← Chapters

ထွက်ပြေးခြင်း

Vol. 5 Ch. 66

ထွက်ပြေးခြင်း

Vol. 5 Ch. 66

လျှိုမင်ယွမ်သည် အလောင်းအစားပြုလိုက်လိုက်ခြင်းသာဖြစ်သည်။ သူတို့ စတိုက်သည့် အချိန်တုန်းက ရှီချင်းသည် လျှိုမင်ယွမ်ကို အနည်းငယ် လျှော့တွက်ထားသည့် အတွက်ကြောင့်သာ ရှီချင်းကို ကန်လိုက်နိုင်ခြင်းဖြစ်သည်။ သို့သော် သူတို့ နည်းစနစ်များ ယှဉ်သုံးသည့်အချိန်တွင် လျှိုမင်ယွမ်သည် ရှီချင်းကို အနိုင်ယူရန် မလွယ်မှန်းသိလိုက်ရသည်။

ထို့အပြင် တိုက်ပွဲသည် ကြာရှည်သွားပါက လျှိုမင်ယွမ်သည် အရေးနိမ့်လာနိုင်သည်။ ရှီချင်းကဲ့သို့ လေးလံသည့်လက်နက်များနှင့် တိုက်ခိုက်ကြသူများသည် အမြန်နှုန်းတွင် အားနည်းတက်ကျပေသည်။ သူတို့၏ခွန်အားသည် အလွန်ကောင်းကြသော်လည်း သွက်သွက်လက်လက်မတိုက်ခိုက်နိုင်ကြပေ။ လျှိုမင်ယွမ်သည် ထိုအချက်ကို အခွင့်ကောင်းယူကာ ရှီချင်း၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

လျှိုမင်ယွမ် အနေနှင့် သူ၏ နည်းစနစ်ကို ရုပ်သိမ်းက ရှီချင်းကို တိုက်ရိုက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ရှီချင်းသည် သူ၏ နည်းစနစ်ပေါ်တွင် အာရုံစိုက်ထားခဲ့သောကြောင့် တစ်ဘက်လူ၏ အလှည့်အပြောင်းကို သတိထားမိရန် အချိန်ယူရလေသည်။ သို့သော် သူသတိထားမိသည့်အချိန်တွင် သူသည် အတိုက်ခိုက်ခံရပြီးဖြစ်သည်။ ထို့ကြောင့် ရှီချင်း လှဲကျသွားသည့်အခါ သူ၏ နည်းစနစ်သည်လည်းပျောက်ကွယ် သွားခြင်းဖြစ်သည်။

အကယ်၍သာ လျှိုမင်ယွမ်သည် တိုက်ခိုက်မှု မအောင်မြင်ခဲ့လျှင် လှဲကျနေမည့်လူက သူကိုယ်တိုင်သာ ဖြစ်နေလိမ့်မည်။ စိတ်ဝိညာဉ်ကျင့်ကြံသူများသည် အလွန်ပင် ရှားပါးပြီး အနီးကပ် တိုက်ခိုက်မှုများတွင်လည်း အားနည်းတက်သည်။ သူတို့သည် ရန်သူကို သေချာစေသည့် တိုက်ကွက်တစ်ခုတည်းနှင့် အဆုံးသတ်ရန်လိုအပ်သည်။

“ရှီချင်း..” ကျိုးစစ်လီသည် ရှီချင်းလှဲကျနေသည့်အနားသို့ရောက်သွားခဲ့သည်။

“ဒုခေါင်းဆောင် ရှီချင်းသေပြီ”

“ဘာ..” ကျန့်တယီ သည် အလွန်ပင် တုန်လှုပ်သွားရသည်။ ပျော့တီးပျော့ဖက်နှင့် အားနည်းဟန် ရှိသည့် ကောင်လေးသည် ခန္ဓာကိုယ်အင်အားသန်မာသည့် အပြင် ကျင့်ကြံမှုအဆင့်ပါ မြင့်သည် ရှီချင်းကဲ့သို့လူကို တစ်ချက်တည်းနှင့် သတ်ပစ်ခဲ့လေသည်။ ကျန့်တယီသည် ဒေါသများ ထွက်လာခဲ့သည်။ သို့သော် ဟွမ်း၏ ကျင့်ကြံမှု အဆင့်ကို ခန့်မှန်း၍ မရသောကြောင့်သာ သူ၏ ဒေါသများကို ဖုံးကွယ်ထိန်းချုပ်ထားရလေသည်။ သို့သော် သူ၏ မျက်လုံးများတွင် ဒေါသမီးများသည် အထင်းသား ပေါ်လွင်နေ၏။

“ရောင်းရင်း ဒါဘာသဘောလဲ”

“ငါ့တပည့်က လက်လွန်သွားတဲ့ပုံပဲ၊ အချိန်ကြာတယ် နောက်တစ်ယောက် လာခဲ့” ဟွမ်းသည် ဂရုမစိုက်ဟန်နှင့်သာဖြေလိုက်၏။

“မင်း..”

ကျန့်တယီသည် ထပ်ပြောရန်ကြံရွယ်လိုက်သည့် အချိန်တွင် ကျိုးစစ်လီသည် ဝင်ရောက်တားလိုက်၏။

“ကောင်းပြီ ကျုပ်တိုက်မယ်”

‘ဒုခေါင်းဆောင် ကျုပ် တိုက်ခိုက်ပြီး အာရုံလွှဲထားလိုက်မယ်၊ အခွင့်ရေးရတာနဲ့ အခြေစိုက်စခန်းဆီပြန်ပြီး ခေါင်းဆောင်ကို သတင်းပို့လိုက်၊ ကျုပ်တို့ သူ့တပည့်တွေကို နိုင်သွားရင်တောင် ဒီလူက အသက်ရှင်လျှက် လွှတ်ပေးမဲ့ပုံမပေါ်ဘူး’

ကျိုးစစ်လီသည် သူတို့နှစ်ဦးတည်းသာကြားနိုင်သည့် အသံလွှင့်ကာပြောလိုက်၏။ ကျန့်တယီသည် ပြန်ပြောရန် ကြံရွှယ်လိုက်သည့်အချိန်တွင် ကျိုးစစ်လီသည် အစိမ်းရောင်ဝတ် လူတစ်ဦးနှင့် မျက်နှာချင်းဆိုင်နေပြီဖြစ်သည်။

“မင်းတို့က အသက်ငယ်ငယ်လေးနဲ့ရက်စက်တက်နေပြီ” ကျိုးစစ်လီသည် ပိုင်ကျန့်ယွီကို အစိမ်းလိုက်ဝါးစားချင်သည့် အကြည့်နှင့်ကြည့်ကာ ပြောလိုက်၏။

“ရွှတ်..”

“ဝုန်း..” ပိုင်ကျန့်ယွီသည် သူ၏ တိမ်လွှာဓားနှင့် ချက်ချင်းပင် ပြေးခုတ်လိုက်သည်။ ကျိုးစစ်လီသည် အနည်းငယ် တွေဝေသွားသော်လည်း ချက်ချင်းပင် တုန့်ပြန်နိုင်ခဲ့သည်။ သူတို့နှစ်ဦးလုံးသည် အခြေတည်ဝိညာဉ် အထွတ်ထိပ်အဆင့်များပင်။

ပိုင်ကျန့်ယွီ၏ ခုတ်ပိုင်းချက်ကို ကျိုးစစ်လီသည် သူ၏ဓားနှင့် ကာကွယ်လိုက်နိုင်ခဲ့သည်။ သူတို့၏ ဓားနှစ်ချောင်းသည် ကြက်ခြေခတ်ပုံစံဖြစ်သွား၏။ ထို့နောက် ပိုင်ကျန့်ယွီသည် ခြေတစ်လှမ်းတိုးကာ ဖိနှိပ်လိုက်သည်။

ကျိုးစစ်လီသည် အားကုန်သုံးကာ အတင်းခုခံထားသော်လည်း ခြေတစ်လှမ်းဆုတ်လိုက်ရသည်။ သူသည်အခြေနေမဟန်မှန်းသိသွားပြီးနောက် ချက်ချင်းပင် နောက်သို့ ခုန်ဆုတ်သွားခဲ့သည်။

ထို့နောက် သူ၏လက်ထဲရှိ ဓားကိုဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် စွမ်းအင်အလင်းလှိုင်း တစ်ခုထွက်ပေါ်လာပြီး ပိုင်ကျန့်ယွီဆီသို့ ဦးတည်သွား၏။

ပိုင်ကျန့်ယွီသည် ထိုအလင်းလှိုင်းကို တိမ်လွှာဓားနှင့် အသာယာပင် ခုတ်ပိုင်းလိုက်၏။ ထို့နောက် ကျိုးစစ်လီသည် သူ၏ ဓားကို ဆက်တိုက် ဝှေ့ယမ်းနေကာ စွမ်းအင်အလင်းလှိုင်းများ ဆက်တိုက်ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများသည် ပိုင်ကျန့်ယွီထံ ဦးတည်နေသည်။

ပိုင်ကျန့်ယွီသည် သူ၏ခန္ဓာကိုယ်ကို ပေါ့ပါးသည့် ပုံစံနှင့် လှလှပပရွှေ့လျားနေကာ ထိုအလင်းလှိုင်းများကို ဖျတ်စီးနေ၏။

သို့သော်မပြီးသေးချေ။ ကျိုးစစ်လီသည် ထိုအလင်းလှိုင်းများ ပစ်ခတ်လိုက်ပြီးနောက် သူသည်လျှင်မြန်စွာ လှုပ်ရှားလာသည်။ ပိုင်ကျန့်ယွီ အနီးသို့ ချက်ချင်းပင်ရောက်ရှိလာပြီး သူ၏ ဓားနှင့် ခုတ်ပိုင်းလိုက်၏။ ထိုဓားသည် ပိုင်ကျန့်ယွီ၏ လည်တိုင်ကို ဦးတည်နေသည်။

ကျိုးစစ်လီသည် ပိုင်ကျန့်ယွီနှင့် အလွန်ပင် နီးကပ်နေသည့် အနေအထားတွင် သူသည် ပိုင်ကျန့်ယွီ၏ လှောင်ပြုံးပြုံးနေသည်ကိုတွေ့လိုက်လေ၏။ သို့သော် သူ၏ ဓားကို ပြန်ပြီးရုတ်သိမ်း၍ မရတော့ချေ။

ပိုင်ကျန့်ယွီသည် ထိုဓားသူ့လည်တိုင်ကိုနီးကပ်လာသည့် အချိန်တွင် သူ၏ ခန္ဓာကိုယ်ကို တစ်ပတ်လည်သွားအောင် လှလှပပ လှည့်လိုက်၏။

ကျိုးစစ်လီသည် အရှိန်လွန်ကာ ပိုင်ကျန့်ယွီ၏ အနောက်သို့ရောက်သွားခဲ့သည်။ ခဏအကြာတွင် သူ၏လည်ပင်းတွင်စိုစွတ်လာသလို ခံစားလိုက်ရ၏။ သူ၏ လက်နှင့်စမ်းကြည့်လိုက်ရာ သွေးများစီးကျနေသည်ကို ခံစားမိလိုက်သည်။ ထို့နောက် ချက်ချင်းပင် လဲကျသွားရ၏။ မည်သို့ဖြစ်သွားသည်မှန်း သူမသိခဲ့ချေ။ ကျိုးစစ်လီသည် သေဆုံးသွားခဲ့ရပြီဖြစ်သည်။

ပိုင်ကျန့်ယွီ၏ လျှင်မြန်လွန်းသည့် ဓားချက်ကြောင့် ကျိုးစစ်လီသည် သိတောင်သိမသွားခဲ့ရချေ။ သူလည်ပင်း စိုစွတ်သည်ဟု ခံစားလိုက်ရသည့် ခံစားချက်သည် သူ၏ နောက်ဆုံးအသိသာဖြစ်ခဲ့သည်။

“ဆရာ ဟိုဓားပြထွက်ပြေးသွားပြီ” လုရှင်းယန်သည် ပြောလိုက်၏။

ကျန့်တယီသည် ထိုနှစ်ဦး စတိုက်သည့်အပေါ် ဟွမ်းတို့ အာရုံစိုက်နေသည့် အချိန်တွင် တိတ်တဆိတ်ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ ကျိုးစစ်လီ သေသလား၊ ရှင်သလားပင် သူမသိတော့ချေ။ ချန်တလောင်ကို သတင်းပို့နိုင်ရန် အသည်းသန်ပြေးသွားခဲ့ခြင်းဖြစ်သည်။ လူငယ်သုံးဦးကို ဂရုမစိုက်သော်လည်း ဟွမ်းသည် သူအနိုင်ယူနိုင်သည့် တည်ရှိမှုမျိုး မဟုတ်ဟုခံစားခဲ့ရသည်။ ထို့ကြောင့် မည်သည်မျှ ဂရုမစိုက်တော့ချေ။

“ရှင်းယန် ဒီအဆောင်က ဝူယောင်ရဲ့ တည်နေရာကိုပြပေးလိမ့်မယ် ဒါယူသွား” ချုးယွီဟွာသည် လုရှင်းယန်ကို အဆောင်တစ်ခုပေးလိုက်၏။ ထိုအဆောင်သည် ကိုင်ဆောင်သူ၏ ဝိညာဉ်စွမ်းအင်များထည့်သွင်းကာ တည်နေကို အပြန်အလှန်သိနိုင်စေသည့် အဆောင်အမျိုးအစားဖြစ်သည်။

“ကျေးဇူးတင်ပါတယ် အစ်မယွီဟွာ”

လုရှင်းယန်သည် ချုးယွီဟွာထံမှ အဆောင်စာရွက်ကိုယူရင်းပြောလိုက်၏။ အစပိုင်းတွင် ချုးယွီဟွာသည် သူတို့၏ နာမည်ရှေ့တွင် ‘သခင်လေး၊သခင်မလေး’ ထည့်ကာ ခေါ်ဝေါ်ခဲ့သော်လည်း သူတို့သည် နာမည်အတိုင်းသာ ခေါ်၍ရကြောင်းပြောခဲ့ကြသည်။ သူတို့သည့်လည်း ချုးယွီဟွာကို ‘အစ်မယွီဟွာ’ ဟုသာ ယဉ်ယဉ်ကျေးကျေးခေါ်ဝေါ်ခဲ့ကြသည်။

“တပည့်တို့လိုက်သွားလိုက်ဦးမယ် ဆရာ” လုရှင်းယန်သည် ဟွမ်းကို ဦးညွှတ်ကာပြောလိုက်၏။

“ကောင်းပြီ၊ ဒီကိစ္စမှာ မင်းတို့ အသက်အန္တရာယ်ကြုံနိုင်တယ်၊ ပြီးတော့ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ရန်သူကို လျှော့မတွက်နဲ့” ဟွမ်းသည် တပည့်များကို မှာကြားရင်း အိမ်တော်အတွင်းသို့ ဝင်သွားခဲ့သည်။

လုရှင်းယန်သည် ပန်းဝိညာဉ်လှေကို ထုတ်ကာ လှေပေါ်တက်သွားခဲ့သည်။ ပိုင်ကျန့်ယွီနှင့် လျှိုမင်ယွမ်လည်း ထိုလှေပေါ်သို့ တက်လိုက်ကြပြီးနောက် အနောက်မြောက်ဘက်သို့ ဦးတည်ကာထွက်သွားကြသည်။

ဤဖြစ်စဉ်မှာ ဟွမ်းသည် ဤမြို့အတွင်းစရောက်သည့်အချိန်ကတည်းက သူ၏ စိတ်ဝိညာဉ်ကို တစ်မြို့လုံးဖြန့်ကျက်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ကျန့်တယီတို့သုံးဦး မြို့ထဲ ဝင်ရောက်လာသည့်ကို ချက်ချင်းသိလိုက်၏။ ထို့အပြင် ဟွမ်း၏ စိတ်အာရုံသည် ထိုသူများ သတိထားမိနိုင်သည့်အရာမျိုး မဟုတ်ချေ။ ထို့ကြောင့် ဟွမ်းသည် သူတို့ရောက်လာပြီး ပြသနာရှာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။ သို့သော် ထိုဉာဏ်ကောင်းသည့် ဓားပြများကြောင့် သူထင်သလိုဖြစ်မလာခဲ့ချေ။ မတက်နိုင်သည့်အဆုံး သူသည် တည့်တိုးသာ တိုက်ခိုက်ခိုင်းလိုက်၏။

ထို့အပြင် ဟွမ်းသည် ကျန့်တယီကို တမင်သက်သက် လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ ယွဲ့ဝူယောင် ပေါ်မလာသည့်အကြောင်းမှာလည်း သူမကို မြို့အပြင်ဘက်တွင် တိတ်တဆိတ် စောင့်ဆိုင်းစေခဲ့သော‌ကြောင့်ဖြစ်၏။ ကျန့်တယွီ ထွက်ပြေးသွားသည့် အခါမှ နောက်ယောင်ခံလိုက်ရန်မှာကြားခဲ့သည်။ တလက်စတည်း သူတပည့်များ အတွေ့ကြုံရရှိစေနိုင်ရန်အတွက် ထိုဓားပြအဖွဲ့ကို အမြစ်ပြတ်ရှင်းရန် တာဝန်ပေးခဲ့လေသည်။

“စီနီယာအစ်ကို သူတို့ကိုလိုက်မကြည့်တော့ဘူးလား” ချုးယွီဟွာသည် ဟွမ်းအိမ်တော်အတွင်းဝင်သွားသည့်အချိန်တွင် မေးလိုက်၏။

“သူတို့ ဖြေရှင်းနိုင်ပါတယ်” ဟွမ်းသည် သူ၏ ထိုင်ခုံတွင်သာ ထိုင်လိုက်ပြီး ပြော၏။ ချုးယွီဟွာသည် အဆောင်ရေးဆွဲရန် အခန်းတွင်းဝင်သွားတော့မည့်အချိန်တွင် ဟွမ်း၏ အသံကိုကြားလိုက်ရ၏။

“ယွီဟွာ..၊ ကျုပ်မြို့ထဲကို ခဏပတ်ကြည့်လိုက်ဦးမယ်”

ချုးယွီဟွာ “...”

All Chapters