စည်းလုံးခြင်းသည်ခွန်အား
Vol. 5 Ch. 72
ပိုင်ကျန့်ယွီသည် သူ၏ ဝိညာဉ်စွမ်းအင်များ ပြန်လည်ပြည့်ဝလာခြင်းကြောင့် အခန်းအပြင်သို့ထွက်လာခဲ့သည်။ သူ၏ဆရာဖြစ်သူနှင့် ဒုတိယအစ်ကိုတို့ ပြုလုပ်နေသည့်အရာများကို စိတ်ဝင်စားသွားခဲ့သည်။ ထို့နောက် သူသည် ထိုနှစ်ဦး၏ အနားသို့ရောက်လာကာ အတူလိုက်လုပ်လိုက်၏။
ချုးယွီဟွာ “...”
အစက နှစ်ဦးသာ ဆောင့်ကြောင့်ထိုင်ပြီး မြေပြင်တွင် တုတ်တစ်ချောင်းနှင့် လျှောက်ခြစ်နေကြသော်လည်း ယခုတွင် သုံးဦးဖြစ်သွားခဲ့၏။ ထိုသုံးဦးတွင် ပိုင်ကျန့်ယွီသည် အလေးနက်သည့် မျက်နှာထားနှင့် ရေးခြစ်နေသော်လည်း ဟွမ်းနှင့် လုရှင်းယန်သည် စိတ်နှင့်ကိုယ် မကပ်သည့်အလား ခြစ်မိခြစ်ရာ လျှောက်ခြစ်နေခြင်းဖြစ်သည်။
ချုးယွီဟွာသည် ဤကြောင်တောင်တောင်ဆရာတပည့်များကို ဘာပြောရမည်မှန်း မသိတော့ပေ။
‘ဟိုနှစ်ယောက်ကတော့ ထားပါတော့၊ မင်းကရောဘာလို့ လိုက်လုပ်နေတာတုန်း’
“ကျန့်ယွီ မင်းက ဘာဝင်လုပ်တာလဲ” ချုးယွီဟွာသည် ထိုမြင်ကွင်းကို ဆက်ကြည့် မနေနိုင်တော့ပေ။
“ဆရာတို့ စိတ်ဝင်တစားလုပ်နေတဲ့ပုံပေါ်လို့၊ ပျော်စရာတော့ကောင်းတယ် အစ်မယွီဟွာ” ပိုင်ကျန့်ယွီသည် သူ၏သွားများပေါ်အောင်ပင် ပြုံးကာပြောလိုက်၏။
ချုးယွီဟွာ “...”
‘မင်းဆရာတို့ ပျော်ရွှင်နေတဲ့ပုံ ပေါက်တယ်လို့ထင်မိရအောင် ဘယ်လိုမျက်စိနဲ့ ကြည့်လိုက်တာလဲ’
လုရှင်းယန်သည် စတင်ဆေးဖော်စပ်သည့်အချိန်တွင် အလွန်ပင် စိတ်အားထက်သန်နေပြီး ယုံကြည်မှု ပြင်းထန်နေခဲ့သည်။ သို့သော် သူသည် ဆေးပင်များ ထည့်ကာ ငရဲကိုးဘုံမီးတောက် ထုတ်ဖော်လိုက်ပြီး စတင်လိုက်သည်နှင့် ချက်ချင်းပင် ဆေးအိုးသည် ပေါက်ကွဲသွားရ၏။
“ရှင်းယန် စိတ်အေးအေးထား၊ ဆေးဖော်စပ်ရတဲ့ အလုပ်က ချက်ချင်းတက်မြောက်ဖို့လွယ်တာမဟုတ်ဘူးလေ၊ ဒါကြောင့် ဖြည်းဖြည်းချင်း အချိန်ပေးပြီးလုပ်ရင် ကျွမ်းကျင်လာလိမ့်မယ်” ဟွမ်းသည် လေးနက်သည့် အမူရာနှင့်ပြောလိုက်၏။
ချုးယွီဟွာ “...”
‘ဒီစကားတွေ ရင်းနှီးနေသလိုပဲ’
“ဟုတ်ကဲ့ဆရာ၊ ဆေးဖော်စပ်သူတိုင်း ကြုံရတဲ့ အရာဆိုတော့ ဒီလောက်နဲ့တပည့်က စိတ်ပျက်ပြီး လက်လျော့မှာမဟုတ်ဘူး” လုရှင်းယန်သည် သူ၏ မျက်လုံးထဲတွင် စိတ်အားထက်သန်မှုများသည် တောက်လောင်နေဆဲပင်။ ထို့နောက် ဆက်ကြိုးစားလိုက်၏။
“ဘုန်း..”
ဟွမ်း “ရှင်းယန် မီးရဲ့ မီးစွမ်းအင်က အားပြင်းနေလို့၊ နည်းနည်းလျော့လိုက်”
လုရှင်းယန် “ဟုတ်လောက်တယ်၊ တပည့်မီးစွမ်းအင် လျှော့ပြီး ဆက်လုပ်ကြည့်မယ်”
“ဘုန်း..”
“မီးစွမ်းအင် နည်းသွားလို့များလား” ဟွမ်းသည် တွေးတွေး ဆဆနှင့်ပြောလိုက်၏။ လုရှင်းယန်သည် နားလည်သွားအသည့်အလား ခေါင်းညိတ်လိုက်ကာ သူ၏မီးစွမ်းအင်အနေအထားကို စနစ်တကျ ချိန်ညှိလိုက်၏။
“ဘုန်း..”
လုရှင်းယန်သည် စိတ်နှင့်ကိုယ်မကပ်တော့သည့်အလား တွေ့ကရာ တုတ်တစ်ချောင်းကောက်ယူကာ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ဟွမ်းသည်လည်း သူ့ကိုယ်သူ ‘ဆရာတစ်ယောက်ဖြစ်သင့်ရဲ့လား’ ဟုပင် မေးခွန်းထုတ်မိသွား၏။
ပိုင်ကျန့်ယွီသည် ဖြစ်စဉ်ကို သေချာသိရှိသွားပြီးနောက် သူ၏မျက်နှာသည် ထူးဆန်းသွား၏။ ထို့နောက် သူသည် စာပွဲပေါ်တွင် ရှိနေသည့်စာအုပ်ကို စေ့စေ့စပ်စပ်ကြည့်ရင်း ဆေးပင်တစ်ပင်ကို ကောက်ယူလိုက်သည်။
ထိုဆေးပင်သည် ကြက်သွေးရောင်ဝိညာဉ်မှို ဖြစ်သည်။ ကြက်သွေးရောင်ဝိညာဉ်မှို၏ ပုံသဏ္ဌာန်သည် သာမန်မှိုများနှင့် အလားတူပင်ဖြစ်သော်လည်း အရောင်သည် ကြက်သွေးရောင်ပေါက်နေ၏။ ထိုအပြင် ထိုမှိုသည် ဝိညာဉ်စွမ်းအင်များစွာပါဝင်နေသည်။ ထိုမှိုသည် ဝိညာဉ်စွမ်းအင်ပြန်လည်ဖြည့်တင်းခြင်း ဆေးလုံးဖော်စပ်ရာတွင် အဓိကပါဝင်ပစ္စည်းဖြစ်သည်။
“ဆရာနဲ့ ဒုတိယအစ်ကိုတို့ဆေးဖော်တုန်းက ဒီမှိုရဲ့ အဆိက်အတောက်ဖြစ်စေတက်တဲ့နေရာတွေကို ဖြတ်ထုတ်ပစ်ခဲ့လား”
ပိုင်ကျန့်ယွီသည် ထိုမှိုကိုကြည့်ရင်း မေးလိုက်၏။ စိတ်ဓာတ်ကျနေသည့် ဆရာတပည့် နှစ်ဦးသည် ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရ၏။ သူတို့ဆေးဖော်စပ်သည့်အချိန်တုန်းက ပါဝင်ပစ္စည်းများကို အမှိုက်ပစ်သလိုပစ်ထည့်မိခြင်းဖြစ်သည်။ ဆေးပင်များကို သေချာ စစ်ဆေးပြီး မသန့်စင်ခဲ့ပေ။
“ဒါ့ကြောင့် ဖြစ်နိုင်တယ်”
လုရှင်းယန်သည် ပျော်ရွှင်သွားခဲ့၏။ ထို့နောက် ပိုင်ကျန့်ယွီသည် သူ၏ တိမ်လွှာဓားကို ထုတ်ကာ ကြက်သွေးရောင်ဝိညာဉ်မှို၏ အဆိပ်အတောက်ရှိသည် နေရာများကို ဖြတ်တောက်ပေးလိုက်သည်။ သူ၏ လှုပ်ရှားမှုသည် အလွန်ပင် သေသပ်လှပလေသည်။ တိမ်လွှာဓား၏ ပါးလွှာမှုကြောင့် မှို၏အာနိသင်ရှိသည့်နေရာများကို မဖြတ်တောက်မိပေ။ မလိုအပ်သည့်နေရာများကိုသာ တိတိကျကျ ဖြတ်တောက်ပေးလိုက်သည်။
လုရှင်းယန်သည် သူ၏မီးတောက်ကို ဖော်ထုတ်လိုက်ကာ ပိုင်ကျန့်ယွီ ဖြတ်တောက်ပေးထားသည့် ကြက်သွေးရောင်မှိုကို ဆေးအိုးအတွင်း ထည့်လိုက်၏။ ထို့နောက် သူ၏ မီးတောက်နှင့် ဆေးအိုးကို အပူပေးကာ စတင်ဖော်စပ်လိုက်၏။
ယခုတွင် ပေါက်ကွဲမှု မဖြစ်ပေါ်စေတော့ပေ။ လုရှင်းယန်၏ မျက်နှာထက်တွင် အပြုံးများပွင့်လန်းလာသည်။ ဟွမ်းသည်လည်း လုရှင်းယန် ဆေးဖော်စပ်နေပုံကို သဘောကျစွာကြည့်နေ၏။ ကြက်သွေးရောင်မှိုသည် လုရှင်းယန်၏ တိတိကျကျ ထိန်းချုပ်ထားသည့် မီးတောက်အောက်တွင် တဖြည်းဖြည်း ပျော်ဝင်လာသည်။ ယခုတွင် ဆရာတူညီအစ်ကို နှစ်ဦး၏ အံဝင်ဂွင်ကျ လုပ်ဆောင်မှုကြောင့် ဆေးလုံးဖြစ်ပေါ်လာရန် နီးစပ်လာခဲ့သည်။
လေထုထဲတွင် ဆေးလုံးအနံ့သင်းသင်းလေးပေါ်ထွက်လာခဲ့၏။ လျှိုမင်ယွမ်သည်လည်း အခန်းတွင်းမှ ထွက်လာခဲ့ပြီဖြစ်သောကြောင့် ဆေးဖော်စပ်နေကြသည့်ပုံကို စိတ်ဝင်တစားကြည့်နေခဲ့သည်။
‘ဆေးလုံးဖြစ်ပေါ်လာတော့မှာလား’
ဟွမ်းနှင့် ပိုင်ကျန့်ယွီတို့သည် အသက်ပင် ဖြောင့်ဖြောင့်မရှုရဲကြချေ။ ချုးယွီဟွာသည်လည်း ဟွမ်းအနားတွင် တိတ်တဆိတ် အာရုံစိုက်နေသည်။
“ဘုန်း..”
အားလုံး “...”
‘ဘယ်နားကစပြီး လွဲခဲ့ကြတာလဲ’
ခြံဝန်းအတွင်းရှိ လူငါးဦးသည် တိတ်ဆိတ်နေကြသည်။ မည်သူမျှပင် စကားမပြောကြချေ။ သူတို့သည် ပြောစရာစကားပင် ပျောက်ဆုံးနေကြသည်။ ဆေးအိုးသည် ဆေးလုံးဖြစ်ကေါ်လာပြီး အောင်မြင်ခါနီးသည့်အချိန်မှ ပေါက်ကွဲသွားခဲ့ခြင်းဖြစ်သည်။
“တပည့်တို့ အောင်မြင်ဖို့ နီးစပ်လာပါပြီ”
ဟွမ်းသည် တိတ်ဆိတ်မှုကို ဖြိုခွင်းကာ နှစ်သိမ့်လိုက်၏။ ယခင်က ကျရှုံးခဲ့သည့် အချိန်များနှင့် ယှဥ်လျှင်တော့ ယခုတွင် အောင်မြင်မှုရရန် အတော်လေးနီးစပ်လာပြီဟု ဆိုရပေမည်။
လုရှင်းယန်သည် သူဖော်စပ်နေချိန်အတွင်း လုပ်ဆောင်မှုများကို ပြန်လည်စဉ်းစားနေသည်။ သူသည် မီးတောက်ကိုလဲ ဂရုတစိုက်ချိန်ညှီခဲ့သည်။ ဆေးဖော်စပ်နေချိန်တွင်လည်း အာရုံမများခဲ့ပေ။ ဘာကမှားယွင်းသွားသနည်း။
“မင်းတို့ စိတ်စွမ်းအင် မလုံလောက်တာပဲ”
ဟွမ်းသည် လျှိုမင်ယွမ်ကိုကြည့်ကာ ဖြစ်နိုင်ချေတစ်ခုကို စဉ်းစားမိခဲ့သည်။ လုရှင်းယန်နှင့် ပိုင်ကျန့်ယွီတို့သည် တစ်ယောက်က မီးစွမ်းအင်သာ အဓိကထားကျင့်ကြံခဲ့ပြီး တစ်ယောက်က ဓားဖြင့်တိုက်ခိုက်နိုင်ရင် သူ၏ အရှိန်အဟုန်ကို မြန်အောင် ကျင့်ကြံခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့၏ စိတ်စွမ်းအင်သည် အားနည်းသည် မဟုတ်သော်လည်း သန်မာမှုမရှိပေ။ ၎င်းလိုအပ်ချက်ကို လျှိုမင်ယွမ်က ဖြည့်စည်းရန် အသင့်လျှော်ဆုံးဖြစ်သည်။
လုရှင်းယန်သည် သူ၏ဆရာပြောသည်ကို သဘာဝကျသည်ဟု တွေးမိလိုက်သည်။ ထို့ကြောင့် လျှိုမင်ယွမ်ကို ပါဝင်ပူးပေါင်းခိုင်းလိုက်၏။
“မင်ယွမ် ငါက ဆေးပင်တွေကို ပေါင်းစပ်နေတဲ့အချိန် မင်းက ဆေးအိုးကို စိတ်စွမ်းအင်နဲ့ ထိန်းထား”
“ဟုတ်ကဲ့ ဒုတိယအစ်ကို” လျှိုမင်ယွမ်သည် ခေါင်းညိတ်ကာ သဘောတူလိုက်၏။
ထို့နောက် ပိုင်ကျန့်ယွီသည် ကြက်သွေးရောင်ဝိညာဉ်မှို၏ အဆိပ်တောက်များ ပါရှ်ိသည့်နေရာများကို သေသေသပ်သပ်ဖြင့် ဓားနှင့် ပိုင်းဖြတ်လိုက်၏။ ထို့နောက် လုရှင်းယန်၏ မီးတောက်နှင့် အသင့်ဖြစ်နေပြီဖြစ်သည့် ဆေးအိုး အတွင်းသို့ ဂရုတစိုက် ထည့်သွင်းလိုက်၏။ ကြက်သွေးရောင်ဝိညာဉ်မှို ဆေးအိုးအတွင်းရောက်ရှိသွားသည်နှင့်တပြိုက်နက် လျှိုမင်ယွမ်သည် ဆေးကိုအတွင်းစိတ်စွမ်းအင်များထည့်သွင်းလိုက်၏။ ထိုသုံးဦးသည် တက်ညီလက်ညီပင် သေသပ်စွာ လုပ်ဆောင်လိုက်၏။ ထိုသုံးဦး၏ မှားယွင်းမှု မရှိသည့် လုပ်ဆောင်ချက်များအောက်တွင် ကြက်သွေးရောင်ဝိညာဉ်မှိုသည် တည်ငြိမ်စွာပျော်ဝင်နေ၏။
ဆေးဖော်စပ်ဖို့ လူသုံးဦး သုံးရသည့်အပေါ် ချုးယွီဟွာသည်တော့ စွံ့အနေမိသည်။ သူမသည် တစ်ခါမျှပင်မကြားဖူးခဲ့ချေ။ ထို့သို့မကြားဖူးရခြင်းအကြောင်းရင်းမှာလည်း သူမနေထိုင်သည့် ကုန်းမြေသည် အဆင့်နိမ့်သောကြောင့်သာဖြစ်သည်။
အချို့ကုန်းမြေများတွင် အလွန်အဆင့်မြင့်သည့် ဆေးလုံးဖော်စပ်ရာတွင် ဆေးဆရာများ အတူတကွပူးပေါင်းဖော်စပ်ရသည်။ သို့သော်လည်း သူတို့သည် ထိပ်တန်းဆေးဆရာများဖြစ်သည့်အပြင် တစ်ဆင့်ချင်းသည်ကို အတူတူပူးပေါင်းကာလုပ်ဆောင်ခြင်းဖြစ်သည်။ သူတို့ကဲ့သို့ တစ်ယောက်တစ်ဆင့်တာဝန်ယူပြီးလုပ်ဆောင်ခြင်းမဟုတ်ပေ။
“တကယ်တော်တဲ့ ငါ့တပည့်တွေ” ဟွမ်းသည် ထိုသုံးဦးကိုကြည့်ကာ ပီတိများဝေဖြာနေသည်။
“ဆရာ သူတို့ဘာလုပ်နေတာလဲ” ယွဲ့ဝူယောင်သည် ဟွမ်းအနားသို့ရောက်လာကာ မေးလိုက်၏။
“ဝိညာဉ်စွမ်းအင်ပြန်လည်ဖြည့်တင်းခြင်းဆေးလုံးဖော်နေတာလေ” ဟွမ်းသည် တည်ငြိမ်စွာဆိုလိုက်၏။
ယွဲ့ဝူယောင် “...”