်စီးဖြင့် ဓာတ်လိုက်ခံလိုက်ရသကဲ့သို့ တုန်ခါ၍ ပြန်ပြုတ်ကျသွား၏။

ချင်မူမှာ မျက်လုံးဝေ့ကြည့်လိုက်ပြီး ဤမြင်ကွင်းကို မြင်မှ စိတ်အေးသွားတော့သည်။

အချိန်အတော်ကြာပြီးနောက် သူက ကတုန်ကယင် ထရပ်ကာ အနီရောင်ကြိုးပေါ်သို့ ခြေချလိုက်သည်။ အနီရောင်ကြိုး၏ ချိပ်တံဆိပ်အလယ်ဗဟိုတို့ လျှောက်သွားပြီး ထူးဆန်းသောကြိုးထုံးအား အသေအချာ ကြည့်လိုက်၏။

ရုတ်တရက် ကောင်းကင်နတ်ဧကရီက အေးစက်စွာ ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ နင် ကြိုးထုံးကို ဖြည်လိုက်ရင် ဒီနေရာက နင့်ကို အရှင်လတ်လတ် ဝါးမြိုသွားလိမ့်မယ်”

ချင်မူ့ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး သူ၏ အနောက်၌ အသက်အဖြတ်စိတ်ဆန္ဒတို့ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရ၏။

၎င်းက ကောင်းကင်နတ်ဧကရီတစ်ယောက်တည်း၏ အသက်အဖြတ်စိတ်ဆန္ဒ မဟုတ်ပေ။ သခင်မယွမ်မု၏ အသက်အဖြတ်စိတ်ဆန္ဒက ကောင်းကင်နတ်ဧကရီထက်ပင် အားကောင်းနေသည်။

“ကျွန်တော် မဖြည်ပါဘူးဗျာ”

ချင်မူက ပြန်လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။ “ဒီကြိုးထုံးကို ကြည့်ရုံ ကြည့်နေတာပါ… ကြိုးထုံးရဲ့ ပုံစံက ဘာမှန်း မသိတဲ့ ခံစားချက်ကို ခံစားရစေလို့”

“အချစ်လေး၊ ဘာခံစားချက်လဲ”

သခင်မယွမ်မုလည်း ကြိုးထုံးကို စူးစူးစမ်းစမ်း ကြည့်လိုက်ရာ ၎င်းအတွင်း၌ နက်နဲကျယ်ပြန့်သော နိယာမများ ပုန်းခိုနေသည့်အလား အလွန်တရာ ရှုပ်ထွေးနေကြောင်း တွေ့လိုက်ရသည်။ သူမ နားမလည်နိုင်ပေ။

ချင်မူက စိတ်ရှည်စွာ ရှင်းပြ၏။ “ဒီကြိုးထုံးပုံစံကို ကြည့်လိုက်လေ… တာအိုသံကြိုးကနေ ထွက်လာတဲ့ တာအိုအမှတ်အသားနဲ့ ဆင်တူနေတယ် မဟုတ်လား”

ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုက ကြိုးထုံးကို တစ်လှည့်၊ တာအိုသံကြိုးများကိုတစ်လှည့် ကြည့်ပြီးနောက် ခေါင်းခါရမ်းလိုက်ကြ၏။

ယွမ်မုက မနေနိုင်သဖြင့် မေးလိုက်သည်။ “ဘယ်လို ဆင်တူတာလဲ”

ချင်မူက ပြုံး၏။ “အထဲက သင်္ကေတတွေက တော်တော်လေး တူတယ်… ဒီကြိုးထုံးက ကြိုးထုံးတစ်ခုသက်သက် မဟုတ်ဘဲ မီလော့နန်းတော်အရှင်သခင် ထားခဲ့တဲ့ ချိပ်တံဆိပ်တစ်ခု ဖြစ်လိမ့်မယ်… ကြိုးထုံးပုံစံပဲ ဖြစ်နေတာ… တခြားနည်းနဲ့ပြောရရင် ကြိုးထုံးငါးခုက သူ့ရဲ့လက်ချောင်းငါးချောင်းကို ကိုယ်စားပြုတယ်…. ဒီကြိုးထုံးနဲ့ တာအိုသံကြိုးတွေက မီလော့နန်းတော် သခင်လေးနှစ်အပေါ် ဖိနှိပ်ထားတဲ့ သူ့ရဲ့ လက်ဖဝါးနဲ့ အတူတူပဲ”

သူက အနီရောင်ကြိုးပေါ်တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ “ဒီတာအိုသံကြိုးတွေက သခင်လေးနှစ်ရဲ့ မျက်နှာကို ဖောက်ထွက်သွားကြတာ… မီလော့နန်းတော်အရှင်သခင် သူ့ကို ဖိနှိပ်နေတုန်းက သူ့မျက်နှာကို လက်ဖဝါးနဲ့ ဖိချပြီး ချောက်နက်ထဲ တွန်းပို့ခဲ့တာ ဖြစ်မယ်… သခင်လေးနှစ် မလွတ်မြောက်နိုင်တာ အံ့သြစရာ မရှိဘူး”

သူက ချီးကျူးလိုက်မိသည်။ “မီလော့နန်းတော်အရှင်သခင်က ဒီမှာ မရှိပေမယ့် သူလက်ဖဝါးက အနီရောင်ကြိုးနဲ့ တာအိုသံကြိုးအဖြစ် ပြောင်းလဲပြီး ထာဝရတည်ရှိနေတယ် … သူ့ရဲ့ ကောင်းကင်စွမ်းအားတွေက တကယ်ကို အဆုံးမရှိ နက်နဲကျယ်ပြန့်တာပဲ”

သခင်မယွမ်မုမှာ ပို၍ သိချင်လာသဖြင့် ပြုံးလာ၏။ “အနီရောင်ကြိုးတွေက မီလော့နန်းတော်အရှင်သခင်ရဲ့ လက်ငါးချောင်းဆို… ဒါပေမဲ့ ဒီမှာ ခြောက်ခုမြောက် ကြိုးတစ်ချောင်း ရှိနေသေးတယ်… ဒီကြိုးအပိုက ဘာအတွက်လဲ”

“ချိပ်တံဆိပ်ကို ဖွင့်ဖို့ သော့ပဲ ဖြစ်ရမယ်”

ချင်မူက အသေအချာ စစ်ဆေးကြည့်ရှုပြီးနောက် စိတ်ထဲမှ တွက်ချက်ကာ အနီရောင်ကြိုးတစ်ကြိုး၏ ဘေးသို့ ရောက်သွားသည်။ “ဒီအနီရောင်ကြိုးက ဒီကောင်းကင်နတ်သိုင်းရဲ့ သော့ချက်လိုပဲ…. ဒီကြိုးကို ဆွဲလိုက်တာနဲ့ ချိပ်တံဆိပ်ကို ဖွင့်နိုင်လိမ့်မယ်”

ထိုစဉ် လက်ဖဝါးနှစ်ဖက်က သူ၏လည်ဂုတ်ကို ဆုပ်ကိုင်လိုက်ကြသည်။ အံ့သြဖွယ်ကောင်းစွာနှင့် ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့သည် သူ ကြိုးအား ဆွဲလိုက်မည်စိုးသောကြောင့် ဂုတ်အား လှမ်းဆွဲလိုက်ကြခြင်းပင်။

ချင်မူက တဟားဟား ရယ်လိုက်သည်။ “စိတ်လှုပ်ရှားနေစရာ မလိုပါဘူးဗျာ… ကျွန်တော်က အဲ့ဒီလောက် မစပ်စုတတ်ပါဘူး”

ကောင်းကင်နတ်ဧကရီက အံတင်းတင်း ကြိတ်ထား၏။ “နင် လှုပ်လို့ကတော့ ခေါင်းပြတ်ပြီသာမှတ်”

ချင်မူက သူတို့၏ လက်များကို ဖြည်းဖြည်းချင်း ဖယ်လိုက်သည်။ “ဒီအနီရောင်ကြိုးအတွက် ဖြစ်နိုင်ခြေ နောက်တစ်ခု ရှိသေးတယ်… ကျွန်တော် ဆွဲလိုက်တာနဲ့ မီလော့နန်းတော်အရှင်သခင် လက်ဖဝါးရဲ့ စွမ်းအားက အပြည့်အဝ ပေါက်ကွဲထွက်လာလိမ့်မယ်…. အဲဒီစွမ်းအားက ကောင်းကင်ကနေ ကျဆင်းလာပြီး သခင်လေးနှစ်ကို သတ်ပစ်နိုင်တယ် … ဒါပေမဲ့ ဒီအနီရောင်ကြိုးက သတ်မှာလား လွှတ်ပေးမှာလားကိုတော့ သေချာမသိဘူး ဖြစ်နေတာ…”

သခင်မယွမ်မုက ချက်ချင်း ပြော၏။ “သတ်တာပဲဖြစ်ဖြစ် လွှတ်ပေးတာပဲဖြစ်ဖြစ် နင်သာ ဒီကြိုးနဲ့ အဝေးဆုံးမှာ နေ”

ချင်မူက ပြုံးလိုက်ပြီး နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားသည်။

ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့က သူ့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကြ၏။ ကောင်းကင်နတ်ဧကရီက မှင်သေသေ ပြောသည်။ “ငါတို့ သေဘေးက လွတ်မြောက်ပြီး ဒီနေရာအထိ ရောက်လာခဲ့ကြပြီးပြီ … သခင်လေးနှစ်ရဲ့ စွမ်းအားက ဒီနေရာအထိ မရောက်နိုင်ဘူး… ဆိုတော့ ကောင်းကင်နတ်အရှင်မူ၊ ငါတို့ကို ဘဝပြန်ဝင်စားခြင်းလမ်းစဉ် သင်ပေးတော့လေ”

သခင်မယွမ်မုလည်း ပြုံးလျက် ဝင်ပြော၏။ “ငါတို့ နင့်ကို နင် လိုချင်တဲ့အတိုင်း အသူရာချောက်နက်ကြေးမုံကျင့်စဉ် သင်ပေးပြီးသွားပြီ… အခု နင် ကတိတည်ရမယ့်အချိန်ပဲ… ငါတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းပြီး အဆုံးသတ်မြို့ပျက်နတ်ဘုရားမ ဖြစ်လာနိုင်ရင် နင်နဲ့ ပူးပေါင်းမယ်... ဒါဆုိ သခင်လေးနှစ်ကို သတ်ပြီး ငါတို့ လွတ်မြောက်နိုင်လိမ့်မယ်”

ချင်မူက သူမ ပြောစကားများကို မကြားချင်ယောင်ဆောင်ထားပြီး ခြောက်ကြိုးမြောက် အနီရောင်ကြိုးကိုသာ စိုက်ကြည့်နေသည်။ သူ၏အမူအရာက စပ်စုချင်နေပုံရသည်။

ကောင်းကင်နတ်ဧကရီက ဒေါသထွက်လာပြီး အေးစက်စွာ မေးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူက ငါတို့ကို သင်မပေးချင်တာလား”

ချင်မူက လက်ခါပြပြီး ကြိုးထုံးဆီ လျှောက်သွားကာ ရေရွတ်နေသည်။ “ခဏလေးနေပါဦးဗျာ… ဒီကြိုးထုံးက ကမ္ဘာဦးဖရိုဖရဲသင်္ကေတတွေရဲ့ တည်ဆောက်ပုံနဲ့ တူတယ်… ကျွန်တော် ခဏလောက် လေ့လာပါရစေဦး”

ကောင်းကင်နတ်ဧကရီလည်း ဒေါသအမျက်တချောင်းချောင်း ထွက်သွားဥ တိုက်ခိုက်တော့မည့်ချိန်တွင် သခင်မယွမ်မုက ကျန်လက်တစ်ဖက်ဖြင့် တားသည်။ “သူ့ကို သတ်လိုက်လို့ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး… သူ သေသွားရင် ငါတို့တစ်သက်လုံး တိုက်ခိုက်နေရမှာ… ဒါ့အပြင် နေရာကျဥ်းလေးထဲမှာ တစ်သက်လုံး ပိတ်မိနေလိမ့်မယ်”

ချင်မူ ကြိုးထုံးကို ကြည့်နေစဉ် ရုတ်တရက် သူ၏ချီစွမ်းအင်တို့က လှည့်ပတ်ပျံသန်းသွားသော သင်္ကေတများအဖြစ် ပြောင်းလဲသွားကြသည်။ သူသည် ကြိုးထုံးအတိုင်း ချည်ကြည့်နေသော်လည်း ခဏခဏ ကျရှုံးနေ၏။

အချိန်အတော်ကြာပြီးနောက် ကောင်းကင်နတ်ဧကရီမှာ စိတ်မရှည်တော့သဖြင့် ချောင်းဟန့်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ဘဝပြန်ဝင်စားခြင်းတာအိုကို သင်ပေးပြီးမှ လေ့လာလည်း အချိန်ရတာပဲလေ”

ချင်မူလည်း အသိစိတ်ပြန်ဝင်လာပြီး သူ၏အသိစိတ်အလျဉ်က လှိုင်းထသွားသည်။ သူက သူ သိမြင်နားလည်ထားသော ဘဝပြန်ဝင်စားခြင်းတာအို သူတို့၏အသိစိတ်အလျဉ်ထဲသို့ လွှဲပြောင်းပေးပြီးနောက် ခေါင်းငုံ့ကာ ဆက်လက်လေ့လာနေ၏။

သခင်မယွမ်မုက မေးလိုက်သည်။ “ဘာလို့ ကျမ်းစာတွေ မရွတ်ဖတ်တော့တာလဲ… အဲ့ဒါနဲ့ ဘဝပြန်ဝင်စားခြင်းတာအိုကို သင်ပေးတာမဟုတ်ဘူးလား”

ချင်မူက မျက်လုံးဝေ့လိုက်ပြီးနောက် ကြိုးထုံးဘေးတွင် ဆောင့်ကြောင့်ထိုင်ချကာ ဆက်လက်လေ့လာနေသည်။

ယွမ်မုမှာ ဒေါသထွက်သွားသော်လည်း ရုတ်တရက် သဘောပေါက်သွား၏။ သူမက ပြုံးလိုက်သည်။ “တော်တော် ကောက်ကျစ်တဲ့ ကောင်စုတ်ပဲ”

ကောင်းကင်နတ်ဧကရီက ပြုံးလျက် ပြော၏။ “ကောင်းကင်နတ်အရှင်မူ ကောက်ကျစ်တာက ထူးဆန်းလို့လား ... သူ လွှဲပြောင်းပေးခဲ့တဲ့ ဘဝပြန်ဝင်စားခြင်းတာအိုထဲမှာ ထောင်ချောက် ရှိနေနိုင်တယ်… ဆိုတော့ ငါတို့ သတိထားရမယ်”

ယွမ်မုက ခေါင်းတဆတ်ဆတ် ညိတ်သည်။ “ဟုတ်တယ် မသိလိုက်ဘဲ သူ့ထောင်ချောက်ထဲ မရောက်အောင် သေချာသတိထားရမှာပေါ့… ဒီလိုလုပ်ရင်ရော…. ငါတို့ညီအစ်မနှစ်ယောက် သိမြင်နားလည်ပြီးသွားရင် ချက်ချင်း မကျင့်ကြံသေးဘူး… တစ်ယောက်နဲ့ တစ်ယောက် ပြန်ပြောပြပြီး ထောင်ချောက် ရှိလား မရှိလား အတည်ပြုကြမယ်လေ”

“အေး ကောင်းတယ်” ကောင်းကင်နတ်ဧကရီက သဘောတူသည်။

အမျိုးသမီးနှစ်ယောက်က ဘဝပြန်ဝင်စားခြင်းတာအိုကို သိမြင်နားလည်နေကြ၏။ ထောင်ချောက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ တစ်ယောက်ချင်း သိမြင်နားလည်နေပြီး အရင်ဦးဆုံး တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်သန့်စင်နိုင်ရန် ကြိုးစားနေကြတော့သည်။

All Chapters