အရှေ့ပိုင်းနယ်မြေ
Vol. 5 Ch. 75
“စီနီယာအစ်ကို အရှေ့ပိုင်းနယ်မြေကို ရောက်ပြီ”
ဟွမ်းသည် အတွေးများတွင် နစ်မျောနေစဉ် ချုးယွီဟွာ၏ စကားသံကို ကြားလိုက်ရ၏။
ဟွမ်း၏ မျက်လုံးများပွင့်လာပြီးနောက် အရှေ့ပိုင်းနယ်မြေကို ကြည့်လိုက်၏။
အရှေ့ပိုင်း နယ်မြေတစ်ခုလုံးသည် အခြားနယ်မြေများနှင့်ယှဥ်လျှင် ပေတစ်ထောင်နီးပါးခန့် နိမ့်ဆင်းနေသည် နယ်မြေကြီးဖြစ်သွားခဲ့၏။ မြေသားနံရံများသည် မညီမညာ ဖြစ်နေခဲ့ပြီး ဟွမ်းတို့ ရပ်နေသည့်နေရာမှ တဖြည်းဖြည်း နိမ့်ဆင်းသွားခဲ့ခြင်းဖြစ်သည်။ ထိုနယ်မြေအတွင်းတွင် လွင်တီးခေါင်ပြင်အလားပင်။ သို့သော် ထိုအကာအရံ၏ အတွင်းတွင်တော့ ဝိညာဉ်စွမ်းအင်များနှင့်ပြည့်နက်နေသည်။
ထူးခြားသည်မှာ အရှေ့ပိုင်းနယ်မြေကို ပြင်ပလူများမဝင်ရောက်နိုင်အောင် အလင်းလွှာများနှင့်ကာကွယ်ထားသည့် အလားပင်။
“ဆရာ ဒီအကာကွယ်ကြီးက အေးစက်လွန်းနေတယ်”
လုရှင်းယန်တို့သည် ထိုအကာကွယ်ကို လက်နှင့်ထိကြည့်ပြီးနောက် ချက်ချင်းပြန်ရုတ်သိမ်းလိုက်ရသည်။ အသည်းခိုက်မတက်ပင် အေးစက်မှုကို ခံစားလိုက်ရ၏။
“အဘိုးကြီး ကျုပ်ရောက်ပြီ၊ သူမလဲ ဘေးကင်းတယ်၊ ဒီနေရာက သူမအတွက် လုပ်ထားခဲ့တာမလား၊ ရန်သူက ဘယ်လောက်တောင် အစွမ်းထက်လို့ ခင်ဗျားရဲ့ဝိညာဉ်အပိုင်းစတောင်ချန်မထားနိုင်ခဲ့ရတာလဲ”
ဟွမ်းသည် ထိုအကာကွယ်ကို သူ၏လက်နှင့် ထိလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။ သူ၏မျက်ဝန်းများသည် တည်ငြိမ်မှုအစား ဝမ်းနည်းမှုများပေါ်လွင်နေသည်။ ထိုအကာကွယ်ကြီးသည် ဟွမ်း၏စကားသံကြားပြီးနောက် တုန်ခါသွားသည့်အလားပင်။
“ယောင်အာ၊ မင်းလက်နဲ့ ထိလိုက်”ဟွမ်းသည် ယွဲ့ဝူယောင်ကို ပြောလိုက်၏။
ယွဲ့ဝူယောင်သည် သူမ၏ လက်နှင့် ထိုအကာကွယ်ကြီးကို ထိလိုက်လေသည်။ ထိုအကာကွယ်ကြီးသည် ပို၍လှုပ်ခါလာပြီး စွမ်းအင်လှိုင်းများ ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းလှိုင်းများသည် ယွဲ့ဝူယောင်ရှေ့တွင် စုဝေးလာပြီး ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်းစီးဝင်သွားခဲ့သည်။ ထိုအရာသည် သန့်စင်လွန်းသည့် လစွမ်းအင်များပင်ဖြစ်ပေသည်။
ယွဲ့ဝူယောင်၏ အရှိန်အဝါသည် ချက်ချင်းပင် ထိုးတက်လာပြီး သူတော်စင် ကနဦးအဆင့်၊ အလယ်လတ်အဆင့်၊ အထွတ်ထိပ်အဆင့်ထိ ရောက်ရှိသွားခဲ့သည်။
လုရှင်းယန်တို့သည် ပါးစပ်အဟောင်းသားနှင့်ကြည့်နေမိကြသည်။ သူတို့သည် သူတော်စင်အဆင့်ပင် မရောက်ရှိသေးချေ။ သို့သော်သူတို့အစ်မကြီးသည် နတ်ဘုရားတစ်ပိုင်းဖြစ်ရန် ခြေတစ်လှမ်းသာလိုတော့သည်ဖြစ်သည်။ သူတို့သည်မျက်ရည်များကျဆင်းလာခဲ့၏။ ဝမ်းနည်း၍လား ပျော်ရွှင်၍လားတော့မသိရချေ။
အချိန်အနည်းငယ် ကြာပြီးနောက် ထိုအကာကွယ်ကြီးသည် ပျောက်ကွယ်မသွားသော်လည်း အေးစက်နေသည့် စွမ်းအင်များ မရှိတော့ပေ။ ယွဲ့ဝူယောင်သည် သူမခန္ဓာကိုယ်၏ အပြောင်းလဲများကို စစ်ဆေးကြည့်ရာအလွန်ပင် အံ့ဩသွားရ၏။ ခန္ဓာကိုယ်တစ်ခုလုံး လစွမ်းအင်များနှင့်ပြည့်နှက်နေပြီး ယခင်ကစုစည်းထားခဲ့သည့် လစွမ်းအင်များနှင့်ယှဉ်လျှင် မည်သို့မျှ မသက်ဆိုင်သည့်အလားပင်။
“ဒါက သာမန်ပါပဲ၊ ဒါပေမဲ့ အချိန်ကြာလာတာကြောင့်လစွမ်းအင်တွေက လျော့ကျသွားပြီ”
ဟွမ်းသည် ယွဲ့ဝူယောင်အံ့ဩနေသည်ကို သိသည့်အလားပြောလိုက်၏။ ထို့အပြင် အဓိက အကြောင်းရင်းကိုဆက်ပြောလိုက်၏။
“ဒီနယ်မြေက မင်းအပိုင်ပဲ၊ ဒီနယ်မြေထဲက လစွမ်းအင်တွေကို မင်းစုပ်ယူပြီးပေမဲ့ နောက်ထပ် မင်းအတွက် လုံလောက်တဲ့ဝိညာဉ်စွမ်းအင်တွေရှိတယ်၊ မင်းနတ်အင်ပါယာအဆင့်တောင်ရောက်နိုင်တဲ့ ဝိညာဉ်စွမ်းအင်တွေရှိတယ်၊ ကျင့်ကြံမှုအတွက် မင်းကိုယ်တိုင်ပဲ သုံးမလား၊ မင်းရဲ့ဂျုနီယာတွေနဲ့ မျှဝေမလားဆိုတာကတော့ မင်းကိုယ်တိုင်ဆုံးဖြတ်”
“ကျွန်မရဲ့ ဆရာတူမောင်လေးတွေနဲ့ အတူကျင့်ကြံမှာပါ”
ယွဲ့ဝူယောင်သည် တစ်စက်လေးမျှ မတွေဝေခဲ့ချေ။ ချက်ချင်းပင်ဖြေလိုက်၏။ သူမအတွက် နတ်အင်ပါယာအဆင့် ရောက်ရှိနိုင်ရေးသည် သူမအလျင်လိုနေသည့် အရာဖြစ်သော်လည်း တစ်ကိုယ်ကောင်းဆန်စွာ အသုံးမပြုချင်ပေ။
“ကောင်းပြီ”
ဟွမ်းသည် ယွဲ့ဝူယောင်ကို ပြုံး၍ပြောလိုက်ပြီးနောက် အနီးပတ်ဝန်းကျင်ကို စူးစမ်းနေသည်။ ထို့နောက် တစ်ယောက်တည်း တီးတိုးရေရွတ်နေသည့်အလားပင်။
“အစ်မကြီး”
လုရှင်းယန်တို့သည် ခံစားသွားရသည်။ သူတို့၏ အစ်မကြီးသည် အမြဲလိုလိုအေးစက်နေသော်လည်း သူတို့အတွက် အမြဲပင် တွေးပေးခဲ့၏။
“အစ်မယွီဟွာလဲ လေ့ကျင့်လို့ရတယ်”
ယွဲ့ဝူယောင်သည် ချုးယွီဟွာ ကိုလည်းကျင့်ကြံစေချင်သည်။
“အစ်မက မလိုအပ်ပါဘူး”
ချုးယွီဟွာသည် အံ့ဩသွားသော်လည်း ငြင်းလိုက်၏။ သူမသည် အပြင်လူသာဖြစ်၏။ ထို့ကြောင့် ဝင်ရောက်ကျင့်ကြံရန် မသင့်လျော်ချေ။
“အစ်မယွီဟွာ ငြင်းလို့မရဘူး၊ မဟုတ်ရင် ဆရာထွက်သွားတဲ့အချိန်ကျ ဒီကုန်းမြေမှာပဲ ကျန်နေခဲ့လိမ့်မယ်”
ယွဲ့ဝူယောင်သည် ချုးယွီဟွာ၏နားရွက် နားကပ်ကာ တီးတိုးပြောဆိုလိုက်၏။ ချုးယွီဟွာ၏ မျက်နှာလေးအပြင် နားရွက်များပါ နီရဲလာခဲ့သည်။ ထိုအကြောင်းများပြောလျင်ပင် သူမသည် အမြဲရှက်နေခဲ့ရသည်။ ထို့နောက် သူမသည် အားနာမနေတော့ချေ။ မဝံ့မရဲပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်ဝူယောင်”
“ပြီးတော့ အစ်မရွှယ်အာအတွက် မလိုအပ်ဘူးထင်ရပေမဲ့ အစ်မရွှယ်အာ လိုအပ်ရင် အသုံးပြုနိုင်ပါတယ်”
ယွဲ့ဝူယောင်သည် မော့ရွှယ်အာကို ကြည့်ကာပြောလိုက်၏။
“ငါ့အတွက်က မလိုဘူး”
မော့ရွှယ်အာသည်ခေါင်းခါကာပြောလိုက်၏။ တကယ်ပင် သူမအတွက်မလိုခဲ့ချေ။ သူမတွင် နတ်ဆိုးမျိုးနွယ် အကြီးကဲများပေးခဲ့သည့် စွမ်းအင် စက်လုံးများစွာရှိသည်။
“ဆရာ ဒီနေရာက ယောင်အာနဲ့ ဘယ်လိုပတ်သတ်နေတာလဲ”
ယွဲ့ဝူယောင်သည် တိတ်တဆိတ်ထိုင်နေသည့် ဟွမ်းအနားသို့ရောက်လာကာမေးလိုက်၏။
“မင်းကို ဒီကုန်းမြေကို ရောက်အောင် ခေါ်လာခဲ့တဲ့ ခရမ်းလမျိုးနွယ်စုရဲ့ အကြီးအကဲက ကိုယ့်ကိုယ်ဖောက်ခွဲပြီး သေဆုံးခဲ့တဲ့နေရာပဲ၊ သူက ခရမ်းလမျိုးနွယ်ရဲ့ ဘိုးဘေးလည်းဖြစ်တဲ့ ယွဲ့လင်းရှန်ပဲ”
ဟွမ်းသည် စကားအစချီကာပြောပြလိုက်၏။ လူတိုင်းသည် ဟွမ်းအနားသို့ရောက်လာကြပြီး နားထောင်ရန်ကြံရွယ်လိုက်ကြသည်။ ယွဲ့ဝူယောင်သည် ခရမ်းလမျိုးနွယ်အကြီးအကဲ၏ ဖြစ်ရပ်ကို ကြားပြီး မှင်သက်သွားခဲ့သည်။
“ဆရာ ဘာလို့ ခရမ်းလမျိုးနွယ်ဘိုးဘေးက ယောင်အာ အနားမနေခဲ့ပဲ ကိုယ့်ကိုယ်ကို ဖောက်ခွဲခဲ့ရတာလဲ”
ထို့နောက် သူမသည် အကြောင်းရင်းကို မေးလိုက်၏။ သူမသည် မော့ရွှယ်အာ၏ နတ်ဆိုးမျိုးနွယ်ဖျတ်စီးခံရသည့် အကြောင်းကို အတော်လေးသိခဲ့ပြီးဖြစ်သည်။ မတူညီသည်က မော့ရွှယ်အာသည် သူမတို့၏ မျိုးနွယ်အကြီးအကဲများက သူမကို အချိန်အကြာကြီး စောင့်ရှောက်ပေးခဲ့ကြခြင်းဖြစ်သည်။ သူမတွင်တော့ ခရမ်းလအကြီးကဲသည် လာရောက်ပို့ဆောင်ပေးခဲ့သော်လည်း အတူရှိမပေးခဲ့သည့်အပြင် ကိုယ့်ကိုယ်ကိုပါဖောက်ခွဲခဲ့၏။
“အစက နတ်ဆိုးမျိုးနွယ် ကပ်ဘေးနဲ့ ခရမ်းလမျိုးနွယ်ကပ်ဘေးက တူညီမလားလို့ စဉ်းစားဖူးတယ်၊ ဒါပေမဲ့ ကွဲလွဲနေတဲ့အချက်တွေရှိတယ်၊ နတ်ဆိုးမျိုးနွယ်က မျိုးနွယ်တွင်း ပဋိပခကြောင့် ဖြစ်ခဲ့တာ၊ နတ်ဆိုးမျိုးနွယ်ရဲ့ အတွင်းတိုက်ပွဲကို ရက်အနည်းငယ်အတွင်း ကောင်းကင်နန်းတော်က သတင်းရခဲ့တယ်၊ ဒါကြောင့် ရွှယ်အာတို့ နတ်ဆိုးကုန်းမြေပျက်စီးသွားပေမဲ့ ကျန်ရှိတဲ့မျိုးနွယ်ဝင်တွေက သူမကို စောင့်ရှောက်ပေးနိုင်ခဲ့တာပဲ”
ဟွမ်းသည် ခဏရပ်နားပြီးနောက် ဆက်ပြောလိုက်၏။
“ဒါပေမဲ့ ခရမ်းလမျိုးနွယ်က မျိုးနွယ်အတွင်း တိုက်ပွဲကြောင့် မဟုတ်ပဲ အပြင်ရန်သူကြောင့်ပဲ၊ ဘာလို့လဲဆိုတော့ ကောင်းကင်နန်းတော်ကတောင် နတ်ဘုရားကုန်းမြေကို ဆရာ ပြန်ရောက်မှ အဲ့ဒီအဖြစ်ပျက်ကို သိရှိသွားခဲ့တာ၊ ပြီးတော့ ခရမ်းလဘိုးဘေးယွဲ့လင်းရှန်လို အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးတောင် ကိုယ့်ကိုယ်ကို ဖောက်ခွဲခဲ့ရတယ်ဆိုတော့ ရန်သူက အလွန်ကို အစွမ်းထက်လွန်းနေလို့ဖြစ်နိုင်သလို၊ တစ်ချိန်ချိန်မှာ မင်းဒီနေရာကို ရောက်လာမှာပဲ ဆိုတာကို သိလို့ မင်းအတွက်စီစဉ်ပေးခဲ့တာလည်းဖြစ်နိုင်တယ်၊ ဆရာတွေးမိတဲ့ နောက်ဆုံးအချက်က ခရမ်းလမျိုးနွယ်ဝင်တွေကို လောကကြီးကနေ ပျောက်ကွယ်စေချင်တဲ့သူရှိနေတယ်ဆိုတာပဲ၊ မဟုတ်ရင် ခရမ်းလမျိုးနွယ်ဘိုးဘေးက ဝိညာဉ်အပိုင်းအစတောင်မချန်ပဲ ကိုယ့်ကိုယ်ကို ဖောက်ခွဲခဲ့မှာမဟုတ်ဘူး”
ဟွမ်းသည် သူစဉ်းစားထားသည့်အရာများကို ထုတ်ပြောလိုက်၏။ အစက တစ်ဦးတည်းဖြေရှင်းရန် ဆုံးဖြတ်ခဲ့သော်လည်း ယခုတွင်တော့ အားလုံးကို အသိပေးလိုက်ပြီဖြစ်သည်။ သူ့တွင်မိသားစုကဲ့သို့ တပည့်များရှိနေပြီဖြစ်သည်။ သူ၏ နောက်ဆုံးခန့်မှန်းချက်သည် ဤနေရာသို့ရောက်ရှိပြီးမှ ယွဲ့လင်းရှန်၏ ဝိညာဉ်အပိုင်းစတောင်မချန်ခဲ့သည့်အပေါ် တွေးတောမိခြင်းဖြစ်သည်။
“ဆရာ ဒါဆို နတ်ဆိုးကုန်းမြေရဲ့ အမှန်တရားကို သိလာရင် ခရမ်းလမျိုးနွယ်ရဲ့ အကြောင်းရင်းကိုလဲ သိလာနိုင်ပြီလား” လုရှင်းယန်သည် ထိုစကားဝိုင်းအတွင်းဝင်ရောက်မေးလိုက်၏။
“ဒီအကြောင်းရင်း နှစ်ခု ဆက်စပ်မှု ရှိနိုင်မလားဆိုတာတော့ ဆရာလဲ မသေချာဘူး”
ဟွမ်းသည် စိတ်ပျက်မိသလိုခံစားလာရသည်။ သူသေချာသိရှိသည့်အရာမရှိပေ။ သို့သော် ရန်သူသည် အတော်ပင် စွမ်းအားကြီးမားသည့် တည်ရှိမှုမျိုးဖြစ်နေသည်ကတော့ ကျိန်းသေပင်။ အကယ်၍သာ ထိုလူသည် ခရမ်းလမျိုးနွယ်ဝင်တိုင်းကို သိရှိနိုင်မည်ဆိုလျှင် တစ်နေ့နေ့ ယွဲ့ဝူယောင် ထံရောက်ရှိလာမည်ဖြစ်သည်။ ထို့ကြောင့် ဟွမ်းသည် အလောတကြီး မရှာဖွေတော့ချေ။ ယွဲ့ဝူယောင်ကို သူအနားတွင်ထားပါက ထိုရန်သူများသည် သူတို့၏ရှေ့ကို ကိုယ်တိုင်ရောက်ရှိလာကြမည်ဖြစ်သည်။
“ဒါတွေထားလိုက်တော့၊ မင်းတို့စွမ်းရည်က မလုံလောက်သေးဘူး၊ ကျင့်ကြံဖို့ပြင်တော့”
ဟွမ်းသည် ကျင့်ကြံကြရန်ပြောလိုက်သည်။ သူသည် နတ်ဘုရားကုန်းမြေသို့ ပြန်ရန် မလောချေ။ သို့သော် သူတပည့်များကိုတော့ အလျှင်မြန်တိုးတက်စေချင်ပြီဖြစ်သည်။ ခရမ်းလမျိုးနွယ်ကိုပင် သုတ်သင်နိုင်သည့်ရန်သူသည် ပေါ့သေးသေးမဟုတ်ချေ။ သူအစိုးရိမ်ဆုံးအရာက သူ၏တပည့်များကို မကာကွယ်နိုင်မည်ကိုပင်။