ဆေးဖော်စပ်နည်းလေ့လာရမယ်
Vol. 5 Ch. 71
“စီနီယာအစ်ကို ပြန်လာပြီလား”
ချုးယွီဟွာသည် အခန်းတွင်းမှ ထွက်လာပြီးနောက် ဟွမ်းထိုင်နေသည်ကိုတွေ့လိုက်၏။ ထို့နောက် သူမသည် အကြမ်းရည် ပြင်ဆင်ပေးလိုက်၏။ မော့ရွှယ်အာလဲ အခန်းတွင်းမှ အနားယူပြီးနောက်ထွက်လာခဲ့သည်။ ထို့နောက် သူမသည်လည်း စပ်စုစွာ မေးလိုက်၏။
“ဟွမ်း လောင်းကစားရုံကို သွားခဲ့ပြန်ပြီလား”
ဟွမ်း “...”
“မင်းရဲ့ဝိညာဉ်ပင်လယ်ထဲက စွမ်းအင်တွေကို မစုပ်ယူသေးဘူးလား” ဟွမ်းသည် စကားလမ်းကြောင်းလွှဲကာမေးလိုက်၏။
“ကျွန်မ..ကျွန်မ မစုပ်ယူရက်သေးဘူး” မော့ရွှယ်အာ၏ အသံသည် တုန်ယင်သွားသည်။ သူမသည် သူ့အစ်ကိုကြီးများဟု ခံယူထားသည့် နတ်ဆိုးမျိုးနွယ်အကြီးကဲနွယ် အကြီးကဲနှစ်ဦး၏ စွမ်းအင်များကို မစုပ်ယူရက်ပေ။ ထိုနှစ်ဦးသည် သူတို့၏ဘဝများကိုရင်းကာ သူမအတွက်ပေးဆပ်ခဲ့ကြသည်။
“ကောင်းပြီ၊ ဒါဆို ဒီတိုင်းပဲထားလိုက်ဦး” ဟွမ်းသည် အပြစ်ရှိသလိုခံစားရသွားသည်။ တကယ်တမ်းတွင် သူမကို အဆင့်တက်စေရန်ရည်ရွယ်၍ မေးခဲ့ခြင်းဖြစ်သည်။
“ဆရာ၊ ကျုပ်တို့ ပြန်ရောက်ပြီဆရာ” လျှိုမင်ယွမ်သည် အားရဝမ်းသာနှင့် နှုတ်ဆက်လိုက်၏။
“ကောင်းတယ်” ဟွမ်းသည် တည်တည်ငြိမ်ငြိမ်နှင့်ပင် ချီးကျုးလိုက်၏။
“မင်းတို့ ဝိညာဉ်စွမ်းအင်တွေကုန်ဆုံးပြီး အားနည်းနေတာပဲ” ချုးယွီဟွာသည် စိုးရိမ်တကြီးပြောလိုက်၏။
“အနားယူပြီး ပြန်ကျင့်ကြံလိုက်ရင် အဆင်ပြေသွားမှာပါ၊ အစ်မယွီဟွာ ဒါကိုယူထားလိုက်” ယွဲ့ဝူယောင်သည် ပင်ပန်းနေသည့်လေသံဖြင့်ပြောလိုက်ပြီး သိုလှောင်လက်စွက်တစ်ခုကိုပေးလိုက်၏။ ချုးယွီဟွာသည် ထိုသိုလှောင်လက်စွပ်ကို လက်ခံလိုက်သည်။ ထိုလက်စွပ်ကို စစ်ဆေးကြည့်လိုက်ရာ အလွန်ပင်အံ့ဩသွားခဲ့၏။
“သလင်းကျောက်တွေအများကြီးပဲ”
ထို့နောက် သူမသည် သိုလှောင်လက်စွက်တစ်ခုလုံးကို စေ့စေ့စပ်စပ်ကြည့်ပြီးနောက် စွံ့အသွား၏။
‘သလင်းကျောက်နဲ့ လက်နက်တွေအများကြီးကတော့ ဟုတ်ပါပြီ၊ သံတိုသံစတွေက ဘာလုပ်ဖို့တုန်း’
“အဲ့ဒီဓားပြတွေက တော်တော်ချမ်းသာတယ်၊ ပစ္စည်းကောင်းတွေ အများကြီးပဲ၊ ဆေးပင်တွေတောင်ပါတယ်” ပိုင်ကျန့်ယွီသည် တွေ့သမျှကောက်ထည့်လာသည်ကို အမှတ်ရကာပြောလိုက်၏။
“ဟုတ်လား၊ ယွီဟွာ ကျုပ်ကိုဆေးပင်တွေပေး” ဟွမ်း၏ မျက်လုံးများ အရောင်လက်လာသည်။ သူသာဝိညာဉ်စွမ်းအင်ပြန်လည်ဖြည့်တင်းခြင်း ဆေးလုံးကိုသာ ဖော်စပ်နိုင်သွားလျှင် သူ့တပည့်များ တိုက်ခိုက်ပြီး ဝိညာဉ်စွမ်းအင်များ လျော့နည်းသွားလျင်တောင် ပြသနာမရှိတော့ပေ။ ထိုဆေးလုံးနှင့် ဝိညာဥ်စွမ်းအင်များကို ပြည်လည်ဖြည့်တင်းနိုင်မည်ဖြစ်သည်။
“စီနီယာအစ်ကိုက ဆေးမဖော်တက်ဘူးဆို” ချုးယွီဟွာသည် ဟွမ်းပြောဖူးသည်ကို သတိရသွားကာ ပြောလိုက်၏။ သို့သော် ဆေးပင်များအားလုံးကို ထုတ်ပေးလိုက်သည်။
“စိတ်မပူပါနဲ့၊ လေ့လာလိုက်မယ်၊ သိပ်ကြာမှာမဟုတ်ပါဘူး” ဟွမ်းသည် ယုံကြည်ချက်ရှိရှိပြောလိုက်၏။
ချုးယွီဟွာ “...”
မော့ရွှယ်အာ “...”
သုံးရက်ကြာပြီးနောက် လုရှင်းယန်သည် သူတို့၏ အခန်းတွင်းမှ အရင်ထွက်လာခဲ့သည်။ သို့သော် သူ၏ ဆရာသည် မြေပြင်တွင် ဆောင့်ကြောင့် ထိုင်ကာ တုတ်ကလေးတစ်ချောင်းနှင့် တောင်ခြစ်မြောက်ခြစ် လုပ်နေသည်ကိုတွေ့လိုက်ရသည်။ လုရှင်းယန်သည် အလွန်ပင် ဆွံ့အသွားခဲ့သည်။
‘ဆရာက ဘယ်တုန်းက ကလေးဆန်သွားခဲ့တာလဲ’
ထို့နောက် ချုးယွီဟွာသည် ခြံအတွင်းတွင် သန့်ရှင်းရေးလုပ်နေသည်ကိုမြင်ပြီး လုရှင်းယန်သည် သူမအနားလျှောက်လာခဲ့သည်။
“အစ်မယွီဟွာ ဆရာက ဘာဖြစ်နေတာလဲ၊ ဒီမဲတူးနေတဲ့ အမှိုက်တွေနဲ့ ပျက်စီးနေတဲ့ အိုးတွေကရော ဘာတွေလဲ၊ ဆရာနဲ့ အစ်မယွီဟွာ ရန်ဖြစ်ထားကြတာလား” လုရှင်းယန်သည် တိုးလျသည့် အသံနှင့်မေးလိုက်၏။
“စီနီယာအစ်ကိုနဲ့ ငါက ဘာလို့ရန်ဖြစ်ရမှာလဲ” ချုးယွီဟွာသည် လုရှင်းယန်၏မေးခွန်းကို ဖြေပြီးနောက် သူမ၏ မျက်နှာလေးသည် မက်မွန်သီးကဲ့သို့ပင် ရဲတက်လာ၏။ ထို့နောက် သူမ၏ အမူယာကိုထိန်းကာ သက်ပြင်းချ၍ ပြောလိုက်၏။
“ဒါတွေက မင်းတို့ဆရာ ဆေးဖော်ထားတာလေ”
လုရှင်းယန် “...”
‘အမှိုက်တွေလို့ ပြောတာကို ဆရာ မကြားလောက်ဘူးမလား၊ ဆေးဖော်စပ်ရုံနဲ့ ခြံဝန်းက ဒီလောက်ထိ အမှိုက်ရှုပ်သွားတာလား’
“ရှင်းယန်” ဟွမ်းသည် ထလာပြီးနောက် လုရှင်းယန် အနားသို့ကပ်လာခဲ့သည်။
“ဟုတ်..ဟုတ်ကဲ့ဆရာ” လုရှင်းယန်၏ အသံသည် တုန်ယင်သွားပြီး သူ၏ရင်ထဲ စိုးထိတ်လာခဲ့သည်။
“ဟုတ်တယ် မင်းမှာမီးတောက်လဲ ရှိတယ်ဆိုတော့ အတော်ပဲ၊ မင်း ဆေးဖော်စပ်ဖို့ စိတ်ဝင်စားလား” ဟွမ်း၏ မျက်ဝန်းများသည် အရောင်လက်လာပြီး မေးလိုက်၏။
“ဆရာ၊ တပည့်ငယ်ငယ်ကတည်းက ဆေးဖော်စပ်သူ ဖြစ်ချင်ခဲ့တာ” လုရှင်းယန်သည် ထိုစကားကြောင့် အလွန်ပျော်ရွှင်သွားခဲ့သည်။ သူသည် ကြီးလာလျှင် ဆေးဖော်စပ်သူ လုပ်မည်ဟု ဆုံးဖြတ်ခဲ့ဖူးသည်။ သူ၏ အိမ်မက်များ အကောင်ထည်ဖော်ခွင့်ရတော့မည့် အခွင့်အရေးပင်။
“ကောင်းတယ်၊ ဆရာက ဆေးဖော်စပ်သူ ဖြစ်ဖို့ အနည်းငယ် လိုအပ်ချက်ရှိနေတယ်၊ ဒါကြောင့် ငါ့တပည့် မင်းကိုပဲ အားကိုးလိုက်တော့မယ်” ဟွမ်းသည် လုရှင်းယန်၏ ပခုံးပေါ်သို့ လက်တစ်ဖက်တင်ပြီး ပြောလိုက်၏။
‘စီနီယာအစ်ကိုက ဆေးဖော်စပ်သူဖြစ်ဖို့ အနည်းငယ်ပဲ လိုအပ်ချက်ရှိနေတာမဟုတ်ဘူးလေ၊ ဆေးဖော်စပ်သူ ဖြစ်ကိုမဖြစ်နိုင်တာ’
ချုးယွီဟွာသည် လွန်ခဲ့သည့် သုံးရက်က ဟွမ်းဆေးဖော်စပ်နေသည့် မြင်ကွင်းကို ပြန်လည်မြင်ယောင်လာသည်။
“ဘုန်း..”
ချုးယွီဟွာသည် ပေါက်ကွဲသံတစ်ခုကြားသောကြောင့် အခန်းတွင်းမှ အလျင်အမြန် ပြေးထွက်လာခဲ့သည်။ ခြံဝန်းအတွင်းတွင် သူမ ရင်းနှီးနေသည့် မြင်ကွင်းကို မြင်တွေ့လိုက်ရခြင်းကြောင့် စွံ့အသွားခဲ့သည်။ ထိုမြင်ကွင်းမှာ ဟွမ်း၏ ဘေးပတ်ပတ်လည်တွင် ဆေးပင်များစွာ ပျံ့ကြဲနေပြီး မီးခိုး ‘တလူလူ’ လွင့်ပျံနေသည့် ဆေးအိုးတစ်ခုကို မြင်တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
“ဒီဆေးအိုးက အမှိုက်ပဲ”
ဟွမ်းသည် ဆေးအိုးကို အပြစ်တင်ရှုံချလိုက်၏။ ထိုဆေးအိုးသည် ဤနယ်စပ်မြို့မှ ဝယ်ယူထားသည့် အဆင့်နိမ့်ဆေးအိုးမျှသာဖြစ်သည်။ ထို့နောက် သူသည် ‘အခြေခံဆေးဖော်စပ်နည်း’ ဆိုသည့် စာအုပ်ကို စစ်စစ်ပေါက်ပေါက် ဖက်ရှု့နေသည်။
“စီနီယာအစ်ကို ဆေးဖော်စပ်ရတဲ့ အလုပ်က ချက်ချင်းတက်မြောက်ဖို့လွယ်တာမဟုတ်ဘူးလေ၊ ဒါကြောင့် ဖြည်းဖြည်းချင်း အချိန်ပေးပြီးလုပ်ရင် ကျွမ်းကျင်လာနိုင်ပါတယ်”
ချုးယွီဟွာသည် ဟွမ်းကို အားပေးစကားပြောလိုက်၏။ ဆေးဖော်စပ်ရာတွင် စတင်လေ့လာသူများသည် အတွေ့အကြုံ မရှိသေးသောကြောင့် ဖောက်ကွဲမှု ဖြစ်ပေါ်တက်သည်မှာ ပုံမှန်သာဖြစ်သည်။
“ဟုတ်တယ်၊ ယွီဟွာပြောတာမှန်တယ်”
ဟွမ်းသည် ပို၍စိတ်အားထက်သန်လာပြီးနောက် ခြံဝင်းအပြင်သို့ ထွက်သွားခဲ့သည်။ ခဏအကြာတွင် ပြန်ရောက်လာပြီး ဆေးအိုးဆယ်အိုးကျော်ကိုသူ့၏ စားပွဲဘေးတွင်ချလိုက်၏။ ထို့အပြင် မီးစွမ်းအင်ကျောက်တုံးများစွာလည်းပါ၏။ ဆေးဖော်စပ်ရာတွင် သူ၏ အနက်ရောင်မီးတောက်ကို အသုံးမပြုချေ။ ထိုအရာများကို မြို့ထဲသွား၍ ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ချုးယွီဟွာ “...”
ထို့နောက် ချုးယွီဟွာသည် ဟွမ်းစိတ်အားထက်သန်လွန်းနေသောကြောင့် မနှောက်ယှက်တော့ပေ။ တိတ်တဆိတ်သာ အခန်းထဲဝင်သွားခဲ့၏။
“ဘုန်း..”
“အမှိုက်ပဲ”
“ဘုန်း..”
“မီးစွမ်းအင်ကျောက်တုံးက အသုံးမကျလိုက်တာ”
“ဘုန်း..”
“တောက်..အဆင့်နိမ့်ဆေးအိုးတွေက ဒုက္ခပေးနေတာပဲ”
‘ဟိုအဖိုးကြီး ဒီနေရာမှာရှိနေရင်ကောင်းသား’
ဤသုံးရက်တာအတွင်းအတွင် ဟွမ်းသည် ဆေးအိုများကို အပြစ်တင်လိုက်၊ မီးစွမ်းအင်ကျောက်တုံးများကို အပြစ်တင်လိုက်နှင့် ပေါက်ကွဲမှုများစွာ ထွက်ပေါ်နေခဲ့သည်။ သူ၏ ဆေးဖော်စပ်ခြင်း ပါရမီကိုတော့ နည်းနည်းမှပင် သံသယမဝင်ခဲ့ချေ။ ဆေးအိုးငါးလုံးသည် ပျက်စီးနေပြီး ဆေးပင်များစွာလဲ ပျံ့ကြဲနေခဲ့သည်။ သူတပည့်များ၏ အခန်းတွင် အသံလုံအစီရင် ဖန်တီးထားသောကြောင့် ဟွမ်း၏ စည်းချက်ညီလှသည့် ‘တဘုန်းဘုန်း’ မြည်သံကို မကြားနိုင်ကြပေ။
‘စီနီယာအစ်ကိုက စွမ်းအားကြီးနေတာတစ်ခုကလွဲရင် ဘယ်နေရာမှပါရမီ မပါတာများလား’
ထိုဖြစ်စဉ်ကို အဝေးမှ ကြည့်နေခဲ့သည် ချုးယွီဟွာသည် သက်ပြင်းသာ ချနေရတော့သည်။ ထို့နောက် သူမသည် ဟွမ်းအနားရောက်လာကာပြောလိုက်၏။
“စီနီယာအစ်ကို ခဏနားလိုက်ပါဦး၊ ကျွန်မ ဒါပျက်စီးသွားတာတွေကိုရှင်းလိုက်ဦးမယ်”
ဟွမ်း၏မျက်နှာသည် တည်ငြိမ်နေသော်လည်း ပထမရက်ကဲ့သို့ စိတ်အားထက်သန်မှုများ မရှိတော့ချေ။ စိတ်ပျက်မှုသည် သူ၏မျက်ဝန်းများတွင် အထင်းသားပေါ်လွင်နေသည်။
ယခုတွင်တော့ လုရှင်းယန်ကြောင့် သူ၏မျက်လုံးများ ပြန်လည်တောက်ပလာပြီဖြစ်သည်။
“ဒီမှာ ဒီစာအုပ်ကိုလေ့လာကြည့်၊ ဒါက အခြေခံပဲဆိုပေမဲ့ ဝိညာဉ်စွမ်းအင် ပြန်လည်ဖြည့်တင်းခြင်း ဆေးလုံးကို ဖော်စပ်နည်းပါတယ်”
ဟွမ်းသည် လုရှင်းယန်ကို အသေချာပင်ရှင်းပြလိုက်သည်။ လုရှင်းယန်သည်လဲ ဂရုတစိုက်နားထောင်ပြီးနောက် ထိုစာအုပ်ကို လေ့လာလိုက်သည်။
“ဆရာ၊ ဒီအုပ်ကို ရေးခဲ့တဲ့လူက အတော်လေး အစွမ်းထက်မယ်ထင်တယ်၊ တစ်ဆင့်ချင်းစီကို နားလည်အောင် အသေးစိတ်ရှင်းပြပေးထားတယ်”
လုရှင်းယန်သည် စိတ်အားထက်သန်စွာပြောလိုက်၏။
“ဟုတ်တယ် အခုထိအဲ့ဖိုးကြီးက ဆေးဖော်စပ်တဲ့ပညာရပ်မှာ ပြိုင်ဘက်ကင်း တစ်ယောက်ပဲ”
ဟွမ်းသည် ထိုစာအုပ်ရေးသားသူကို ချီးကျုးလိုက်သည်။ သူသည် ထိုအဖိုးကြီးထံမှ လက်ဆောင်များရလေ့ရှိသည်။ လုရှင်းယန်လည်း ခေါင်း ‘တညိတ်ညိတ်’ နှင့် ထောက်ခံလိုက်သည်။
လုရှင်းယန် “တပည့် ယုံကြည်ချက်ရှိနေပြီ ဆေးစဖော်တော့မယ်”
ဟွမ်း “ကောင်းပြီ စလိုက်တော့”
ချုးယွီဟွာသည် လုရှင်းယန်၏ ယုံကြည်ချက်ရှိရှိပြောနေသောစကားကြောင့် သူမပင်အထင်ကြီးမိသွားသည်။