စိုက်ကြည့်ခွင့်မရှိ
Vol. 5 Ch. 70
ယွဲ့ဝူယောင်သည် ကောင်းကင်ထက်မှ လဲကျနေသည့်လျှိုမင်ယွမ်ထံ ဦးတည်၍ ဆင်းသက်လာသည်။ လုရှင်းယန်နှင့် ပိုင်ကျန့်ယွီသည်လည်း အားအင်ကုန်ခမ်းနေသော်လည်း လက်ကျန်ခွန်အားများဖြင့် လျှိုမင်ယွမ်အနီးရောက်ရှိလာကြ၏။
“မင်ယွမ်၊ အဆင်ပြေရဲ့လား” လုရှင်းယန်သည် အားနည်းနေသည့် အသံဖြင့် မေးလိုက်၏။
“အငယ်ဆုံးလေးက စိတ်ဝိညာဉ်ပင်ပန်း သွားပြီး မေ့မျောသွားတာပါ”
ပိုင်ကျန့်ယွီသည် လျှိုမင်ယွမ်၏ သွေးကြောများကို စမ်းသပ်နေရင်း ဖြေလိုက်၏။
ယွဲ့ဝူယောင်သည် ချက်ချင်းရောက်လာခဲ့ပြီး ဝိညာဉ်စွမ်းအင်အား လွှဲပြောင်းပေးလိုက်သည်။ အချိန်အနည်းငယ်ကြာပြီးနောက် လျှိုမင်ယွမ်သည် သတိပြန်ရလာခဲ့သည်။
“အငယ်ဆုံးလေး၊ မထနဲ့ဦး”
သူသည် ထရန်ပြင်လိုက်သည့်အချိန်တွင် ပိုင်ကျန့်ယွီသည် တားလိုက်၏။ လျှိုမင်ယွမ်သည် သူ၏ စိတ်ဝိညာဉ်သည် အလွန်အမင်း နာကျင်မှုကို ခံစားနေရသည်။ သူသည် သူတော်စင် အထွတ်ထိပ်အဆင့်ကျင့်ကြံသူကို ဝေးကွာလှသည့် နေရာမှ စိတ်ဝိညာဉ်တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ အကွာဝေးတွင် တိုက်ခိုက်မှုထိရောက်စေရန် စိတ်ဝိညာဉ်စွမ်းအင်များ အလွန်အကျွံသုံးစွဲခဲ့ရ၏။
“မင်ယွမ်၊ မင်းက ငါတို့အားလုံးကိုကယ်တင်ခဲ့တာပဲ”
ယွဲ့ဝူယောင်သည် ငြင်သာစွာပြောလိုက်၏။ သူမ၏ အသွင်သဏ္ဌာန်သည် အမြဲတမ်းအေးစက်စက်ဖြစ်နေသော်လည်း သူ၏ ဆရာတူမောင်လေးများအပေါ်တွင်တော့ နွေးထွေးလှသည်။ ယွဲ့ဝူယောင်သည် ချန်တလောင်နှင့် တိုက်ခိုက်ရာတွင် အသာစီးရခဲ့သော်လည်း ထိုလူကို သတ်ရန် မလွယ်ကူခဲ့ပေ။ ထို့အပြင် လျှိုမင်ယွမ်သည် ချန်တလောင်၏ ဖောက်ခွဲမှုကို မတားဆီးလိုက်နိုင်ပါက သူတို့အားလုံးသေဆုံးရမည်ဖြစ်သည်။ ထို့ကြောင့် လျှိုမင်ယွမ်သည် အားလုံးကို ကယ်တင်နိုင်ခဲ့သည်ဟု ပြောရပေမည်။
စိတ်ဝိညာဉ်ကျင့်ကြံသူများ ရှားပါးရခြင်းအကြောင်းရင်းမှာ စိတ်ဝိညာဉ်လေ့ကျင့်ရသည့် ဒဏ်ကို မခံနိုင်သောကြောင့်ဖြစ်သည်။ ထို့သို့ကျင့်ကြံရာတွင် ရူးသွပ်သွားခြင်း၊ စိတ်ဝိညာဉ်များကွဲထွက်ကုန်ခြင်း၊ တန်ပြန်သက်ရောက်ခံရခြင်း စသည်တို့ကြောင့် ကိုယ်တိုင်စိတ်ဓာတ်မာကျောမှုမရှိလျှင် ကျင့်ကြံရအလွန်ခက်ခဲသည့် အရာဖြစ်သည်။
“ကျုပ်က အစ်မကြီးတို့လောက်အားမစိုက်လိုက်ရပါဘူး” လျှိုမင်ယွမ်၏ အသံသည်တိုးလျှစွာထွက်ပေါ်လာသည်။ ယွဲ့ဝူယောင်၏ ဝိညာဉ်စွမ်းအင် ဖြည့်တင်းပေးမှုကြောင့် သူ၏ နာကျင်မှုသည် အနည်းငယ်လျော့ကျလာသည်။
တစ်နာရီခန့်ကြာပြီးသည့်နောက်တွင် သူတို့၏ ဝိညာဉ်စွမ်းအင်သည် အနည်းငယ် တိုးတက်လာပြီး ကောင်းမွန်စွာ လှုပ်ရှားနိုင်ပြီဖြစ်သည်။ သို့သော် သူတို့၏ မျက်နှာထက်တွင် နွမ်းနယ်ဟန်များရှိနေသေးသည်။
“အစ်မကြီး သူတို့စခန်းထဲ ရှာဖွေကြည့်ရအောင်”
ယွဲ့ဝူယောင်သည် ထွက်ခွာရန်ပြင်ဆင်နေသည့်အချိန်တွင် လုရှင်းယန်သည် အလျင်စလိုပြောလိုက်၏။ ထိုဓားပြများတွင် လုယက်ထားသည် ငွေကြေးများရှ်ိနေနိုင်သည်။
“ကောင်းပြီ”
ယွဲ့ဝူယောင်သည် ဝင်ရောက်ရှာမွေမှု မပြုလုပ်သော်လည်း သူတို့သုံးဦးသည် စခန်းတစ်ခုလုံး မွှေနှောက်ရှာဖွေလိုက်၏။ လွန်ခဲ့သည့် မိနစ်ပိုင်းလောက်က သေမလိုဖြစ်နေသည့် မျက်နှာအမူရာများနှင့် မသက်ဆိုင်သည့်အလားပင်။ တက်တက်ကြွကြွ အားအင်အပြည့်နှင့် ရှာဖွေနေကြသည်။
လျှိုမင်ယွမ် “တတိယအစ်ကို ဒီပစ္စည်းရော ယူသင့်လား”
ပိုင်ကျန့်ယွီ “တွေးမနေနဲ့ အကုန်သိမ်းကွာ၊ တန်ဖိုးမရှိဘူးဆိုမှ လွင့်ပစ်ကြမယ်၊ သိုလှောင် လက်စွက်ထဲ ထည့်လို့ရတာမှန်သမျှ ထည့်ခဲ့”
လုရှင်းယန် “...”
‘မင်းက ကလေးကိုဖျက်စီးနေတာ’
သို့သော်လည်း လုရှင်းယန်၏ အတွေးနှင့် သူ၏လက်က မတူညီချေ။ အခန်းစေ့ လိုက်ရှာဖွေပြီး တွေ့သမျှသိမ်းဆည်းနေခဲ့သည်။
ယွဲ့ဝူယောင်သည် ထိုလောဘ၏သားကောင်များကို ဂရုမစိုက်တော့ချေ။ သူမသည် စခန်း၏ ပတ်ပတ်လည်ကို လျှောက်ကြည့်နေခဲ့သည်။ သူမသည် ထိုစခန်း၏ အနောက်ဘက်ရှိ နေရာတစ်ခုသည် အဆောက်ဦးတစ်ခုမဟုတ်ပဲ ထူးဆန်းသည့် ဂူတစ်လုံးကို တွေ့လိုက်ရသည်။
“ရှင်းယန်”
“ဝုန်း..” သူမသည် လုရှင်းယန်ကို ခေါ်လိုက်ပြီးနောက် ထိုဂူ၏ သံတံခါးကို ချိုးဖြတ်လိုက်သည်။ ထို့နောက် သူမသည် အံ့ဩသွားခဲ့ရ၏။ ထိုဂူထဲတွင် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ ထိုလူငယ်သည် ဒဏ်ရားများစွာရရှိထားပြီး အားနည်းစွာ ဂူ၏နံရံကို မှီထားရ၏။
“အစ်မကြီး ဘာလို့..”
လုရှင်းယန်သည် အပြေးရောက်လာခဲ့ပြီးနောက် ထိုလူငယ်ကို တွေ့လိုက်ရာ ချက်ချင်းပင် အနားကပ်သွားခဲ့သည်။ ထို့နောက် ထိုလူငယ်ဝတ်စားများသည် သွေးများနှင့် ညစ်ညမ်းနေသော်လည်း ‘ဂိုဏ်းတစ်ခုခု၏ ဂိုဏ်းသာဖြစ်ရမည်’ ဟုတွေးမိလိုက်သည်။ ထို့ကြောင့် လုရှင်းယန်သည် ဝိညာဉ်စွမ်းအင် အနည်းငယ် ထည့်သွင်းပေးလိုက်သည်။ ထိုလူငယ်လေး၏ မျက်လုံးများပွင့်လာခဲ့သည်။
“ရောင်းရင်းတို့ ကျုပ်ကို ကယ်တင်ပေးတာ ကျေးဇူးတင်ပါတယ်”
ထိုလူငယ်သည် ကျန့်တယီ ဖမ်းခေါ်လာခဲ့သည့် ချင်းယွီဖြစ်သည်။ ချင်းယွီသည် အားအင်ကုန်ခမ်းနေသည်သာဖြစ်ပြီး သတိလစ်မနေခဲ့ချေ။ ထို့ကြောင့် အပြင်တွင် ဖြစ်ပျက်နေသည့် တိုက်ခိုက်သံများကို ကြားနေခဲ့သည်။ ထိုလူများသည် သူအား ချန်ယွမ်ဂိုဏ်းမှ လာကယ်သည့်လူများဟုထင်မှတ်ခဲ့သည်။ သို့သော် ထိုလူများသည် ချန်ယွမ်ဂိုဏ်းမှ မဟုတ်သော်လည်း သူ့ကို ကယ်တင်ပေးမှန်းသိလိုက်ရ၏။
“ရပါတယ်၊ လမ်းလျှောက်နိုင်ပြီလား”
လုရှင်းယန်သည် နွေးထွေးစွာမေးလိုက်၏။ ထိုဓားပြများသည် လွန်စွာရက်စက်ပေသည်။ လူငယ်တစ်ဦးကို ဤမျှထိ နှိပ်စက်ရိုက်နှက်ထား၏။ ချင်းယွီ၏ မျက်နှာထက်တွင်လည်း နာကျင်နေမှုများ အတိုင်းသားပေါ်လွင်နေသည်။
အချိန်အနည်းငယ်ကြာပြီးနောက် ချင်းယွီသည် ထိုဓားပြအဖွဲ့အား တိုက်ခိုက်ခဲ့သည့် အကြောင်းရင်းများကို အကြမ်းဖျင်းသိသွားခဲ့သည်။ လုရှင်းယန်သည် ဖော်ရွေစွာ ရှင်းပြနေခဲ့၏။
“အစ်မကြီးနဲ့ ဒုတိယအစ်ကို ကျုပ်တို့ အဆင့်မြင့်သလင်းကျောက် နဲ့တွက်ကြည့်ရင် တစ်သိန်း လောက်ရှိတယ်”
လုရှင်းယန်သည် ဓားပြများ၏ ပစ္စည်းများကို တန်ဖိုးရှိသည်ထင်သည့် အရာမှန်သမျှ သိမ်းဆည်းလာခဲ့ခြင်းဖြစ်သည်။ ထို့နောက် ထိုပစ္စည်းများ ထည့်ထားသည့် သို့လှောင်လက်စွပ်ကို ယွဲ့ဝူယောင်ထံ ပေးအပ်လိုက်သည်။
“မင်းတို လိုအပ်သလောက်ယူထားလိုက်၊ ကျန်တာကို အစ်မယွီဟွာဆီ အပ်ထားလိုက်မယ်”
ယွဲ့ဝူယောင်သည် မော့ရွှယ်အာပြောသည်များကိုကြားခဲ့ပြီးနောက် သူမ၏ဆရာထံတွင် မအပ်နှံရဲချေ။ ထို့အပြင် ချုးယွီဟွာသည် ငွေကြေးများစီမံရာတွင်ကျွမ်းကျင်လှသည်။
ချင်းယွီသည် ယွဲ့ဝူယောင်ကို ကြည့်ကာ အလွန်မင်သတ်နေ၏။ အလွန်ပင် လှပပြီး အေးစက်သည့်မိန်းကလေး၊ သူထက်များစွာ ငယ်သေးသည့် ဤမိန်းကလေးသည် သူထက်ပင် အစွမ်းထက်နေပြီဖြစ်သည်။
“ဒီကရောင်းရင်း၊ ကျုပ်တို့ အစ်မကြီးကို ဆက်ကြည့်နေမယ်ဆိုရင်တော့ ခင်ဗျား မျက်လုံးနှစ်လုံးကို ကျုပ်ဓားနဲ့ ကလော်မိသွားမှာစိုးတယ်”
ပိုင်ကျန့်ယွီသည် ယွဲ့ဝူယောင်ရှေ့မှပိတ်ရပ်လိုက်ပြီး နှာမှုတ်ကာ ပြောလိုက်၏။ ထိုအကောင်သည် ကယ်တင်ထားသည့် မျက်နှာမှ မထောက် ထိုအကောင်၏မျက်လုံးများသည် သူတို့အစ်မကြီးထံမှ မခွာပေ။ ရိုင်းလွန်းလှ၏။ လျှိုမင်ယွမ်လည်း ထိုနည်းတူ နှာမှုတ်လိုက်၏။ သူတို့သည်းမခံနိုင်တော့ချေ။
လုရှင်းယန်သည်တော့ သက်ပြင်းသာချလိုက်သည်။ ထိုတွန့်တိုလွန်းသည့် နှစ်ကောင်ကြောင့် သူတို့အစ်မကြီး၏ အချစ်ရေးသည် အလွန်ပင် ခက်ခဲလာနိုင်ဖွယ်ရှိသည်။ သို့သော်လည်း ယွဲ့ဝူယောင်သည် ထိုသို့ကိစ္စများကို စိတ်တောင်မကူးမိချေ။ သူမထံတွင် နတ်ဘုရားနယ်မြေကို အမြန်ဆုံးရောက်ချင်သည့် အတွေးသာရှိ၏။
“ကျုပ်ရိုင်းသွားတယ်၊ တောင်းပန်ပါတယ်”
ထိုအချိန်မှ ချင်းယွီ သတိဝင်လာပြီး ရှက်ရွံသွားခဲ့၏။ ထို့နောက်စကားလမ်းကြောင်းလွှဲကာ မေးလိုက်၏။
“ရောင်းရင်းတို့က ဘယ်ဂိုဏ်းကလဲ”
“ကျုပ်တို့က ဂိုဏ်းမရှိဘူး” လုရှင်းယန်၏ လေသံသည် သံမဏိထက်ပင် မာထန်နေ၏။
ပိုင်ကျန့်ယွီ နှင့် လျှိုမင်ယွမ် “...”
‘မသိရင် ဒုတိယအစ်ကိုကပဲ သဘောထားကြီး သလိုလိုနဲ့’
‘တောင်းပန်ယုံနဲ့တင်မရဘူးလား၊ ကျုပ်မျက်လုံးနှစ်လုံးကို ဖောက်ထုတ်ပစ်လိုက်သင့်လား’ ချင်းယွီသည် အလွန်ပင် စွံ့အသွားခဲ့ရသည်။ ထိုမိန်းကလေးကို ကြည့်မိသွားသည်မှာ ဤမျှအပြစ်ကြီးသွားမည်ဟု မထင်ခဲ့ချေ။ အားလုံးထဲတွင် အဖော်ရွေဆုံးဖြစ်သည့် ထိုလူငယ်၏ လေသံပါပြောင်းလဲသွားခဲ့သည်။ ထို့နောက် သူသည် အတင်းလုပ်ယူ၍ ပြုံးကာပြောလိုက်၏။
“ကျုပ်က ချင်းယွီပါ၊ ချန်ယွမ်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပါ၊ ရောင်းရင်းတို့ကို ကျေးဇူးဆပ်ချင်လို့ ချန်ယွမ်ဂိုဏ်းကို လိုက်ခဲ့ပါလား”
“ရပါတယ်၊ နောင်တစ်ချိန်အခွင့်ရေးရရင်တော့လာလည်ပါ့မယ်၊ အခု ခင်ဗျားတစ်ယောက်ထဲ ပြန်လို့ရလောက်ပါပြီ၊ ဒါကြောင့် ကျုပ်တို့ကို ခွင့်ပြုပါဦး”
လုရှင်းယန်၏ လေသံသည် အစောကလောက် မမာတော့ပေ။ ချင်းယွီကို အကျိုးကြောင်းပြောကာ ထိုဓားပြစခန်းမှ ထွက်ခွာလာခဲ့ကြသည်။ ပိုင်ကျန့်ယွီတို့သည် ထိုနှာပူးကောင်အား ကြည့်တောင်မကြည့်တော့ချေ။
“သူတို့ဆရာက ဘယ်သူများလဲ၊ လေးယောက်လုံးက အရွယ်နဲ့မလိုက်ဖက်အောင်ကို အစွမ်းထက်လွန်းတယ်၊ လင်းယွမ်နယ်မြေမှာ ငါ့ထက်ပါမီရှိပြီးတော်လွန်းတာ ရှောင်ထျန်း တစ်ယောက်ပဲ ရှိမယ်ထင်ထားတာ၊ ငါ့ကိုယ်ငါ အထင်ကြီးခဲ့မိတာပဲ၊ အဲ့ဒီမိန်းကလေးကို ရှောင်ထျန်းတောင် မနိုင်လောက်ဘူး”
ယွဲ့ဝူယောင်တို့ ထွက်ခွာသွားပြီးနောက်တွင် ချင်းယွီသည့် တီးတိုးရေရွတ်နေမိ၏။ သူသည် လုရှင်းယန်၏ နာမည်ကိုသာသိခဲ့ရသည်။ ထို့နောက် သူသည် ချန်ယွမ်ဂိုဏ်းကိုဦးတည်ကာထွက်သွားခဲ့သည်။ ရှောင်ထျန်းသာ လုရှင်းယန်ကိုပင် အနိုင်ရအောင် မတိုက်ခိုက်နိုင်ခဲ့သည့်အကြောင်း ချင်းယွီသိပါ သူ၏ မျက်နှာအမူယာသည် မည်သို့မည်ပုံဖြစ်သွားမည်ကို မပြောတက်ပေ။