← Chapters

အကြမ်းရည်လေးသောက်ပါဦး

Vol. 5 Ch. 64

အကြမ်းရည်လေးသောက်ပါဦး

Vol. 5 Ch. 64

လောင်းကစားဟူသည် ချမ်းသာဖွယ်ရာမရှိဟု ဆိုသည်ကို ဟွမ်းသည် လက်ခံမိသွားခဲ့သည်။ သူသည် ထိုနည်းလမ်းဖြင့် သလင်းကျောက်များ အလွယ်တကူရှာဖွေနိုင်မည် ထင်ခဲ့သော်လည်း ရလဒ်မှာ သူ့အထင်နှင့် တစ်ခြားစီဖြစ်နေခဲ့သည်။ တကျုးသည် မည်သို့မည်ပုံ လိမ်လည်လိုက်သည်ဟု သေချာမသိသော်လည်း လှည့်ကွက်များသုံးခဲ့သည်မှာတော့ သေချာပေသည်။ သို့သော် အပြစ်ပြော၍ မရချေ။ သူ့သဘောနှင့်သူကျေနပ်လို့ ကစားခဲ့ခြင်းသာ။ လောကတွင်ကြီးတွင် အလကားရသည့်အရာ တစ်ခုမျှ မရှိချေ။ ထို့ကြောင့် အလွယ်နည်းလမ်းကို လိုက်၍ ငွေရှာခြင်းသည် ပျက်စီးခြင်းကိုသာ ဦးတည်နေ၏။

ဟွမ်းသည်”နောက်ဘယ်တော့မှ လောင်းကစားမလုပ်တော့” ဟုဆုံးဖြတ်ချက်ချလိုက်သည်။ ထို့နောက် ချုးယွီဟွာ၏ အငွေ့သက်ကို စိတ်စွမ်းအင်နှင့် ဖြန့်ကျက်ပြီး သူမတို့အား ရှာလိုက်သည်။

တစ်ဖက်တွင် ချုးယွီဟွာတို့သည် အရွယ်စားသေးငယ်သည့် သာမန် အိမ်လေးတစ်လုံးကိုသာ ငှားရမ်းနိုင်ခဲ့သည်။ တစ်အိမ်လုံးပေါင်းမှ အခန်းသည် “လေးခန်း” ဝန်းကျင်သာ ပါဝင်လေသည်။

“ဒီလို ချာတူးလန်တဲ့ အိမ်ကို တစ်ရက်ငှားခ အလယ်လတ်သလင်းကျောက်တစ်ရာ တောင်ပေးခဲ့ရတယ်၊ ဒီကောင်တွေ လွန်လွန်းအားကြီးတယ်” ပိုင်ကျန့်ယွီသည် ဒေါသထွက်စွာ ရေရွတ်လိုက်၏။

ထိုက်ရွှမ်မြို့တွင် လုချောင်းယန် ငှားခဲ့သည့် အိမ်တော်သည် ဒီအိမ်ထက်ပင် ပို၍ ကြီးမားကျယ်ဝန်းသော်လည်း တစ်လစာမှ အလယ်လတ် သလင်းကျောက် တစ်ရာပဲကုန်ကြခဲ့သည်။

“နယ်စပ်မြို့ဆိုတော့ ဒီလောက်တော့ရှိမှာပေါ့၊ မဟုတ်လဲ ငါတို့က တစ်ရက်ပဲနားမှာဆိုတော့အဆင်ပြေပါတယ်” လုရှင်းယန်သည် ပိုင်ကျန့်ယွီ၏ စိတ်တည်ငြိမ်စေရန် အကောင်းဘက်မှတွေးကာပြောလိုက်၏။

ဤသို့ဈေးကြီးခြင်းအပေါ် အပြစ်ဆို၍မရချေ။ ဤနေရာသည် နယ်မြေ၏ အစွန်အဖျားကျနေပြီး အလွန်ပင် ခေါင်သောကြောင့်ဖြစ်သည်။ အပြင်တွင်အနားယူ၍လည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် သူတို့တောင်းသည့်ဈေးပေးရမည်ဖြစ်သည်။

“အခန်းက လေးခန်းထဲရယ်၊ မင်းတို့ ဒီမှာနားကြတော့” ချုးယွီဟွာသည် ယွဲ့ဝူယောင်တို့ကို ပြောလိုက်၏။

“နှစ်ခန်း ပိုသေးတယ်၊ အစ်မယွီဟွာလဲ တစ်ခန်းယူပြီး နားလို့ရတယ် သူတို့သုံးယောက်က တစ်ခန်းထဲနားလိမ့်မယ်” ယွဲ့ဝူယောင်သည် လုရှင်းယန်တို့သုံးယောက်ကို တစ်ခန်းထဲနေစေလိုက်သည်။

“ဒါဆို ကျန်တဲ့တစ်ခန်းကရော” ချုးယွီဟွာသည် နားမလည်နိုင်ဖြစ်စွာမေးလိုက်၏။

“အစ်မရွှယ်အာဖို့လေ” ယွဲ့ဝူယောင်သည် ပြောလိုက်၏။

“ဒါဆို မင်းတို့ ဆရာနားဖို့ရော” ချုးယွီဟွာသည် အလွန်စွံ့အသွား၏။ အခန်းများ ဝေခြမ်းပြီးနောက် သူတို့ဆရာအတွက်မပါခဲ့ပေ။ ‘ဘယ်လိုတပည့်များပါလိမ့်’

“ဆရာက အခန်းထဲဝင်ပြီးအနားယူရတာ မကြိုက်ဘူး၊ အမြဲတမ်း အပြင်ဘက်က ထိုင်စရာတစ်ခုခုမှာပဲ ထိုင်နေတက်တာလေ၊ အဲ့ဒါကြောင့် ဆရာအတွက် စားပွဲတစ်ခုနဲ့ ထိုင်ခုံတစ်ခု ပြင်ပေးယုံပဲ” လုရှင်းယန်သည် ဝင်ရောက်ပြောလိုက်၏။ သူတို့၏ ဆရာသည် အခန်းတစ်ခုခုထဲ ဝင်ရောက်အနားယူသည်ကို မတွေ့ဖူးချေ။

ချုးယွီဟွာသည် အတော်လေးအံ့ဩသွားခဲ့သည်။ ထို့နောက် ဟွမ်းနှင့် အတူရှိခဲ့သည့်အချိန်များကို ပြန်သတိရလာခဲ့သည်။ ပထမဆုံးအကြိမ် ကျောက်စိမ်းမြို့သခင်အိမ်တော်တွင်လည်း ဥယျာဉ်ထဲတွင်သာ တစ်ညလုံးထိုင်နေခဲ့၏။ ထိုက်ရွှမ်မြို့တွင်လည်း သူမ အဆောင်ရေးဆွဲခြင်းကို လေ့လာနေသည့် အချိန်တွက်လည်း ဥယျာဉ် အဆောင်ထဲတွင်သာ နေခဲ့လေ၏။

‘စီနီယာအစ်ကိုမှာ အကြောင်းရင်းတစ်ခုခုများရှိနေတာလား’

ခဏအကြာတွင် ဟွမ်းနှင့် မော့ရွှယ်အာသည် စိတ်ပျက်လက်ပျက်ဖြစ်နေသည့်မျက်နှာထားများနှင့် ထိုခြံဝန်းထဲသို့ဝင်လာကြသည်။ ထို့နောက် ဟွမ်းသည် လုရှင်းယန်အသင့်ချထားသည့် စားပွဲနှင့် ထိုင်ခုံပေါ်တွင် အားပျက်စွာ ထိုင်ချလိုက်သည်။

“စီနီယာအစ်ကို ဘာဖြစ်လာတာလဲ” ချုးယွီဟွာသည် အနားရောက်လာကာမေးလိုက်၏။

ဟွမ်းသည် ချုးယွီဟွာမေးသည်ကို မကြားပေ။ ထို့ကြောင့် မော့ရွှယ်အာသည် ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်ရသည်။

အားလုံးသည့် ပြောစရာစကားပင် မရှိတော့ချေ။ တပည့်များသည် သူတို့၏ဆရာကို နှစ်သိမ့်ပေးရမည်လား၊ ကူပြီး ဒေါသထွက်ပေးရမည်လား မသိကြချေ။ ထို့ကြောင့် သူတို့သည် တိတ်တဆိတ် သူတို့၏ အခန်းရှိရာသို့ သွားလိုက်ကြသည်။ ထို့နောက် ချုးယွီဟွာ တစ်ယောက်သာ ကျန်ခဲ့သည်။

“စီနီယာအစ်ကို ကျွန်မ အဆောင်စာရွက်တွေနည်းနေပြီမလို့ ဒီမြို့ထဲသွားရှာကြည့်ချင်လို့၊ စီနီယာအစ်ကို လိုက်ခဲ့ပေးပါ့လား” ချုးယွီဟွာသည် ဟွမ်း စိတ်အာရုံပြောင်းသွားစေရန်ကြံရွယ်လိုက်သည်။

“ငါမေ့နေတာပဲ၊ ဒီမှာ မင်းအတွက် အဆောင်စာရွက်တွေ” ဟွမ်းသည် တိမ်စွယ်ဝါးနှင့် သူကိုယ်တိုင်ပြုလုပ်ထားသည့် အဆောင်များကို ထုတ်ပေးလိုက်၏။ သောင်းဂဏာန်းလောက်ရှိသည် စာရွက်များသည် စားပွဲဝိုင်းလေးပေါ်တွင် ပြည့်လျှံနေသည်။ သူသည် ထိုအရာများကို မေ့နေခဲ့ခြင်းဖြစ်သည်။ ချုးယွီဟွာပြောမှသာ ထိုအရာများရှိမှန်းသတိရခဲ့၏။

“ဒါတွေက..” ချုးယွီဟွာ၏ မျက်လုံးများပင် ပြူးကျယ်လာပြီး ပါးစပ်အဟောင်းသားဖြစ်နေခဲ့သည်။ ဤမျှ များပြားလွန်းမည်မထင်ထားခဲ့ချေ။ ထို့အပြင် ထိုအဆောင်စာရွက်များ၏ အရည်အသွေးသည်လည်း သူမဝယ်ထားသည့် အဆောင်စာရွက်များနှင့် တစ်ခြားစီပင်။ သူမ မြင်ဖူးသည့် အဆောင်စာရွက်များထဲမှ ဤအဆောင်စာရွက်များသည် အကောင်းဆုံးဖြစ်နေလေသည်။

“ဒါတွေက အရမ်းတန်ဖိုးကြီးလွန်းတယ်၊ကျွန်မအကုန်လုံးမတက်နိုင်ဘူး” ချုးယွီဟွာသည် ပြောလိုက်၏။ ဤအဆောင်စာရွက်သပ်သပ်ကြည့်ရောင်းလျှင်တောင် အဆင့်မြင့်သလင်းကျောက် သန်းချီပြီးရနိုင်ပေမည်။

“ရောင်းတာမဟုတ်ဘူး၊ မင်းအတွက်ပေးတာ” ဟွမ်းသည် သာမန်လေသံဖြင့်သာပြောလိုက်၏။

“ရှင်..” ထိုစကားကြားပြီး သူမ၏ မျက်နှာလေးသည် ချက်ချင်းပင် ရဲရဲနီလာခဲ့သည်။

‘ဒီလောက်တန်ဖိုးကြီးတဲ့အရာတွေကို လက်ဆောင်အဖြစ်ပေးတာလား၊ မဟုတ်မှလွဲ စီနီယာအစ်ကိုက ငါ့ကို..’

သူမသည် ဆက်မတွေးနိုင်တော့ပေ။ အသက်ရှုကြပ်လာသလိုပင် ခံစားလိုက်ရသည်။ ဟွမ်းသည် သူမ ဖြစ်နေသည့်အရာများကို မသိရှိချေ။ သူ့အနေနှင့် ထိုအဖိုးကြီး၏ တပည့်ဖြစ်သူအတွက် သူဒီလောက်တော့ လုပ်ပေးရမည်ဖြစ်သည်။

ထိုမြို့၏ အလင်းရောင် နည်းပါးသည့် နေရာတစ်ခုတွင် ကျန့်တယီသည် သူအဖွဲ့ထဲက လူတစ်ဦး၏ တင်ပြချက်များကို နားထောင်နေသည်။

“ဒီမနက်က မြို့ထဲကို ယောက်ျားလေး ‘လေးယောက်’ နဲ့ မိန်းကလေး ‘သုံးယောက်’ ဝင်လာကြတယ်၊ ခုမှဒီမြို့ကို ရောက်ဖူးတဲ့သူတွေဖြစ်မယ်၊ ကျုပ်တို့ တစ်ခါမှ မတွေ့ဖူးဘူး”

ထိုဓားပြသည်ဟွမ်းတို့ရောက်လာသည့်အကြောင်းကို ပြောပြလိုက်သည်။

“ချန်ယွမ်ဂိုဏ်းက လူတွေ မဟုတ်တာသေချာလား” ကျန့်တယီသည် မျက်မှောင်ကြုတ်ကာမေးလိုက်၏။

“မဖြစ်နိုင်ဘူး၊ ဒုခေါင်းဆောင်” ထိုဓားပြသည် ခေါင်းခါပြကာဖြေလိုက်ပြီး ဆက်ပြောလိုက်သည်။

“သူတို့ရောက်ရောက်ချင်းမှာပဲ တော်တော်ချောလွန်းတဲ့ အဖြူဝတ် လူငယ်တစ်ဦးနဲ့ အနီရောင်ဝတ်စုံဝတ်ထားတဲ့ မိန်းကလေးတို့က လောင်းကစားရုံထဲ ဝင်သွားကြတယ်၊ ပြီးတော့ တကျုးရဲ့ လှည့်ကွက်တွေအောက်မှာ ဒေါသတကြီး ပြန်ထွက်သွားကြတာပဲ၊ ကျန်တဲ့လူတွေက မြို့ရဲ့ တောင်ဘက်ပိုင်းမှာ အိမ်တစ်လုံးငှားခဲ့တယ်၊ ကျုပ်အမြင်အရ သူတို့တွေက အခြေတည်ဝိညာဉ်အဆင့်တွေ”

ချန့်တလောင်ဓားပြများသည် ဤမြို့အတွင်းနေရာ အနှံ့ရုပ်ဖျက် နေထိုင်ကြသောကြောင့် သတင်းတစ်ခုရရန်မှာသူတို့အတွက်မခက်ခဲပေ။ ထိုစကားများကြားပြီး ကျန့်တယီသည် အတွေးနက်သွားခဲ့သည်။

“သူတို့ထဲမှာ ရေခဲစွမ်းအင် ကျင့်ကြံသူပါလား” ကျန့်တယီသည် သူ့အဖွဲ့များ သတ်ဖြတ်သွားသူမှာ ရေခဲစွမ်းအင်ကျင့်ကြံသူဖြစ်သည်။ ထို့ကြောင့်မေးလိုက်၏။

“မသေချာပေမဲ့ ခရမ်းရောင်ဝတ်စုံနဲ့ကောင်မလေး ဖြစ်ဖို့များတယ်၊ သူမဆီက အေးစက်စက် အငွေ့သတ်တွေရတယ်၊ ပြီးတော့ အခြေတည်ဝိညာဉ် အထွတ်ထိပ်မှာ ဖြစ်ဖို့များတယ်”

ထိုဓားပြသည် စစ်စစ်ပေါက်ပေါက်ရှင်းပြလိုက်သည်။

“ကောင်းပြီ သူတို့ငှားထားတဲ့ အိမ်ကိုပြောလိုက်၊ ပြီးရင် မင်းသွားတော့”

ကျန့်တယီသည် ထိုဓားပြကို အမိန့်ပေးလိုက်၏။

“ဒုခေါင်းဆောင်၊ ကျုပ်တို့ အခြေအနေအရင် သွားကြည့်လိုက်ရမလား” ကျိုးစစ်လီသည် မေးလိုက်၏။

“မလိုဘူး၊ ငါကိုယ်တိုင်သွားမယ်၊ ငါ့တို့အဖွဲကလူတွေကိုသတ်ပြီး ဒီမြို့ထဲမှာ အေးအေးဆေးဆေး နေနိုင်တဲ့လူနှစ်မျိုးပဲရှိတယ်၊ တစ်မျိုးက ခုမှ ဒီမြို့ကို စရောက်ဖူးတဲ့သူ၊ နောက်တစ်မျိုးက ငါတို့ကို ဂရုမစိုက်တဲ့အထိ စွမ်းအားကြီးတဲ့သူ၊ ပထမတစ်မျိုးဖြစ်ရင်ကိစ္စမရှိပေမဲ့၊ ဒုတိယတစ်မျိုးဆိုပြသနာ များပြီ၊ ဒါကြောင့် အခြေအနေသွားကြည့် ဖို့ငါပါ လိုက်ခဲ့မယ်”

ကျန့်တယီတို့ သည် ထိုသို့ပြောပြီးနောက် ထွက်ခွာသွားကြသည်။

ထို့နောက်တွင် သူတို့သည် အကွာဝေးတစ်ခုကို ထိန်း၍ ဟွမ်းတို့၏ ငှားထားသည့်အိမ်ကို စောင့်ကြည့်နေလိုက်ကြသည်။ သူတို့၏ အမြင်တွင် လူငယ်လေးတစ်ဦးသည် မည်သည့်အပူပင်မျှမရှိသည့်ပုံစံနှင့် အကြမ်းရည်ကို အေးအေးဆေးဆေး ထိုင်သောက်နေသည်ကို တွေ့လိုက်ရသည်။

“ဒုခေါင်းဆောင် ဒီလူငယ်လေးက သာမန်လူပဲ”

ရှီချင်းသည် ဟွမ်းကို စေ့စေ့စပ်စပ်ကြည့်ပြီးနောက် ပြောလိုက်၏။

“မင်းတို့စဉ်းစားကြည့် သာမန်လူတစ်ယောက်က ဒီမြို့ထဲ အေးအေးလူလူထိုင်နေနိုင်ပါ့မလား”

ကျန့်တယီသည် သေချာစဉ်းစားကာ ပြောလိုက်သည်။

“ဒီလူက နတ်ဘုရားတစ်ပိုင်းအဆင့် ဖြစ်နေမလား”

ကျိုးစစ်လီသည် သူလက်လှမ်းမှီသည့် အတွေးကို ထုတ်ပြောလိုက်၏။

“အဲ့ထက် မြင့်မားနေမှာစိုးရိမ်မိတယ်၊ စခန်းကိုပြန်ပြီး ခေါင်းဆောင်ကို အရင်တင်ပြရမယ်”

ကျန့်တယီသည် စခန်းကို ပြန်ရန်ရွေးချယ်လိုက်သည်။ ထိုလူငယ်သည် မည်သည့်စွမ်းအားမျှ မရှ်ိဟုထင်ရသော်လည်း ဤမြို့ထဲတွင် တည်တည်ငြိမ်ငြိမ်နေနိုင်သည့်ပုံပေါက်နေကတည်းက သူတို့အတွက် မကောင်းသည့် ခံစားချက်များကိုရစေသည်။ ထို့နောက် တိတ်တဆိတ်ထွက်ခွာရန်ပြင်လိုက်ကြ၏။ သို့သော် ထွက်ပေါ်လာသည့် အသံတစ်ခုကြောင့် သူတို့၏ ခြေလှမ်းများရပ်တန့်သွားရ၏။

“ဒီအထိရောက်ပြီးမှတော့ အကြမ်းရည်လေးသောက်သွားပါဦး”

All Chapters